Saturday, August 14, 2010

အားလုံးကိုစိန်ခေါ်လိုက်ရင် ကျုပ်တို့ဦးမှ ဖြစ်တော့မယ်
 

Saturday, August 14, 2010


 


နောက်ဆုံးမှာစိန်ခေါ်ပွဲဘဲဖြစ်သည်။ သြဂုတ်လ ၉ ရက်နေ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ကုလသမဂ္ဂနှင့် ပူးပေါင်းခြင်းမပြုခြင်းသမျှ စစ်အစိုးရ၏ ၂၀၁၀ေ၇ွးကောက်ပွဲကို အသိအမှတ်မပြုနိုင်ဟုစိန်ခေါ်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရက်ကို မကြေညာသေးပါလား ဆိုပြီးစိန်ခေါ်လိုက်သည်။ ယနေ့တွင် နိုင်ဝင်ဘာလ ရ ရက်နေ့၌ ရွေးကောက်ပွဲ ပြုလုပ်မည်ဟု စစ်အစိုးရကကြေညာလိုက်ပြီ။ သည်တော့စိန်ခေါ်ပွဲကိုကြည့်ကြဖို့ဘဲရှိတော့သည်။ ရှေးဦးစွာစိန်ခေါ်ပွဲသည် သဘာဝကျပါရဲ့လားဆိုပြီး တွေးကြည့်ဖို့လိုသည်။ မည်သူတွေကောင်းစားရေးအတွက် စိန်ခေါ်ပွဲနည်း။ နိုင်ငံတကာသည် မြန်မာပြည်သူတို့အတွက် နအဖစစ်အစိုးရကို စိန်ခေါ်ထားသည် ။
ဤအချက်ကို မြန်မာပြည်သူတို့ နားလည်ပါသလား။ ခံစားတတ်ပါသလား။ နလဘိန်းတုံးများဖြစ်နေသောသို့မဟုတ်နိုင်ငံရေးနှင့်ကင်းကွာနေပါသည်ဟုပြောခံနေရသောပြည်သူများရှိပါသလား။ ယင်းပြည်သူများကို နိုင်ငံရေးပါးဝပါသည်ဟု ဆိုသော ရွေးကောက်ပွဲဝင်မည့်ပါတီများက ပြောဆိုရန်မသင့်ပေဘူးလား။ ဦးအေးလွင်က ပြည်သူတွေမှာ နိုင်ငံရေးနှင့် ကင်းကွာနေ၍ အကြောက်တရားတွေ ၀င်နေကြသည်ဟုပြောဆိုထားပါသည်။ သည်မျှလောက်နိုင်ငံရေးခန့်မှန်းမိသူဖြစ်လျင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှပင် အသိအမှတ်မပြုပါဟု ကြေညာထားသော ရွေးကောက်ပွဲကို ယင်းပုဂ္ဂိုလ်များက ဤကိစ္စကိုခန့်မှန်းရကြမည်ထင်သည်။ နလဘိန်းများကို ပြောဆိုနိုင်ကြမည်ထင်ပါသည်။ နိုင်ငံရေးနှင့် ကင်းကွာနေသောပြည်သူများကို ရှင်းပြရဲသော သတ္တိများရှိနေကြဖို့လိုပါသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ စိန်ခေါ်ထားလိုက်ခြင်းသည် မြန်မာနိုင်ငံကောင်းစားရေးအတွက်ဖြစ်သည်။ ယင်းအချက်ကို ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများက ကျနော်တို့ထက် ပို၍နားလည်ကြမည်ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရက်ကို မကြေညာခြင်းနှင့် စပ်လှဉ်း၍ပြောဆိုလိုက်ခြင်းမှာ ၂၀၁၀ နှစ်၏အချိန်ကာလကို တွက်ချက်၍ပြောဆိုခြင်းဖြစ်သည်။ ယခုနိုဝင်ဘာ ရ ရက်နေ့တွင် ပြုလုပ်မည်ဆိုလာသည်။ သည်တော့အချိန်ကာလကို တွက်ချက်ကြည့်က ၃ လ ပင်မရှိတော့။ ယင်းကြားထဲစည်းရုံးရေးမဆင်းရသေး။ကိုယ်စားလှယ်များတောင်မရှိသေး။ ပါတီရုံးမရှိသေး။ ပါတီသဘောထားများ ကြေညာချက်မရှိသေး။ပါတီဖွဲ့စည်းပုံတွေ မရှိသေး။
ရွေးကောက်ပွဲဝင်မည်ပြောနှင့်နေကြသောပါတီများမှာ အလွန်အောက်ကျနောက်ကျ နိုင်လွန်းလှပါသည်။ စစ်အစိုးရ၏ပြုသမျခံနေရပါသည်။ ကြံ့ဖွဲ့ပါတီကိုပင် မျက်စောင်းထိုး၍ မကြည့်ဝံ့စရာဖြစ်နေရပါသည်။ စကားကြီးစကားကြယ် နိုင်ငံရေးစကားပြောဖို့ လွပ်လွပ်ခွင့် တရားမျှတခွင့်တို့မှာ သူတို့နှင့် လားလားမျှမဆိုင်။ ကြေညာစတမ်းသဘောထားထုတ်ရုံမျှနှင့် ပါတီဖျက်သိမ်းခံရနိုင်သည်ဟု ရခိုင်အမျိုးသားတိုးတက်ရေးပါတီကို ပြည်နယ်ရွေးကော်ပွဲကော်မရှင်ကခြိမ်းခြောက်လိုက်သောသတင်းကိုကြားရပြီ။ တခြားပါတီများကိုလည်း သိစေအောင်လုပ်ခြင်းဖြစ်သည့်သဘော။ ဦးဖြိုးမင်းသိန်းတို့က စောစောစီးစီးရွှေညောင်ပင်က လမ်းခွဲလိုက်ပြီ။ မကြာမှီလမ်းခွဲမည့် ပါတီများထွက်ပေါ်လာနိုင်သည်။ သဘောက သူတို့မှာလုပ်ပိုင်ခွင့်ဘောင်က ဘာမှမရှိသည်ကို အောင့်အီးသည်းညဉ်းမခံနိုင်သည့်အဆုံး ရွေးကောက်ပွဲမှာ သူတို့အနေနှင့် မ၀င်ရောက်တော့ဟု ကြေညာကြတော့မည်အလားအလာ ရှိလာနိုင်သည်။ ကျွန်တော်ထင်သည်။ ကြံ့ဖွံ့ပါတီကို ယှဉ်ပြိုင်မည့် ပါတိကြီးမှာ တပါတီမျှမရှိသေးချေ။ သူတို့လိုငွေအင်အားမတောင့်တင်းကြောင်း ၀န်ခံနေကြပြီ။ စည်းရုံးရေးဆင်း၍မရကြောင်း ညီညူနေကြပြီ။ ပြီးတော့ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း ပြိုင်ပြီးယှဉ်ပြိုင်၍လည်းရမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် တိုင်းရင်းသားနယ်မြေမှာ သူတို့လူမျိုးပါတီကိုဘဲ ဦးစားပေးကြမည်ဖြစ်သည်။ ရှေးဦးစွာကြံ့ဖွံ့နှင့် တစညပါတီတို့နှင့်ယှဉ်ပြိုင်၍နိုင်မည်ဟု မထင်ထားလျင် ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ ၀င်ရောက်ရန်မသင့်။ ယခုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၄၀ နေရာမှာ ပြည်သူတွေက ၃၃၀ နေရာရွေးချယ်ပြီး စစ်တပ်က ၁၁၀ ရွေးချယ်ပြီးသားရှိမေမည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၂၄ နေရာမှာ ၁၆၈ နေ၇ာကို ပြည်သူတွေက ရွေးချယ်မှာဖြစ်ပြီး ၅၆ ယောက်က ကာကွယ်ရေးစစ်ဦးချုပ်က ရွေးချယ်ပေးမည်ဖြစ်သည်။ ဆိုရလျှင် တိုင်းရင်းသားပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ် အများဆုံး ၁၀ ဦးခန့်ရွေးချယ်ခံရသည်ထားဦး။ ရ၀ ဦးသားရွေးချယ်ခံရမည်ဖြစ်ပြီး ကျန်သော ၂၅၀ လွှတ်တော်ကိုယ်စားလှယ်မှာ ကြံ့ဖွံ့နှင့် တစည ပါတီမှဖြစ်သွားနိုင်ပါသည်။ မည်သည့်နည်းနှင့်မျှ လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ထဲတွင် အတိုက်အခံပါတီများမှ ၁၀၀ ခန့်ပင်အနိုင်ရရှိမည်မဟုတ်။ သည်တော့ စစ်တပ်က ၁၁၀ ဦးရေနှင့် ပေါင်းလိုက်လျင် နေရာ ၄၄၀ တွင် စစ်အစိုးရက သူတို့ပါတီနှင့် သူတို့ကိုယ်စားလှယ်အတွက် နေရာရှိပြီးသားဖြစ်နေပါပြီ။
ကျွန်တော်တို့မှာ ဒီမိုကရေစီအင်အားစုဖြစ်သော အတိုက်အခံကောင်းများရှိကြပါသည်။ စုစည်း၍မရကြသောကြောင့် အတွေးအခေါ်မတူညီကြခြင်းကြောင့် ပြန့်ကြဲနေကြခြင်းသာဖြစ်သည်။ အကယ်၍ ယခုလိုနအဖစစ်အစိုးရ၏အချိုးကျ လွှတ်တော်ကိုယ်စားလှယ်နေရာကို တွက်ချက်ကြည့်ပြီး ကျန်သောနေရာများအတွက် မိမိတို့ အတိုက်အခံများဘက်က တွက်ချက်ကြည့်လျင် ရွေးကောက်ပွဲမှာ လုံးဝမ၀င်သင့်ကြောင်း တွေ့ရှိနိုင်ပါသည်။ ဒီမိုကရေစီသူရဲကောင်းများသည် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြှို်မည့်သူထဲတွင် တွေ့မြင်နေကြပါသည် ။ အကျဉ်းထောင်ထဲတွင် နှစ်ပေါင်းများစွာရှည်ကြာပြီး နေလာခဲ့သော နိုင်ငံရေးသမားကြီးတို့မှာ ဒီမိုကရေစီတိုက်ပွဲကို ခုအချိန်ထိ ခါးတောင်းကျိုက်ပြီး တွန်းလှန်တိုက်ပွဲဝင်နေကြဆဲဖြစ်သည်ကို တွေ့မြင်နေရပါသည်။ တုပ်တုပ်မျှမလှူပ်ရဲသောနိုင်ငံရေးကစားကွက်တွင် ဒီမိုကရေစီအောင်ပွဲခံနိုင်ဖို့အရေး နိုင်ငံရေးသမားကြီးတို့က စစ်တုရင်ကစားနေကြသည်မှာ အင်အားချိန်ခွင်လျှာမညီဘဲဖြစ်နေပါသည်။ အကယ်၍ယခုလိုချိန်ခွင်လျှာညီမည့်အချိန်မှာ စစ်အစိုးရ၏ရွေးကောက်ပွဲတွင် ၀င်ရောက်မယှဉ်ပြိုင်တော့ပါဟု ကြေညာလိုက်သည်ဆိုလျင် စစ်အစိုးရသည် မည်သည့်နည်းနှင့်မျ ရွေးကောက်ပွဲကို
ရှေ့ဆက်မတိုးတော့။အကြောင်းမှာသူတို့ပွဲဖြစ်မြောက်နေခြင်းမှာရွေးကောက်ပွဲဝင်မည့်ပါတီများကြောင့်ဖြစ်သည်။
ဆိုကြပါစို့။ ၂၀၁၀ ရွေးကောက်ပွဲတွင် မိမိတို့ရှုံးမည်ပွဲ၌ မပါဝင်ခြင်းကြောင့် နိုင်ငံရေးလာကမှ ထွက်ခွါသွားရလိမ့်မည်လည်းမဟုတ်ချေ။ ယင်းမှာနိုင်ငံရေးကစားကွက်ပုံဖေါ်ခြင်းတခုသာဖြစ်သည်။ နအဖဖစစ်အစိုးရသည် စိန်ခေါ်လိုက်သည်ဆိုသော်လည်း သူတို့မှာ အနာဒဏ်ရာမရှိမဟုတ်။ နောက်ကြောမှာထိုးထားသောဒဏ်ရာက နာကျင်နေသည့်ကြားမှ စိန်ခေါ်လိုက်ခြင်းသာဖြစ်သည်။ သို့ဖြစ်၍စစ်အစိုးရပုံဖေါ်ခြင်းကို လိုက်မည်လားဆိုသော ပြသနာကို စဉ်းစားရန်လိုပြီ။ တချိန်တည်းမှာပင် မိမိတို့နိုင်ငံရေးပုံသဏ္ဍန်ကို အကောင်အထည်ဖေါ်သင့်ရန်လည်းလိုသည်။ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းသည် အာဏာပြသနာဖြစ်သည်။ မိမိတို့ပြောချင်ဆိုချင်သော ပြသနာမှာ အာဏာပြသနာဖြစ်သည်။ ထို့ကြောင့် အာဏာတစက်မျှမရရှိသော ယင်းပုံစံခွက်ကို ပြုပြင်နေစရာလည်းမလို။ ပုံစံခွက်တခုကို မိမိတို့ဘာသာ ဖန်တီးရန်လိုသည်။ ဤနေရာ၌ ပြည်တွင်းပြည်ပပြသနာတွေရှိနေသည်။ ပြည်ပအနေအထားသည် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟုဆိုထားနှင့်ပြီ။ ပြည်တွင်းမှမူ သာမန်ပြည်သူတွေက ရွေးကောက်ပွဲတွင် မဲမပေးရေးကို ပြောဆိုနေကြပြီ။ စစ်တပ်ထဲတွင်မူ နှစ်ခြမ်းကွဲနေပြီ။ ရဲမွန်တပ်ရင်းသည် နေပြည်တော်အမိန့်အာဏာဟူသမျှကို လက်မခံတော့ ။ သူတို့၏မိသားစုစားဝတ်နေရေးအတွက် သေနတ်တပြင်ပြင်ရှိနေပြီ။ ငတ်ပြတ်နေသောသူတို့၏မိသားစုများအတွက် ရဲမွတ်တပ်ရင်းမှ ရဲဘော်များသည် နေပြည်တော်မှလာသော အမိန့်ကို မနာခံတော့။ တသွေးတသံတမိန့်ဟု နာမည်ကြီးနေသော နအဖတပ်မတော်သည် ယခုပြိုကွဲနေပြီဖြစ်သည်။ ခလရ ၂၂ မှာလည်း ထွက်ပြေးသူထွက်ပြေးနှင့် တပ်ပြေးတွများနေကြပြီ။ တပ်မတော်ပြိုကွဲမှ နိုင်ငံရေးရာသီပြောင်းလဲသွားမည့် လက္ခဏာရှိနေပြီ။ ဤအချက်သည်
နိုင်ငံရေးအခြေအနေများကို ပြောင်းလဲစေနိုင်သော အချက်များဖြစ်နေသည်။
ကျွန်တော်တို့မှာ နိုင်ငံရေးအခြေနေပြောင်းလဲနိုင်သော နည်းလမ်းများရှိနေပါသည်။ ယင်းမှာပြည်တွင်းနိုင်ငံရေးအခြအနေတင်းကြပ်လာမူများရှိနေခြင်း။ တပ်မတော်အတွင်းပြိုကွဲလာပြီး အမိန့်မနာခံမူများရှိနေခြင်း။ နိုင်ငံတကာမှ အသိအမှတ်မပြုခြင်းများဖြစ်ပေါ်ခြင်း။ အပစ်အခတ်ရပ် ငြိမ်းချမ်းရေးတပ်များပြသနာတက်လာခြင်း စသည်တို့မှာနိုင်ငံရေးရာသီများကို ပြောင်းလဲသွားစေနိုင်ပါသည်။ ယခုအချိန်တွင် ပြည်သူတွေက ဒိမိုကရေစီသူရဲကောင်းများကို လိုချင်နေကြပါပြီ။ တိုင်းပြည်ကယ်တင်မည့်ပုဂ္ဂိုလ်များကို ရှာဖွေနေကြ တမ်းတနေကြပါပြီ။ နိုဝင်ဘာလ ရ ရက်နေ့မတိုင်ခင် ဒီမိုကရေစီသူရဲကောင်းများကို ပြည်သူတွေ မြင်ချင်တွေ့ချင်နေကြပါပြီ။ ပြည်သူတွေကြားဖြတ်အစိုးရတခုကို ဖွဲ့ချင်နေမြင်ချင်နေကြပါပြီ။ ယင်းကြားဖြတ်အစိုးရထဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါနေစရာလည်းမလိုချေ။ အကြောင်းမှ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ညစ်ပတ်မသွားအောင် ကြားဖြတ်အစိုးရနှင့် ခပ်ကင်းကင်းထားရန်အရေးကြီးနေပါသည်။ သို့ဖြစ်၍ကျွန်တော်တို့ တခုခုပြောကြဆိုကြဖို့ မသင့်ပေဘူးလား။ စစ်အစိုးရ၏နိုဝင်ဘာလ ရ ရက်နေ့ ရွေးကောက်ပွဲကို အကောင်းဆုံးဖျက်ဆီးပစ်လိုက်သောနည်းမှာ ကုလသမဂ္ဂနှင့် ပြည်သူတွေက ပူးပေါင်းရေးသာဖြစ်နေသည်မဟုတ်ပါလား။ သည်တော့ စိန်ခေါ်လာလို့ကတော့ ကိုယ်ကဦးမှ ဖြစ်မည်ကိုစဉ်းစားဖို့သာလိုနေပါတော့သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

Posted in ဆောင်းပါး by ရဲရင့်(ကနေဒါ)


 

0 အကြံပြုခြင်း>: to "
အားလုံးကိုစိန်ခေါ်လိုက်ရင် ကျုပ်တို့ဦးမှ ဖြစ်တော့မယ်
"

Post a Comment

Subscribe to: Post Comments (Atom)

No comments: