Tuesday, August 17, 2010

Monday, August 16, 2010

ဘယ်ပါတီကို မဲပေးကြမလဲ

နအဖ ဟာ မတရားသဖြင့် ရယူသိမ်းပိုက်ထားတဲ့ အာဏာကို တရားဝင်ဖြစ်အောင် အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ၁၃.၈.၂၀၁၀ မှာ ကြေငြာလိုက်ပါပြီ။ ၇.၁၁.၂၀၁၀ မှာ ကျင်းပမယ် ဆိုတော့ ကြေငြာတဲ့ရက်ကနေ စတင် ရေတွက်ကြည့်ရင် ရွေးကောက်ပွဲကျင်းပမယ့် အချိန်ဟာ ၃ လတောင် မလိုတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပြည်တွင်း ပြည်ပမီဒီယာများ၊ အတိုက်အခံ နိုင်ငံရေးသမားများနဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီများ အားလုံး အသီးသီးအသက အလုပ်ရှုပ်သွားကြတာတော့ အမှန်ပဲဖြစ်ပါတယ်။

ဒါ့အပြင် မိမိတို့ရဲ့ ကိုယ်ပိုင်နိုင်ငံရေး ခံယူချက်နဲ့ ရွေးကောက်ပွဲအပေါ်ရှုမြင်ပုံ သဘောထားကိုလိုက်ကာ နအဖ အနေနဲ့ ကြေညာထားတဲ့ရက်အတိုင်း ရွေးကောက်ပွဲတကယ်လုပ်နိုင်ပါ့မလား၊ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ စည်းရုံးရေးကာလ လုံလောက်ပါ့မလား၊ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် သူမ မလွတ်ခင် စောလုပ်တာ စသဖြင့် ရိုက်ခတ်လာတဲ့ အသံတွေကိုလဲ ကြားနေရပါတယ်။ ဒီအထဲမှာ လျစ်လျူရှုထားလို့ မရနိုင်တာကတော့ နိုင်ငံရေးစိတ်ပါဝင်စားသူ လူထုကြားက ထွက်လာတဲ့ 'ဘယ်ပါတီကို မဲပေးကြမလဲ' ဆိုတဲ့ အသံပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီစာစုကို ရေးရခြင်း အဓိက အကြောင်းရင်းဟာလဲ ဒီအသံကြောင့်ပဲ ဖြစ်ပါတယ်။

အမှန်တကယ်အားဖြင့် 'ဘယ်ပါတီကို မဲပေးကြမလဲ' ဆိုတဲ့အသံဟာ ၂၉.၃.၂၀၁၀ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မလား၊ မပါဝင်ဘူးလား ဆိုတာကို အတည်ပြုဆုံးဖြတ်ချက် မချရသေးခင် အချိန်ကတည်းက စတင်ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ လူထုအနေနဲ့ ဘယ်ပါတီကို မဲပေးမလဲဆိုတာထက် '၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံသလား၊ လက်မခံဘူးလား' ဆိုတာကို စတင်စဉ်းစားရမှာ ဖြစ်ပါတယ်။ (၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတယ်ဆိုတဲ့ သူများအတွက်တော့ ဒီနေရာမှာတင်ရပ်ပြီး ဆက်မဖတ်ဘဲနေတာဟာ အချိန်ကုန်သက်သာပါလိမ့်မယ်။)


 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ အတော်များများ သိပြီးဖြစ်တဲ့အတိုင်း စစ်အာဏာရှင်စနစ် ရာသက်ပန် တည်မြဲရေးအတွက် နအဖ စိတ်ကြိုက် ခေါင်းခေါက်ရွေးချယ်ထားတဲ့ ဘောင်းတော်ညိတ် စိတ်တော်သိ လက်ရွေးစင်လူများနဲ့ ၁၄ နှစ်ကျော် အချိန်ယူ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံပဲ ဖြစ်ပါတယ်။ နအဖ ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ မတရားသဖြင့် သိမ်းပိုက် ထားတဲ့ အာဏာကို တရားဝင်ဖြစ်အောင် အသက်သွင်းမယ့်၊ တိုင်းပြည်နဲ့ လူထုကို စစ်ဖိနပ် အောက်ကနေ ရာသက်ပန် ရုန်းမရအောင် နင်းထားမယ့် ဖွဲ့စည်းပုံဖြစ်တယ် ဆိုတာကို ဝေဖန်ထောက်ပြထားတဲ့ စာစောင် စာတမ်းတွေ အများအပြား ထွက်ပေါ်ပြီးဖြစ်လို့ အကျယ်မချဲ့တော့ပါ။ (မဖတ်ရှုရသေးသဖြင့် အလိုရှိသူများ မေးလ်ပို့၍ ဆက်သွယ်အကြောင်းကြား နိုင်ပါတယ်။ အခြေအနေအရ ကျွန်တော်ကိုယ်တိုင် ပို့မပေးနိုင်ပေမယ့် ပို့ပေးနိုင်မယ့်သူ တစ်ယောက်ကို အကူအညီတောင်းပေးပါ့မယ်။)

နာဂစ်ဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူလူထုကိုမှ မထောက်ထားဘဲ ဆန္ဒခံယူပွဲကို ဇွတ်အဓမ္မ လုပ်ခဲ့ခြင်း၊ ဆန္ဒခံယူပွဲမှာလဲ မသမာမှုအမျိုးမျိုးကို သုံးခဲ့ရာမှာ နာဂစ်ဒဏ်ကြောင့် ရေနစ်သေဆုံးရသူတွေပါ ထောက်ခံမဲပေးသူများ ဖြစ်ကုန်ခြင်းဟာ နအဖ အသံကောင်းဟစ်နေသလို စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို ချီတက်နေတာလား၊ တိုင်းပြည်နဲ့ လူထုအပါအ၀င် နောင်လာမယ့် မျိုးဆက်တွေ အားလုံးရဲ့ အနာဂတ်ကို ရာသက်ပန် စစ်ကျွန်ဇာတ်သွင်း နေတာလားဆိုတာကိုတော့ စာတွေ့မဟုတ်ဘဲ၊ ငါတွေ့ကြုံခဲ့ရတဲ့ ပြည်သူလူထုအနေနဲ့ ဘယ်သူမှ မပြောဘဲ သိနိုင်ပါတယ်။

ရွေးကောက်ပွဲဥပဒေ ထွက်လာတဲ့အခါမှာလဲ အိမ်ဖြည့်ပါတီလေးများကိုပင် လှုပ်မရ၊ ပြုမရအောင် ချည်ပြီး တုပ်ပြီးလုပ်ထားလိုက်တာ "မြန်မာပြည်မှာ နိုင်ငံရေးလုပ်ချင်ရင် ရွေးကောက်ပွဲဝင်ဖို့က လွဲပြီး တခြားနည်းလမ်း မရှိဘူး၊ ဘာမှမရှိတာထက်စာရင် တစ်ခုခုရှိတာ ပိုကောင်းတယ်၊လွှတ်တော်ထဲမှနေပြီး ဖွဲ့စည်းပုံကိုပြင်မယ်" စသဖြင့် အမျိုးမျိုးသော အကြောင်းပြချက်များနဲ့ ပါတီထောင်ခဲ့သူတွေဟာလည်း အခုဆိုရင် ရွေးကောက်ပွဲဝင်ဖြစ်၊ မ၀င်ဖြစ်တောင် မသေချာတော့တဲ့ အခြေအနေကို ရောက်ကုန်ကြပါပြီ။ (၁၉၆၂ မတ်လ ၂ ရက်မှာ စစ်တပ် အာဏာသိမ်း ပြီးချိန်ကာလ ဗိုလ်နေ၀င်းက ဆိုရှယ်လစ်ပန်းတိုင်ကို ချီတက်မယ်ဆိုရာမှာ 'ဆိုရှယ်လစ်စနစ် ဆိုရင် ခွေးကတက်မှာပဲ အိပ်ရ အိပ်ရ၊ ကျရာနေရာက ၀င်လုပ်မည်' ဆိုပြီး ကြွေးကြော်ခဲ့တဲ့ အတိုက်အခံ ပမညတခေါင်းဆောင် နာမည်ကြီး သခင်တစ်ဦးကို ပြေးမြင်မိပါတယ်။)

လိုရင်းကို ပြန်ကောက်ပါမယ်။ 'ဘယ်ပါတီကို မဲပေးကြမလဲ' ဆိုတဲ့ မေးခွန်းအတွက် ပြည်သူထဲက ပြည်သူ တစ်ယောက် အနေနဲ့သာ မကဘဲ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်အနေနဲ့ပါ သဘောထားပေး ရရင် ဖွဲ့စည်းပုံကို လက်မခံသလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်မှန်း သိသာ နေတာမို့ ဘယ်ပါတီကိုမှ မဲပေးစရာ မလိုဘဲ ရွေးကောက်ပွဲကို လုံးဝ သပိတ်မှောက်ဖို့ နည်းလမ်းက လွဲပြီး အခြား ရွေးချယ်စရာ မရှိပါဘူး။ ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဥာဏ်ဝင်းကနေ တဆင့် ပါးလိုက်တဲ့ " ပြည်သူတွေအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ မဲပေးခွင့်ရှိသလို၊ မဲမပေးဘဲလဲ နေခွင့်ရှိတယ်" ဆိုတဲ့ စကားနဲ့တင် ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲအပေါ်မှာ ဘာလုပ်ရမယ်ဆိုတာ သိသာထင်ရှား နေပြီ ဖြစ်ပါတယ်။

ကျွန်တော်ကပဲ ပြည်သူလူထု နေရာကနေပြီး ပြန်လှန်မေးခွန်း ထုတ်ပါဦးမယ်။ မဲမပေးဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မည့် သူများအား အာဏာပိုင်များဘက်မှ မဲပေးရန် အမျိုးမျိုးသော ဖိအားများပေးခြင်း၊ မဲမပေးဘဲ နေခဲ့လျှင်လဲ ဥပဒေပကို ထင်သလို စိတ်ကြိုက်သုံး၍ ဖမ်းဆီးအရေးယူခြင်းများ မရှိနိုင်ဘူးလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

မဲပေးဖို့အတွက် ဖိအားပေးခြင်းကတော့ သေချာပေါက် ရှိလာမှာ ဖြစ်ပါတယ်။ နအဖ က ထုတ်ပြန်ထားတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ၃ ရပ်လုံးမှာ ပုဒ်မ ၅၀။ (ဂ) အရ "မဲစာရင်းအရ မဲဆန္ဒရှင် အားလုံး၏ ၅၁ ရာခိုင်နှုန်းက ဆန္ဒမဲ ပေးပြီးဖြစ်လျှင် ထမြောက်သော ရွေးကောက်ပွဲအဖြစ် သတ်မှတ်နိုင်သည်။" ဟု ပါရှိသည့်အတွက် မည်သူမျှ မဲပေးသည်ဖြစ်စေ၊ မဲမပေးသည်ဖြစ်စေ နအဖ ကတော့ လက်သပ်မွေးထားတဲ့ လူတစ်စုနဲ့တင် မသမာမှု အမျိုးမျိုးသုံးပြီး သူဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် ရတဲ့နည်းနဲ့ ဇွတ်လုပ်မှာပဲ ဖြစ်ပါတယ်။

"ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့" ဆိုပြီး ကြွေးကြော်ခဲ့တဲ့ နအဖ ရဲ့ စစ်အာဏာရှင် စနစ် ၂၂ နှစ်မှာ မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) စာရင်းဝင် ဖြစ်ခဲ့ရတယ်။ အလားတူ နအဖ အသံကောင်းဟစ်နေသလို "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့" ဆိုတဲ့ ကြွေးကြော်သံဟာလဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်ဖတ်သတ် စိတ်ကြိုက် ရေးဆွဲထားခြင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားပေါင်း (၂၁၀၀) ကျော် ရှိနေခြင်း၊ ရွေးကောက်ပွဲဝင်မည့် ပါတီများအတွင်း၌ပင် စစ်တပ် လက်ဝေခံ ကြံ့ဖွံ့ ပါတီနှင့် အခြားပါတီများ လုပ်ပိုင်ခွင့် များစွာကွာဟနေခြင်း စသည့် အချက်အနည်းငယ်နှင့် ချိန်ထိုးကြည့်လျှင်ပင် 'ခါးတောင်းကျိုက်တခြား၊ ဟိုဟာတခြား' ဖြစ်နေ တာကို တွေ့ရပါလိမ့်မယ်။

ပြည်သူလူထု အနေနဲ့ မိမိနှင့် ဘ၀တူ ပြည်သူများအတွက်သာမက နောင်လာမယ့် မျိုးဆက်တွေ အားလုံးရဲ့ အနာဂတ်အတွက် ရာသက်ပန် စစ်ကျွန်ဇာတ်သွင်းမယ့် ရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ်မှောက် မှ ဖြစ်ပါလိမ့်မယ်။ အတိုက်အခံနိုင်ငံရေး အင်အားစုများနှင့် မီဒီယာများမှလဲ စစ်အုပ်စုမှ လုပ်လာနိုင်တဲ့ ဖိနှိပ်မှုနှင့် မသမာမှုများအတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လုပ်ငန်းများစဉ်များ ရှိနေမှာဖြစ်တဲ့ အတွက် နအဖ အနေနဲ့ မသမာမှုများကို မိမိစိတ်ကြိုက် လုပ်ချင်တိုင်း လုပ်ခွင့်မရမှာတော့ သေချာပါတယ်။ ဒီတော့ ပြည်သူလူထု အနေနှင့် မဲမပေးဘဲ ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်း အတွက် ထင်သလောက် စိုးရိမ်စရာ မရှိပါဘူး။

ခြွင်းချက်အနေနဲ့ အချို့သော ပြည်သူလူထု (ဥပမာ။ ။ဝန်ထမ်း) များဟာလဲ ရှောင်လွှဲမရတဲ့ အခြေအနေတွေကြောင့် မဲပေးကို ပေးရမယ်ဆိုတာ လက်ခံနားလည် ထားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မလွှဲရှောင်သာလို့ မဲပေးခဲ့ရတယ် ဆိုရင်တောင်မှ ကျွန်တော်တို့ဘက်မှာလဲ ဘောင်ထဲကနေပြီး လုပ်လို့ ရတာတွေ အများကြီး ရှိပါတယ်။ အနည်းဆုံး ကိုယ်ပေးလိုက်တဲ့မဲကို 'ပယ်မဲ' ဖြစ်သွားအောင် လုပ်လို့ ရပါတယ်။ ကျွန်တော့် အတွေ့အကြုံလေး တစ်ခုနဲ့ ဥပမာပေးချင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ အကြိုကာလ ဖြစ်ပါတယ်။ သွားရင်းလာရင်း အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ခုမှာ ၀န်ထမ်းဖြစ်နေသူ မိတ်ဆွေတစ်ဦးနှင့် ဆုံရာမှ စကားပြောဖြစ်ကြပါတယ်။ မိတ်ဆွေ ဖြစ်သူမှပင် ၄င်းအနေနှင့် ဖွဲ့စည်းပုံကို မကြိုက်သလို လက်လဲမခံကြောင်း၊ သို့သော်လဲ 'သူ့ဆန်စား ရဲမှ' ဟူသော အခြေအနေမျိုး ဖြစ်နေသောကြောင့် ထောက်ခံမဲပင် ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သူ့အနေနှင့် မည်သို့လုပ်ရမည်ကို တတ်နိုင်သလောက် အကြံဥာဏ်ပေးစေလိုကြောင်း ပြောလာပါတယ်။ ရေနွေးအိုး ၂ အိုးခန့် ကုန်သွားတဲ့ အချိန်မှာတော့ မိတ်ဆွေဖြစ်သူ စိတ်ကျေနပ်လောက်တဲ့ အကြံကို ပေးနိုင်ခဲ့ပါတယ်။ အဲဒါကတော့ အမှားခြစ်လို့ မရမယ့် အတူတူ 'ပယ်မဲ' ဖြစ်သွားအောင် အမှန်ကို တစ်ခါထက် ပိုခြစ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။

ဆန္ဒခံယူပွဲပြီးလို့ ရက်အနည်းငယ် အတွင်းမှာပဲ ကျွန်တော်ရှိတဲ့ နေရာကို မရမက လိုက်ရှာပြီး သူထည့်လိုက်တဲ့မဲ 'ပယ်မဲ' ဖြစ်သွားတဲ့ အကြောင်းကို ၀မ်းသာအားရ ပြောနေရှာတဲ့ မိတ်ဆွေဖြစ်သူရဲ့ ပီတိမျက်နှာကို အခုချိန်ထိ မြင်ယောင်နေမိပါသေးတယ်။ (ကျွန်တော့်မိတ်ဆွေက မဲရုံမှာလဲ တာဝန်ရှိသူ တစ်ယောက်ဖြစ်ပါတယ်။)
လာမယ့် ရွေးကောက်ပွဲမှာသုံးမယ့် ဆန္ဒမဲကဒ်ဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာ အတိအကျ မသိရသေးပေမယ့် ရွေးကောက်ပွဲဥပဒေကို ဖတ်ရှုလေ့လာ ကြည့်ယုံနဲ့တင် ဆန္ဒမဲကဒ်ပြား ပုံစံကို ခန့်မှန်းနိုင်တဲ့အပြင် မဖြစ်မနေမဲပေးရမယ့် သူတွေ အတွက် ပယ်မဲဖြစ်အောင် လုပ်ဖို့ နည်းလမ်းတွေ အများကြီးရှိနေတာကို တွေ့ရပါတယ်။


'ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ' မှာ
ပုဒ်မ ၄၁။ (ခ) ဆန္ဒမဲလက်မှတ်ကို ရရှိလျှင် ဆန္ဒမဲပေးသူသည် လျှို့ဝှက်ဆန္ဒပြုခန်း အတွင်းသို့ဝင်၍ ဆန္ဒမဲလက်မှတ်ပေါ်တွင် မိမိမဲပေးလိုသော လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်နှင့် သင်္ကေတ အမှတ်အသား တည့်တည့်တွင်ရှိသော လေးထောင့်အကွက်အတွင်း၌ (√ ) အမှတ်အသား ပြုရမည်။ ထို့နောက် မိမိဆန္ဒပြုထားသည်ကို သူတစ်ပါး မမြင်နိုင်စေရန် ဆန္ဒမဲလက်မှတ်ကို ခေါက်၍ သတ်မှတ်ထားသည့် မဲပုံးအတွင်းသို့ ထည့်ရမည်။ မဲပုံးထဲသို့ ထည့်ရမည့် ဆန္ဒမဲလက်မှတ်တွင် မဲရုံမှူး၏ လက်မှတ်နှင့် ဆန္ဒမဲလက်မှတ်ပါ လေးထောင့် အကွက် အတွင်း၌ မဲဆန္ဒရှင် ဆန္ဒပြုထားသော အမှတ်အသားတို့မှတစ်ပါး အခြားမည်သည့် အမှတ်အသားမျှ မပါဝင်စေရဟု ဖော်ပြထားပါတယ်။

၎င်းဥပဒေအရကြည့်လျှင် ဆန္ဒမဲလက်မှတ်မှာ မဲဆန္ဒနယ်မြေတစ်ခုအတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အားလုံးကို ထည့်သွင်း ဖော်ပြထားမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ အမည်နှင့် သင်္ကေတ အမှတ်အသား တည့်တည့်မှာ မဲဆန္ဒရှင်အနေနဲ့ (√ ) ထည့်သွင်းနိုင်ရန် လေးထောင့်ကွက် အသီးသီး နှင့် မဲရုံမှူး၏ လက်မှတ်ထိုးရန် နေရာ ပါရှိမယ်လို့ ခန့်မှန်းရပါတယ်။
ဘယ်လိုမဲမျိုးဟာ 'ပယ်မဲ' ဖြစ်နိုင်မလဲဆိုတာ ဆက်ကြည့်ရအောင်။
ပုဒ်မ ၆၅။ (ဂ) အောက်ပါဆန္ဒမဲလက်မှတ်မျိုးကို ပယ်ရမည်
(၁) ကော်မရှင်က အတည်ပြုထားသော အမှတ်အသား မပါသည့် ဆန္ဒမဲလက်မှတ်၊
(၂) မဲရုံမှူး လက်မှတ်မပါသည့် ဆန္ဒမဲလက်မှတ်၊
(၃) လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးထက်ပို၍ ဆန္ဒပြုထားသည့ှ်ဆန္ဒမဲလက်မှတ်
(၄) ဆန္ဒပြုထားခြင်းမရှိသော ဆန္ဒမဲလက်မှတ်
(၅) ဆန္ဒပြုထားခြင်းမှာ မသေချာ မထင်ရှားသော ဆန္ဒမဲလက်မှတ်၊
(၆) ဆန္ဒမဲလက်မှတ် အတုဖြစ်သည်ဟု မဲရုံမှူးက ဆုံးဖြတ်သည့် ဆန္ဒမဲလက်မှတ်
(၇) ဆန္ဒမဲပေးသူကို သိရှိနိုင်အောင် အမှတ်အသားပြုထားသည့် ဆန္ဒမဲလက်မှတ်၊
(၈) ဆုတ်ဖြဲထားသည့် ဆန္ဒမဲလက်မှတ်။
ဟု ဖော်ပြ ထားပါတယ်။
ပုဒ်မ ၆၅။ (ဂ) မှာ ပါရှိတဲ့ ၃၊ ၄ နဲ့ ၅ အချက်တွေဟာ မဖြစ်မနေ မဲပေးရမယ့်သူတွေအတွက် ၄င်းတို့ရဲ့ ဆန္ဒမဲတွေကို 'ပယ်မဲ' ဖြစ်သွားအောင် အကူအညီ ပေးပါလိမ့်မယ်။ သတိထားရမယ့် အချက်ကတော့ မိမိဆန္ဒမဲကို 'ပယ်မဲ' ဖြစ်အောင် လုပ်မယ့်သူတွေ အနေနဲ့ နံပါတ် (၈) အချက်ကို (လုံးဝ) မပြုလုပ်မိဖို့ပါပဲ။ နံပါတ် (၈) အချက်ကို ပြုလုပ်မိခဲ့လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး သို့ ပြည်နယ်လွှတ်တော် သုံးရပ်လုံးအတွက် ဥပဒေမှာ

ပုဒ်မ ၅၉။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(င) အသုံးပြုဆဲဖြစ်သော မဲပုံးကို အခွင့်အာဏာမရရှိဘဲ ဖွင့်လှစ်ခြင်း သို့မဟုတ် ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင် ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးခြင်း
ဟု ဖော်ပြထားသည့်အတွက် ဖြစ်ပါတယ်။
ဒီထက်ပိုပြီး အရေးကြီးတဲ့အချက်ကတော့ မဖြစ်မနေ မဲဆန္ဒပေးရမယ့်သူတွေ အနေနဲ့ နအဖ လက်ဝေခံ ကြံ့ဖွံ့ နဲ့ တစည ပါတီတို့ကို (လုံးဝ) မဲမပေးမိ ဖို့ပါပဲ။ မိမိရဲ့ ဆန္ဒမဲကို ပယ်မဲဖြစ်အောင် မည်သို့ပင်လုပ်လိုက် စေကာမူ အာဏာပိုင်တွေဟာ မသမာမှုအမျိုးမျိုးသုံးပြီး ထောက်ခံမဲဖြစ်အောင် လုပ်နိုင်စွမ်းရှိလို့ဖြစ်ပါတယ်။ လျှို့ဝှက် ဆန္ဒပြုခန်း ဆိုတာကလဲ ဘယ်လောက်အထိ လုံခြုံမှု ပေးနိုင်စွမ်းရှိမယ်ဆိုတာ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။

၁၉၆၀ ရွေးကောက်ပွဲ အကြိုကာလမှာ ဗိုလ်နေ၀င်းစစ်တပ်နဲ့ အလွမ်းသင့်တဲ့ တည်မြဲ ဖဆပလ ရဲ့ "ရှုံးရင်လဲ နိုင်ရမည်၊ နိုင်ရင်လဲ နိုင်ရမည်" ဆိုတဲ့ မူအတိုင်း လိုက်နေတဲ့ ကြံ့ဖွံ့ ပါတီရဲ့ လုပ်ရပ်တွေကိုတော့ ရွေးကောက်ပွဲ မတိုင်ခင် စည်းရုံးရေးကာလကတည်းက ပြည်သူလူထုအနေနဲ့ သတိထားမိကြပါလိမ့်မယ်။ တစည ဆိုတာဟာလဲ တိုင်းပြည်နဲ့လူထုကို တစ်ပါတီစနစ်သုံးပြီး ၂၆ နှစ်ကြာ စစ်ကျွန်ဇာတ်သွင်းခဲ့တဲ့ မဆလ ပါတီကို အရေခွံလဲထားခြင်းသာ ဖြစ်တဲ့အပြင် ရွေးကောက်ပွဲဥပဒေဆိုတာ ဘယ်မှာမှန်းမသိသေးတဲ့ အချိန်ကာလ ကတည်းက နယ်အချို့မှာ စည်းရုံးရေးဆင်းနေတဲ့ ပါတီဖြစ်ပါတယ်။ ဒီတော့ ပြည်သူလူထု အနေနဲ့ သူခိုးကို ဓားရိုးကမ်း မိသလိုဖြစ်မယ့် လုပ်ရပ်မျိုးကို မဖြစ်မနေ ရှောင်ကြဉ်ဖို့ လိုပါတယ်။

နိဂုံးချုပ်ရလျှင် အထက်ပါအချက်များဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်အနေနဲ့ ပြည်သူလူထု နေရာကပါ ၀င်စဉ်းစားပြီး လက်ရှိကာလ နိုင်ငံရေးအခြေအနေအပေါ် မူတည်ကာ ဥာဏ်မီသလောက် အကြံပြုတင်ပြ ထားခြင်းသာ ဖြစ်ပါတယ်။ ပြည်သူလူထုသို့ အဓိကရည်ရွယ်ပါတယ်။ အပြုသဘောနှင့် ဝေဖန်မည့်သူများကို လေးစားသမှုဖြင့် တုံ့ပြန်ပေးသွားမှာ ဖြစ်သလို အပျက်သဘောနှင့် ဆဲမည့်သူများကိုလဲ သည်းခံရန် ပြင်ဆင်ထားကြောင်းပါ ခင်ဗျား။



ကိုနေမျိုး (၈၈မျိုးဆက်)
အညာနွေတမာမြေ

Posted by အညာနွေတမာမြေ anyarnwaytamarmyay at 9:32:00 PM

Labels: ဆောင်းပါး

No comments: