Tuesday, August 17, 2010

စစ်အစိုးရ၏ရွေးကောက်ပွဲအခြေအနေ ကနေဒါစိုးရိမ်

2010-08-17

မြန်မာ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဖိနှိပ်ထားတဲ့ အခြေအနေအောက်မှာ ကျင်းပပြုလုပ်မဲ့ ရွေးကောက်ပွဲ ဖြစ်သွားမှာကို အထူးစိုးရိမ်မိကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လောရင့်စ် ကဲင်နွန်က ပြောကြားလိုက်ပါတယ်။


 

မြန်မာစစ်အစိုးရဟာ ကတိပြုထားတဲ့အတိုင်း ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတာကို ကြိုဆိုပေမဲ့ နိုင်ငံတကာ စံနှုန်းတွေအတိုင်း မဟုတ်ပဲ ဖိနှိပ်ခြိမ်းခြောက်မှုတွေအောက်မှာ ကျင်းပသွားမှာကို အထူးစိုးရိမ်ကြောင်း၊ မြန်မာပြည်သူတွေဟာ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို ကြောက်လန့်မနေရပဲ သူတို့ရဲ့ ကိုယ်ပိုင် ဆန္ဒကို ထုတ်ဖော်ခွင့် ရထိုက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးပြီးတော့ တိုင်းရင်းသားလူမျိုးစုတွေ အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုကို ဖော်ဆောင်ဖို့၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ကတိပြုထားတဲ့အတိုင်း ကျင်းပဖို့ စစ်အစိုးရကို တိုက်တွန်းကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားပါတယ်။

No comments: