Wednesday, August 25, 2010


 

ရွေးကောက်ပွဲ ဖျက်သိမ်းရေး လှုပ်ရှားမှုများ လုပ်ဆောင်မည်ဟု ဒီအေဘီ ပြောကြား

၂၀၁၀ ရွေးကောက်ပွဲဖျက်သိမ်းရေး လှုပ်ရှားမှုများကို အပစ်ရပ်အင်အားစုများနှင့်လက်တွဲကာ အရှိန်အဟုန်မြင့်ဆောင်ရွက်သွားမည်ဟု မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) က ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် ဆဌမအကြိမ်မြောက် ညီလာခံအပြီးတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ မြေယာသိမ်းခံရသူများအား အတင်းအကျပ် လျော်ကြေးပေး

ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ဖားကန့်မြို့နယ် ဝရာဇွပ်ကျေးရွာအုပ်စုအတွင်းမှ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများအား ယုဇနကုမ္ပဏီက သိမ်းယူခဲ့မှုအပေါ် ဒေသခံများက အမှုဖွင့်တိုင်ကြားပြီးနောက်ပိုင်း ယခုအခါ ဒေသခံလူထုကို အတင်းအကျပ် လျော်ကြေးငွေ ပေးနေသဖြင့် ဒေသခံလူထုတို့ မကျေမနပ် ဖြစ်နေကြသည်။

၂ဝဝ၆-၂ဝဝ၇ ခုနှစ်မှစတင်၍ တနိုင်း-နမ္မတီးလမ်းပေါ်ရှိ ဖားကန့်မြို့နယ်၊ ဝရာဇွပ် ကျေးရွာအုပ်စုအတွင်းမှ ဝရာဇွပ်၊ နမ်ဆိုင်၊ နာဂျာပါ၊ အောင်ရာ၊ ဘန်ကောက်နှင့် ရှာဒူဇွပ် ကျေးရွာ (၆) ရွာမှ လယ်မြေများ၊ ဥယျာဉ်ခြံမြေများ အသိမ်းခံခဲ့ရပြီး အချို့ကျေးရွာလူနေအိမ်များလည်း ရွှေ့ပြောင်းခံထားရသည့်အတွက် ဒေသခံ လယ်သမား (၁၄၈) ဦးတို့က သူတို့၏ လယ်ယာမြေများတွင် လုပ်ကိုင်ခွင့်ဆုံးရှုံးမှုအပေါ် နစ်နာမှုလျော်ကြေးပေးရန် ဇူလိုင်လ (၁၆) ရက်နေ့တွင် ပြည်နယ်တရားရုံး၌ အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက်ပိုင်း ယုဇနကုမ္ပဏီက လယ်တဧက ကျပ် (၈ဝ,ဝဝဝ) နှုန်းဖြင့် အတင်းအကျပ် လျော်ကြေးပေးနေသည်ဟု ကျေးရွာသားတဦးက ပြောသည်။

ပြည့်တန်ဆာများ အိပ်ခ်ျအိုင်ဗွီ ဖြစ်နှုန်း များပြား

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာများ ကွန်ဒုံးကို လက်ဝယ်မထားရှိခြင်းသည် ပြည့်တန်ဆာများအကြား အိပ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ပျံ့နှံ့မှု ပိုမိုများလာရသည့် အကြောင်းတချက်ဖြစ်ကြောင်း ပြည်တွင်းအန်ဂျီအိုတခုမှ ပြောကြားသည်။

ပြီးခဲ့သည့် မေလအတွင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ အမျိုးသမီး အကျဉ်းသူများကို ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ ဆေးစစ်ပြီး ထွက်ပေါ်လာသည့် ရလဒ်အပေါ် အခြေခံကာ သားဆက်ခြား ကျန်းမာရေးလုပ်ငန်းများ အကောင်အထည်ဖော်နေသည့် အိုင်အန်ဂျီအိုတခုမှ အရာရှိကြီးတဦးက ပြောကြားခြင်းဖြစ်သည်။

အကျဉ်းသား (၁၂၀) ကျော် အင်းစိန်ထောင်မှလွှတ်ပေး

ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၁၂၀) ကို အင်းစိန်အကျဉ်းဦးစီးက သြဂုတ် (၂၄) ရက်နေ့တွင် လွှတ်ပေးလိုက်ကြောင်း အင်းစိန်ထောင် တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် (၂၁) ရက်၌ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၇၀၀) ကျော်ကို သီတဂူဆရာတော် ဦးဉာဏိဿရက တရားဟောကြားခဲ့ပြီးသည့်နောက်ပိုင်း ယခုကဲ့သို့ အကျဉ်းသားများအား လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဖမ်းအဆီးကြောင့် မလေးရှိအလုပ်သမားများ ပုန်းရှောင်နေရ

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအား ပိုမိုစိစစ် ဖမ်းဆီးအရေးယူမှုများ လုပ်လာသောကြောင့် အလုပ်ရှင်များက လုပ်ငန်းများပိတ်ထားကာ အလုပ်သမားများမှာ ပုန်းရှောင်နေကြရသည်ဟု သိရသည်။

အလုပ်သမားများသည် ၎င်းတို့ကိုင်ဆောင်သည့် အလုပ်လုပ်ခွင့်လက်မှတ်တွင် မှတ်ပုံတင်ထားသည့်လုပ်ငန်းနှင့် မတူသည့် အခြားလုပ်ငန်းများကို လုပ်ကိုင်နေသူများ ရှိကြရာ ထိုသူများအား ယခင်က မည်သို့မျှ အရေးယူမှုမရှိသော်လည်း ယခုအခါတွင် အလုပ်သမားများသာမက အလုပ်ရှင်များကိုပါ အရေးယူမှု ရှိလာသောကြောင့် သူဌေးများကိုယ်တိုင် အလုပ်ရုံပိတ် လာကြခြင်းဖြစ်သည်။

ဝတပ်ဖွဲ့က ရွေးကောက်ပွဲနှင့် နယ်ခြားစောင့်ကိစ္စ လက်မခံ

ဝဒေသအတွင်း ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်မည်ကို လက်မခံနိုင်ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဝတပ်ဖွဲ့ က အကြောင်းပြန်ကြားလိုက်သည်။

ယခုလ (၂၀) ရက်တွင် UWSA ဝတပ်ဖွဲ့အား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ခေါ်ယူတွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် နယ်ခြားစောင့်အသွင်ပြောင်းရေးကိစ္စများ သတိပေးပြောဆိုခဲ့မှုအပေါ် လက်မခံနိုင်ကြောင်း ဝတပ်ဖွဲ့က ယမန်နေ့၌ ပြောဆိုလိုက်ခြင်းဖြစ်သည်။


 

နိုင်ငံရေးအကျဉ်းသားတွေကို အန်အယ်လ်ဒီ လိုက်လံကူညီအားပေး

Posted: 24 Aug 2010 02:46 AM PDT

ဘိုကလေးမြို့နယ် အန်အယ်လ်ဒီအဖွဲ့ချုပ်အဖွဲ့ဝင်တွေက နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို အန်အယ်လ်ဒီဗဟိုဌာနချုပ်က မြို့နယ်အလိုက် ထောက်ပံ့ပေးတဲ့ ပစ္စည်းတွေကို တအိမ်တက်ဆင်းလိုက်ပေးရင်း အားပေးစကားတွေပြောခဲ့ကြပါတယ်။

ဘိုကလေးမြိုနယ်က နိုင်ငံရေးလှုပ်ရှားလို့ အကျဉ်းကျခံနေရသူ ၁၀ ဦးရဲ့ မိသားစုတွေကို လိုက်လံအားပေးခဲ့တဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဘူးတဲ့ ဘိုကလေး အန်အယ်လ်ဒီဥက္ကဌ ဦးအောင်ခင်ဘိုပြောပြတာကတော့

" ကျနော်တို့မြို့နယ်က နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရပြီး ဇာတိမြိုနဲ့ မိုင်ပေါင်းရာချီဝေးတဲ့ နယ်စွန်နယ်ဖျားက အကျဉ်းထောင်တွေကို ပို့ခဲ့ထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးရဲ့ မိသားစုကို ကျနော်တို့ လိုက်လံအားပေးတယ် ကျမ္မာရေးမကောင်းသူတွေအတွက်ဆေးဝါးတွေ ထောက်ပံ့ပေးတာတွေလုပ်ခဲ့ပါတယ် "

ဘိုကလေးမြို့နယ်က နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကတော့ ကိုအောင်ဇော်ဦး (ဘူးသီးတောင်) ၊ ကိုဝေလင်းအောင် (ကလေး) ၊ ကိုနေ၀င်းစိုး(ခန္တီး)၊ ဖြိုးမောင်မောင်စိုး (ကျောက်ဖြူ)၊ ကိုသီဟသက်ဇင် (မြစ်ကြီးနား)၊ ကိုဥာဏ်လင်းထွန်း (လားရှိုး)၊ ကိုပြည့်ဖြိုးလှိုင် (စစ်တွေ)၊ ကိုသူရအောင် (လွိုင်ကော်) နဲ့ ကိုထင်အောင် (နမ္မတူ) တို့ဖြစ်ကြပါတယ်၊

အန်အယ်လ်ဒီအဖွဲ့ဝင်တွေက ထောက်ပံရေးပစ္စည်းတွေလိုက်လံပေးတဲ့အခါမှာ နိုင်ငံရေး အကျဉ်းသားမိသားစုတွေနဲ့ ဒေသခံပြည်သူတွေက အန်အယ်လ်ဒီဗဟိုကနေ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့အကြောင်းတွေ အသေးစိပ်မေးမြန်းကြပြီး ထောက်ခံအားပေးတဲ့အကြောင်း ပြောကြားလိုက်တယ်လို့ ဦးအောင်ခင်ဘိုက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂ထောင်ကျော်ရှိပြီး နိုင်ငံရေးအကျဥ်းသားအများစုဟာ ထောင်ဒဏ်နှစ်ရှည်ကျခံရကာ မိသားစုနဲ့ဝေးလံတဲ့ ထောင်တွေဆီကိုပို့ခံထားရပါတယ်။ ခုရက်ပိုင်း ထောင်ဝင်စာသွားတွေ့တဲ့ မိသားစုတွေအပြောအရ ထောင်ဒဏ် ၁၉ နှစ်ချခံထားရသူ ပဲခူးမြို့က တက်ကြွလှူပ်ရှားသူ ကိုအေးဝင်းဟာ သာယာဝတီထောင်မှာ မျက်စိဝေဒနာခံစားနေရပြီး ခွဲစိပ်ကုသရမှာလို့မိသားစုကပြောပါတယ်။ ၂၀၀၇ ဗကသ ကျောင်းသူ မဟန်နီဦးဟာလည်း ထောင်ဒဏ် ၉နှစ်ခွဲချမှတ်ခံထားရကာ အစာအိမ်ရောဂါဖြစ်နေတယ်လို့ မကြာခင်ကမှ ထောင်ဝင်စာတွေ့ခဲ့တဲ့ မိသားစုတွေအပြောအရ သိရပါတယ်။
အညာနွေတမာမြေ

မြန်မာ့အရေး ကုလ စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ အသင့်တော်ဆုံးနည်း အမေရိကန် လေ့လာ


မြန်မာ့အရေး ကုလ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အသင့်တော်ဆုံးနည်းကို လေ့လာနေတယ်လို့ အမေရိကန်နိုင်ငံက ပြောလိုက်ပါတယ်။


တရုတ်ခရီးသည်တင် လေယာဉ် ပျက်ကျ၊ အနည်းဆုံး လူ ၄၂ ဦးသေ

တရုတ်ပြည် အရှေ့မြောက်ပိုင်းမှာ တရုတ်လေယာဉ်တစီး ပြေးလမ်းလွန်သွားပြီး မီးလောင်သွားခဲ့တဲ့အတွက် လူ ၄၂ ယောက် သေဆုံးခဲ့ပါတယ်။


အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက်လက်မျှော်လင့်

အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ စိတ်ဆန္ဒ တကယ်ရှိရင် အချိန်အခါမရွေး ဆောင်ရွက်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


ရွေးကောက်ပွဲ မတိုင်မီ ဆိုက်ရောက်ဗီဇာ ရုပ်သိမ်း

မြန်မာစစ်အစိုးရဟာ လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် Visa on Arrival ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာတွေကို ကန့်သတ် ရုပ်သိမ်းလိုက်ပါတယ်။


ဆိုမာလီမြို့တော် တိုက်ခိုက်မှု လူ ၃၀ ကျော် သေဆုံး

ဆိုမာလီမြို့တော်က ဟိုတယ်တခုကို သေနတ်သမားတွေ တရစပ်ပစ်ခတ် ဝင်ရောက်စီးနင်းမှုကြောင့် လွှတ်တော်အမတ်တွေ အပါအဝင် ၃၀ ကျော် သေဆုံးသွားပါတယ်။


ဟောင်ကောင် ခရီးသွားတွေ သေဆုံးမှု ဖိလစ်ပိုင် စုံစမ်းစစ်ဆေးမည်

ဖိလစ်ပိုင်မှာ ဖြစ်ခဲ့တဲ့ ပြန်ပေးဆွဲမှုအတွင်း ဟောင်ကောင်ခရီးသွားတွေ သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးမယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ပြောပါတယ်။


လူ့အခွင့်အရေး ကိုယ်စားလှယ် ကုလညီလာခံမှာ အစီရင်ခံစာ တင်သွင်းဖို့ ပြင်ဆင်

လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ တင်သွင်းဖို့ ပြင်ဆင်နေပါတယ်။


မြန်မာ့နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ ယှဉ်ပြိုင်နိုင်ရေး ရုန်းကန်

လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ နိုင်ငံအဆင့် လွှတ်တော်နှစ်ရပ်မှာ အတိုက်အခံ အားနည်းတဲ့ လွှတ်တော် ဖြစ်နိုင်ချေ ရှိနေပါတယ်။


ဖိလစ်ပိုင် ဓားစာခံအရေး ပြီးဆုံး၊ လူ ၈ ဦးသေ

ရဲအရာရှိဟောင်း တဦးက မနီလာမြို့လယ်မှာ ဘတ်စ်ကားတစင်းကို ပြန်ပေးဆွဲပြီး ဟောင်ကောင်ခရီးသွား ၈ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။


ရွေးကောက်ပွဲ ကော်မရှင်ရုံးလုပ်ငန်း မရှင်းတာကြောင့် ပါတီတွေ ပိုအခက်တွေ့

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ပြိုင်ကြမယ့် ပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်း နာမည်စာရင်းပေးဖို့ အခက်တွေ့နေကြပါတယ်။


 


 


 

Written on August 25, 2010 at 2:57 am by Arakan Review

(၂၀၁၀) ရွေးကောက်ပွဲက ရခိုင်ပြည်သူများအတွက် ဘာတွေပေးနိုင်မလဲ။


Filed under ဆောင်းပါး
no comments

(၂၀၁၀) ရွေးကောက်ပွဲကို ရခိုင်ပြည်ရှိ နိုင်ငံရေးသမားဟောင်းများ၊ နိုင်ငံရေး စိတ်ပါဝင်စားသူများသည် ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများအတွက် လက်လွှတ်မခံနိုင်သော အခွင့်အလမ်းတရပ်အဖြစ် ရှုမြင်ကာ ပါတီများဖွဲ့ပြီး ၀င်ရောက်ယှဉ်ပြိုင်ရန် စိုင်းပြင်း လာခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။ ရွေးကောက်ပွဲကို အသုံးချပြီး ရခိုင်ပြည်တွင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်၊ မိမိတို့ လူမျိုး၊ လူမျိုးစုများ၏ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်နိုင်ကောင်း၏ဟု ယူဆကာ ခံယူချက်တူ၊ အတွေးအခေါ်တူ၊ နီးစပ်ရာ ပုဂ္ဂိုလ်များဖြင့် ပါတီများကို ဖွဲ့စည်းလာခဲ့ကြသည်မှာ ယနေ့အချိန် ရခိုင်ပြည်တွင် ဒေသတွင်း ပါတီ (၆) ပါတီခန့် ပေါ်ပေါက်လာခဲ့ပါပြီ။

ပြည်တွင်း မြေပေါ် ရခိုင်အမျိုးသားနိုင်ငံရေးသည် တကျော့ပြန် နှိုးထလာခြင်း ဆိုလျှင်လည်း မှားမည် မဟုတ်ချေ။ သည်အခြေအနေကို ပြည်တွင်း၊ ပြည်ပ ရခိုင်ပြည်သူအချို့က ကြိုဆိုအားပေး ထောက်ခံကြသည်များကိုလည်း တွေ့နေရပါသည်။ သို့သော် သည်အခြေအနေအောက်တွင် ပါတီများသည် ရခိုင်ပြည်သူများကို မည်မျှအတိုင်းအတာထိ ကိုယ်စားပြုနိုင်မည်နည်း၊ ရခိုင်ပြည်သူများအကျိုးစီးပွါးအတွက် ရှေ့တန်းမှ မည်မျှထိ ရပ်တည်ပေးနိုင်မည်နည်း ဆိုသည်က စောင့်ကြည့်ရမည့် အနေအထားသာ ရှိနေပါသည်။

တချို့ကလည်း ယခုကဲ့သို့ နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခြင်းသည် မည်သည့် အပြောင်းအလဲများကို ဖန်တီးနိုင်လိမ့်မည်ဟု မယူဆကြဘဲ ၀ါသနာပါရာကို ဘေးအန္တရာယ်၊ အနှောင့်အယှက်မရှိဘဲ ၀င်လုပ်ခွင့်၊ တနည်းပြောရလျှင် စိတ်ဖြေခွင့် ရရှိသောကြောင့် အသီးသီး အလျှိုလျှို ကစားကွင်းသို့ ၀င်ရောက်လာသော တကျော့ပြန် ကစားသမားအဖြစ် ထင်မှတ် ကြသည်ဟု ကြားသိရပါသည်။ တချို့ကလည်း ခေတ်သစ်အမတ်လောင်းအဖြစ် စီးပွါးရေး လုပ်ပိုင်ခွင့်များ ရလိုရငြား ၀င်ရောက်လာကြသူများလည်း ရှိသည်။ သို့သော် ငခုံးမ တကောင်ကြောင့် တလှေလုံး ပုတ်သည် ဟု ယူဆ၍ မရနိုင်ချေ။ အမှန်တကယ် ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများ၏ အကျိုးစီးပွါးအတွက် ပါဝင်ယှဉ်ပြိုင်မည့်သူများကိုလည်း တွေ့နေရပါသည်။ မနိုင်လျှင် လျှိုဝင် ပြီးမှ ပူးသတ်အကြံဖြင့် ၀င်ရောက်ကြသူများလည်း ရှိကြ ပေမည်။ အမျိုးမျိုးသော အကြောင်းအရင်းများ နောက်ခံဖြင့် ၀င်ရောက်လာကြသော်လည်း နိုင်ငံရေးကို စိတ်ဝင်တစား ဖြစ်လာခြင်းက ကောင်းသော လက္ခဏာပင် ဖြစ်သည်။

ရခိုင်ပြည်တခုထဲတွင်ပင် ရွေးကောက်ပွဲ အကြိုကာလ၌် ရွေးကောက်ပွဲ ဆန့်ကျင်သော အုပ်စုနှင့် ရွေးကောက်ပွဲ ထောက်ခံသော အုပ်စုနှစ်ခု ပေါ်ပေါက် လာနေသည်ကို တွေ့မြင် နေကြရပါသည်။ သည်အခြေအနေသည် တတိုင်းပြည်လုံး (မြန်မာတနိုင်ငံလုံး) အတိုင်းအတာတွင်လည်း ဆန့်ကျင်သူ၊ ထောက်ခံသူ အုပ်စုနှစ်အုပ်စု ရှိနေသည်ဖြစ်၍ မည်သို့မျှ မထူးဆန်းသော်လည်း ရခိုင်ပြည်ကဲ့သို့ လူဦးရေ၊ နယ်မြေ သေးငယ်သော နေရာတွင် သည်ကဲ့သို့ ဖြစ်နေခြင်းမှာ ကောင်းသော လက္ခဏာတရပ် မဟုတ်ချေ။ သို့သော် သည်အခြေအနေကို နားလည်၍ ရနိုင်သေးပါသည်။ နိုင်ငံရေးဆိုင်ရာ တွေးမြင် ယူဆချက်များ ကွဲလွဲကြခြင်းသာ ဖြစ်၍ အမျိုးသား စည်းလုံး ညီညွတ်ရေးကို ဦးထိပ်ထားကာ ခွင့်လွှတ် နားလည်ပေးကြရန် အထူး လိုအပ်ပါသည်။

ယနေ့ကြားသိနေရသော သတင်း အချက်အလက်များအရ (၂၀၁၀) ရွေးကောက်ပွဲနှင့် အုပ်ချုပ်သူများက ရွေးကောက်ပွဲဝင်မည့် ပါတီများ၊ ရွေးကောက်ပွဲဖြင့် ပြောင်းလဲလိုသည့် နိုင်ငံရေး စိတ်ဝင်စားသူများကို အကဲစမ်းမှုများ ကြုံတွေ့နေရသည်။ သည်အခြေအနေကို ကျော်လွှား မကျော်လွှားနိုင်၊ သည်အခြေအနေကို ကြိုတင်တွေးတော ကြံဆထားမှု ဗျူဟာ ရှိ မရှိ၊ ရခိုင်ပြည်ကို အုပ်ချုပ်စီမံပိုင်လောက်သည့် အရည်အသွေး၊ ပေးဆပ် စွန့်လွတ်မှု များကို ပြည်သူများက မျက်မြင်ကိုယ်တွေ့ ရှိနေပါသည်။ ဤအခြေအနေသည် ပါတီလူကြိုက်များရေး၊ ပါတီကို အားပေး ထောက်ခံရေးအတွက် ကောင်းသော လက္ခဏာများဟု ရှုမြင်လျှင်ကား ကြိုဆိုရမည် ဖြစ်သည်။ သို့သော် ဤအခြေအနေများသည် ပါတီအားလုံးတူညီစွာ ခံစား ကြုံတွေ့ရခြင်း မဟုတ်ဘဲ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တခုကိုသာ ကွက်ပြီး ဖြစ်ပွါးနေခြင်းက ရွေးကောက်ပွဲနှင့် ရခိုင်ပါတီများ၏ အလားအလာကို စိတ်ဝင်စားဖွယ် တွေ့ရှိနေရပါသည်။ (RNDP) ၏ ထူးခြားချက်တခုမှာ မြို့မိမြို့ဖများ၏ လေးစားခြင်းကို အတိုင်းအတာ တစ်ခုထိရရှိကြသော ကျောင်းဆရာများ၊ ပညာတတ်များနှင့် တချိန်က နိုင်ငံရေးကြောင့် နှစ်ရှည် ဖမ်းဆီးထောင်ချခြင်းခံရသူများ ပါဝင်ခြင်းဖြစ်သည်။ သည်အချက်များက ပါတီကို လူအများစိတ်ဝင်စားမှု၊ အားကိုးအားထားပြုမှု ခံရသလို တပ်ဦး ပါတီအဖြစ် အာဏာပိုင်များ၏ စိန်ခေါ်မှုကို ခံကြရခြင်းဖြစ်သည်။ ဒါဟာ ပါတီကို အကဲစမ်းရန် အာဏာပိုင်များအတွက် လုံလောက်ပြီးသော နောက်ခံအကြောင်းအရင်းဖြစ်ပြီး ဆရာတော် ပညာစာရကို ဖမ်းဆီးခြင်း၊ မိဘမဲ့ကလေးများကို နယ်ဝေးသို့ ပြောင်းရွေ့ခြင်းနှင့် ရခိုင် ရှေးဟောင်း အမွေအနစ်များကို သိမ်းယူခြင်းတို့သည် လတ်တလော အကြောင်းအရင်းများသာ ဖြစ်သည်။ သည်အခြေအနေကို ရောထွေးစွာ ရှုမြင်၍ မရနိုင်။

ဤကဲ့သို့ အာဏာပိုင်များ၏ စိတ်ဝင်စားမှု အကဲစမ်းမှုကို ကြုံတွေ့နေရသော (RNDP) သည်လည်း ရခိုင်ပြည် နိုင်ငံရေးပါတီများထဲတွင် လူသိများ၊ စိတ်ဝင်စားခြင်းခံရခြင်းမှာ အဆန်း မဟုတ်။ သို့သော် သည်အခြေအနေက ရခိုင်ပြည်နိုင်ငံရေး အလားအလာကို တနည်းတဖုံ စိတ်ဝင် စားဖွယ်ဖြစ်လာသည်က အမှန်ပင်။ (RNDP) က ထုတ်ပြန်ကြေညာချက် ထုတ်လျှင် အားပေးကြသည်များ၊ တိုက်ပွဲခေါ်သံလားဟုပင် ထင်မြင်ချက် အမျိုးမျိုး ဖြစ်ပေါ်လာကြသည်။ ရခိုင့်နိုင်ငံရေး လှုပ်လှုပ်ရှားရှား ဖြစ်လာခြင်းဟု စာရေးသူက မှတ်ချက်ပြုမိ၏။

သို့သော် ရခိုင်ပြည်တွင် ရွေးကောက်ပွဲဝင်မည်ဟူသော ပါတီများက အာဏာပိုင် မျက်နှာကို ကြည့်ပြီး အသံတိတ်နှုတ်ဆိတ်ကြခြင်းသည် မဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်သည်။ ရခိုင်ပြည် အရေးသည် ငါတို့ ပါတီများ၏ အရေးဟု မရှုမြင်ဘဲ အာဏာပိုင်များ ငြိုငြင်မည်ကို စိုးရိမ်မှုဖြင့် ဆက်လှုပ်ရှားမည်ဆိုပါက စစ်အုပ်စုပြုလုပ်သော ရွေးကောက်ပွဲကို ထောက်ခံ အသိအမှတ် ပြုပေးရုံမှ တပါး ရည်ရွယ်ချက် မရှိဟု ယူဆစရာ ဖြစ်ပါသည်။ ရခိုင်ပြည်၏ အရေးကိစ္စဟူသမျှကို နေ့တဓူဝပြည်သူများကို တင်ပြဆွေးနွေးနေရမည်။ တင်ပြဆွေးနွေးခွင့် ရ မရဆိုသည်က တပိုင်း ဖြစ်သည်။ ရွေးကောက်ပွဲနိုင်ငံရေးသည် ပေါ်ပြူလာ (Popular) ဖြစ်မှု အပေါ်အခြေခံပြီး ပြည်သူများ၏ မဲကို ရရှိနိုင်သမျှ ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း ပါတီကို ကျစ်လစ်အောင် ဖွဲ့စည်းရေး၊ ဖြစ်ပေါ်လာသော ဖြစ်ရပ်များနောက်ကို ဇွတ်လိုက်ယင်း ပါတီ ကျစ်လစ်ခိုင်မာအောင် တည်ဆောင်ရေးကို လျစ်လျူ မရှုမိစေရန်လည်း အထူး အရေးကြီးပေသည်။ ပါတီများအားလုံး စဉ်းစားပြီး ဖြစ်မည့်အချက်များမှာ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် (၂၅) ရာခိုင်နှုန်း စစ်တပ်က အလိုအလျေက်ရယူထားသော ဖွဲ့စည်းပုံကို ထောက်ခံပြီးဖြစ်ခြင်းနှင့် စစ်အုပ်စု ကျောထောက် နောက်ခံပြုထားသော ကြံ့ခိုင်ရေးပါတီ၊ တစညပါတီတို့နှင့် ၀င်ရောက် ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။

ထို့ကြောင့် (၂၀၁၀) ရွေးကောက်ပွဲက ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများအပေါ် မည်သည့် အကျိုးသက်ရောက်မှုများကို ပေးစွမ်းနိုင်မလဲဟု စဉ်းစားမိသည်။ ရွေးကောက်ပွဲက ရခိုင်ပြည်သူများအတွက် အပြောင်းအလဲ ဖြစ်မည်ဟု စာရေးသူ မရှုမြင်။ သို့သော် ရခိုင့်နိုင်ငံရေး စိတ်ဝင်စားသော၊ နိုင်ငံရေးလုပ်လိုသူများ၊ နိုင်ငံရေးသမားဟု ခံယူလိုသူများအတွက် ကြီးမားသော စိန်ခေါ်မှုများဟု ဆိုလျှင် မှားမည်မဟုတ်။

ရွေးကောက်ပွဲက နိုင်ငံရေးသမားများကို မှတ်ကျောက်တင်ပေးမည်၊ နိုင်ငံရေးဆိုသည်မှာ မည်ကဲ့သို့ ဖြစ်သည်၊ လွတ်တော် ကိုယ်စားလှယ်ဆိုသူတို့ မည်ကဲ့သို့သော အရည်အချင်းများ ရှိရန် လိုအပ်သည်၊ စစ်တပ်ကြီးစိုးသည့် ဖွဲ့စည်းပုံကို မည်ကဲ့သို့ ပြင်ဆင်ရန် ကြိုးပမ်းကြသည်။ နိုင်ငံရေးပါတီ ဆိုသည်ကို ကိုယ်တွေ့ ကြုံကြရမည်။ လုပ်နည်း လုပ်ဟန်များကို တတ်သိ နားလည်လာကြမည်။ တဖက်တွင်လည်း ဒီမိုကရေစီ တံဆိပ်ကပ် စစ်အုပ်ချုပ်ရေး ယန္တရားအောက်တွင် ဘေးကြပ်နံကြပ်ဖြင့် အလူးအလိမ့် ခံကြရဦးမည်ဟု ယူဆသည်။

ထို့ကြောင့် ဤရွေးကောက်ပွဲသည် ပြည်သူများအတွက် အပြောင်းအလဲ မဟုတ်ဘဲ၊ ရခိုင်နိုင်ငံရေး သမားများအတွက် နောက်နောင် ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်း အကျင်းသစ်အတွက် သင်ခန်းစာ ယူစရာများ၊ နိုင်ငံရေး တိုက်ပွဲသဏ္ဍာန်များကို ပုံဖေါ်နိုင်ရန် ခြေစမ်းပွဲများအဖြစ် ရှုမြင် ကြည့်မိပါ၏။ ခြေစမ်းပွဲများကို ကစားခြင်း၊ ကြည့်ရှုခြင်းဖြင့် ပညာယူစရာများ ရှိနေအုံးမည်မှာ သေချာသည်။ လက်တွေ့ နိုင်ငံရေးသင်ခန်းစာကြီးတခုကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ကြရအုံးမည် ဖြစ်သည်။

စာရေးသူ၏ ရွေးကောက်ပွဲအမြင်မှာ ရွေးကောက်ပွဲမှ တပါး အခြားမရှိဆိုသည့် အယူအဆကို ယတိပြတ် လက်မခံသလို ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် (၂၀၁၀) အလွန်ကာလတွင် ယနေ့အချိန် ထောက်ခံ၊ ဆန့်ကျင့်သူများ အားလုံးကို လက်တွေ့ကျကျ အဖြေထုတ်ပေးမည့် အရာအဖြစ် အချိန်က အဖြေပေးမည့် ပြိုင်ပွဲတစ်ပွဲအဖြစ် ရှုမြင်ပါသည်။

မိုးလင်းရှိန်


 

 
 

                          ရွေးကောက်ပွဲတွေ ရဲ့ သမိုင်းကြောင်း

 
 

ဝါရှင်တန် ဒီစီ မှာ ဗဟိုပြုဖွင့်လှစ်ထားတဲ့ အကြမ်းမဖက်လှုပ်ရှားမှု နိုင်ငံတကာဗဟို မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သုတသနစာစဉ်တွေ၊

လူသစ်စုဆောင်းပုံတွေ၊ လူထုလှုပ်ရှားမှု သုံးသပ်ချက် စာအုပ်တွေရှိတယ်။ သူတို့ရဲ့အားအကောင်းဆုံးလေ့လာရေးစာစဉ်တွေ ကတော့

 လူထုပါဝါတည်ဆောက်ပုံ နဲ့ အာဏာရှင်တွေရဲ့ ဖိနှိပ်မှု စက်ကွင်းတွေကို ဘယ်လိုရိုက်ချိုးမလဲ ဆိုတဲ့အဖြေကို

စူးစမ်းလေ့လာရှာဖွေတဲ့အချက်တွေပဲဖြစ်တယ်။

 
 

အမေရိကန်ပြည်ထောင်စုအတွင်းက ၁၉၆၀ ကာလအသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး၊ လူထုအခွင့်အရေးတိုက်ပွဲမှာ ဦးဆောင်ခဲ့သူတွေသာမက၊ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးလှုပ်ရှားသူတွေ၊ ကျွန်းတန်းနိုင်ငံငယ်လေးတွေဆီမှာ ဒီမိုကရေစီရေးတိုက်ပွဲဝင်နေတဲ့ လူငယ်တွေ၊ပညာရှင်တွေကို ဖိတ်ခေါ်ဆွေးနွေးပြီး၊ လူထုလှုပ်ရှားမှုတွေကို အားကောင်းစေမဲ့ အတွေးအခေါ်တွေ၊ လုပ်နည်းလုပ်ဟန်တွေကို ဆွေးနွေးငြင်းခုန်လေ့ရှိတယ်။

 လူသစ်တွေကို လေ့ကျင့်သင်ကြား ပေးလေ့ရှိတယ်။ လွန်ခဲ့တဲ့နှစ်လောက်တုန်းက သူတို့ စီစဉ်ခဲ့တဲ့ ဆွေးနွေးပွဲတခုမှာ ပိန်ပန်ပါးပါး အစ္စလာမ်ဘာသာဝင်

လူငယ်တယောက်နဲ့ ဆုံဆည်းခဲ့တယ်။ သူက မောလ်ဒိုက်ဗ်နိုင်ငံ က လူငယ်တဦးပါ။

သူက " ငါ့ရဲ့အကြောင်းကို နည်းနည်းမိတ်ဆက်မှဖြစ်မယ်ထင်တယ်" တဲ့။

 
 

မောလ်ဒိုက်ဗ်နိုင်ငံ ရဲ့ ဆင်းရဲငတ်မွတ်အောက်မှုအောက်မှာ ခါးခါးသီးသီးခံစားနေရနေရပြီး၊ အမှောင်ထုအောက်မှာ ကမ်းမမြင်လမ်းမမြင် ဖြစ်နေတုန်း ကုန်သည်တယောက်ခိုးယူလာတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးထားတဲ့ စာအုပ်တအုပ်လေးကိုဖတ်လိုက်ရတယ် တဲ့။ အဲ့ဒီညမှာပဲ

 " အော်-- ငါတို့လို မတရားမှုကို ခါးစီးခံနေရတဲ့သူတွေ၊  သူတို့လွတ်မြောက်ရေးအတွက် ကြံ့ကြံ့ခံတိုက်ပွဲဝင်နေကြပါလား၊

ငါတို့လည်း သူတို့လိုပဲ အန်တုတိုက်ပွဲဝင်ရမယ်" လို့ ဆုံးဖြတ်ပြီး၊ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တယ် လို့ ဆိုတယ်။

    
 

အာဏာရှင်တွေဟာ သူတို့ရဲ့အနာဂတ်ကိုကြောက်ရွံ့ထိတ်လန့်ပြီး၊ သူတို့ရဲ့လုံခြုံမှုကိုရှာဖွေချင်တဲ့အခါတိုင်း၊ အခြေခံဥပဒေကို ပြောင်းလဲရေးဆွဲလေ့ရှိတယ်။ ရွေးကောက်ပွဲတွေဖန်တီးရတယ်။ မျက်နှာဖုံးတွေပြောင်းရတယ်။

တကယ်တော့ ရွေးကောက်ပွဲတွေဆိုတာ၊ အလကားနေရင်း အပျင်းပြေစေတနာထားကျင်းပပေးခဲ့တဲ့ အရာတွေမဟုတ်ပါဘူး။

၁၉၆၂၊ ၁၉၇၄၊၇၅၊၇၆ နဲ့ ၁၉၈၈ အရေးတော်ပုံတွေကြောင့်၁၉၉၀ ရွေးကောက်ပွဲကျင်းပပေးခဲ့ရတယ်။

၁၉၉၁ နိုဘယ်ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ၁၉၉၆၊၉၈ ကျောင်းသားလှုပ်ရှားမှု နဲ့ ၂၀၀၇ စက်တင်ဘာအရေးတော်ပုံတွေကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ကို ကျင်းပလိုက်ရပြန်တယ်။ ဒါကြောင့် ရွေးကောက်ပွဲဝင်မဲ့ ပါတီတချို့က

" ကျနော်တို့ဟာ သွေးမြေကျမှုနည်းတဲ့လမ်းကြောင်းကို ရွေးခဲ့ရတာပါ လို့ ပြောတဲ့အခါတိုင်း၊ ခင်ဗျားတို့ အဲ့သလို ဝင်ရောက်ကပြခွင့်ရအောင်

စတေးခဲ့ရတဲ့ပြည်သူတွေကို စော်ကားမိစေမဲ့ စကားတွေ၊  လူရည်လည် သလိုလို အသုံးအနှုန်း အပြုအမူတွေကို ရှောင်စေချင်တယ်"  လို့

အကြံပေးခဲ့ဘူးပါတယ်။

 
 

သေချာတာတခုကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုမရှိတဲ့ ပါတီတွေ၊ ပလောင်းပလဲပြောလေ့ရှိတဲ့ ပါတီတွေ အနေနဲ့

ပြည်သူတွေဆီက မဲရဖို့ မမျှော်လင့်သင့်ဘူး။ ပြည်သူ ကို လျော့မတွက်စေချင်ပါ။ နေ့စဉ်ရက်ဆက် ဆင်းရဲကြပ်တည်းမှုကိုခါးစီးခံနေရတဲ့

လူထုဟာ ဘယ်သူ့ကို မဲမပေးသင့်ဘူးဆိုတာလောက်တော့  အနည်းဆုံး သဘောပေါက်နေကြတယ်။ 

မောလ်ဒိုက်ဗ် နိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို၊ လွတ်လပ်တဲ့အာရှအသံရဲ့ဒီကနေ့ညပိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

 
 

 
 

     သန္တာကျွန်းတန်းတွေဆီက နေသာနေသော ဘဝများ

 
 

ဆာလောင်ငတ်ပြတ်မှုနဲ့တုန်လှုပ်နေတဲ့မျက်နှာတွေ

ငါမြင်ကွင်းရှေ့မှာနေ့စဉ်ရက်ဆက် ခြောက်လှန့်နေခဲ့တယ်။

လွတ်မြောက်ချင်တဲ့အခါတိုင်း လွတ်မြောက်မှုကိုရှာဖွေနေတဲ့သူတွေရဲ့ အသံနဲ့ ပိုမိုနီးကပ်လာခဲ့ကြတယ်။

 
 

သောတရှင်များခင်ဗျား

 
 

အိန္ဒိယသမုဒ္ဒရာထဲမှာ သန္တာကျွန်းတန်း (၂၆) ခုနဲ့ ဖွဲ့စည်းထားတဲ့ မောလ်ဒိုက်ဗ် နိုင်ငံကို နေသာနေသောဘဝ ရဲ့ နိဗ္ဗာန်ဘုံ  အဖြစ်

တင်စားခေါ်ဆိုလေ့ရှိပါတယ်။  အာဖရိကဗုံတီးသံတွေလို ခုန်မြူးစေတဲ့သီချင်းသံစဉ်တွေနဲ့  ကြည်လဲ့နေတဲ့ ရေပြင် ကျယ်ကျယ်ထဲမှာ

 ဖြတ်ကူးနေတဲ့ ငါးတွေ၊ တငြိမ့်ငြိမ့် ထိရိုက်နေတဲ့ ပင်လယ်လှိုင်းတွေ၊ လေပြေလေညှင်းတွေက ငြိမ်းချမ်းတဲ့ကမ္ဘာထဲမှာ နေထိုင်နေသရောင်ရောင် ထင်မှတ်မှားစေပါလိမ့်မယ်။ တကယ်တော့ ဒီမြင်ကွင်းတွေအောက်မှာ မျက်ရည်တွေ၊ ဆာလောင်နေတဲ့ခန္ဓာကိုယ်တွေနဲ့

အသက်ရှူကြပ်နေတဲ့ မြေပြင်တခုရှိနေပါတယ်။

" ကျနော်တို့ နိုင်ငံလေးကိုကြည့်လိုက်စမ်းဗျာ။ စိမ်းမြနေတဲ့ပင်လယ်ဘေးမှာ ခမ်းနားထည်ဝါတဲ့ ဇိမ်ခံအဆောက်အဦတွေ၊

ရယ်မောပျော်ရွှင်နေတဲ့ နိုင်ငံခြားခရီးသွားတွေ၊ ညနေခင်း စားသောက်ဆိုင်တွေထဲက မူးယစ်ရီဝေနေတဲ့  သီချင်းသံတွေ နဲ့ လှပနေလိုက်တာ။

 ဒီလို လှပနေတဲ့ မြေတခုပေါ်မှာ ကျနော်တို့နိုင်ငံရဲ့ခေါင်းဆောင် "မောမွန်ဂေယွန်" က ကျနော်တို့ပြည်သူတွေကို အတိဒုက္ခတွေကြားမှာ

ဘာလို့ ပစ်ထားခဲ့တာလဲ။ ဆာလောင်နေတဲ့ ပါးစပ်ပေါက်တွေက ညီးငြူအော်ဟစ်နေသံတွေ ကရော သူ့ရဲ့စည်းဇိမ်ယစ်နေတဲ့ ဘဝဆီကို

အနှောက်အရှက်ဖြစ်မနေဘူးလား။ တကယ်တော့ မောလ်ဒိုက်ဗ်နိုင်ငံဆိုတာ

နိဗ္ဗာန်ဘုံ နဲ့ ငရဲ ဆိုတဲ့လောက နှစ်ခုကို တပြိုင်တည်းမြင်တွေ့နေရတဲ့ ကျွန်းတန်းတွေလေဗျာ"

 
 

မောလ်ဒိုက်ဗ် နိုင်ငံရဲ့ခေါင်းဆောင် မောမွန်ဂေယွမ် ဟာ နိုင်ငံတော်ရဲ့အာဏာ ကို ဆယ်စုနှစ် (၃) စုနီးပါး တဦးတည်းချုပ်ကိုင်လာတဲ့

အာဏာရှင်ဖြစ်ပါတယ်၊ ဆွေမျိုးမိသားစုတွေကိုသာကျိကျိတက်ကြွယ်ဝချမ်းသာအောင်လုပ်ပေးခဲ့ပြီး၊ အုပ်စိုးသူလူတန်းစားနဲ့ ပြည်သူတွေကြားမှာ လူတန်းစားကွာဟအောင် ဖန်တီးခဲ့ပါတယ်။  ပြည်သူတွေဟာ ပညာတတ်မှုနည်းပါးတယ်။ စည်းကမ်းမရှိဘူး ဆိုတဲ့အကြောင်းပြချက်ကိုပေးပြီး

 ဒီမိုကရေစီ နဲ့ မထိုက်တန်လေသယောင်ယောင်ပြောဆိုခါ၊ သမ္မတရာထူး၊ ဘဏ္ဍာရေးမှူးရာထူးနဲ့ ကာကွယ်ရေးမှူးချုပ်ရာထူးတို့ကို

သူတဦးတည်း ရယူထားခဲ့ပါတယ်။

" ၂၀၀၃ ခုနှစ်မှာ အကျဉ်းထောင်ထဲမှာ ဖြစ်ခဲ့တဲ့ ဆူပူအုံကြွမှုကို ပစ်ခပ်ဖြိုခွဲခဲ့သလို၊ နိုင်ငံရေးအကျဉ်းသားတွေဟာလည်း သတ်ဖြတ်ခံရတယ်။

သူတို့ရဲ့အလောင်းတွေ၊ ကျွန်းတွေကြားမှာပျောက်ဆုံးခဲ့ရသလို၊ တခါတလေတော့ ရေလှိုင်းတွေနဲ့မျောလာတတ်တယ်။

 လူထုဟာ အစိုးရရဲ့ ရက်စက်မှုတွေ ကို ပြန်လည်ဆန့်ကျင် ဖို့ စဉ်းစားလာခဲ့တယ်။ မောမွန်ဂေယွမ် ကို ဆန္ဒပြအာခံမှုတွေ စတင်လိုက်ကြတယ်"

 
 

မောဒိုက်ဗ်နိုင်ငံရဲ့ခေါင်းဆောင် ဂေယွမ် ဟာ နိုင်ငံတွင်းမှာ ပုံနှိပ်ထုတ်ဝေခွင့်တွေ၊  နိုင်ငံရေးလွတ်လပ်ခွင့်အားလုံးကို ပိတ်ပင်ထားခဲ့တယ် ဆိုတဲ့

အချက်တွေကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တွေအပါအဝင် အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊

ခရီးသွားသတင်းထောက်တွေအစ ထုတ်ဖေါ်ပြစ်တင်လာခဲ့ကြပါတယ်။ မောမွန်ဂေပွမ် ကလည်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်ပညာတတ်တချို့ကို လဒ်လာဘပေးစည်းရုံးပြီး၊ သူ့ရဲ့အုပ်ချုပ်မှုဟာ အစ္စလာမ်ဘာသာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့ဘယ်လိုကိုက်ညီကြောင်းဟောပြောတယ်။

 ပြည်သူတွေကို မှိုင်းတိုက်ဖို့ကြိုးစားခဲ့ပါတယ်။ အစ္စလာမ်ကမ္ဘာကို မိတ်ဖွဲ့ဖို့ကြိုးစားခဲ့ပါတယ်။

 
 

" တကယ်တော့ မောမွမ်ဂေယွမ် ဘက်က ရပ်တည်တဲ့ဘာသာရေးခေါင်းဆောင်တွေကို ကျနော်တို့က ဒေါက်တာမကောင်းဆိုးဝါးများလို့ခေါ်ခဲ့ကြတယ်။ သူတို့ပြောဆိုနေတာတွေက တမန်တော်မိုဟာမက်ရဲ့ဟောပြောချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ဘယ်ဘာသာကိုပဲကြည့်ကြည့်၊

မေတ္တာတရား နဲ့ တရားမျှတမှု ကိုပဲအခြေခံစဉ်းစားကြတာမို့လား။ အုပ်ချုပ်သူလူတန်းစားသာချမ်းသာပြီး၊ ပြည်သူတွေဆင်းရဲဒုက္ခရောက်နေတဲ့

နိုင်ငံဆိုတာ  ဘယ်ဘာသာရေးနဲ့မှ မကိုက်ညီ တဲ့ နိုင်ငံဖြစ်တယ်။ "

 
 

၂၀၀၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီပင်လယ်ငလျင်လှိုင်းတွေကြောင့် ကျွန်းတန်းပေါင်းများစွာ ပင်လယ်ရေကြီးအောက်မှာပျက်စီးခဲ့ရတယ်။

တနိုင်ငံလုံးထုတ်ကုန်ရဲ့ ၆၂ ရာခိုင်နှုန်းကျော်ဆုံးရှုံးခဲ့ပါတယ်။ ရှင်သန်ရပ်တည်ဖို့ကြပ်တည်းနေတဲ့ မောလ်ဒိုက်ဗ် ပြည်သူတွေအတွက်

တပူပေါ်နှစ်ပူဆင့်ခဲ့ရပါတယ်။ အစိုးရရဲ့တာဝန်ပျက်ကွက်မှုကို စိတ်ဆိုးဒေါသထွက်နေခဲ့ကြတဲ့ ပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်လာခဲ့ကြတယ်။

အစိုးရရုံးတွေကို ဝန်းရံတိုက်ခိုက်ကြပါတယ်။အစိုးရကလည်းအကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ သတင်းမီဒီယာတွေကိုအမှောင်ချခဲ့ပါတယ်။

" အာဏာရှင်အစိုးရတွေက ကျနော်တို့ရဲ့အင်တာနက်ဝက်ဆိုက်တွေကို ပိတ်ပင်တားဆီးလိုက်တယ်ဆိုတာ

ဂုဏ်ယူစရာတခုပေါ့ဗျာ။ ကျနော့ ဝက်ဆိုက်က အစတုန်းကတော့ မောလ်ဒိုက်ဗ်နိုင်ငံရဲ့ယဉ်ကျေးမှုအကြောင်းတွေပဲတင်ပြပေးတယ်။

ဒါပေမဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းတွေကိုတင်ပြပေးရင်းကနေ လွတ်လပ်ရေးကြိုးပမ်းသူတွေရဲ့ဘဝတွေကိုဖေါ်ပြပေးတဲ့အခါ

သူတို့တတွေဟာ ၁၉၃၀ လောက်ကတည်း က ဒီမိုကရက်တစ်နိုင်ငံတနိုင်ငံတည်ဆောက်ဖို့ စိတ်ကူးရှိခဲ့တယ်ဆိုတဲ့အချက်ကိုတွေ့ခဲ့တယ်။

 တပြိုင်တည်းမှာပဲ အစိုးရရဲ့ဖိနှိပ်မှုကြောင့် ဘဝပျက်ခဲ့ရတဲ့သူတွေအကြောင်း၊ ယဉ်ကျေးလှပခဲ့တဲ့ ကျနော်တို့နိုင်ငံဘယ်လို ပျက်စီးခဲ့တယ်

အကြောင်း ပေးပို့လာတဲ့စာတွေကိုရခဲ့ကြတယ်။ ဒီဘဝတွေကို ကျနော်တို့ဘယ်လိုပြန်ရအောင်လုပ်ကြမလဲ ဆိုတဲ့မေးခွန်းက 

ယဉ်ကျေးမှုဗဟိုဝက်ဆိုက်အတွက် အဓိကမေးခွန်းတခုဖြစ်လာခဲ့တယ်"

 
 

မောလ်ဒိုက်ဗ်ဒီမိုကရေစီရေးလှုပ်ရှားသူတွေဟာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှတဆင့်၊ အစိုးရရဲ့ပျက်ကွက်မှုတွေကိုထောက်ပြပြီး

လူထုအနေနဲ့ ဆေးရုံပေါ်မှာ သနားစရာကောင်းတဲ့ ရောဂါရလူမမာတွေလို၊ ဒုက္ခသည်တွေလို ငြိမ်သက်မနေပဲ ကိုယ့်ရဲ့အခွင့်အရေးကို

ခိုင်ခိုင်မာမာတောင်းဆိုယူကြဖို့ ဆော်သြခဲ့ပါတယ်။ နိုင်ငံပြုပြင်ပြောင်းလဲရေးကိုပါဝင်ကြဖို့၊ နိုင်ငံတကာလွတ်မြောက်ရေးလှုပ်ရှားသူတွေရဲ့

ရုန်းကန်မှုတွေကိုအတုယူကြဖို့တိုက်တွန်းရင်း ၂၀၀၄၊ ၂၀၀၅ ခုနှစ်မှာတော့ ဒီမိုကရေစီရေးဆန္ဒပြပွဲတွေကို ဦးဆောင်လိုက်ကြပါတော့တယ်။

သောတရှင်များခင်ဗျား

ဒီမိုကရေစီရေးရုန်းကြွမှုတွေဟာအကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့၊ မောမွန်ဂေယွမ် ဟာ ၂၀၀၈ ခုနှစ်မှာ ရွေးကောက်ပွဲကိုကျင်းပပေးခဲ့ရပါတယ်။ မောလ်ဒိုက်ဗ်နိုင်ငံရဲ့ ပထမဆုံးရွေးကောက်ပွဲမှာ အတိုက်အခံပါတီကအနိုင်ရခဲ့တာကြောင့် အာဏာရှင်မောမွန်ဂေယွမ် နှုတ်ထွက်ခဲ့ပါတယ်။

သောတရှင်တို့လည်း ဂတိသစ္စာတည်ကြည်သော အုပ်ချုပ်သူလူတန်းစားများနှင့် ဆုံဆည်းနိုင်ကြပါစေ။

 အောင်မိုးဝင်း

 
 

 
 

ရည်ညွှန်း

 
 

Maumoon Abdul Gayoom, Dictator of the Month November, 2004 ဆောင်းပါးပါ အချက်အလက်များနှင့် အကြမ်းမဖက်လှုပ်ရှားမှု၊ နိုင်ငံတကာဗဟို

ဆီမှာ တင်ပြဆွေးနွေးလာတဲ့ မောလ်ဒိုက်ဗ် နိုင်ငံရေးလှုပ်ရှားသူများရဲ့ စကားလုံးများ၊ အချက်အလက်များ ကို ကိုးကားတင်ပြထားပါတယ်။

No comments: