Thursday, May 17, 2012

ရဲဝန်ထမ်း၏ ပေါ့လျော့မှုကြောင့်  မူးယစ်ပြတိုက် ရဲကင်းမီးလောင်ကျွမ်းမှုဖြစ်

ထွန်းနေအောင်၊ စောဇင်ညီ (မြစ်မခ)
by Myit Makha Mediagroup on 17 May, 2012


 
ရန်ကုန်တိုင်းဒေသကြီး ပာံသာဝတီအ၀ိုင်းအနီးတွင်တည်ရှိသော မူးယစ်ဆေးဝါးပြတိုက်တွင် လုံခြုံရေးတာဝန် ယူထားသော   ရဲဝန်ထမ်းတစ်ဦး၏ ပေါ့လျော့မှုကြောင့် မေ(၁၆)ရက်၊ ညနေ(၅)နာရီ(၃၀)မိနစ်ဝန်းကျင်တွင် မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ မီးလောင်မှုကြောင့် မူးယစ်ဆေးဝါးပြတိုက်ဝန်းအတွင်းရှိ လုံခြုံရေးရဲကင်းမှာ(၁၃)မိနစ်ကြာ မီးလောင် ကျွမ်းခဲ့၍ ပြိုကျပျက်စီးခဲ့သည်။
 
ဖြစ်စဉ်မှာ ရဲဝန်ထမ်းမှ လျှပ်စစ်မီးဖိုဖြင့် ထမင်းအိုးတည်၍ အပြင်ထွက်သွားရာ လျှပ်စစ်မီးဖိုမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းကြောင်း အဆိုပါဘေးပတ်ဝန်းကျင်မှ ရဲဝန်ထမ်းများ၏ ပြောဆိုချက်အရသိရသည်။
 
“သူက ထမင်းအိုးတည်ပြီးအပြင်ထွက်သွားတာ၊ နာရီဝက်လောက်ကြာတယ် တဲထဲမှာဘယ်သူမှမရှိဘဲမီးက ထလောင်တာ” ဟု မူးယစ်ဆေးဝါးပြတိုက် လုံခြုံရေးတာဝန်ယူထားသော ရဲဝန်ထမ်းတစ်ဦးကပြောသည်။
 
အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးတန်ဖိုးမှာ ကျပ်တစ်သောင်းခန့်ရှိပြီး မီးသတ်ယာဉ်(၈)စီး၊ အုပ်ချုပ်မှု ယာဉ်(၂)စီးဖြင့် စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့က လာရောက်ငြှိမ်းသတ်ခဲ့သည်။
 
မီးလောင်ကျွမ်းမှုကိုဖြစ်စေသော ရဲတပ်သားအား ပုဒ်မ(၂၈၅) ပ/၂၀၅/၂၀၁၂ ဖြင့် ရဲစည်းကမ်းနည်းဥပဒေများ ဖြင့် ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
“ကျွန်တော်တို့အနေနဲ့ မီးပေါ့ဆထက်မှုပိုကြီးတဲ့ ရဲစည်းမျဉ်း ရဲစည်းကမ်းနဲ့ အရေးယူသွားမှာပါ၊ ထောင်ဒဏ်(သို့)
ငွေဒဏ် ကျခံစေနိုင်ပါတယ်” ဟု အခင်းဖြစ်ပွားရာနေရာမှ ရဲအရာရှိတစ်ဦးကပြောသည်။
 
ရဲဝန်ထမ်းမှမီးပေါ့ဆခြင်းကြောင့် ရဲစည်းမျဉ်းစည်းကမ်းများအရ အရေးယူသွားမည်ဖြစ်ပြီး၊ ရဲစည်းမျည်း စည်း ကမ်း(၉၂)ချက် ရှိကြောင်းကိုလည်း သိရသည်။
 
ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်တစ်သောင်းသတ်မှတ်ကြောင်း ကမာရွတ် မီးသတ်ဦးစီးဋ္ဌာန၊ အရန်မီးသတ်တပ်ဖွဲ့ ဒုတိုင်းမှူး-ဦးဝင်းကြည်ကဆိုသည်။

No comments: