Thursday, May 17, 2012

နဂါးနီပြည်သူ့ပါတီထူထောင်မဲ့ ဇောတိက ဦးခင်လှိုင်နှင့်တွေ့ဆုံခြင်း

လက်ရှိ NLDရဲ့ လမ်းစဉ်က ကျွန်တော်နဲ့ သဘောထားကွဲလွဲနေတယ်လို့ဆိုထားတဲ့
ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 12 May, 2012

နဂါးနီပြည်သူ့ပါတီထူထောင်မဲ့ ဇောတိက ဦးခင်လှိုင်နှင့်တွေ့ဆုံခြင်း။
 
ကြားဖြတ်ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအနေဖြင့် မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဇောတိက ဦးခင်လှိုင်သည် ရွေးကောက်ပွဲတိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိပြီး ပါတီတိုင်းကို လေ့လာခဲ့သော်လည်း သဘောထားချင်းတိုက်ဆိုင်သော ပါတီမတွေ့ရှိခြင်းကြောင့် ၂၀၁၃ခုနှစ် နှစ်ဝက်တွင် ပါတီထောင်ရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
 
နဂါးနီပြည်သူ့ပါတီထူထောင်ရန် မကြိုးစားမီက နဂါးနီပြည်သူ့ကွန်ယက်အနေဖြင့် ဆင်းရဲချို့တဲ့သော ပြည်သူအချို့အား စက်ချုပ်သင်တန်းပေးနေသော ဇောတိက ဦးခင်လှိုင်နှင့် ဆက်သွယ်မေးမြန်းချက်များကို တင်ပြအပ်ပါသည်။
 
မေး။              ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် အဲ့ဒီ ရလဒ်အဖြေ အပေါ် မှာရော အန်ကယ့်ရဲ့ သဘောထားအမြင်ကို ပြောပြပေးပါ။
 
ဖြေ။              ။ ပြည်သူကို နိုင်ငံရေးနဲ့ပတ်သက်ရင် ဘယ်လိုလုပ်ငန်းမျိုးတွေ ပြည်သူတွေ သိရမလဲ၊ ဘယ်လို လုပ်ငန်းမျိုးဆိုရင်   ပြည်သူတွေနဲ့ ပူးပေါင်းရမယ်၊ ပြည်သူတွေ ဟာ နိုင်ငံရေးကို ဘယ်လို ပူးပေါင်း ဆောင်ရွက်ရမယ်၊ ပြည်သူတွေရဲ့ ရပိုင်ခွင့်ဟာ ဘာတွေလဲဆိုတာ သိဖို့အတွက်ကို ရွေးကောက်ပွဲမှာ ၀င်ပြိုင်မှာ သာလျှင်ပဲ သိခွင့်ရှိတာပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ကျွန်တော်ဝင်ရတာ အရမ်းပဲ အကျိုးရှိပါတယ်။ ဒီကြားထဲ ၂၀၁၂ ၊ ၂၀၁၃ ၊ ၂၀၁၄ ၊ ၂၀၁၅ ရွေးကောက်ပွဲတွေ ပေါ်လာရင်လဲ ကျွန်တော် ၀င်ပြိုင်အုံးမှာပါ။
 
မေး။              ။အန်ကယ်အနေနဲ့ ပါတီသစ်ထောင်မယ်လို့ ကြားရပါတယ် အဲ့ဒါမှန်ပါသလား။
ဖြေ။              ။ ဟုတ်ပါတယ်။ ဒါပေမဲ့ စောပါသေးတယ်။
 
မေး။              ။အန်ကယ်ပါတီထောင်မယ်လို့ စိတ်ကူးဖြစ်ခဲ့ပုံကို ပြောပြပေးပါ။
ဖြေ။              ။ နိုင်ငံရေးပါတီတစ်ခုမဖြစ်ခင် ပါတီတစ်ခုကိုဝင်မိရင် ကျွန်တော်ဘယ်တော့မှ တစ်သက်လုံး ပြန်ထွက်မှာ မဟုတ်တော့ဘူး ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ကျွန်တော့်မှာ အဲ့လိုရည်ရွယ်ချက်မျိုး ရှိပါတယ်။ အဲ့တော့ ကျွန်တော်တခြားပါတီတွေကို မ၀င်ဘဲနဲ့ ပါတီထောင်ဖို့ ကျွန်တော်ကြိုးစားပါတယ်။
 
မေး။              ။ ပါတီရဲ့အမည်ကိုရော ဘယ်လိုပေးဖို့ အစီအစဉ်ရှိပါသလဲ။
 
ဖြေ။              ။ နဂါးနီပြည်သူ့ပါတီပါ။ ဒါပေမဲ့ ပါတီမဖွဲ့ခင် ကျွန်တော်က နဂါးနီပြည်သူ့ကွန်ယက်ကို အရင်ဖွဲ့ထားပါတယ်၊   ရွေးကောက်ပွဲပြီးကတည်းကပေါ့ နောက်တော့မှ နဂါးနီပြည်သူ့ပါတီဆိုပြီး ၂၀၁၃ နှစ်ဝက်လောက်မှ ဖွဲ့မှာပါ။
 
မေး။              ။ အန်ကယ်ပါတီတွေကို လေ့လာခဲ့တယ်လို့ ပြောခဲ့တယ်နော် အဲ့ပါတီတွေကို လေ့လာချက်အရ အန်ကယ်ရဲ့ သဘောထားနဲ့ ကိုက်ညီတာမျိုးရှိပါသလား။
 
ဖြေ။              ။ ကျွန်တော့်ရဲ့ဆန္ဒသဘောထားအရ ဆန္ဒကွဲလွဲမှုတွေ ရှိပါတယ်။ ကျွန်တော်သွားချင်တဲ့ နိုင်ငံရေးက ကျွန်တော်တို့နိုင်ငံနဲ့ အကျိုးစီးပွားတစ်ရပ်လုံးကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ဆန္ဒဟာ ကျွန်တော်တို့ ရဲ့ အဓိက ဆန္ဒဖြစ်ပါတယ်။ နိုင်ငံရေးနည်းလမ်းအရ ဥပဒေပြုတာတို့ ဥပဒေစိုးမိုးရေးတို့ ၊ ငြိမ်းချမ်းရေးတို့ လွှတ်တော်ဥပဒေ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ အဲ့ကိစ္စတွေက နိုင်ငံရေးနည်းတို့ ဖြစ်နေပါတယ်။ ကျွန်တော်အဲ့ဒါတွေ မလုပ်ပါဘူး။ လက်ရှိအနေအထားပေါ့နော် အဲ့ဒါတွေက စောသေးတယ်။
 
မေး။              ။ အန်ကယ်ပြောခဲ့တဲ့အထဲမှာ ဥပဒေစိုးမိုးရေး ၊ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာတွေက အန်ကယ်လ်ဒီပါတီရဲ့ မူဝါဒတွေဖြစ်နေတယ်လို့မြင်ပါတယ် အဲ့တော့ အန်ကယ် အနေနဲ့ ဆိုလိုချင်တာက အန်အယ်လ်ဒီပါတီနဲ့ သဘောထားကွဲလွဲနေတယ်လို့ ဆိုချင်တာလား။
 
ဖြေ။              ။ ဟုတ်ပါတယ်။ အန်အယ်လ်ဒီရဲ့ လက်ရှိ လမ်းစဉ်က ကျွန်တော်နဲ့ သဘောထား ကွဲလွဲပါတယ်။ ကျွန်တော်သွားချင်တာက တိုင်းပြည်အတွက် စီးပွားရေးတည်ဆောက်တာ ဖြစ်ပါတယ်။ နိုင်ငံရေးတည်ဆောက်တာ မဟုတ်ပါဘူး။ ကျွန်တော်က စီးပွားရေး တည်ဆောက်ချင်တဲ့လူ ဖြစ်ပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်က စီးပွားရေးပြေလည်ရင်   နိုင်ငံရေးပြေလည်ပါတယ်။ အဲ့ဒါကြောင့် အန်အယ်လ်ဒီရဲ့ မူဝါဒနဲ့ ကျွန်တော့်မူဝါဒမတူပါဘူး။
 
မေး။              ။ အန်ကယ့်ရဲ့မူဝါဒကဘယ်လိုပုံစံမျိုးလဲဆိုတာ ပြောပြပေးပါ။
ဖြေ။              ။ ကျွန်တော့်ရဲ့မူဝါဒဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ ဆင်းရဲခြင်းက လွတ်မြောက် အောင် ကျွန်တော်တို့ မြန်မာနိုင်ငံသူ ၊ နိုင်ငံသားတွေ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်ချက်ကိုပဲ အဓိကထားပြီး လုပ်ပါတယ်။
 
မေး။              ။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်သွားပြီဆိုတော့ သူ့အနေနဲ့ လွှတ်တော်ထဲမှာ ဘယ်လောက်အတိုင်းအတာအထိ ပြည်သူတွေအတွက် လုပ်ဆောင်ပေးနိုင်မယ်လို့ အန်ကယ့်အနေနဲ့ မြင်ပါသလဲ။
 
ဖြေ။              ။ အရမ်းကောင်းတဲ့မေးခွန်းပါ။ ကျွန်တော်နှစ်ခုခွဲပြီးပြောပြပါ့မယ် တစ်ခုက ပါတီအပိုင်း နောက်တစ်ခုက   နိုင်ငံရေးနဲ့ပေါ့။ ပါတီထောင်တယ်ဆိုတာက နိုင်ငံရဲ့ အချုပ်အချာအဏာကို ပိုင်ဆိုင်ချင်လို့ ပါတီကို ထူထောင်တာပါ။
ဒီနေ့လွှတ်တော်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်တယ်ဆိုတာ လွှတ်တော်အတွင်း နိုင်ငံရေးကို လုပ်ချင်လို့လို့ သူပြောပါတယ်။ ပြီးတော့ ပြည်သူ့အတွက်ဆိုရင် အသုံးချတာ ခံလိုက်ပါမယ်လို့ ပြောတယ်၊ ဒီစကားက အရမ်းအရေးကြီးတဲ့ စကားပါ။
ပါတီအနေနဲ့ကြည့်မယ်ဆိုရင် အန်အယ်လ်ဒီက ရွေးကောက်ပွဲမ၀င်သင့်ဘူး။သူ့ရဲ့လုပ်ပိုင်ခွင့်က နည်းသေးတယ်။ ဒါဟာ ပါတီအကျိုးအတွက် နိုင်ငံအကျိုးကို လုပ်မယ်ဆိုတာ ထင်ရှားပါတယ်။ ဒီလိုလွှတ်တော်ထဲဝင်သွားခြင်းအားဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ လျော့ပေးတာတွေ မြင်ရပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် အားလုံးအတွက် အရမ်း အားကောင်းပါတယ်။
ဒါပေမဲ့ လွှတ်တော်ထဲဝင်ကာနီးကျမှ စိတ်တစ်ချက်ပြောင်းသွားတယ်၊ ဘာမဟုတ်တဲ့ စကားရပ်တစ်ခုအပေါ်မှာ ၀င်/မ၀င်အပေါ်မှာ ကျွန်တော့်အမြင် သူ့ပါတီအသုံးချတာ ခံတော့မလားဆိုပြီး ချင့်ချိန်ပြီး တုန့်နှေးသွားတဲ့သဘောမျိုးပါ ။ လွှတ်တော်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု အပြန်အလှန် တည်ဆောက်စေချင်တယ်။ နိုင်ငံအတွက် ဒီသုံးနှစ်အတွင်းမှာ လုပ်ဆောင်ကြပါလို့ ကျွန်တော် တောင်းဆိုချင်တယ်။
 
မေး။              ။အန်ကယ်အနေနဲ့ ပါတီမဖွဲ့ခင် နဂါးနီပြည်သူ့ကွန်ယက်ကို ဖွဲ့စည်းထားတယ်ဆိုတော့ အဲ့အဖွဲ့အစည်းအနေနဲ့ အခုဘာတွေ လုပ်ဆောင်နေပြီလဲဆိုတာ ပြောပြပေးပါ။
 
ဖြေ။              ။ ပထမတစ်ခါက ကျွန်တော်တိုက စက်ချုပ်သင်တန်းပေးပြီးပါပြီ အခုတစ်ခါတော့ ကျွန်တော်တို့ နဂါးနီပြည်သူ့ကွန်ယက်က သက်ကြီးနိုင်ငံရေးသမား တိုင်းကျိုးပြည်ကျိုး တကယ်လုပ်ခဲ့ကြတဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေ အသက် ၇၀ အထက် နိုင်ငံရေးသမားကြီးတွေကို လစဉ်ကြေးထောက်ပံ့ဖို့ပါပဲ ။ အနိမ့်ဆုံး ငါးသောင်းကျပ်ကနေ အမြင့်ဆုံး တစ်သိန်းကျပ်အထိ ကျွန်တော်တို့ ထောက်ပံ့ပေးဖို့ရှိပါတယ်။
 
မေး။              ။ ထောက်ပံ့မယ့် အသုံးစရိတ်ကိုရော အန်ကယ်အနေနဲ့ ဘယ်လိုရှာပါသလဲ။
 
ဖြေ။              ။ ကျွန်တော်က ဇောတိကသင်္ကန်းတိုက် ပိုင်ရှင်ဖြစ်ပါတယ်။ ဇောတိကကုမ္ပဏီပိုင်ရှင် ဖြစ်ပါတယ်။ ကျွန်တော်ကုမ္ပဏီရဲ့ အကျိုးစီးပွားကနေ ကျွန်တော်နိုင်ငံရေးကို အလှူအဖြစ် ကျွန်တော် ထည့်ဝင်ထားတာ ဖြစ်ပါတယ်။ မည်သည့်အဖွဲ့အစည်းမှ ကျွန်တော်ကောက်ခံမှာ မဟုတ်ပါဘူး။
 
မေး။              ။ ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။              ။ အန်ကယ်အနေနဲ့ ဒီကြားကာလအတွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ခုဏကပြောတဲ့ သင်တန်းတွေလုပ်မယ်။ သက်ကြီးနိုင်ငံရေးသမားကြီးတွေကို ထောက်ပံ့တဲ့အခါကျရင် အွန်လိုင်းက ကြည့်ရှု့ နေသူတွေကလည်း နဂါးနီနက်ဝက်   ဒေါ့ကွန်းထဲကို   ၀င်ပြီးတော့ ကျွန်တော်ကို ကောမန့်အနေနဲ့ ထည့်ပေးပါ။ ပြည်သူတွေရဲ့ အကြံဥာဏ်တွေကိုလဲ မြစ်မခ အွန်လိုင်းကနေ ဒါမှမဟုတ် နဂါးနီနက်ဝက်ဒေါ့ကွန်းကနေ အကြံ ပြုနိုင်ပါတယ်လို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ရှိပါသည်။

No comments: