Tuesday, May 22, 2012

ပြည်သူ့ သဘောထား (သို့ ) ဖယောင်တိုင်မီးများ ထွန်းညှိ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်






 
အမေအိုတွေပါမကျန်
လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းစက်တွေရဲ့ အပူကိုတောင် မမှုတော့တဲ့ မုံရွာသားတဦးရဲ့ ရဲရဲတောက် မီးလျှံကြားက ဖယောင်းစက်များ..

”ဖယောင်းတိုင်အပူမီးတွေနဲ့ မုံရွာမြို့ကြီးမီးလင်းအံ့”တဲ့ မေ(၂၁)ရက် မုံရွာည..

 
ရွှေ မရှိလျင် နေလိုရသည်..ရေ မရှိလျင် နေလိုမရပါ..ကျောင်းသူလေးတွေ..က.ဒီလိုတောင်းဆိုလိုက်ပါတယ်
 
မန္တလေးသားတွေအတွက် အမြဲ ဂုဏ်ယူနေပါတယ် ---








 




(ဓာတ်ပုံများ - ဧရာဝတီ)

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲများ မေလ ၂၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က ပြုလုပ်ရာတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖယောင်းတိုင်ထွန်း လှည့်လည်လမ်းလျှောက် ခြင်းမပြုလုပ်ရန် တားမြစ်ကြောင်း သတင်းရရှိသည်။

မန္တလေး၊ မုံရွာအပါအ၀င် နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲများ ကျင်းပပြုလျက်ရှိရာ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် မေလ ၂၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြပွဲ လူပေါင်း ၃၀ ခန့် စတင်ဆန္ဒပြကြောင်း၊ ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲကို ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်၊
အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့မှ ဒေါ်နော်အုန်းလှ အပါအ၀င် လူ ၃၀ ကျော်က စတင်လာကြကြောင်း၊ ဆန္ဒပြပွဲစတင်ပြီး ငါးမိနစ်အကြာတွင် လုံခြုံရေးရဲများရောက်ရှိလာပြီး ဖယောင်းတိုင်မီးများမှုတ်ကြရန်နှင့် လမ်းလျှောက်ဆန္ဒပြခြင်းမလုပ်ရန် တားမြစ်ခဲ့ကြသည်။



ရန်ကုန်မြို့၊ မြို့တော်ခန်းမဘေး လက်ရွေးစင်လက်ဖက်ရည်ဆိုင်အနီးမှ စတင်ထွက်ခွာလာသော ဆန္ဒပြသူများကို လမ်း ၃၀ အလယ်ဘလောက်လမ်းထိပ်တွင်
လုံခြုံရေးရဲများက တားဆီးခဲ့ကြပြီး ဆန္ဒပြကြသူများကလည်း ရဲများနှင့် ထိပ်တိုက်ရင်ဆိုင်မှု မပြုလုပ်ဘဲ တားဆီးမှုကို လက်ခံခဲ့ကြသည်။

“ကျမတို့ကို ရဲမှူးက ပြောတာက ဖယောင်းတိုင်မှုတ်ပါ။ ဖယောင်းတိုင်ထွန်းပြီး လမ်းလျှောက်ဆန္ဒပြတာမျိုး လုံးဝ ခွင့်မပြုဘူး။ အဲဒီတော့ ကျမတို့ကလည်း ဆူးလေဘုရားပေါ်မှာ မီးပူဇော်မယ် ဆိုပြီး ဘုရားပေါ်ပဲတက် ကြတယ်။ သူတို့က ဖယောင်းတိုင်ထွန်းပြီး လုံးဝ ရှေ့ဆက်သွားခွင့်မပြုဘူး” ဟု ဒေါ်နော်အုန်းလှက ဧရာဝတီသို့ ပြောသည်။





 

 
 
လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှု၊ ရန်ကုန်၊ ဆူးလေ


 


ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်သည့် ကျောင်းသားခေါင်းဆောင်ကိုဟန်ဝင်းအောင်က မိမိတို့အနေနှင့် ဆန္ဒပြပွဲပြုလုပ်ရာတွင် အပြုသဘောဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေရန် အဓိက ထားလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့က အခု ရန်ကုန်အပါအ၀င် ကျနော်တို့ပြည်သူတွေ မီးမရဘူး။ မီးမရတဲ့အတွက် ကျနော်တို့ အပြုသဘောနဲ့ ဆန္ဒပြတာ။ ငြိမ်းငြိမ်းချမ်းချမ်းလုပ်တာ။ ထိပ်တိုက်ရင်ဆိုတာမျိုးတွေ ကျနော်တို့ မလုပ်ဖူး” ဟု ကိုဟန်ဝင်းအောင်က ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက လမ်းလျှောက်ဆန္ဒပြရန် ခွင့်မပြုမှုကြောင့် ဆန္ဒပြကြသူများသည် ည ၇ နာရီ ၃၀ မိနစ်တွင် ဆူးလေဘုရားပေါ်တွင် ပြည်သူများ လျှပ်စစ်မီးပုံမှန်ရရှိရေး မီးပူဇော်ဝတ်ပြုဆုတောင်းခဲ့ကြသည်။

ဆန္ဒပြပွဲသို့ လူ ၃၀ ဖြင့် စတင်ခဲ့သော်လည်း ရန်ကုန်မြို့ခံပြည်သူရာပေါင်းများစွာ စုပြုံရောက်ရှိအားပေး ကြပြီး နောက်ပိုင်း သာမန်အရပ်သားပြည်သူများကိုယ်တိုင် ဆူလေးဘုရားရှေ့
ကားလမ်းမကြီးပေါ်တွင် ဖယောင်းမီးများထိန်းညှိုပြီး ဆန္ဒပြပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။


“အိမ်မှာ မီးမလာလို့ ရေမတင်ရဘူး။ လာပြန်တော့လည်း ဗို့အားက မပြည့်။ အခု ဖင်ဆေးစရာ ရေတောင် မရှိဘူး။ ကျနော်တို့က ခြောက်ထပ်တိုက် ခြောက်လွှာမှာနေတာ” ဟု ပြည်သူတစ်ဦးက ဆိုသည်။

ရဲများက ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲတွင် ပါဝင်လာသော ပြည်သူများကိုလည်း လမ်းလျှောက် ဆန္ဒပြခွင့်မပြုဘဲ ဆူးလေဘုရားအနီးတွင် ဆန္ဒပြခွင့်ပြုခဲ့သည်။



ဆန္ဒပြပွဲများသည် ည ၈ နာရီ ၃၀ မိနစ်တွင် ငြိမ်းချမ်းစွာဖြင့် လူစုခွဲ အဆုံးသတ်သွားခဲ့သည်။

 


၂၁၊ ၅၊ ၂၀၁၂ရက်နေ့၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ (လျှပ်စစ်ရုံး) ရှေ့၊ လျှပ်စစ်မီး ၂၄ နာရီ မီး မလာတဲ့အတွက် မုံရွာမြို့ခံများက ဖယောင်းတိုင်မီးများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်မှု ဖြစ်ပွား





အားလုံး လင်းစေသတည်း


ဟိုရှေ့က ဆူဆူညံ ဘာသံလဲမေး...။
မေးပါနဲ့အေ
တိုင်ပြည်မှာ လျှပ်စစ်မရလို့
၂၄ နာရီမောင်းနေရတယ်
မီးစက်သံလေး...။

ဟိုရှေ့က အူကြောင်ကြောင် ဘာကောင်လဲမေး...။
မေးပါနဲ့အေ
တိုင်ပြည်မှာ လျှပ်စစ်ပိုလို့
ပြည်ပကို ရောင်းမယ်ကြံတဲ့
ဇော်မင်းကွဲ့လေး...။
Just for fun


မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး စာရေးဆရာ ညီပုလေး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်သန်းမြင့်နှင့်အဖွဲ့၊ ကဗျာဆရာ ဥက္ကာကျော် အစရှိသူတို့ အပါအ၀င် ဆန္ဒထုတ်ဖော်သူ အများစုအား အထူးသတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေး မေးမြန်းမှုကို ယနေ့ နံနက်ပိုင်းစတင်ပြီး လုပ်ဆောင်ခဲ့ကြောင်း မန္တလေး ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။ ခေါ်ယူစစ်ဆေးမေးမြန်း ခံရသူများ၏ အခြေအနေနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေကို မသိရှိရသေးပဲ ခေတ္တဟုပြောဆိုပြီး ခေါ်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၌ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြထုတ်ဖော်မှုများကို မေလ ၂၀ရက်နေ့က စတင်လုပ်ဆောင်ခဲ့ပြီး မေလ ၂၁ ရက်နေ့ ဒုတိယနေ့ ဆန္ဒထုတ်ဖော်မှုတွင် လူအမြောက်အမြား ပါဝင်လာခဲ့သည်။ ယနေ့တွင် တတိယနေ့အဖြစ် ဆက်လက်ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားပြီး ခေါ်ယူစစ်ဆေးမှုများ ရှိနေသည့်တိုင် ဆန္ဒထုတ်ဖော်မှုကို မူလအစီအစဉ်အတိုင်း လုပ်ဆောင်သွားမည်ဟု မန္တလေးဒေသခံများက ပြောကြားခဲ့ပါသည်။

11:55 AM 22 May 2012

မန္တလေးမြို့၌ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြထုတ်ဖော်မှုနှင့် ပတ်သက်ပြီး ခေါ်ယူမေးမြန်းခံရသူ အရေအတွက်မှာ လူဦးရေ ၅၀ ထက်မနည်းရှိပြီ ဖြစ်ကြောင်း သိရသည်။ ထပ်မံသိရှိရသော သတင်းများအရ ခေါ်ယူ မေးမြန်းခံရသူအချို့မှာ ဆန္ဒပြထုတ်ဖော်မှုတွင် တိုက်ရိုက်ပါဝင် ပတ်သက်သူများ မဟုတ်ကြောင်း သိရပါသည်။ ခေါ်ယူမေးမြန်းမှုများကို
နံနက် ၅ နာရီ၊ နံနက် ၇ နာရီ၊ နံနက် ၁၁ နာရီအချိန်များတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးဒေသခံများက ပြောဆိုခဲ့ပါသည်။ လတ်တလောသိရှိရသော သတင်းများအရ တရားဝင်အနေဖြင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ ခေါ်ယူမေးမြန်းခြင်းသာ ဖြစ်ကြောင်းသိရပါသည်။ စာရေးဆရာ ညီပုလေးကိုမူ နံနက် ၇နာရီအချိန်က မေးမြန်းရန် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မိမိကိုယ်ပိုင်ယာဉ်ဖြင့် လိုက်ပါနိုင်ကြောင်း ပြောဆိုသဖြင့် ၄င်း၏ ကိုယ်ပိုင်ယာဉ်ဖြင့်သာ လိုက်ပါသွားခြင်းဖြစ်ကြောင်း သိရပါသည်။

Source : EMG

Shared by thettantcho







 

 ကိုယ့်စကားကိုယ် တာဝန်မယူနိုင်တဲ့ လျှပ်စစ်ဝန်ကြီးဆိုသူ ရာထူးက ထွက်စေချင်
အလယ်ကလူ တရားမဲ့၏..

လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းခင်ဗျား လက်ရှိ ဖြစ်ပေါ်နေသော လျှပ်စစ်မီးရရှိရေး ပြည်သူ့ဆန္ဒများနှင့် ပတ်သက်၍ တာဝန်ယူ ဖြေရှင်းပေးပါရန်.. ပြည်သူများကိုယ်စား တောင်းဆိုပါသည်...။ တာဝန်ယူ ဖြေရှင်းခြင်း မပြုပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများသည်.. လျှပ်စစ်ဝန်ကြီးဦးဇော်မင်း၏ တာဝန်သာ ဖြစ်ပါကြောင်း..

ဓာတ်ပုံ.. တရားမဲ့စွာ စကားမဆင်မခြင် ပြောဆိုခဲ့တဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနှင့် တရုတ်ရေအား လျှပ်စစ်ကုမ္ပဏီတို့၏ ရေအားလျှပ်စစ် စီမံကိန်းများ စာချုပ်ချုပ်ဆိုပွဲ..




လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်ပြီးနောက် မီးပျက်ရခြင်းနှင့်ပတ်သက်၍ အစိုးရက ပြည်သူလူထုထံ မေတ္တာရပ်ခံ ပန်ကြားကြောင်း ယနေ့ထုတ် သတင်းစာများတွင် ယနေ့ ထုတ်ပြန်လိုက်သည်။

ဖရောင်းတိုင်မီးဖြင့် ညဘက် ဈေးရောင်းနေရသည့် ရန်ကုန်လမ်းဘေးဈေးသည် (ဓာတ်ပုံ - Reuters)
နွေရာသီကာလ ဖြစ်၍ ဆည်ရေများနည်း ပါးနေသည့် အတွက် ဓာတ်အား ထုတ်လုပ်မှု ပမာဏလျော့ကျနေခြင်းကြောင့် ပြည်သူ လူထုထုထံ အုပ်စုခွဲ၍ အလှည့်ကျ လျှပ်စစ်မီး ခွဲဝေပေးနေရကြောင်း၊ ထို့အတူ ရွှေလီ-မန်စီ ကေဗီ ဓာတ်အားလိုင်း၏ တာဝါတိုင် ၄ ခု အား  မိုင်းခွဲခံလိုက်ရသဖြင့် ဓာတ်အား ထုတ်လုပ်မှု ပမာဏ လျော့ကျသွားကြောင်း အစိုးရ သတင်းစာများက ရေးသားထားသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နည်းပါးသွား၍ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ တချို့နှင့် ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံ အလုပ်ရုံများ ကို လျှပ်စစ်ဓာတ်အား လုံးဝဖြတ်တောက်ထားမည် ဖြစ်ကြောင်း၊ လူနေ ရပ်ကွက်များကိုမူ တနေ့ ၆ နာရီ အလှည့်ကျ ပေးသွား မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေး အဖွဲ့က အတည်ပြု ပြောဆိုလိုက်ကြောင်း သိရသည်။
“စက်ရုံ၊ အလုပ်ရုံတွေက ကိုယ်ပိုင်မီးစက်တွေရှိလို့ ဒီလ ၁၉ ရက်နေ့ကစပြီး လုံးဝ ဖြတ်တောက်လိုက်တာပါ။ လူနေအိမ်တွေ ကိုတော့ မြို့နယ်တခုကို ၃ ပိုင်းခွဲပြီး တနေ့ ၆ နာရီမီးပေးနေပါတယ်” ဟု ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးဝေရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို ပြောသည်။
ထိုသို့ ပေးဝေမှုသည် သီတင်းပတ် ၂ ပတ်၊ ၃ ပတ် ခန့်သာကြာမြင့်မည် ဖြစ်ကြောင်း၊ မကြာမီ မိုးရာသီ ၀င်ရောက်တော့ မည်ဖြစ်၍ ရေအားလျှပ်စစ် ပြန်လည် ရရှိနိုင်မည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆိုသည်။
စက်ရုံ၊ အလုပ်ရုံများ၌ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုမှာ ယခင်ကလည်း ရှိခဲ့ကြောင်း၊ သို့သော် ယခုကဲ့သို့ လုံးဝ မီးဖြတ်မည်ဆိုပါက ရေရှည်တွင် လုပ်ငန်းလည်ပတ်မှု လျော့ကျ၍ ကုန်ထုတ်လုပ်မှု ကျဆင်း လာမည်ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန်များ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဧရာဝတီကို ပြောသည်။
“အစိုးရမီးက တယူနစ်ကို ကျပ် ၅၀ ပေးရတယ်၊ မီးစက် နဲ့ဆိုရင် တယူနစ်ကို ၃၀၀ ကျပ်ကုန်တယ်၊ ဒီတော့ ထုတ်လုပ်မှု လုပ်ငန်းတွေ လျော့ချရတော့မယ်။ အလုပ်သမားတွေကို လခ ပေးပြီး ဒီအတိုင်း ထိုင်ခိုင်းထားရတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ထုတ်လုပ်ရောင်းချနေသည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း လိုအပ်ချက်များ၌ အဓိကထား သုံးစွဲပြီး ပိုလျှံသည့် ဓာတ်ငွေ့ကိုသာ နိုင်ငံခြားသို့ ရောင်းချသင့်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ သည် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ် ပါက ကုန်ထုတ်လုပ်မှု စရိတ်များစွာ သက်သာကြောင်း ဦးမြတ်သင်းအောင်က ပြောသည်။
ရန်ကုန်မြို့၏ လူနေရပ်ကွက်များ၌ သင်္ကြန်ပြီးချိန်မှ စ၍ လျှပ်စစ်မီး ပြတ်တောက်မှု မကြာခဏ ဖြစ်ပေါ်ခဲ့ပြီး ယခု တနေ့ ၆ နာရီသာပေးသည့် လျှပ်စစ်မီးသည်လည်း ပုံမှန်မရသည့်အပြင် ဗို့အား မပြည့်ဝ၍ သုံးမရဟု ရန်ကုန် မြို့ခံ တချို့က ဆိုသည်။
“အလှည့်ကျပေးတော့ မီးလာတာနဲ့ ၀ိုင်းပြီး ရေတွေတင်ကြ၊ မီးတွေ ဆွဲကြတယ်၊ လာတဲ့ မီးအားက လုံးဝ မပြည့်တော့ မီးအား မြှင့်စက် မရှိရင် သုံးမရဘူး။ လာတဲ့မီးကလည်းပဲ ၁၀ မိနစ်နေ တကြိမ် ပျက်နေတယ်” ဟု ကမာရွတ် မြို့နယ်တွင် နေထိုင်သူ
တဦးက ပြောသည်။

လျှပ်စစ်ဓာတ်အား ၂၄ နာရီရရှိရေး အတွက် မန္တလေးမြို့ခံ ထောင်ချီကာ ဖယောင်းတိုင်မီးများ ကိုယ်စီကိုင်ဆောင်၍ လမ်း လျောက်ဆန္ဒပြမှု တခုကို မေလ ၂၀၊ ၂၁ ရက်နေ့တို့ တွင် လုပ်ဆောင်ခဲ့ကြသည်။ မုံရွာ မြို့၌လည်း လူဦးရေ ရာချီ၍ ၂၄ နာရီ
မီးရရှိရေးအတွက် ယမန်နေ့ ညနေ က ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့၌ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး လှုပ်ရှားမှုကို ယနေ့ညနေတွင် စတင် လုပ်ဆောင်မည်ဟု မြို့ခံများက ပြောပြီး ဧရာဝတီတိုင်း ပုသိမ်မြို့၊ ရခိုင်ပြည်နယ် ကျောက်ဖြူ စသည့်ဒေသများ၌ လည်း ၂၄ နာရီ မီးရရှိရေး အတွက် တောင်းဆို သွားကြမည်ဟု ဒေသခံများထံမှ သိရသည်။
ထို ဆန္ဒပြမှုများ ပတ်သက်၍ အမှတ် ၂ လျှပ်စစ်ဌာန ဒု ၀န်ကြီး ဦးအောင်သန်းဦးက မန္တလေးမြို့၌ ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ကာ တောင်ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် ဓာတ်ငွေ့သုံး စက်ရုံကို ရန်ကုန်တွင် တည်ဆောက် နေပြီ ဖြစ်ကြောင်း၊ အလားတူ ကျောက်မီးသွေးသုံးစက်ရုံ တရုံကိုလည်း ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံ တည်ဆောက်နေပြီဖြစ်၍ အဆိုပါ စက်ရုံများ ပြီးစီးပါက တနိုင်ငံလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ရန်ကုန်တွင် တည်ဆောက်နေသည့် သဘာဝဓာတ်ငွေ့သုံး စက်ရုံသည် ၃ နှစ်အတွင်းပြီးစီးမည်ဟု သိရပြီး ကျောက်မီးသွေးသုံး စက်ရုံသည် တနှစ်အတွင်း ပြီးစီး ဖွယ်ရှိကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ ၀န်ကြီးတဦးက ပြောသည်။
တနိုင်ငံလုံး၌ သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား အများစုသည် ရေအားမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ရခိုင်ကမ်းလွန်ဒေသနှင့် မုတ္တမ ပင်လယ်ကွေ့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည်။ အစိုးရ၏ အဆို အရ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏာ များပြား လာ၍ တရုတ်နိုင်ငံသို့ ရောင်းချထားသည့်အထဲမှ မဂ္ဂါဝပ် ၁၀၀ ပြန်လည် ၀ယ်ယူမည်ဟုလည်း သိရသည်။
“ကျနော်တို့နိုင်ငံမှာ အခု မဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင်မသုံးနိုင်ဘူး၊ ဒီတော့ ပိုနေတာတွေကို ဈေးကွက် သဘောအရ ရောင်းစားရတယ်၊ လျှပ်စစ်ဆိုတာ ထုတ်ပြီးရင် သိမ်းထားလို့ မရဘူး” ဟု အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း က ဧရာဝတီ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ရေအားလျှပ်စစ် စီမံကိန်းများသည် မြန်မာနိုင်ငံ မြောက်ဖျား ဒေသများ၊ မြို့ပြနှင့် ဝေးလံသော ဒေသများ၌သာ ရှိကြောင်း၊ တောထဲရှိ ဆည်များမှ ရေအားလျှပ်စစ်ကို မြို့ပြဒေသများသို့ သွယ်တန်းဖြန့်ဖြူးမည် ဆိုပါက ကုန်ကျစရိတ် ကြီးမားကြောင်း၊ ထိုကြောင့် ကုန်ကျစရိတ် တတ်နိုင်သည့် တရုတ်၊ ထိုင်းနိုင်ငံ တို့က ၀ယ်ယူရရှိ သွားခြင်းဖြစ်ကြောင်း လျှပ်စစ် အင်ဂျင်နီယာ တဦးဖြစ်သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီကို ပြောသည်။
“တောထဲက လျှပ်စစ် မြို့ပေါ်ရောက်ဖို့ နည်းပညာတွေ၊ ငွေတွေ အများကြီး သုံးစွဲရမယ်၊ ဒါကို အရင် စစ်တပ် အစိုးရကလည်း မလုပ်ခဲ့ဘူး၊ အခု အစိုးရ ကလည်း မလုပ်နိုင်သေးဘူး။ ဒီတော့ တရုတ်ကပဲ ရသွားတယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
တနိုင်ငံလုံးရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏ၏ ၇၀ ရာခိုင်နှုန်းသည် ရေအားမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ၂၀ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်၍ ၉ ရာခိုင်နှုန်းမှာ ကျောက်မီးသွေးမှ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှအပ မြန်မာတနိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား အပြည့်အ၀ မရရှိပေ။ ရန်ကုန်မြို့အား ပြီးခဲ့သည့်
လ အနည်းငယ်မှစ၍ ၂၄ နာရီ မီးပေးမည်ဆိုကာ နယ်မြို့များ၏ လျှပ်စစ်ဓာတ်အား ပေးဝေမှု ကိုလျှော့ချ ခဲ့ပြီးနောက် ဆန္ဒပြ မှုများ ပေါ်ပေါက် လာခဲ့သည်။



 

No comments: