Tuesday, May 22, 2012

ရော့ကီးတောင်တန်းများပေါ်မှ မြန်မာပြည် မြောက်ပိုင်းသို့ မျှော်ကြည့်ခြင်း




(က)

    ကျနော်တို့ချစ်လှစွာသော လင်းယုန်ကြီးရဲ့̏ မြစ်ဧရာပေါ်ဝယ်̋ ထဲမှာ နိုင်ငံရေးလုပ်တယ်ဆိုတာ ဗောဓိသတ္တတွေရဲ့ အလုပ်ဖြစ်တယ် ...̋ တဲ့။
    နာဇီဖက်ဆစ်တော်လှန်ရေးသမား ဂျူးလိယက်ဖူးချစ် ရဲ့ကြိုးစင်ပေါ်ကမှတ်တမ်းများထဲမှာ ̏ သင်တို့ကိုကျွနု်ပ် မမုန်းပါ၊ သင်တို့ဟာ သနားစရာ သတ္တ၀ါတွေ ဖြစ်တယ် ...̋ တဲ့။
    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် က အသတ်ခံရဆဲဆဲမှာ ̏ ... မှားမယ်နော် ̋ တဲ့။
    ဒီစကားလုံးတွေဟာ ကျနော်တို့အတွက် သမိုင်းဝင်စကားလုံးတွေ ဖြစ်လာမှာပါ၊ ဒီစကားလုံးတွေကို ကျနော်တို့ရဲ့ နှလုံးသားထဲမှာ ထာဝရ သိမ်းထုပ်ထားလိုက်ပါ့မယ်။

(ခ)

၈၈ မျိုးဆက်ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ပြန်ပြောကြတဲ့ အခါတိုင်း ဆရာမောင်ခိုင်မာရဲ့ ကဗျာလေးတပိုဒ်ကို သွားသတိရမိတယ်။

̏ မောင်လေးအောင်၊ မောင်ယဉ်မွန်ဆိုတာ
ဆိုလာချွေးနံ့ပျောက်ဆေးလို
မွှေးသလား ကိုကိုရယ် ...̋  တဲ့။

Dr. နိုင်အောင်နဲ့ ခင်ရွှေလိုင်ရဲ့ စာတွေကိုဖတ်ကြည့်ရင်း အဲဒီကဗျာပိုဒ်ကလေးကို သွားပြီး သတိရမိပြန်တယ်။


(ဂ)

၈၈ ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ပြောတဲ့ အခါ နှစ်ပိုင်းခွဲပြောမှ ပို၍ပြည့်စုံမည်ဟု ယူဆ မိတယ်။ တပိုင်းက ငွေစက္ကူနှစ်ခါပြန်သိမ်းတဲ့ ကိစ္စကအစ ၁၉၈၈ မတ်လ၊ ဇွန်လ ဇူလိုင်လ ကနေ ရှစ်လေးလုံး နေ့အထိ ကျောင်းသားလှုပ်ရှားမှု သမိုင်းနဲ့
နောက်တပိုင်းက ရှစ်လေးလုံး လူထုအုံကြွမှုကြီး ပေါ်ပေါက်ပြီးနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ဒုတိယ အပိုင်းကို အများစု သိပြီးဖြစ်ပေမဲ့ ရှစ်လေးလုံးမတိုင်မီ ကျောင်းသားလှုပ်ရှားမှု သမိုင်းကတော့ အဲဒီတုန်းက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ)၊ ရန်ကုန်စက်မှု တက္ကသိုလ်၊ ဒေသကောလိပ် (၁)၊ (၂)၊ (၃) အင်းစိန် G.T.I နှင့် ရန်ကုန်မြို့ပေါ်က အထက ကျောင်းတချို့က ကျောင်းသားတွေပဲ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ပါလိမ့်မယ်။

အဲဒီတုန်းက ကျောင်းသားလူငယ်တွေဟာ မဆလ အမှောင်ခေတ်ကြီးကို တွန်းလှန်ဖယ်ရှားဘို့ ဘယ်လောက်ရင်းနှီးကြိုးပမ်းဆောင်ရွက်ခဲ့ရသလဲဆိုတဲ့ အခန်းဆက်ဇတ်ဝင်ခန်းတွေ အများအပြားရှိခဲ့ပါတယ်။


ဒါပေမဲ့ အဲဒီအချိန်က သမိုင်းဖြတ်သန်းမှုတွေကို နယ်မြို့လေး တမြို့မှာရောက်နေတဲ့ ဆရာဝန် ပေါက်စတယောက်နဲ့ ရှစ်လေးလုံး ဖြစ်ပြီး နောက်မှ သပိတ်စခန်းထဲရောက်လာတဲ့ မိန်းကလေးတယောက်က သိရှိခဲ့ဟန် မတူပါဘူး။ ဒါကြောင့်လည်း ဒီလို အဖြစ်အပျက်တွေ ဖြစ်ခဲ့တာ။ ဒီလို စကားလုံးတွေ ကြားနေရတာဖြစ်ပါတယ်။


တခါကမြို့တော်မောင်ယဉ်အောင်ရဲ့ စကားလုံးနဲ့ပြောရရင် ̏ ပြန်ပြောကာ သစ်ရရင်ဖြင့်၊ တရံရောအခါက အဖြစ် ̋ လို့ဘဲ မှတ်ယူလိုက်ပါတော့။


(ဃ)

̏ ဒီလောက် နှင်းတွေသိပ်သိပ်သည်းသည်းကျနေရင်
ပဲစေ့လေးတွေ အစို့ထွက်နိုင်ပါအုံးမလား̋
(ဗားတော့ဗရက်)
၁၉၉၄ ခုနှစ် ဇွန်လ (၂၅) ရက်နေ့မှာ အင်းစိန်ထောင်ကနေ မြင်းခြံထောင်ကို ပြောင်းပို့ခံရတုန်းက အချုပ်ခန်း ရထားတွဲထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီက ယူဂျီ တာဝန်ခံ တဦးဖြစ်သူ ကိုကျော်မြနဲ့ ဆုံခဲ့ဖူးတယ်။ အဲဒီတုန်းက ကျနော့်ရင်ထဲမှာ ကာလများစွာ တအုံနွေးနွေးဖြစ်ခဲ့ရတဲ့ (၁၉၆၄) ခုနှစ်ဝန်းကျင်လောက်က ဘီစီပီ ရဲ့ ဖြုတ်ထုတ်သတ် ကိစ္စနဲ့ ပက်သက်ပြီး သူနဲ့ဆွေးနွေးခဲ့ ဖူးတယ်။ သူက ကျနော့်ကို ကြေကြေလည်လည် ပြန်ဖြေရှင်းခဲ့ပါတယ်။ သူ (ကိုကျော်မြ) က
̏ ပါတီရဲ့ တတိယအကြိမ် ကွန်ဂရက်မှာ အတွင်းရေးမှူးရဲ့ အစီရင်ခံစာကို ကျနော် proof ဖတ်ပေးခဲ့ရတယ်။ အဲဒီအစီရင်ခံစာထဲမှာ (၆၄) လမ်းစဉ်နဲ့ပက်သက်လို့

(၁) ပါတီရဲ့ လုပ်ရပ်မှားယွင်းခဲ့တယ်။ (၂) အဲဒီတုန်းက အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေ အားလုံးကို မူလအဆင့်နေရာတွေ အတိုင်း ပါတီသမိုင်းမှာ ပြန်လည်မှတ်တမ်းတင်ပေးခဲ့တယ်။ (၃) ဒီကိစ္စနဲ့ ပက်သက်လို့ ပြည်သူလူထုကို ၀န်ချတောင်းပန်ခဲ့တယ်။


ကိုကျော်မြရဲ့ အဖြေစကားကြားရတာ ကျနော့်စိတ်ထဲမှာ ရှင်းသွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ (အယူဝါဒကို ကြိုက်ခြင်း မကြိုက်ခြင်း၊ လက်ခံခြင်း လက်မခံခြင်း အပထား) ဘီစီပီဆိုတာ ကျနော်တို့လေးစားကြည်ညိုတဲ့ အဲဒီခေတ်က ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ခဲ့တဲ့ သခင်အောင်ဆန်း သခင်ဗဟိန်းတို့တွေက စတင်ဖွဲ့စည်းခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး နဲ့ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲတွေမှာ အဓိကနေရာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ သမိုင်ဝင် အဖွဲ့အစည်းကြီးဖြစ်လို့ ပါ။ ကျနော်တို့တွေ သမိုင်းကို တန်ဘိုးထားပါတယ်။ အစဉ်အလာကို လေးစားပါတယ်။ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို အသိအမှတ်ပြု ကြပါတယ်။ ဘီစီပီ ရဲ့ သမိုင်းကို ကျနော်တို့ သင်ခန်းစာ ယူတတ်ဖို့ လိုပါတယ်။


အခုလည်း ကျနော်တို့တွေ အေဘီ(မြောက်ပိုင်း) ကိစ္စကို ပြောဆိုဆွေးနွေး နေကြတာကလည်း (မကဒတ) ကို လေးစားတန်ဘိုးထားကြလို့ပါ။ မည်သည့် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းမဆို မူဝါဒလုပ်ငန်းစဉ်၊ ဦးတည်ချက် ရည်ရွယ်ချက်ဆိုတာ ရှိရပါတယ်။ အဲဒီမူဝါဒ လုပ်ငန်းစဉ်တွေကို အခြေခံ ကိုင်စွဲပြီး ဦးဆောင်မှုဆိုတဲ့ လူတွေရဲ့ အခန်းကဏ္ဍ ရှိပါတယ်။ ကျနော်တို့ဟာ အဖွဲ့အစည်းရဲ့မူနဲ့ ဦးဆောင်ခဲ့တဲ့ လူတွေကို ခွဲခြားပိုင်းဖြတ်တတ်ဖို့ လိုပါတယ်။ မူတွေဘယ်လောက်ကောင်းကောင်း ဦးဆောင်တဲ့လူတွေ ညံ့ဖျင်းရင် အမှားတွေ၊ ဆုံးရှုံး နစ်နာမှုတွေနဲ့ ကြုံတွေ့ရမှာ မလွဲပါဘူး။


မကဒတ ဟာ စတင်ဖွဲ့စည်းစဉ်က နယ်စပ်ဒေသ တလျှောက်မှာ အင်အား (၂၀၀၀၀) ကျော်ရှိခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ မကဒတ ရဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်တွေဟာ ဘာမှ ပြောစရာမရှိပါဘူး။ အင်မတန် မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ပေါက်ဖွားလာခဲ့တာပါ။ သို့သော်လည်း ဦးဆောင်မှုမှာရှိခဲ့တဲ့ ခေါင်းဆောင်ဆိုသူ တချို့ရဲ့ လုပ်ဟန် အမှားတွေကြောင့် ဒီလိုအခြေနေမျိုးကို ဆိုက်ရောက်ခဲ့ ရတာပါ။ အဲဒီလို မကဒတ ကို ဆုံးရှုံးနစ်နာအောင် လုပ်ခဲ့တဲ့ ခေါင်းဆောင် တချို့ကပဲ မြောက်ပိုင်းမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ကြပြန်တယ်။ ̏ တော်လှန်တဲ့ သဘောတရားမရှိရင် တော်လှန်တဲ့ လှုပ်ရှားမှု မရှိနိုင် ̋ တဲ့။ သဘောတရားကင်းမဲ့တဲ့ ဦးဆောင်သူတချို့ကြောင့် အခုလို နစ်နာမှုတွေနဲ့ ကြုံတွေ ဖြတ်သန်းခဲ့ရတာပါ။


ကျနော်တို့ဟာ အဖွဲ့အစည်းကို တန်ဘိုးထားတယ်ဆိုရင် လွဲမှားတဲ့ခေါင်ဆောင်မှုတွေကို ဝေဖန်နိုင်ရမယ်။ ဖေါ်ထုတ် ဆန့်ကျင်နိုင်ရပါလိမ့်မယ်။ အဖွဲ့အစည်းနဲ့လူကို ခွဲခြားရှုမြင်ပြီး အဖွဲ့အစည်းကို ကာကွယ်၊ လူတွေကို သန့်စင်ဖယ်ရှား၊ တော်လှန်ရေး အကျိုးစီးပွားကို ထိန်းသိမ်းရမှာပါ။


အခုကိစ္စမှာလည်း ကျနော်တို့ ပြောဆိုဆွေးနွေးနေကြတဲ့ အဓိက အချက်က ဖမ်းဆီးညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခံရသူတွေနဲ့ ထွက်ပြေးလွတ်မြောက် ခဲ့ကြသူတွေထဲမှာ သူလျှို(ရန်သူ့လူ) တွေ ပါခြင်း မပါခြင်းတွေကအဓိကမကျပါဘူး။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့ ဦးစိန် အပါအ၀င် ကျောင်းသားရဲဘော်တွေကို အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ် ခဲ့ခြင်း ဆိုတဲ့ သမိုင်းအဖြစ်အပျက်ကို အမှန်တရားဘက်ကရပ်တည်ပြီး ပြောဆိုဆွေးနွေးနေကြခြင်းဖြစ်တယ်။


မိမိနဲ့ ရန်သူဟာ အတွေးအခေါ်ရော လုပ်ဟန်ပါ ဆန့်ကျင်ဘက်တွေပါ။ ရန် ငါ စည်းဆိုတာ၊ရန်သူကသူ့အလုပ်သူလုပ်တာဖြစ်ပြီး၊ (ငါ) က ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ ဖြစ်တယ်။ ရန်သူက တန်ပြန်တော်လှန်ရေးနဲ့ သပ်လျှို ဖြိုခွဲခြင်းဆိုတာ သူ့ဘက်က အလုပ်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်း အနေနဲ့လည်း မိမိတို့ဘက်မှာရှိတဲ့ မူတွေနဲ့ အညီ တစုံလုံးနဲ့ ရေရှည်အကျိုးစီးပွားပေါ်မှာ အခြေခံပြီး တန်ပြန်တော်လှန်ရေးပြသနာတွေ ဖြေရှင်းနိုင်ဘို့လိုပါတယ်။ အခုကိစ္စက အဲဒီတုန်းက ခေါင်းဆောင်လုပ်ခဲ့သူတွေဟာ အဖွဲ့အစည်းမှာရှိတဲ့ မူဝါဒ လုပ်ငန်းစဉ်တွေ ရည်ရွယ်ချက် ဦးတည်ချက်တွေနဲ့ ကျော်လွန်ဆန့်ကျင်ပြီး ဆုံးဖြတ်လုပ်ဆောင်ခဲ့ခြင်းပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့်မို့ အဖွဲ့အစည်းရဲ့ သမိုင်းနဲ့ ဂုဏ်သိက္ခာနဲ့ မသက်ဆိုင်ဘဲ ညံ့ဖျင်းတဲ့ ခေါင်းဆောင်တချို့(လူ) နဲ့ပဲ သက်ဆိုင်တယ်တိုတာ ရှင်းပါတယ်။

ဒါပေမယ့် သာမန်အဖွဲ့အစည်း၊ သာမန်ဖြစ်ရပ်၊ သာမန် အမှားအယွင်းတခုမဟုတ်ဖူးဆိုတာတော့ သတိပြုဖို့လိုလိမ့်မယ်။ ဒီကိစ္စဟာ အမျိုးသားရေးနဲ့ ကျောင်းသားလှုပ်ရှားမှု သမိုင်း တခုလုံးနဲ့ ပါ သက်ဆိုင်နေတယ်။ ကမ္ဘာမှာ မြန်မာဟေ့လို့ ၀င့်ကြွားခဲ့ရတဲ့ ယဉ်ကျေးတဲ့ လူ့ အဖွဲ့အစည်း နဲ့၊ ကျောင်းသားလူငယ် ပညာတတ်တွေရဲ့ ကြီးမားတဲ့ ကိုယ်ကျိုးစွန့်လွှတ်မှုတွေနဲ့ သန့်စင်မွန်မြတ်တဲ့ ကျောင်းသား လှုပ်ရှားမှု သမိုင်းကို ဂုဏ်သရေ ညှိုးနွမ်း ထိခိုက် စွန်းထေးစေခဲ့ပါတယ်။  ဒီလောက်ဆိုးဆိုးရွားရွား နစ်နာခဲ့ရတဲ့ အမှားကြီးကို ပါဝင်ပါတ်သတ်ခဲ့သူတွေဟာ အမှားကို အမှားလို့မမြင်ရင် နောက်တဆင့်တက်ပြီး အဲဒီအမှားကြီးကို အမှန်ပါလို့ ယခုတိုင် ဆုပ်ကိုင်ပြောဆိုနေဆဲ ဆိုရင်တော့ ပြဿနာ အကြီးအကျယ် ရှိလာလိမ့်မယ်။ အဲဒီတုန်းက ပါဝင်ပက်သက်ခဲ့သူတွေဟာ ခုအချိန်ထိ (၁) မှားခဲ့တယ်လို့ ၀န်ခံခြင်း၊ (၂) ကိုထွန်းအောင်ကျော်အပါအ၀င် အားလုံးဟာ သူလျှိုတွေ မဟုတ်ဘူး ကျောင်းသားရဲဘော်တွေဖြစ်တယ်လို့ အသိအမှတ်ပြုခြင်း၊ (၃) သက်ဆိုင်သူတွေအားလုံးကို ၀န်ချတောင်ပန်ခြင်း တွေကို ရှင်းရှင်းလင်းလင်း တိတိကျကျ လုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ကိုနိုင်အောင်နဲ့ မခင်ရွှေလှိုင်တို့ရဲ့ရေးသားချက်တွေကို လေ့လာကြည့်တဲ့အခါ ကိုနိုင်အောင်က တောင်ပန်ပါတယ်လို့ ဆိုခဲ့ပေမဲ့ တပြိုင်တည်းမှာ  အဲဒီတုန်းက အသတ်ခံခဲ့ရသူတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားကြသူတွေထဲမှာ ရန်သူ့သူလျှိုတွေ ပါဝင်ပက်သက်နေတယ်။ အခုထိလည်း အဲဒီလူတွေဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားနေဆဲဖြစ်တယ်။ ဒီသူလျှိုတွေကြောင့်ဒီလိုဖြစ်ခဲ့ရတာပါလို့ ပြောခဲ့၊ ပြောနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့စာဟာ အမှားကို သိမြင်ပြီး အတိအလင်း ၀န်ချတောင်းပန်ခြင်းလို့ ကျနော်တို့ မသတ်မှတ်နိုင်ပါ။ အမှားကို အမှားဟုမမြင်ပဲ အမှားကို အမှန်တပိုင်းဖြင့် ဆက်လက်ဆုပ်ကိုင်ထားဆဲ့ ဖြစ်နေတာ တွေ့ရတယ်။ မခင်ရွှေလှိုင်ရဲ့စာတွေဟာလည်း ဒီသဘော အတိုင်းပဲ တွေ့နေရတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က အကြောင်းအရာ အဖြစ်အပျက်တွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့သူတွေ ပြန်ပြောပြတဲ့ အချက်အလက်တချို့ကွဲလွဲမှုအပေါ် အကျအနကောက်ပြီး တစချင်း ဆွဲထုတ်ယူကာ အဓိကရည်ရွယ်ချက်ကနေ သွေဖည်ရှုပ်ထွေးသွားအောင် ရေးသားချက်တွေပဲ ဖတ်ခဲ့ရတယ်။ ဆရာဇော်ဂျီ ရဲ့ ရသစာပေ အဖွင့်ထဲမှာ အတွေးရှင်းရင် အရေးရှင်းတယ်၊ အတွေးရှုပ်ရင် အရေးရှုပ်တယ်လို့ ရေးသားခဲ့ ဖူးတယ်။ အစကတည်းကိုက ခင်ရွှေလှိုင်အနေနဲ့ ဒီအဖြစ်အပျက်ပေါ်မှာ ရှုမြင်သုံးသပ်ပုံနဲ့ ရပ်တည်ချက်ေ၀၀ါးထွေပြားနေတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့အနေနဲ့ ရန်သူ့လူ(သူလျှို) ပါခြင်းမပါခြင်းကို အချိန်ကုန်ခံ ဆွေးနွေးငြင်းခုန်စရာ အကြောင်းမရှိပါ။ လှီးလွှဲထွက်ပေါက်ရှာ ကိုယ်လွတ်ရုန်းစကားလုံးများ စိတ်မ၀င်စားပါ။ အမှားကြီးကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်ခဲ့သူတွေနဲ့ အားပေးထောက်ခံခဲ့သူတွေကို ချီးမြှောက်နေစရာ မလိုအပ်ပါ။
လိပ်ပြာသန့်စွာနဲ့ အမှားကို အမှားလို့ ရှုမြင်သုံးသပ် ဝေဖန်မှုကိုပဲ လိုအပ်ပါတယ်။ သို့မှသာ  အများပြည်သူတွေရဲ့ အမြင်မှာ တော်လှန်ရေးအဖွဲ့အစည်း(မကဒတ) နဲ့ညံ့ဖျင်းသောခေါင်းဆောင်မှု(လူ) တွေကို ခွဲခြားသိမြင်နိုင်ပြီး အဖွဲ့အစည်းသမိုင်းနဲ့ ဂုဏ်သိက္ခာကို ပြန်လည် ထိန်းသိမ်း ရှင်သန်စေနိုင်မှာပါ။ ဒါပေမဲ့ တာဝန်ရှိသူ တာဝန်ခံခဲ့သူတွေဟာ ခေါင်းဆောင်မပီသစွာ ကိုယ်လွတ်ရုန်း ထွက်ပေါက်ရှာနေသရွေ့တော့ အဖွဲ့အစည်းပေါ်မှာငြိစွန်းထိခိုက်နေမှာ မလွဲပါဘူး။

သမိုင်းနဲ့အမှန်တရားကို မျက်စိစုံမှိတ် ငြင်းဆန်နေတတ်တဲ့ ခေါင်းမာ ဂိုဏ်းသားတွေဟာ သမိုင်းရဲ့ ဒဏ်ခတ်ခြင်းကို ခံရတတ်စမြဲပါ။ သမိုင်းရဲ့ဒဏ်ခတ်ခြင်းကို ခံရသူတွေဟာ သမိုင်းအမှိုက်ခြင်းထဲကို လုံးချေ လွှင့်ပစ်ခံရပြီး    သားစဉ်မြေးဆက် ဆိုးဝါးစွာ ဘ၀နိဂုံးချုပ် ရမှာမလွဲပါ။


(င)

ဒီမြောက်ပိုင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေ၊ တာဝန်ခံခဲ့သူတွေ နဲ့ ပါဝင်ပတ်သက်ခဲ့သူတွေဖြစ်တဲ့ နိုင်အောင်က အစ အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်း၊ လှဋ္ဌေး၊ ကျော်ကျော်၊ သန်းဇော် တို့အလယ် ခင်ရွှေလှိုင်အဆုံး အားလုံးကို တခါတုန်းက ဆရာပါ (ဆရာကြီး ပါရဂူ) ပြောပြခဲ့ဖူးတဲ့ ဂရိပုံဝတ္ထုလေး တခုကို လက်ဆောင်ပါးလိုက် ပါရစေ။
̏ တခါက ဂရိ ဒဿနပညာရှင် ကြီးတဦးဟာ လူ့လောက လူ့အဖွဲ့အစည်းအတွက် တန်ဘိုးရှိတဲ့ သီအိုရီ တခုကို စဉ်းစားအဖြေထုတ် ရေးသားနေတုန်းမှာ အနီးနားက ခလေးငယ် တယောက်ဟာ အမှုမဲ့ အမှတ်မဲ့ ခလုတ်တိုက်မိပြီး စားပွဲပေါ်က မင်အိုးကို မှောက်သွားစေခဲ့တယ်။ ဒဿနပညာရှင်ကြီး အပတ်တကုတ် စဉ်းစားအဖြေထုတ်ထားတဲ့ စာရွက်ဟာ လုံးဝပြန်ဖတ်လို့မရအောင် စွန်းထေးပေကျံသွားခဲ့ပါတယ်။ အဲဒီအခါမှာ ဒဿနပညာရှင်ကြီးက ကလေးငယ်ကို ပြောခဲ့တဲ့ စကားကတော့ ... ̋
̏ ခလေးရယ် ... မင်းလုပ်ခဲ့တဲ့ အပြုအမူအတွက် ဘယ်လောက်ဆုံးရှုံးနစ်နာခဲ့ရလဲဆိုတာကို  မင်းကိုယ်တိုင်မှ သိပါရဲ့လား ... ̋ တဲ့။

သမိုင်းမှန်ပေါ်ပေါက်ရေးသို့ ဦးတည်လျှက် ...

ဇာနည်။ ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ပ)
Ph:(801) 859 8835
Email: zarniabfsu@gmail.com

No comments: