---
by Aung Moe Win

“ ဒီကနေ့ ခေတ်က အိုက်ဒီရော်လော်ဂျီတွေ၊ သီအိုရီတွေကို သိတ်ပြီး စဉ်းစားနေလို့မရဘူးဗျ၊ အဆင်ပြေသလို လက်တွေ့ကျကျ ကြည့်လုပ်ကြ
ရတာ” တဲ့။ အဆိုတင်သွင်းမှုတွေက အပေါ်ယံကြည့်လိုက်မယ်ဆိုရင်တော့ ဟုတ်သလိုလိုပါပဲ။ ဒါပေမဲ့ သီအိုရီတွေ၊ အတွေးအခေါ်တွေ ဆိုတာကလည်း လက်တွေ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက တဆင့် အဖြေရှာဖေါ်ထုတ် စဉ်းစားတွေးခေါ်ပြီးမှ ပေါ်ပေါက်လာခဲ့ကြတာ
မဟုတ်ဘူးလား။
ဥရောပသားတွေ ရဲ့ လှုံ့ဆော်မှုတချို့ကို လေ့လာကြည့်ကြရအောင်။
ဒီ တပတ် လွတ်လပ်တဲ့အာရှအသံရဲ့ မေလ (၁၅) ရက်၊ အင်္ဂါနေ့ ညပိုင်း အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ဆောင်းပါလေးပါ။
အမေရိကန်သမ္မတ ဂျွန်အက်(ဖ်) ကနေဒီ ရဲ့ “ မင်းရဲ့တိုင်းပြည်က မင်းကို ဘာလုပ်ပေးနိုင်သလဲဆိုတာကို မမေးပါနဲ့။ မင်းအနေနဲ့ တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်တယ် ဆိုတဲ့ အချက်ကိုသာမေးပါ” လို့ ဆိုခဲ့ဘူးပါတယ်။ ဒါပေမဲ့ “ တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ၊ ပြည်သူလူထုဟာ နိုင်ငံရေးနိုးကြွားဖို့ လိုအပ်ပြီး တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေမှာ ဘယ်လိုပါဝင်ဖို့ လိုသလဲ ဆိုတဲ့ အချက်အလက်တွေကို စဉ်းစားနိုင်ဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေဟာ မြင်သာထင်ရှားတဲ့ လမ်းကြောင်းတွေကို ချပြဖို့လိုတယ်” လို့ အကြံပေးသူတွေကလည်း ရှိနေပါတယ်။ ဒီ တပတ်မှာတော့ ဥရောပ ငွေကြေးအကြပ်အတည်းဆီက သင်ခန်းစာတွေ နဲ့ ဥရောပ ကို ဘယ်လိုပြန်လည် တည်ဆောက်မလဲ ဆိုတဲ့ ကြွေးကြော်သံအကြောင်း လေ့လာကြည့်ကြရအောင်ပါ။
“ ၂၀၀၈ ခုနှစ်လောက်ကတည်းက စတင်ခဲ့တဲ့ ဥရောပတိုင်းပြည်တွေဆီက ငွေကြေးအကြပ်အတည်းကို ဘက်ပေါင်းစုံက သုံးသပ်လေ့လာကြတာပေါ့လေ။ တချို့ကတော့ စီးပွားရေးတိုးတက်မှု နှေးကွေးစေတဲ့အချက်တွေထဲမှာ နိုင်ငံတကာ ကုန်သွယ်မှု မမျှတခြင်းနဲ့ အစိုးရရဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေ၊ အိမ်အရောင်းအဝယ်ဈေးကွက်တွေဟာ ဆပ်ပြာဘူဘောင်းတွေလို ပေါက်ကွဲ ဆုံးရှုံးခဲ့တာတွေ၊ အကြွေးယူစံနစ်ကို လွယ်လွယ်ကူကူ လိုက်လျောလွန်းခဲ့တာတွေ၊ ဒုက္ခရောက်နေတဲ့ ပုဂ္ဂလိက ဘဏ်တွေကို ကယ်တင်ဖို့ကြိုးစားရင်း သက်ဆိုင်ရာ အစိုးရတွေ လုံးပါးပါးခဲ့ရတာတွေ ကို တင်ပြအပြစ်တင်ခဲ့ကြသလို တချို့ကတော့ ဥရောပနိုင်ငံတချို့ရဲ့ လှုမှုဖူလုံရေးနိုင်ငံတည်ဆောက်မှုမူဝါဒတွေ ကြောင့် ဒီ ပြဿနာတက်ခဲ့တယ် လို့ စွပ်စွဲကြတယ်။ ဒါပေမဲ့ သေချာတာတခုကတော့ နိုင်ငံရေး၊ စီးပွားရေးသိပ္ပံပညာရှင် “ကတ်ဒနာ” ပြောခဲ့သလိုပဲ၊ ဥရောပ သမဂ္ဂ နိုင်ငံတွေဟာ သူတို့ရဲ့ ကုန်သွယ်မှု မူဝါဒတွေ နဲ့ အပေးအယူလုပ်မှု လုပ်နည်းလုပ်ဟန်တွေကြောင့် ပြဿနာတက်ခဲ့တယ်။ ပြဿနာတက်လာတဲ့အချိန်ကြမှ ထုတ်ဖေါ်ပြောဆိုလာခဲ့ကြတယ်။ အချက်အလက်ပေါင်းများစွာကိုသိရှိပြီး အချိန်နောက်ကျပြီးမှ လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို အသည်းအသန်လုပ်ကြတော့တယ်”
ဥရောပနိုင်ငံတွေမှာ အသက် (၂၅) နှစ်အောက် လူငယ်တွေ ( ၄ ယောက် ၁ ယောက်) နီးပါး အလုပ်လက်မဲ့ဖြစ်နေကြပါတယ်။ လက်ရှိအခြေအနေတွေကို မကျေနပ်တဲ့လူငယ်တွေဟာ သူတို့ရဲ့ ဒေါသတွေကို စခန်းတခုလိုတည်ဆောက်ပြီး၊ လူမှုတရားမျှတရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြပါတယ်။ စပိန်၊ ပေါ်တူကီ ၊ ဂရိစ် နိုင်ငံတွေရဲ့ လမ်းမတွေပေါ်မှာ ရုန်းရင်းဆန်ခပ်ဖြစ်ပွားနေမှုတွေနဲ့အတူ မီးလောင်နေတဲ့ အဆောက်အဦတွေ၊ ပေါက်ကွဲဆူညံနေတဲ့ အသံတွေဟာလည်း အာဖရိက မြောက်ပိုင်း၊ အမေရိကန်မြို့တွေနဲ့ မော်စကိုမြို့ အထိ ကူးစက်တောက်လောင်နေခဲ့ပါတယ်။
“ ဥရောပ ရဲ့ ပြည်သူတွေ ထဲထဲဝင်ဝင်မပါသရွေ့ကတော့ ဒီကိစ္စတွေကို မဖြေရှင်းနိုင်ဘူးလေ။ တက္ကစီ ကားမောင်းသူတွေက အစ၊ အတွေးအခေါ်ပညာရှင်အဆုံး၊ အလုပ်ရှိသူနဲ့ အလုပ်လက်မဲ့ဖြစ်နေသူ အားလုံး၊ တရားသူကြီးတွေ နဲ့ နိုင်ငံသားအားလုံး ဟာ ဥရောပကြွေးမှီပြဿနာကို ဖြေရှင်းဖို့အတွက် တာဝန်ရှိတယ်။ ဥရောပသားတွေဟာ သူတို့ ကြုံတွေ့ဖြတ်သန်းနေရတဲ့ အတွေ့အကြုံတွေအရ အရင်ကထက် ပညာဥာဏ်တွေ ပွင့်လင်းလာတယ် လို့ ယုံကြည်ကောင်း ယုံကြည်ကြလိမ့်မယ်။ ဒါပေမဲ့ သူတို့မှာ စွမ်းဆောင်နိုင်တဲ့ပါဝါ မဲ့ နေသလို ခံစားနေကြရတယ်။ ဥရောပကော်မရှင် နဲ့ နိုင်ငံတော်အစိုးရတွေ အနေနဲ့ ပွင့်လင်းလွတ်လပ်တဲ့လူ့အဖွဲ့အစည်းအတွက် ပြောရေးဆိုခွင့် ရှိစေရမဲ့ အရာတွေကို ဖန်တီးပေးရမယ်။ ဥရောပ မှာ အသားကျနေတဲ့ ဖွဲ့စည်းပုံတွေကို ပြုပြင်ပြောင်းလဲပစ်ရမယ် လို့ တောင်းဆိုနေကြတာဖြစ်တယ်”
တကယ်တော့ ဥရောပရဲ့ အသားကျနေမှုတွေဆိုတာ အထက်အောက် ဖွဲ့စည်းပုံကို ခေါ်ဆိုရည်ညွှန်းခြင်းဖြစ်ပါတယ်။ ဥရောပ ရဲ့ အထက်တန်းလွှာတွေ၊ လက်ရွေးစင်နိုင်ငံရေးသမားတွေ၊ နဲ့ တက္ကနိုခရက် လို့ ခေါ်တဲ့ တတ်သိပညာရှင်တွေဟာ တိုင်းပြည်ရဲ့ စီမံခန့်ခွဲမှု ကိစ္စအားလုံးကို သူတို့မှာသာ တာဝန်ရှိတယ်။ ပြည်သူတွေဟာ ဒီလို အဆင့်အတန်းမြင့်တဲ့ ကိစ္စရပ်တွေမှာ သိနားလည်ဖို့ မလိုဘူး လို့ ထင်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လည်း အိမ်မြေအရောင်းအဝယ်ဈေးကွက်တွေ ထိုးကျ၊ ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်မှု တရိပ်ရိပ်များပြားလာတဲ့ အချိန်မှာတောင် ဒါတွေဟာ လူတဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေလို့ ယူဆထားခဲ့ကြပုံရပါတယ်။ ဒါပေမဲ့ ဘဏ်လုပ်ငန်းတွေ ပြိုကျလာတဲ့ အချိန်ရောက်တော့မှ ဥရောပ ကြွေးမှီ ပြဿနာတွေကို အသည်းအသန်ကယ်တင်ဖို့ ကြိုးစားခဲ့ပါတော့တယ်။
“ ဥရောပဟာ ၂၁ ရာစုထဲမှာ နလံပြန်ထနိုင်ဖို့အတွက် အထက်အောက် ( top down ) ဖွဲ့စည်းပုံကို ပြောင်းလဲပစ်ရမယ်။
အောက် မှ အထက် ( Bottom Up) ဖွဲ့စည်းပုံကို ဦးတည်သွားပြီး၊ ဥရောပ သမဂ္ဂ၊ နိုင်ငံတော်အစိုးရ၊ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း၊ ဈေးကွက်၊ လူမှု လုံခြုံမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းတည်ဆောက်မှု --- စတဲ့အရာတွေကြားမှာ အဆင်ပြေစေမဲ့၊ နားလည်ပေါင်းကူးလို့ရမဲ့ တံတားတခုကို တည်ဆောက်ကြရမယ်”
တကယ်တော့ ဥရောပဆိုတာ နိုင်ငံရေးအတွေးအခေါ်၊ စာပေ အနုပညာ နဲ့ ပြည်လည်ဆန်းသစ်တဲ့ ခေတ်ဦးတွေကိုဖန်တီးနိုင်ခဲ့တဲ့ နေရာတခု ဆိုရင် မမှားပါဘူး။ ရာစုနှစ်ပေါင်းအတော်များများမှာ အင်ပါယာဟောင်းတွေ ရဲ့ ပြို့ကွဲမှုကိုတွေ့မြင်ခဲ့ရသလို၊ အင်ပါယာအသစ်တွေလည်း
တည်ထောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီတခါတောင်းဆိုနေတဲ့ လူမှုတရားမျှတရေးကြွေးကြော်သံတွေက အတိတ်တုံးကထက် ထူးခြားနေပါတယ်။
“ ကျနော်တို့ရဲ့ ဥရောပဟာ ဒေါသနဲ့လောင်ကျွမ်းနေတဲ့ လူထုကြီးရဲ့ ပစ်မှတ်အဖြစ်မဖြစ်စေချင်ဘူး။ ဥရောပသားတွေ မပါပဲ နဲ့ ဥရောပ ဆိုတဲ့နေရာကို ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်ဘူး။ ဥရောပရဲ့ ကြွေးမှီပြဿနာဟာ စီးပွားရေးပြဿနာတခုတည်းမဟုတ်ဘူး။ ဒါဟာ နိုင်ငံရေးပြဿနာလည်း ဖြစ်တယ်”
သောတရှင်များခင်ဗျား
လူမှုတရားမျှတရေးတွေးခေါ်ပညာရှင် ရူးဆိုး အပါအဝင်၊ ဟက်ဘားမာ့စ် လို့ ပုဂ္ဂိုလ်တွေအဆုံး၊ ရာသီအလိုက် ကျင်းပလေ့ရှိတဲ့ ရွေးကောက်ပွဲတွေနဲ့သာ အဆုံးသတ်လေ့ရှိတဲ့ ဒီမိုကရေစီစံနစ်ကို အလိုမရှိခဲ့ကြပါဘူး။ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းတွေရဲ့ အသံကို အစိုးရတရပ်ဟာ လေးလေးနက်နက်စဉ်းစား နိုင်မှသာလျင်၊ တိုင်းပြည်ရဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်လိမ့်မယ် လို့ ယုံကြည်ခဲ့ကြပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ လူထုအခြေပြုအဖွဲ့အစည်းတွေမှာ မြှုပ်နှံလုပ်ကိုင်ကြတဲ့ လူငယ်တွေဟာ သက်ဆိုင်ရာ သမဂ္ဂတွေ ကို ကြိုးစားတည်ဆောက်နေကြသလို၊ တဘက်မှာတော့ ရွေးကောက်ပွဲကို အသုံးချပြီး တိုင်းပြည်ရဲ့ စီးပွားရေးလက်တံတွေကို ဖြန့်ကျက်အုပ်စိုးချင်သူတွေကိုလည်း တပြိုင်တည်းတွေ့နေရပါတယ်။
“အောက် မှ အထက် ( Bottom Up) ဖွဲ့စည်းပုံကို ဦးတည်သွားပြီး၊ နိုင်ငံတော်အစိုးရ၊ ပွင့်လင်းလွတ်လပ်တဲ့လူ့အဖွဲ့အစည်း၊ ဈေးကွက်၊ လူမှုလုံခြုံမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းတည်ဆောက်မှု --- စတဲ့အရာတွေကြားမှာ အဆင်ပြေစေမဲ့၊ နားလည်ပေါင်းကူးလို့ရမဲ့ တံတားတခုကို တည်ဆောက်ကြရမယ်” တဲ့။
ဥရောပ ကြွေးမှီပြဿနာကို ကျော်လွှားဖို့ ကြိုးစားနေတဲ့ ကြွေးကြော်သံတခုကို သောတရှင်တို့ ထံ လက်ဆောင်ပေးလိုက်ပါရစေ။
No comments:
Post a Comment