Tuesday, May 8, 2012

တဏှာ



by admin 


ကျနော် ကံမကောင်းစွာ
မိန်းမတယောက်ကိုတွေ့ဖူးတယ်
အဲဒီ မိန်းမက ဆွဲအားပြင်းတယ်
အဲဒီ မိန်းမ ဘယ်လိုလဲဆိုရင်
လက်ပြတ်နေတဲ့ ဗီးနဗ်စ်ထက် ပြည့်စုံတယ်
မြောက်ကျွန်းသူထက် မြို့ဆန်တယ်
သူ့ကို မြင်လိုက်တဲ့ ယောက်ကျား
ဖျင်းကနဲ့ ဖြစ်သွားစေရမယ်။
နောက်ပြီး အဲဒီမိန်းမက
သရက်ဥယျာဉ်ထဲက အမ္မပါလီ လည်း မဟုတ်ဘူး
ပါရီမြို့က နာနာ လည်း မဟုတ်ဘူး
လေဒီချက်တလေ လို အလုပ်သမားတယောက်ထဲနဲ့လည်း မဟုတ်ဘူး
အဲဒီ မိန်းမက ပြည်ကြီးရဲ့ အဆင်တန်ဆာ
ပြည့်တန်ဆာလည်း မဟုတ်ဘူး။
ဒါပေမယ့်
အဲဒီ မိန်းမရဲ့ ရင်သားပေါ်မှာ
ပရောဂျက် တဂျက်
အဲဒီ မိန်းမရဲ့ တင်ပါးပေါ်မှာ
အန်ဂျီအို တအို
ချက်တွင်းနက်နက် ဗိုက်သားပေါ်မှာ
အမတ် တမတ်
ပေါင်တန်ရှည်ရှည်ပေါ်မှာ
ခေါင်းဆောင် တဆောင်
လက်ကတီး ဂျိုင်းကြားမှာ
လူဖြူ တဖြူ
ဒူးခေါက်ကွေးမှာ
တိုင်းရင်းသား တသား
မြီးညှောင့်ရိုးမှာ
စစ်ဗိုလ် တဗိုလ်
အဲဒီ မိန်းမကို ကျနော် အထင်မသေးပါဘူး
သူ့ရုပ် သူ့ရည် လှနေတာ အထင်သေးစရာမှ မဟုတ်တာ
ကျနော့် မိခင်နဲ့ မျိုးတူစု တစုထဲပဲဟာ
အဲဒီ မိန်းမမှာ နိုင်ငံမှ မရှိသေးတဲ့ဟာ
အဲဒီ မိန်းမဟာ
မိန်းမပျက်မဟုတ်ပါဘူး
ယောက်ကျားပျက်တွေနဲ့ ဆက်ဆံနေသူသာ ။ ။
နေနွယ်
၇ မေ ၂၀၁၂

No comments: