မြန်မာနိုင်ငံတွင်
နွေရာသီကာလ၌ လျှပ်စစ်ဓါတ်အား လိုအပ်ချက် ၅၁၀ မဂ္ဂါဝပ်ရှိပြီး မိုးတွင်းကာလ၌
လျှပ်စစ်ဓါတ်အား အများဆုံး ထုတ်လုပ်နိုင်ပါက ၅၀ မဂ္ဂါဝပ် ပိုလျှံနေကြောင်း
၂၀၁၂ မေ ၂၂ ရက်နေ့ထုတ် အစိုးရအာဘော်သတင်းစာများတွင် ဖော်ပြထားတဲ့
မြန်မာပြည် လျှပ်စစ်မီး ပြဿနာနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ ပြန်ကြားချက်အရ
သိရပါတယ်။
လျှပ်စစ်ဓါတ်အား အလွန်အမင်း ပြတ်တောက်မှုကို မခံစားနိုင်တဲ့
မန္တလေးပြည်သူများက မေ ၂၀ နဲ့ ၂၁ ရက်နေ့များတွင် နှစ်ရက်ဆက်တိုက်
ဆန္ဒထုတ်ဖော်ခဲ့ကြကာ မေ ၂၂ ရက်နေ့မှာလည်း တတိယနေ့အဖြစ် လှုပ်ရှားမှုအနည်းငယ်
ဆက်လက် ဖြစ်ပေါ်ခဲ့ပါတယ်။ မန္တလေးအာဏာပိုင်များက မေ ၂၂ ရက်နေ့
မနက်ပိုင်းတွင် အနည်းဆုံး လူ ၃၀ ထက် မနည်းကို ခေါ်ယူ စစ်မေးခဲ့ပြီး
နောက်ဆုံးသတင်းများအရ အားလုံးကို ပြန်လွှတ်ပေးခဲ့ပြီလို့ သိရပါတယ်။ မေ ၂၂
ရက်နေ့ညနေနဲ့ ညဘက်ပိုင်းမှာ ရန်ကုန်နဲ့ မုံရွာမြို့များတွင်
ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ထိုသို့ လျှပ်စစ်မီး
မလုံလောက်မှုနဲ့ ပတ်သက်တဲ့ မကြေလည်မှုတွေ ရှိနေစဉ်မှာ မြန်မာအစိုးရရဲ့
လျှပ်စစ်ဓါတ်အား ဖြန့်ချိမှုနဲ့ ဆက်နွယ်တဲ့ ပြည်သူလူထုသို့ မေတ္တာရပ်ခံ
ပန်ကြားခြင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
၂၀၁၂၊ မေ ၁၉ ရက်နေ့တွင် ရွှေလီ - မန်စံ ၂၃၀ ကေဗီဓါတ်အားလိုင်း တိုင်အမှတ်
(၇၃၊ ၂၀၆၊ ၂၀၇ နဲ့ ၂၀၈) တို့ မိုင်းခွဲ အချိုးခံခဲ့ရတဲ့အတွက်
ရွှေလီဓါတ်အားပေးစက်ရုံက ထုတ်လုပ်တဲ့ လျှပ်စစ်ဓါတ်အား ပမာဏ ၂၀၀ မဂ္ဂါဝပ်
လျှော့နည်းသွားတဲ့အတွက် မြန်မာနိုင်ငံအတွင်း ဓါတ်အားပေးနိုင်မှု ၁,၁၀၀
မဂ္ဂါဝပ်သာ ကျန်တော့ကြောင်း၊ ဒါ့ကြောင့် နိုင်ငံပိုင် သံမဏိစက်ရုံများ၊
ဘိလပ်မြေစက်ရုံများ၊ ဓါတ်မြေသြဇာစက်ရုံများ၊ လျှပ်စစ်
မြစ်ရေတင်လုပ်ငန်းများနဲ့ ပုဂ္ဂလိက စက်မှုလုပ်ငန်းများရဲ့ ဓါတ်အားသုံးစွဲမှု
၅၀၀ မဂ္ဂါဝပ်ကို ဖြတ်တောက်ကာ အများပြည်သူကိုသာ ဦးစားပေး
ဓါတ်အားပေးနေကြောင်း မြန်မာသတင်းစာတွင် ရေးထားပါတယ်။
မန္တလေးမြို့က စတင်လိုက်တဲ့ လျှပ်စစ်မီး ရရှိရေး ဆန္ဒထုတ်ဖော်မှုတွေဟာ မေ ၂၂
ရက်နေ့တွင် ရန်ကုန်နဲ့ အခြားမြို့များကို ကူးစက်လာကြတာကိုလည်း
တွေ့နေရပါတယ်။ ရန်ကုန်တွင် အလုပ်သမားများရဲ့ ဆန္ဒပြမှုများလည်း ဆက်လက်
ဖြစ်ပေါ်နေတာမို့ ထိုသို့ ဆန္ဒပြမှုများ ကျယ်ပြန့်လာခြင်းဟာ မငြိမ်သက်မှုများ
ဖြစ်ပေါ်စေနိုင်မှုဆီ တွန်းပို့နိုင်ပါတယ်။ ထိုကိစ္စများအား ကျွမ်းကျင်စွာ
ကိုင်တွယ် ဖြေရှင်းမှု မပြုလုပ်နိုင်ရင်လည်း ၁၉၈၈ လူထုအုံကြွမှုပုံစံမျိုး၊
အာရတ်နိုင်ငံတွေရဲ့ မငြိမ်သက်မှုမျိုး ဖြစ်ပေါ်စေနိုင်တာမို့
တာဝန်ရှိသူများအနေနဲ့ ခေါင်းအေးအေးထားပြီး သက်ဆိုင်သူများအားလုံးနဲ့
ဆွေးနွေးကာ ပြဿနာရဲ့ရင်းမြစ်ကို ရှာဖွေ ဖြေရှင်းပါမှ အကျိုးရလဒ်ကောင်းများ
ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
နွေရာသီ လျှပ်စစ်ဓါတ်အား လုံလောက်ရေးအတွက် ရေတိုစီမံချက်အဖြစ်
ဓါတ်အားပေးစက်များ တည်ဆောက်နိုင်ရန် အမေရိကန်ပြည်ထောင်စုက ဂျန်နရယ်
အလက်ထရစ် (General Electric) ကုမ္ပဏီနဲ့ ကက်တာပဲလ်လာ (Caterpillar)
ကုမ္ပဏီများနဲ့ ဆက်သွယ် ဆောင်ရွက်နေကြောင်း၊ ရေရှည် စီမံချက်အဖြစ်
ရန်ကုန်မြို့အနီးတွင် ဂျပန်နိုင်ငံ ဂျေ ပါဝါ (J Power) နဲ့ ဖက်စပ်ပြုလုပ်ကာ
၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ၊
တောင်ကိုရီးယားနိုင်ငံ ဘီကေဘီ (BKB) ကုမ္ပဏီနဲ့ ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀
ထုတ်လုပ်နိုင်မယ့် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန်
စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာသတင်းစာတွင် ရေးသားထားပါတယ်။
လျှပ်စစ်မီး ရရှိရေး ဆန္ဒထုတ်ဖော်နေမှုများတွင် ပြည်သူအများ ထောက်ပြ
ပြောဆိုနေတဲ့ အဓိကအချက်ကတော့ လျှပ်စစ်ဝန်ကြီး ပြောကြားသွားခဲ့တဲ့
လျှပ်စစ်ဓါတ်အားများ သုံးမကုန် ဖြစ်နေလို့ ပြည်ပနိုင်ငံများကို
ရောင်းချနေရတယ်ဆိုတဲ့ အချက်နဲ့ မြန်မာပြည်က သဘာဝဓါတ်ငွေ့နဲ့
လျှပ်စစ်ဓါတ်အားများကို အိမ်နီးချင်းနိုင်ငံများဆီ ရောင်းချနေပြီး
ပြည်သူများကတော့ လျှပ်စစ်မီး မလုံမလောက်တဲ့အချက်များ ဖြစ်ပါတယ်။
အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရဲ့ အစိုးရသတင်းစာပါ ထုတ်ပြန်ချက်တွင်
နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အား တိုးတက်
ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများရဲ့
ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေကြောင်း၊ နွေရာသီတွင်
ဓါတ်အားထုတ်လုပ်နိုင်မှု လျော့နည်းနေခြင်းကြောင့် ပြည်သူလူထုအား အုပ်စု
သုံးစုခွဲ၍ အလှည့်ကျ ဓါတ်အားမျှဝေပေးနေရတဲ့ အခြေအနေကို နားလည်ပေးပါရန်နဲ့
ပြည်သူအားလုံးက လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲခြင်းဖြင့် ပူးပေါင်း
ပါဝင်ပေးရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ကြောင်း ဖော်ပြထားပါတယ်။
No comments:
Post a Comment