Wednesday, May 23, 2012

ဒုတိယမြောက်နေ့ ရန်ကုန် လျှပ်စစ်မီးအရေး ဆန္ဒထုတ်ဖော်




 
Ko Thaw's Photos
ပြည်သူတွေနဲ့တသားထဲရှိနေတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်။
မေလ၂၃ ရက်နေ့ ည ၇း၃၀ အချိန်တွင် စည်းကမ်းရှိစွာဆန္ဒဖေါ်ထုတ်သူများသည်
 ရန်ကုန်မြို့ ဆူးလေဘုရားပေါ်ရှိ ကြာသာပတေး နံထောင့်တွင်စုပေါင်း ဆီးမီးပူဇော်
ကျသည်။

 ဆန္ဒဖေါ်ထုတ်ပွဲတွင်ပါဝင်သူ ၄၀၀ ခန့် လောက်က ဖယောင်းတိုင်းများကိုင်ကာ
ငြိမ်းချမ်းစွာဖေါ်ထုတ်ကျသည်ကို တာဝန်ရှိသူများကလမ်းစည်းကမ်းတကျဖြစ်ရေးကို
ကူညီလျှက်ရှိသည်။ လာရောက်ကြည့်ရှူ့သူ ပရိသတ်များမှာလည်း ၃၀၀ ကျော်ခန့်ရှိသည်
ဟုခန့်မှန်းရသည်။
Myanmar News Now 


  ပေါင်းတည်မြို့ မှပြည်သူများ၏ လျှပ်စစ်မီး ၂၄ နာရီ ရရေးဆန္ဒထုတ်ဖော်  

ပဲခူးတိုင်း ပေါင်းတည်မြို့ မှ လျှပ်စစ်မီး ၂၄ နာရီရရှိရေးအတွက် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်မှု ကို ယနေ့  23-5-2012 နေ့ ည ၇ နာရီတွင် ပေါင်းတည်မြို့ မဈေးကြီးရှေ့မှစတင်လိုက်ပါပြီ...
လူအများ ဆက်လက်ရောက်ရှိကာ ပါဝင်လျှက်ရှိကြောင်းသိရပါသည်။

ပေါင်းတည်မြို့ မှ လျှပ်စစ်မီး ၂၄ နာရီရရှိရေးအတွက် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်မှု ကို ယနေ့  23-5-2012 နေ့ ည ၇ နာရီတွင် ပေါင်းတည်မြို့ မဈေးကြီးရှေ့မှစတင်လိုက်ပါပြီ... လူအများ ဆက်လက်ရောက်ရှိကာ ပါဝင်လျှက်ရှိကြောင်းသိရပါသည်။

By: Ko Chit



ဆူးလေ ဖယောင်းတိုင်ဆန္ဒထုတ်ဖေါ်သူများအား ရဲမှူးကြီးမှ သတိပေးစာပေးအပ်ခဲ့
ည ၈နာရီခွဲ ၊ မေလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

လျှပ်စစ်မီး မှန်မှန်ရရှိရေး ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်သူများ ဒုတိယနေ့ အဖြစ် ဖယောင်းတိုင် မီးမထွန်းညှိမီ အနောက်ပိုင်းခရိုင် ရဲမှူးကြီး မျိုးအောင်က လက်မှတ်ရေးထိုးထားသည့် သတိပေးစာကို ဖယောင်းတိုင် ဆန္ဒထုတ်ဖေါ်ပွဲ ဆော်သြသူ ကိုဟန်ဝင်းအောင်ထံသို့ ပေးအပ်ခဲ့သည်။

စာထဲတွင် လျှပ်စစ်မီးပျက်သည့်ကိစ္စကို နိုင်ငံပိုင်သတင်းစာများမှတဆင့် ပြည်သူလူထုထံ တရားဝင် သတိပေးထားပြီးဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လူ ၅ ဦးထက်ပိုသည့် လူစုဝေးခြင်းကို ဖမ်းဆီးအရေးယူနိုင်ကြောင်း ပါရှိသည်။ စာဖတ်ပြပြီးနောက်တွင် ကိုဟန်ဝင်းအောင်က ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်ရပါမယ်ဟု ဆိုကာ ဖယောင်းတိုင်များ ထွန်းညှိ၍ ဆန္ဒထုတ်ဖေါ်ပွဲ ဒုတိယနေ့ကို စတင်လိုက်ကြသည်။


ယင်းနောက် ဆန္ဒထုတ်ဖေါ်သူများက ဆူးလေဘုရားလမ်းအတိုင်း အနော်ရထာလမ်းဘက်သို့ လျှောက်လာပြီး ဂုံးကျော်တံတားကို ဖြတ်ကျော်ကာ ဆူးလေစေတီဘက်သို့ သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ရာတွင် ဂုံးကျော်တံတား မတက်မီ ရဲတပ်ဖွဲ့ဝင်များက ဒုတိယအကြိမ် တားမြစ်သော်လည်း ကိုဟန်ဝင်းအောင်တို့က မိမိတို့သွားမည့် လမ်းကြောင်းကိုရှင်းပြသည့်နောက် ရဲများက ဂုံးကျော်တံတားအဆင်းဘက်မှ စောင့်၍ လမ်းရှင်းပေးကာ ဆန္ဒထုတ်ဖေါ်သူများကို ထပ်မံတားမြစ်ခြင်း မရှိတော့သည်ကို တွေ့ရှိရသည်။

ယနေ့ ဆန္ဒထုတ်ဖေါ်သူ အရေအတွက်မှာ ယမန်နေ့ထက် ၃ ဆခန့်များပြားကာ စုစုပေါင်း လူ ၃၀၀ ကျော်ရှိမည်ဟု ခန့်မှန်းကြသည်။ ။
Yangon Press International 


မုံရွာမြို့မှာ လျှပ်စစ်မီးရရှိရေးအတွက် ဘာကြောင့် ဆန္ဒပြရတာလဲ  စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တဲ့ မုံရွာမြို့မှာ မေလ ၂၁ရက်နေ့က စတင်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေးဆန္ဒပြမှုဟာ မနေ့က မေလ၂၂ရက်နေ့မှာလဲ ဆက်လက်ဖြစ်ပွားခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါပေမယ့်  လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြရတယ်လို့ပဲသိထားပြီး တကယ့် အစစ်အမှန်အရင်းအမြစ်ကို ဖော်ပြနိုင်ခြင်းမရှိတဲ့အတွက် မသိကြရပါဘူး။ ဒါကြောင့် မနေ့က မေလ၂၂ရက်နေ့ ည ၉နာရီခန့်မှာ စတင်လှည့်လည်ဆန္ဒပြခဲ့တဲ့ ဆန္ဒပြသူများထဲက ဦးဆောင်လှုပ်ရှားသူများကို မေးမြန်းကြည့်ခဲ့ပါတယ်။

“ ကျွန်တော်တို့က မုံရွာ လှည်းတန်းရပ်ကွက်ကပါ။ မီးကလုံးဝမလာတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် လာရင်ခဏလေးပဲလာတယ်။ လုံးဝခဏလေးပဲ။ ဖျတ်ခနဲ လာပြီး ဖျတ်ခနဲပဲပြန်ပြန်ပျက်သွားတယ်။ အဲဒါ တစ်ပတ်ဆယ်ရက်လောက်ရှိနေပြီ။ ကျွန်တော်တို့မှာ တော်တော်အခက်အခဲတွေဖြစ်ပါတယ်။ ဆက်သွယ်ရေးအတွက်ဖုန်းပြောဖို့တောင် မီးမလာလို့ အားမသွင်းရတော့ တခြားမှာသွားပြောရတဲ့အထိပဲ။ တခြားအခက်အခဲတွေဆိုတာတော့မပြောနဲ့တော့။ ဒါကြောင့်ဆန္ဒပြရတာပါ။ ကျွန်တော်တို့က တစ်မြို့လုံးဒီလိုဖြစ်တယ်ဆိုရင်တော့ ဆန္ဒပြစရာအကြောင်းမရှိပါဘူး။ ခုဟာက ကျွန်တော်တို့ တစ်ရပ်ကွက်ထဲဖြစ်နေတာ။ ကျန်တဲ့ရပ်ကွက်တွေအကုန်လာတယ်။ အချိန်ပြည့် နီးပါး လာတယ်။ ကျွန်တော်တို့ရပ်ကွက်ကျမှ ဒီလိုဖြစ်ရလို့ တန်းတူညီမျှအခွင့်အရေးမရတာကြောင့် ဆန္ဒပြတာပါ။”


ဆန္ဒပြသူများဟာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကနေ ည၉နာရီခန့်က စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်လှည့်လည်ပါတယ်။ ပြီး မုံရွာမြို့ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရှေ့က ဖြတ်ပြီး ရုံးကြီးလမ်းကနေ ဗိုလ်ချုပ်ကြေးရုပ်ကို ပြန်ပတ်ပါတယ်။ အဲဒီနောက် သာစည်လမ်း၊ ပြည်ထောင်စုလမ်းတစ်လျှောက်ကနေ လျှပ်စစ်ရုံးရှေ့ကိုသွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်လမ်းတစ်လျှောက်လှည့်လည်စဉ်က ဆန္ဒပြသူဦးရေဟာ လမ်းလျှောက်ဆန္ဒပြသူများ၊ ဆိုင်ကယ်၊စက်ဘီး၊ ကားများနဲ့ဆန္ဒပြသူများအပါအ၀င် လူနှစ်ထောင်ကျော်၊ သုံးထောင်ခန့်ရှိမယ်လို့ ခန့််မှန်းရပါတယ်။ နောက်ဆုံး လျှပ်စစ်ရုံးရှေ့အရောက်မှာတော့ ဆန္ဒပြသူဦးရေ ရှစ်ရာ၊ တစ်ထောင်ခန့်သာ ရှိပါတော့တယ်။ မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းအရတော့ ဆန္ဒပြသူများဟာ လမ်းမှာလူဦးရေပြန်စစ်ဖို့ ကြိုးစားခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ လမ်းတစ်လျှောက်မှာတော့ မြို့ခံပြည်သူလူထုကြီးက ဆန္ဒပြသူများကို နှစ်ထောင်းအားရ ကြိုဆိုဝမ်းမြောက်နေကြတာကိုလည်း တွေ့မြင်ရပါတယ်။ ဆန္ဒပြမှုပြီးဆုံးသွားချိန်ရောက်တော့ ဆယ့်တစ်နာရီခန့်ရှိနေပါပြီ။

ဝေမိုးနိုင် (မုံရွာ)
Myanmar News Now

မုံရွာ ဆန္ဒပြပွဲ မြင်ကွင်း

မုံရွာ ဆန္ဒပြပွဲ မြင်ကွင်း


  ပြည်မြို့ မှာလည်း လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပြီ
ပြည်မြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲ (ဓါတ်ပုံ-ကိုကိုမောင်)
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲကို
ပြည်မြို့၊ မြို့နယ် လျှပ် စစ်ရုံးအရှေ့တွင်၂၂.၅.၂၀၁၂ ယနေ့ ည ၉း၀၀ နာရီ
အချိန်တွင် စတင်ပြုလုပ်ခဲ့ပါတယ်။

အဆိုပါဆန္ဒထုတ်ဖော်မှုမှာ အချိန် ၁၅ မိနစ်တိတိ ကြာမြင့် ခဲ့၍ ဆန္ဒပြထုတ်
ဖော်မှုပြုလုပ်ပြီး နောက် ပြည်မြို့တစ်မြို့လုံးတွင် လျှပ်စစ်မီးများ ပြတ်တောက်
နေခဲ့ ရာမှ မြို့တစ်ဝက်ခန့်ကို ချက်ချင်း လျှပ်စစ်မီး ပြန်လည်ပေးအပ်ခဲ့ ကြောင်း
ပြည်မြို့ ခံတွေ ပြောပြချက်အရသိရပါတယ်။

Myanmar News Now 


  မန်းမဟာအောင်မြေမြို့နယ်ဆန္ဒ ဖော်ထုတ်ပွဲ အားတတိယနေ့အဖြစ်တွေ့ရစဉ် မန်းမဟာအောင်မြေမြို့နယ်၊ မြတောင်တိုက်အနောက်ဘက်ရှိ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးရုံးရှေ့တွင် မီးတုတ်မီး၊ ရေအိုးပေါ်တွင်ဖယောင်းတိုင်များဖြင့်မေ၂၂ည၁၀နာရီက လျှပ်စစ်မီး အပြည်အ၀ရရှိရေး ( ဆန္ဒ) ဖော်ထုတ်ပွဲ အားတတိယနေ့အဖြစ်တွေ့ရစဉ်။
 Popular Myanmar News Journal




  ပေးစရာမရှိလို့ကို မပေးတာပါ၊ မီး ရချင်ရင် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းပါ
ရန်ကုန်- မေ ၂၂
လက်ရှိလျှပ်စစ်မီး ခွဲဝေ ဖြန့်ဖြူးပေးနေမှုအား ၄င်းတို့၏ ရှင်းပြပြောဆိုချက်အပေါ် ကျေနပ်မှု မရှိပါက ပြည်သူကပေးသော ပြစ်ဒဏ်ခံယူသွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးရရှိချိန် အလွန်နည်းပါးနေရာ ယခုရက်ပိုင်းအတွင်း ဒေသအချို့တွင် မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအချို့ရှိနေရာ မေ ၁၉ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က မီဒီယာများအား ဖိတ်ကြားကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”အဲဒီလို ကိစ္စမျိုးတွေဖြစ်မှာစိုး လို့ အခုလိုခေါ်ပြီး ရှင်းတာပါ။ ဒါကို ပြည်သူကို ရှင်းပြပေးပါ။ ရှင်းပြတာမှ လက်မခံရင် ပြည်သူကပေးတဲ့  အပြစ်ဒဏ်ခံယူဖို့ပဲရှိပါတယ်” ဟု မေလ ၁၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့၌ လျှပ်စစ်မီးရရှိ ရေးဆန္ဒ ဖော်ထုတ်မှုအပေါ် ဦးတည်၍ ဦးအောင်ခိုင်က ပြောသည်။


မန္တလေးမြို့၌ မြို့ခံလူထုက မေ ၂ဝ ရက် ည ၇ နာရီခန့်က လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရာ မန္တလေးတိုင်း လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က ယင်းည ၉ နာရီ ကျော်အချိန်ခန့်တွင် အရေးပေါ် စာ နယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ သည်။

မန္တလေးမြို့တွင် ဧပြီလမှစတင် ၍ လျှပ်စစ်မီးများ ဖြတ်တောက်မှုရှိ ခဲ့ရာ မြို့ခံလူထုက လျှပ်စစ်မီး ၂၄ နာရီပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ် မှုအဖြစ် ဖယောင်းတိုင်များ ထွန်း၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကို မန္တလေးတိုင်းလျှပ်စစ်က အရေးပေါ်စာနယ်ဇင်း ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်၍ လျှပ်စစ်မီးရရှိရေး မီးစက် ၁၂ လုံးဖြင့် စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ် ဝန်ကြီးဌာနဝန်ကြီးဒေါက်တာဦးမြင့်ကြူ က ပြောကြားခဲ့သည်။


”မန္တလေးမြို့ လျှပ်စစ်မီး ပိုမိုရရှိဖို့အတွက် ရုံးချုပ်ကို မီးစက်တွေ မှာထားပါတယ်။ ကျွန်မတို့အနေနဲ့ ပေးချင်ပါတယ်။ ပေးစရာမရှိလို့ကို မပေးတာပါ။ မီးရချင်ရင် မိုးနတ် မင်းကြီးကိုသာ ဆုတောင်းပါ” ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောသည်။


ယင်းသို့ လျှပ်စစ်ဓာတ်အား နည်းပါးစွာရရှိမှုမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လွှတ်နိုင်မှု လျော့ကျသွားခြင်းကြောင့်ဟု သက်ဆိုင်ရာဒေသ အသီးသီးက ပြောကြားကြသည်။ သို့သော် ရန်ကုန်မြို့၌ မေ ၁၉ ရက် နံနက် ပိုင်းကပြုလုပ်သော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးမှုကို ခေတ္တလုံးဝရပ်နားထားမည်ဖြစ်ပြီး ထိုသို့ ဖြစ်ရခြင်းမှာ ရွှေလီ-မန်စံ ဓာတ်အားပေး တာဝါတိုင်ကို အကြမ်းဖက်သောင်းကျန်းသူတို့၏ ဖောက်ခွဲ ဖျက်ဆီးခြင်း ခံရ၍ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။


”ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ဗျာ။ အသိသာကြီးပဲ။ ရွှေလီ-မန် စံ ဓာတ်အားလိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ရှိတာ။ သိသာပါတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က လျှပ်စစ်တာဝါတိုင်အား ဖောက်ခွဲသူ မည်သူဖြစ်ကြောင်း မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ခဲ့သည်။


”မြို့ပြင်နဲ့ ကျေးရွာတွေအတွက်  နေ့ခင်းပိုင်းကို လုံးဝဓာတ်အား မပေးတော့ပါဘူး။ ညနေ ၅ နာရီကနေ နောက်တစ်နေ့ နံနက် ၅ နာရီအထိ ကျေးရွာတွေနဲ့ မြို့ပြင်တွေကို မီး ပေးပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီးပေးဝေမှု အခြေအနေကို ပြောပြသည်။


ထိုသို့ ပြောကြားခဲ့သော်လည်း မေ ၂၁ ရက်နေ့က ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားရရှိမှုမှာ ရန်ကုန်မြို့ တွင်း မြို့နယ်အချို့တွင် နေ့ပိုင်း တစ်နေကုန်လျှပ်စစ်မီးမရရှိဘဲ လျှပ်စစ်ဌာနမှ အလှည့်ကျဓာတ်အားပေး ချိန်များတွင် ရရှိမှုမရှိကြောင်း၊ ယင်းအပြင် ရရှိသောမြို့နယ်အချို့၏ လျှပ်စစ်ဓာတ်အားမှာ ဓာတ်အားလွန်စွာ နည်းပါး၍ အိမ်တွင်းမှု လုပ်ငန်းများပင် လုပ်ဆောင်မရကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။


”မိုးလင်းလို့ မိတ္တူဆိုင်ဖွင့်မယ် လုပ်တော့ မီးအားက ၈ဝ ပဲရှိတယ်။ မီးအားမြှင့်စက်နဲ့တောင် တင်လို့မရတော့ ဖောက်သည်တွေကို ပြန်ခိုင်းလိုက်ရတယ်။ မိတ္တူကူးဖို့တောင် အဆင်မပြေဘူး။ ရေစက်ဖွင့်ဖို့ဆို ဝေးပါရော”ဟု စမ်းချောင်း မြို့နယ် အတွင်းရှိ မိတ္တူဆိုင်ရှင်တစ်ဦးက ပြောသည်။


ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အများပြည်သူသို့ လျှပ်စစ်ဓာတ် အားပေးဝေမှုကို မေ ၂၁ ရက်မှ စတင်၍ အုပ်စု ၄ အုပ်စုခွဲကာ တစ်အုပ်စုလျှင် ၆ နာရီကြာ လျှပ်စစ် ဓာတ်အား ဖြတ်တောက်၍ ၁၈ နာရီကြာ ဓာတ်အားဖြန့်ဝေ ပေးသွားမည်ဟု တရားဝင်ထုတ်ပြန်ထားသည်။


ထို့အပြင် ဧပြီ ၂၉ ရက်နေ့က နေပြည်တော်စက်မှုဝန်ကြီးဌာန အဆောက်အအုံ၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လျှပ်စစ်မီး လုံလောက်မှုမရှိသော ရန်ကုန်မြို့အား အမေရိကန် GE ကုမ္ပဏီမှ အခမဲ့ကူညီနေကြောင်း၊ လျှပ်စစ်မီးကိစ္စမှာ နှစ်ပတ်အတွင်းခန့်တွင် ပြေလည်နိုင်ကြောင်း၊ သို့သော် ကတိတစ်ခုအဖြစ် မပေးနိုင်ကြောင်း အဆိုပါနေ့က ပြောကြားခဲ့သည်။


”သိကြားမင်းအစိုးရလိုတော့ ရာနှုန်းပြည့် ပြည်သူကို မလုပ်ပေး နိုင်သေးဘူး။ ဒါပေမဲ့ အတိုင်းအတာ တစ်ခုအထိတော့ ပြည့်မီအောင်လုပ်ပါမယ်” ဟု ထိုစဉ်က လျှပ်စစ် မီးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

ထိုသို့ ပြောကြားပြီး နှစ်ပတ်ကျော်အကြာ မေ ၁၇ ရက်တွင် သုံးခွမြို့၌ ရပ်ကွက် ၁၂ ခုမှ လူ ၃ဝဝ ခန့်က မြို့နယ် EPC ရုံးရှေ့ တွင် ဖယောင်းတိုင်များကိုင်ကာ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မေလ ၂ဝရက်နှင့် ၂၁ ရက်နေ့ ညပိုင်းတို့တွင် မန္တလေးမြို့ ကျုံးနံဘေး၌ လျှပ်စစ်မီး ရရှိရေးဆန္ဒထုတ်ဖော် မှုတွင် လူတစ်သောင်းခန့် ဖယောင်းတိုင်မီးများ ကိုင်ဆောင်ပြုလုပ်ခဲ့ကြကြောင်း မန္တလေးမြို့ခံတို့က ပြောသည်။ ယင်းနောက် မေလ ၂၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့် တွင် မုံရွာမြို့၌ ထောင်ဂဏန်း ရှိသော လူထုက ဖယောင်းတိုင် မီးများထွန်း၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြောင်း သိရသည်။


ထိုသို့  လျှပ်စစ်မီးအချိန်ပြည့် ပြန်လည်ရရှိရေး ဆင့်ကဲဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီးနောက် မေ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှ နိုင်ငံအတွင်း လျှပ်စစ်ဓာတ် အား ပေးဝေမှုနှင့်ပတ်သက်၍ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်သူလူထုသို့ မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။


အဆိုပါ ပန်ကြားချက်တွင် ယခုနှစ် နွေရာသီတွင် ဓာတ်အားထုတ်လွှတ်နိုင်မှု လျော့နည်းနေခြင်းကြောင့် ပြည်သူလူထုအား အုပ်စုသုံးစုခွဲ၍ ဓာတ်အားမျှဝေပေး နေရသောအခြေအနေကို နားလည်ပေးပါရန်နှင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာစွာ သုံးစွဲခြင်းဖြင့် ပူးပေါင်းပါဝင်ရန် မေတ္တာရပ်ခံထားသလို မဂ္ဂါဝပ် ၂ဝဝ ထုတ်လုပ်ပေးနေ သည့် ရွှေလီဓာတ်အားပေးစက်ရုံမှ သွယ်တန်းထားသော ရွှေလီ – မန်စံ ၂၃ဝ ကေဗီဓာတ်အားတိုင် လေးတိုင်အား မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ ပြန် လည်ပြင်ဆင် နေပြီဖြစ်ကြောင်း ဆက်လက်ဖော်ပြ ထားသည်။ ရွှေလီ-မန်စံ မဟာဓာတ် အားလိုင်းရှိ တာဝါတိုင်အမှတ် ၇၃၊ ၂ဝ၆၊ ၂ဝ၇ နှင့် ၂ဝ၈ တို့အား မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။


ထိုသို့ သတင်းစာတွင် ဖော်ပြပါရှိသည့် မေ ၂၂ ရက်ည ၇ နာရီက ရန်ကုန်မြို့တော်ခန်းမအနီး ဆူးလေ ဘုရားတွင် လူ ၆ဝ ခန့်က လျှပ်စစ်မီး ၂၄ နာရီရရှိရေး ဆန္ဒ ထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

”ရေဘူးပေါက်တာ မလိုချင်ပါဘူး။ ရေပါတာပဲ လိုချင်တယ်”ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော်ခန်းမဘေးမှ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် မှုကို စတင်ပြီး ဆူးလေဘုရား တောင်ဘက်မုခ်မှတက်၍ စေတီတော်အား လက်ယာရစ်ပတ်၍ ဗုဒ္ဓဟူးဂြိုဟ်တိုင်တွင် မီးများထွန်းညှိပူဇော်ပြီး နာရီဝက်ကြာ ဆန္ဒ ထုတ်ဖော်မှုကို အဆုံးသတ်ခဲ့သည်။
ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့ 





No comments: