Friday, May 11, 2012

ရှေးဟောင်းယဉ်ကျေးမှုတွေကို ဘယ်လို ထိမ်းသိမ်း ကာကွယ်ကြမလဲ

  ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၅ ခုအား စတင် သတ်မှတ် ပြဋ္ဌာန်း Friday 11th May 2012
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၅ ခုကို ရှေးဟောင်း နေရာ တည်ရှိရာ ဇုန်နဲ့ ကာကွယ် ထိန်းသိမ်း ထားသော ဇုန်များ အဖြစ်
သတ်မှတ် လိုက်ကြောင်း သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို သတ်မှတ် လိုက်ရာမှာ ရှေးဟောင်း နေရာ တည်ရှိရာ ဇုန် AZ အဖြစ် သတ်မှတ်ရာ တိုင်းဒေသကြီး ကတော့ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ် တို့ဖြစ်ပါတယ်။

ကာကွယ် ထိန်းသိမ်း ထားသော ဇုန် PZ အဖြစ် သတ်မှတ် လိုက်တဲ့ နေရာတွေ ကတော့ မြောင်းမြ မြို့နယ်၊ မြောင်းမြ မြို့ဟောင်း၊ လောင်းလုံ မြို့နယ် မြို့ဟောင်း ကျေးရွာ အုပ်စု၊ သာဂရ မြို့ဟောင်း၊ မြောက်ဦး မြို့နယ် ဝေသာလီ ကျေးရွာနဲ့ သလ္လာဝတီ ကျေးရွာ ဝေသာလီ မြို့ဟောင်း၊ ကျောက်တော် မြို့နယ်၊ မဟာမုနိ ကျေးရွာ၊ ဓည၀တီ မြို့ဟောင်းနဲ့ ချောင်းဦး မြို့နယ် အတွင်းရှိ အမြင့်ရွာ ဒေသနှင့် သုံးပန်လှ အနိမ့် ရွာဒေသတို့ပဲ ဖြစ်ပါတယ်။


သတ်မှတ် ပြဋ္ဌာန်း ထားတဲ့ ဇုန်များ အတွင်း အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် များကို ထိခိုက် ပျက်စီး စေမည့် ဆောင်ရွက်မှုများ ဖြစ်တဲ့ လူနေအိမ်ခြေ အပါအ၀င် အဆောက်အအုံ သစ်များ ဆောက်လုပ်ခြင်း၊ ဆည်မြောင်း ကန်များ တူးဖော်ခြင်း၊ ဓာတ်တိုင်များ စိုက်ထူခြင်း၊ တာဝါတိုင် များစိုက်ခြင်း၊ လယ်ယာမြေများ ချဲ့ထွင်ပြီး ထွန်ယက် စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေများ စိုက်ပျိုးခြင်း၊ ခြံစည်းရိုးများ ကာရံခြင်း၊ စက်ရုံ အလုပ်ရုံများ၊ ဟိုတယ်များ တည်ဆောက်ခြင်း၊ မြို့ရွာများ တိုးချဲ့ခြင်း၊ မြေကွက်များ ဖော်ထုတ် နေရာချခြင်း၊ ဓာတ်သတ္တု ပစ္စည်းများ တူးဖော်ခြင်း စသည့် ရှေးဟောင်း နေရာ၊ ဒေသ၏ အသွင်အပြင် ပျက်စီး စေမည့် ဆောင်ရွက်မှုမျိုး မပြုလုပ်ရန် ၁၉၉၈ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေအရ တားမြစ် ကန့်သတ် ထားပါတယ်။


အဆိုပါ ဒေသများ အတွင်း နေထိုင်သော ဒေသခံများ၊ ဌာနဆိုင်ရာများ အနေနဲ့ ယဉ်ကျေးမှု အမွေအနှစ် ဒေသ အတွင်း အထက်ပါ ကိစ္စ တစ်ခုခုကို ပြုလုပ်လိုပါက ယဉ်ကျေးမှု ၀န်ကြီး ဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနသို့ ကြိုတင် တင်ပြ ညှိနှိုင်းပြီး ခွင့်ပြုချက် အရသာ ဆောင်ရွက် ရမည်ဖြစ်ပြီး ခွင့်ပြုချက် မရှိဘဲ ဆောင်ရွက်ပါက တရား ဥပဒေနှင့် အညီ အရေးယူ ခံရမည်ဟု ယဉ်ကျေးမှု ၀န်ကြီး ဌာနက သတင်း ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။

MRTV-4

အေဒီ ၁၄ ရာစုခေတ်က ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်   ဘယ်လဲ ဘာလဲ 
မိုးမခစာဖတ်သူတဦး (ကမာရွတ်)
(မူရင်းဆောင်းပါး - ခိုင်လင်း(မေဃ၀တီ)ကို ဖတ်ရှုပြီး ပြန်လည်ကောက်နုတ်ကိုးကား ရေးသားသည်)
မေ ၁၂၊ ၂၀၁၂
 (ကိုးသောင်းဘုရား၊ မြောက်ဦး၊ ဓာတ်ပုံ - အင်တာနက်)
(ထုပ်ခံသိမ်၊ မြောက်ဦး၊ ဓာတ်ပုံ - အင်တာနက်)

၂၀၁၂ မေလ ၃ ရက်နေ့ က Global Heritage Fund ( ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ) က အာရှတိုက်ထဲမှာ ရှေးဟောင်းယဉ်ကျေးမှု ဆယ်ခုဟာ ပျက်စီးပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်နေရတဲ့အကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ် ။ အဲဒီဆယ်ခုထဲမှာ မြန်မာနိုင်ငံထဲက ရခိုင်အမျိုးသားတွေရဲ့ ရှေ့ ဟောင်းမြို့ တော် မြောက်ဦးမြို့ တော်လည်းပါဝင်ခဲ့ပါတယ် ။ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ အဲဒီကြေငြာချက်ကို သတင်းအဖြစ်ရေးသားခဲ့ပါတယ် ။
နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့ ထုတ်ပြန်ကြေငြာချက်ကို သတင်းအဖြစ် မေလ(၄)ရက်ထုတ်မှာ ပါလာပါတယ် ဆိုသော်လည်း ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ကို မဖော်ပြဘဲ ထိန်ချန်ခဲ့တာတွေ့ ရတယ် ။ နိုင်ငံတော်ပိုင် မီဒီယာတခုဖြစ်တဲ့ ကြေးမုံသတင်းစာက ကိုယ့်နိုင်ငံရဲ့ ရှေးဟောင်းမြို့ တော်တခုကို ဘာကြောင့်ထိန်ချန်ခဲ့ရသလဲလို့ မေးရပါလိမ့်မယ် ။
အဲဒီသတင်းရေးသားချက်ကို မပြောခင် ဒီနေရာမှာ ပြောချင်တာက အဲဒီ ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့က ပြောသလို တကယ်ဘဲ ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ဟာ ပျက်စီး ပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်တွေ့ ကြုံနေပြီလား ။
အဲဒီ အန္တရာယ်တွေက ဘာတွေလဲ စသဖြင့် သုတေသနလုပ်ရပါလိမ့်မယ် ။
အဲဒီ သုတေသနစစ်တမ်းတွေရဲ့ အဖြေတွေအတိုင်း ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဟာ လက်ရှိ အစိုးရသစ်ရဲ့တာဝန်ဖြစ်တယ် ။ တဖက်မှာလည်း နိုင်ငံတော်ပိုင် မီဒီယာဘဲဖြစ်ဖြစ် တသီးပုဂ္ဂလမီဒီယာဘဲဖြစ်ဖြစ် ဒီကိစ္စကို အရှိကို အရှိအတိုင်း သတင်းကို သတင်းအတိုင်း ဖော်ပြသင့်တယ် ။ ထို့ အတူ ထိမ်းသိမ်းကာကွယ်သင့်တဲ့အကြောင်းတွေကို ဆော်သြသင့်တယ် ။
ကိုယ့်ပြည်ထောင်စု နိုင်ငံတော်ထဲက ရှေးဟောင်းအမွေအနှစ်တခုဖြစ်တဲ့ ပြည်ထော်စုတိုင်းရင်းသားတစုရဲ့ ရှေးဟောင်းမြို့ တော်ကို ဖျောက်ဖျက်ဖို့ ကြိုးစားမှုတခုလား။  
ဒီလိုမျိုး ဖျောက်ဖျက် ဖုံးကွယ်မယ်ဆိုရင် ဒီကြိုးစားမှုဟာ "ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး" တနည်းအားဖြင့် "ငြိမ်းချမ်းတည်ငြိမ်တဲ့ စစ်မှန်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး" ကို အဟန့်အတားဖြစ်စေတယ်ဆိုတာကိုတော့ ရဲရဲကြီး ပြောရဲပါတယ် ။
ရခိုင်မဟုတ်တဲ့ ရှမ်း ၊ ကချင် ၊ ကရင် ၊ မွန် ၊ ချင်းစတဲ့ အခြားအမျိုးသားတွေအတွက် နဂိုရှိပြီးသား မယုံကြည်မှုတွေကို ပိုလို သံသယဖြစ်အောင်တွန်းပေးသလိုဖြစ်စေပါလိမ့်မယ် ။  ကာယကံရှင် ကိုယ်တိုင်ဖြစ်တဲ့ ရခိုင်အမျိုးသားတွေ အတွက်ကတော့ ကျားနာကို ဆွပေးလိုက်သလိုမျိုး တနည်းအားဖြင့် လှုပ်နိုးလိုက်သလိုမျိုးဖြစ်စေတာ အမှန်ပါဘဲ ။
ဗမာအမျိုးသားတွေရဲ့ ရှေးဟောင်းမြို့ တော်ဖြစ်တဲ့ ပုဂံနဲ့ နှိုင်းစာရင် ရခိုင်အမျိုးသားတွေရဲ့ ရှေးဟောင်းမြို့ တော်ဖြစ်တဲ့ မြောက်ဦးမြို့တော်ဟာ ခေတ်သစ်မြန်မာနိုင်ငံတော် အုပ်စိုးသူအဆက်ဆက်ရဲ့ ကျဉ်ဖယ်ခြင်း(ဂရုမစိုက်ခြင်း)ကို အစိုးရအဆက်ဆက်ဆီမှာ ခံခဲ့ရပါတယ် ။
ပုဂံကို စာတတန် ပေတဖွဲ့  ဂုဏ်ပြုထောပနာပြုနေကြပြီး ပုဂံကို မပျက်စီးရအောင် အစွမ်းကုန် ထောင့်စုံအောင် မွမ်းမံခြယ်သ ထိမ်းသိမ်း စောင့်ရှောက်နေကြချိန်မှာ ရခိုင်ပြည်က ရှေးဟောင်းမြို့ တော်မြောက်ဦးကိုတော့ ဘယ်လို ဖျက်ဆီးပစ်ရမလဲလို့  မဟာဗျူဟာတွေ ၊ နည်းဗျူးဟာတွေ ရေးဆွဲနေသလားလို့ မေးခွန်းထုတ်ရပါလိမ့်မယ်။
နောက်တချက် မန္တလေးနန်းတော်နဲ့ မြောက်ဦးနန်းတော်ကို နှိုင်းယှဉ်ကြည့်ပါ ။ မန္တလေးနန်းတော်ဟာ သမိုင်းအမွေအနှစ်အဖြစ် ကျန်ခဲ့ပေမယ့် မြောက်ဦးနန်းတော်ကတော့ မရှိတော့ဘူး ။ နောက်ဆုံး နန်းတော်ရဲ့ အုတ်မြစ်တွေကိုပါ တူးဖြိုပစ်မယ့် မဟာဗျူဟာရဲ့ လုပ်ဆောင်ချက်တွေဟာ ကျားနာကို လှုပ်နိုးသလိုဖြစ်ပါလိမ့်မယ် ။
ဘာပဲပြောပြော အဲဒီအဖွဲ့ ရဲ့ အစီရင်ခံစာထဲက ပျက်စီးပျောက်ကွယ်ရမယ့်ဘေးတွေကတော့
(၁) စီးပွားရေးလုပ်ငန်းများ ကျယ်ပြန့် လာခြင်း
(၂) လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှု မရှိခြင်း
(၃) လုယက်ခြင်း
(၄) စစ်မက်ဖြစ်ပွားခြင်း
(၅) ခရီးသွားလုပ်ငန်းတွေကြောင့်လို နားလည်ပါတယ် ။
အာရှတိုက်ထဲက ရှေးဟောင်းအမွေအနှစ်ဆယ်ခုစလုံးကို ယေဘုယျအားဖြင့် ဖျက်ဆီးနိုင်မယ့်ဘေးအန္တရာယ်တွေလို့ သဘောပေါက်ပါတယ် ။
ဒါပေမယ့် မြောက်ဦးမြို့ တော်အနေနဲ့ ကတော့
စီးပွားရေးလုပ်ငန်းများ တိုးတက်လာမှု ၊
လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှုနဲ့
ခရီးသွားလုပ်ငန်းစတဲ့ သုံးခုနဲ့သာ ပတ်သက်ပါလိမ့်မယ် ။
 အထူးသဖြင့်ကတော့ ပြုပြင်ထိမ်းသိမ်းမှုကို မစို့ မပို့ ပြုလုပ်ပေးပြီး ခရီးသွားလုပ်ငန်းဆိုတဲ့ ကိစ္စကိုတော့ လက်ရှိကာလမှာ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်အောက်က တရားဝင်ဖျက်ဆီးပစ်မယ့်စီမံကိန်းလို့ မြင်ပါတယ် ။ ဒီအမြင်အပေါ်မှာ ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေအဖွဲ့  ထောက်ပြတာဖြစ်ပါလိမ့်မယ် ။
စစ်အစိုးရလက်ထက်ကရော လက်ရှိ ဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာပါ ဒေသဖွံ့ ဖြိုးရေးအတွက် ကားလမ်း ရထားလမ်းများဟာ ရခိုင့်ယဉ်ကျေးမှုများ တိမ်ကော ပျက်စီးသွားမယ့် နေရာများကိုသာ ရွေးချယ်ခဲ့ကြတာတွေ့ ရတယ် ။
ကမ္ဘာအမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့  အာရှတိုက်ထဲက စိုးရိမ်စရာဆယ်ခုထဲမှာ ပါဝင်တဲ့ ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ဟာ ပျက်စီးဆုံးရှုံးရမယ့် ဘေးအန္တရာယ်တွေနဲ့  ကြုံတွေ့ နေရခြင်းဟာ သဘာဝဘေးအန္တရာယ်မျိုးမဟုတ်ဘဲ စီမံကိန်းရှိရှိလုပ် ဆောင်နေခြင်းဖြစ်တဲ့အတွက် အဲဒီလုပ်ရပ်တွေကို ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းတွေအနေနဲ့ ဝိုင်းဝန်းဆန့် ကျင်သင့်တယ်လို့ ပြောချင်တယ် ။
 မြောက်ဦးမြို့တော်ရဲ့ စိုးရိမ်စရာအခြေအနေတွေအထဲမှာ ယဉ်ကျေးမှုလက်ရာတွေဖြစ်တဲ့ ကျောက်ဆစ်လက်ရာတွေအပါအ၀င် မြောက်ဦးမြို့တော်ထက် ရှေးကျတဲ့ ဓည၀တီမြို့တော် ဟောင်းနဲ့ ဝေသာလီမြို့တော်ဟောင်းတွေဟာလည်း အသက်ငင်လျက်ရှိပါတယ် ။
 ပြည်ထောင်စုသားအသီးသီးစီရဲ့ ယဉ်ကျေးမှုတွေကို စနစ်တကျ ဖျက်ဆီးခံနေရတာကြောင့်  ရခိုင်အမျိုးသားတွေအပါအ၀င် ပြည်ထောင်စုတိုင်းရင်းသားတွေ အားလုံးကလည်း အမျိုးသားရေးအမြင်အနေနဲ့   ရှေးဟောင်းယဉ်ကျေးမှုတွေကို ဘယ်လို ထိမ်းသိမ်း ကာကွယ်ကြမလဲဆိုတာကတော့ စိန်ခေါ်မှုတရပ်ဖြစ်နေမှာကတော့ သေချာပါလိမ့်မယ် ။  ။

No comments: