အွန်လိုင်းပေါ်မှာ
သိကျွမ်းလာပြီး
နှစ်ဖြာတွယ်ရစ် မိတ်ဆွေတွေဖြစ်
ချစ်ချစ်ခင်ခင်
အမြင်ချင်းညှိ
အသိချင်းဖလှယ်ရာမှ
မိတ်များပင်ကြွယ်လာကြပါသည်။
ဤသို့နှင့်ပင်
အတုမြင် အတတ်သင်
ကောင်းတာတွေဝင်လာသလို
မကောင်းတာတွေလည်းဝင်လာတတ်သည်။
အမြင်ချင်းတူလာပါရင် ပျော်ရွှင်တတ်ပေမယ့်
အမြင်ချင်းကွဲ ခံယူချက်ချင်းလွဲလာပါလျှင်
မခံချင်စိတ် မျိုမသိပ်ဘဲ
ထိုးကြိတ်ဆင်နွှဲ ရန်ဖြစ်ပွဲတွေ
တဖွဲဖွဲပေါ် မလွဲဘဲဆော်
တော်၏မတော်၏
လျှော်ဘိမလျှော်ဘိ
အသိကင်းကွာ ဖြစ်နေပြန်တာ
စိတ်မကောင်းရှာပါ…။
ကောင်းရာကိုတု
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌တည်စေသတည်း တဲ့။
အတုမြင် အတတ်သင်မှားလျှင်
ဆင့်ပွားယိုဖိတ် မခံချင်စိတ်လည်း
လှိမ့်သည့်ဘော်လုံး နှင်းလုံးကြီးလို
စုစည်းမပြေ လိမ့်လေကြီးလေ
အငတ်မပြေသည့် ဆားငန်ရေသို့
သောက်လေ ငတ်လေ
အငတ်မပြေ
အငတ်သံသရာသာ ရှည်လိမ့်မှာ။
စိတ်ကိုထိန်းသိမ်း ဘယ်ညာမယိမ်းဘဲ
ငြိမ်းစေအေးစေ ခံယူလေမှ
မသွေအေးချမ်း စိတ်ရွှင်လန်းမည်။
သူတင်းကိုယ်မာ စစ်ပြိုင်လာလျှင်
ရန်သာဆင့်ပွား ရန်သူများမည်။
သူကိုက်ကိုယ်ရိုက် စစ်ပြိုင်တိုက်လျှင်
ရန်စရိုက်သာ ထပ်တိုးလာမည်။
ရန်ကိုရန်ချင်း မတုံ့နှင်းနှင့်
ရန်ချင်းမပို ရန်မလိုမှ
ရန်ပြိုကျ ပေလိမ့်မည်။
ရန်ဆိုမကောင်း
ရန်မတောင်းမှ
ရန်အပေါင်းမှ ဝေးလိမ့်မည်။
မိတ်ဆွေအပေါင်း
သူတော်ကောင်းတို့
ရန်အပေါင်းမှဝေးပါစေ။
တက္ကသိုလ်ဘုန်းကြွယ်
(မေ ၁၈ ၂၀၁၂)
No comments:
Post a Comment