by Thiha Nwe on Sunday, June 26, 2011 at 6:19am ·
ငယ်ငယ်က
ဥရောပကျွန် တော်လှန်ရေးသမိုင်းမှာ
အဖမ်းခံရတဲ့ ကျွန်သူရဲကောင်းတွေအကြား
' ဘယ်ကောင်လဲ စပါတာကပ် ' လဲလို့ မေးတော့
အားလုံးမတ်မတ်ရပ်ပြီး
ငါပဲ၊ ကျုပ်ပဲ၊ ဒီမှာပဲ ဆိုပြီး
ရင်ကော့ဖြေခဲ့ကြတယ် . . .
ငါ့ငယ်အိမ်မက်ထဲက သူရဲကောင်းတွေလေ
ကြက်သီးတွေ ဖြန်းဖြန်းဝေ အားကျခဲ့ဖူးတယ် . . . ။
အခု အရှင်လတ်လတ်ကြီး မြင်တွေ့ခဲ့ရပြီ . . .
ဒါပေမယ့်
စပါတန်တွေလို ယောက်ျားတွေ မဟုတ်ဘူး
စပါတန်တွေလို လက်နက်တွေ ကိုင်တိုက်ခဲ့သူတွေ မဟုတ်ဘူး
သူတို့ရင်ထဲမှာ ဒုက္ခသစ္စာဒိုင်းနဲ့
သူတို့နှုတ်ဖျားက သံမဏိသွားလို လက်နက်က
“ ကျမတို့မှာ ခေါင်းဆောင်မရှိဘူး . .
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး . .
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး . .
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး . .
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး . .
ဟုတ်ပါရဲ့
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့မှာ ကျမတို့ပဲရှိတယ် . .
ခေါင်းဆောင်မရှိတဲ့ ကျမတို့လေးတွေက
ခေါင်းမရှိတဲ့ လူတွေကို အော်ပြောလိုက်တဲ့ အသံ
ကမ္ဘာကို ခါညံသွားခဲ့တယ် . . . ။
သြော် . .လှိုင်သာယာ . .လှိုင်သာယာ
နာမည်ကလွဲပြီး
ဘာမှ မလှိုင်ခဲ့၊ မသာခဲ့၊ မယာခဲ့နေရာ ။
လှိုင်သာယာဆိုတာ
ကျမတို့ကို ရှိရင်းစွဲနေရာတွေကနေ
ကုန်ထုတ်ခံခဲ့ရတဲ့ နေရာ . .
ကျမတို့ကို ကျူးကျော်ဆိုပြီး
ကျမတို့ဘ၀တွေထဲကို
ခေါင်းမရှိသူတွေ ကျူးကျော်လာပြီး
လှိုင်သာယာဆီကို ပို့ပစ်ခဲ့တာလေ . . . ။
ဒါပေမယ့် ကျမတို့ ရိုးသားခဲ့တယ်
ကျမတို့ သစ္စာမြဲခဲ့တယ်
ကျမတို့ သည်းခံခဲ့တယ် . . . ။
ကျမတို့ နိုင်တဲ့ဝန်
ကျမတို့ စွမ်းတဲ့အားနဲ့
ကျမတို့ဘ၀ကို အစွင့်ဆုံးကားချဲ့ခဲ့တယ် . . . ။
ကျမတို့အားလုံး
လှိုင်သာယာမှာ ပျော်အောင်နေခဲ့ပါတယ် . . . ။
ကျမတို့တတွေ ကျော်အောင်မနေခဲ့ဖူးသလို . .
ကြွားအောင်နေဖို့လည်းဝေး . . . ဝေးလွန်းခဲ့ပါတယ် . . . ။
အဖေ ရှာမလောက်တာကို အမေ ၀င်ကူထောက်ပြီး
မောင်နဲ့ နှမတတွေ
တခွန်တအား စီးဝင်ရုန်းခဲ့ရတဲ့နေရာဟာ
လှိုင်သာယာပါ . . . ။
တစ်နေ့ ၅၀၀ - ၁၀၀၀ ကနေ
တစ်လ ၂၅၀၀၀ - ၃၀၀၀၀ တွေစုဝေးရာ
အောင်မြေဌာနေ လှိုင်သာယာမြေပါ . . . ။
ကျမတို့ရဲ့ဒုက္ခသစ္စာဟာ
တော်လှန်ရေးဂါထာဖြစ်လာတဲ့တစ်နေ့ကျတော့
တာဝန်ယူညှိနှိုင်းပေးတတ်ပုံများ
ကမ္ဘာမှာ ဘုရားတည်၊ ကျောင်းဆောက်နေပါတယ်လို့ အူတတ်တဲ့
ခေါင်းမရှိ လူကြီးမင်းများခမျာ
ပြာပြာသလဲ ခေါဘဏီတပ်ကြီးချီလို့
ဒိုင်းလွှားသေနတ် တကားကားစီလို့
ကျမတို့ဆီ ရောက်လာပုံများ
သူတို့နဲ့ ကျမတို့အကြား ရန်၊ ငါ စည်းများ ခြားထားသလိုလို
ကျမတို့များ လက်နက်ဆွဲကိုင် တော်လှန်နိုင်သလိုလို
ကျမတို့များ ဒေါင်းအလံလွှင့် သူတို့ကို တော်လှန်တတ် သလိုလို
ကျမတို့များ သူတို့အကြောဆွဲစေတတ်တဲ့ ဒီမိုကရေစီ တောင်းနေသလိုလို ….။
ကျမတို့ စုရုံးနေတယ်ဆိုတာ
ရှင်တို့ရှာခဲ့တဲ့ ပြဿနာရဲ့ နောက်ဆက်
ကုန်ဈေးနှုန်းတွေ ပျက်ကုန်လို့
လစာတိုးပေးရေးအတွက်
ကျမတို့အလုပ်ရှင်နဲ့ ဆွေးနွေးနေတာပါရှင် . . . ။
ခေါင်းမရှိတော့ ပြန်မစဉ်းစားနိုင်ထင်ပါ့
ကျမတို့ဘ၀တွေကို လှိုင်သာယာ
ရှင်တို့ ပို့ခဲ့တာကို၊
အထည်ချုပ်တွေ ရှင်တို့ တည်ခဲ့တာကို၊
စက်မှုဇုံတွေ ရှင်တို့ ဆောက်ခဲ့တာကို၊
အရသာက ရှင်တို့လျှာပေါ်မှာ
ဘ၀နာတာက ကျမတို့ပါရှင် . . . ။
အခုကြည့်
အိတ်အိုင်ဗွီရောဂါသည်နဲ့ အဆင်းရဲဆုံး ကလေးငယ်တွေကို
လှိုင်သာယာမှာ မွေးတယ်
(ဒါရှင်တို့နဲ့ မဆိုင်ဘူးလား)
ဒုစရိုက် အထူပြောဆုံးနဲ့ ပျံကျတွေ အပေါဆုံးကို
လှိုင်သာယာမှာ ဖွေးနေတယ်
(အဲဒါ ရှင်တို့နဲ့ တကယ်မဆိုင်ဘူးလား)
ကျမတို့တွေထဲကတချို့
ငတ်လာရင် ဖာခံစားခဲ့ရပေမယ့်
ရှင်တို့လို တိုင်းပြည်ကို လည်ပင်းညှစ် ခိုးမစားခဲ့ဘူး . . . ။
ကျမတို့ရသမျှ လစာငွေဟာ
ထမင်းနပ်မှန်ဖို့ပဲ တွေးနိုင်ခဲ့တာပါ
ရှင်တို့ ခြစ်ကောက်နေတဲ့ အခွန်ဘဏ္ဍာတွေလို
သားမြေးတီတွတ် ၀လင်ရေး၊
နိုင်ငံခြားမှာ ကျောင်းထားရေး၊
စိန်စီလမ်းကို လျှောက်လှမ်းရေးနဲ့
လူသတ်လက်နက်ဝယ်ရေး တွေးတောင်မသိခဲ့ပါဘူး
တကယ့်တခုတည်းပါ
ထမင်းနပ်မှန်ဖို့ဆိုတဲ့ တခုတည်းပါရှင် . . . ။
လူစုစုမြင်ရင် နိုင်ငံရေးလုပ်မယ်ထင်တဲ့
ခေါင်းမရှိတဲ့ ရှင်တို့လိုလူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ
ကျမတို့ဆုံးဖြတ်ချက် ဘာမှမလွဲမှားခဲ့ပါဘူး . .
ကျမတို့ယုံတယ်
ရှင်တို့သာ ရူးနေတာပါ ။
အဲဒီလိုအကျိုးဆက်ကြောင့်
အဲဒီအသီးတွေ သီးခဲ့တယ် . . .။
အဲဒီလမ်းပေါ်မှာ အဲဒီသွေးတွေ မြေကျဖို့
ဘယ်နတ်သိကြားကများ နှစ်လိုပျော်ရွှင်ခဲ့ပါလိမ့် . . .
ကျမတို့တွေးရင်း ကျောစိမ့်ဖူးပေမယ့်
တစ်ခါမှ အမှန်တရားနဲ့ မကင်းကွာခဲ့ပါဘူးရှင့် ။
ဟုတ်မှာပါလေ ….
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး . . . ။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး . . . ။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး . . . ။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး . . . ။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့ အိပ်မက်ထဲမှာ
ကျမတို့ ရင်ဘတ်ထဲမှာ
အဲဒီစကားသံတွေ ဆူညံမြည်ဟည်းနေကြပါတယ်ရှင် . . . ။ ။
ရွက်သစ်
(လှိုင်သာယာဆန္ဒပြပွဲများသို့ ဂုဏ်ပြုရေးဖွဲ့ပါသည်)

No comments:
Post a Comment