Friday, May 18, 2012

ရေမြင့်ပေမဲ့ ကြာမတင့်

ဖြစ်ရပုံများ
၁၉၉၇ ခုနှစ်လောက်က ထင်ပါတယ်။
ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ ကျင်းပပြုလုပ်တဲ့ တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြ အခမ်းအ နားကို ကျနော်တို့  ဟိုင်းကြီးကျွန်း ရေတပ်စခန်းဌာနချုပ် က အရာရှိ/စစ်သည်တွေ သွားရောက် အားဖြည့်ပေးခဲ့ရဖူးပါ တယ်။
အဲဒီမှာ ဒုတိယဗိုလ်မှူးကြီး တဦးက စစ်ရေးပြ စစ်ကြောင်းမှူးလုပ်တယ်။ အဲဒီ ဒုဗိုလ်မှူးကြီးဟာ လူဟန်က ပိန်ပိန်ပါးပါး စစ်ရေးပြ အမိန့်ပေးသံ ကြည်လင်ပြတ်သားမှု ရှိသလို စစ်ဝတ်တန်ဆာ ဝတ်စားဆင်ယင်မှုကလည်း တကယ့်ကို စမတ် ကျကျ၊ သွားလာလှုပ်ရှားတဲ့နေရာမှာ ဖျတ်ဖျတ်လတ်လတ်၊ သူ့ကိုကြည့်ရတာ စစ်သား ကောင်းတဦးရဲ့ ကြန်အင် လက္ခ ဏာနဲ့ ပြည့်စုံတဲ့ပုံမျိုး။
တန်းစီတဲ့နေရာမှာ နောက်ကျရင် အရာရှိ/စစ်သည်မရွေး အပြစ်ပေးတတ်တယ်။ တကြိမ်မှာ အလံကိုင်တပ်ဖွဲ့က အရာရှိ တွေ တန်းစီကွင်းဝင် နောက်ကျတာကို လက်ထောက်မှောက်လုပ်ခိုင်းပြီး အပြစ်ပေးပါတယ်။
ပြီးတော့ ရဲဘော်တွေရှေ့မှာပဲ အဲဒီအရာရှိအဖွဲ့ကို သတိပေးစကားပြောတယ်။ “မင်းတို့လည်း စစ်သား၊ ရဲဘော်တွေလည်း စစ်သား၊ ကိုယ်ချင်းစာတရား ထားပါ.. နေရာတကာ သက်တောင့်သက်သာ မနေချင်နဲ့.. အထူးသဖြင့် မင်းတို့မှတ်ထား ကြ.. အရာရှိဆိုတာ ပါးပိန်ရမယ်.. ဗိုက်ချပ်ရမယ်”…တဲ့။ သူ့ခန္ဓာကိုယ် အချိုးအစားနဲ့ ခိုင်းနှိုင်းပြောဆိုနေသလားတော့ မသိ။
သူနဲ့အတူ တာဝန်မထမ်းဆောင်ဖူးလေတော့ သူ့အကြောင်း ကျနော်တို့သေချာ မသိပါ။ ကျနော်တို့ရှေ့မှာ အဆူခံထိတဲ့ အရာရှိငယ်တွေကတော့ သူ့ကွယ်ရာမှာ သူ့ကို ဂျိုကြည့်ကြည့်ပြီး မြည်တွန်တောက်တီးတာ တွေ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာ အစားရှောင်၊ လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်လျှော့ဖို့ကြိုးစားနေတဲ့ အရာရှိတွေကို မြင်တိုင်း “အရာရှိဆိုတာ ပါးပိန်ရမယ်.. ဗိုက်ချပ်ရမယ်” စကားသံကို ကျနော် ကြားယောင်မိ စမြဲ။
လူတယောက် ဝင်ငွေလေးအဆင်ပြေလို့ အရင်ကထက်ပိုပြီး ဝဝဖြိုးဖြိုး ဖြစ်လာတာတွေ့ရရင် “လှလို့ဝလို့ပါလား” ဆိုပြီး ခပ်မြှောက်မြှောက်လေး ပြောတာတွေရှိသလို  “အဆီရစ်နေပြီ” လို့ ခပ်နှိမ်နှိမ် ပြောတာလည်း ကြုံရတတ်ပါတယ်။ ခန္ဓာ ကိုယ် ဝဖြိုးစိုပြေခြင်းဟာ လုပ်ငန်းဌာနအဆင်ပြေ ကောင်းမွန်ခြင်း “အမှတ်လက္ခဏာ” ကို ဆောင်သလိုလို။
အများစုအနေအထားကလည်း အဲဒီလိုဖြစ်နေတာကိုး။ ဒါပေမဲ့ ဝင်ငွေတွေ ဘယ်လောက်ကောင်းကောင်း ရာထူး အရှိန်အ ဝါ ဘယ်လောက်တိုးတိုး “ရေမြင့်ကြာမြင့်” လိုက်ဘက်ညီ တိုးတက်ဖို့ ခဲယဉ်းတာက “လူ့ဂုဏ်သိက္ခာ” တရား..။
လူတယောက်အတွက် ခန္ဓာကိုယ် ပိန်ခြင်း၊ ဝခြင်းထက် ဂုဏ်သိက္ခာ အရောင်လက်ခြင်း၊မွဲခြင်းက ပိုအရေးမကြီးပါလား။
……………………………………
……………………………………………
တလောက သစ်ထူးလွင် ဝက်ဆိုဒ်မှာ တင်ထားတဲ့ ဆောင်းပါးတပုဒ်ကို မိတ်ဆွေတဦး ရှယ်ပေးလို့ ဖတ်လိုက်ရပါတယ်။ ကာကွယ်ရေးဦးစီးချုပ် (ရေ) မိသားစုရဲ့ မတော်မတရား လုပ်မှုတွေအကြောင်း ဖွင့်ချထားတဲ့ စာပါ။ ဆောင်းပါးကို ဖတ်ပြီး ချိန်မှာ ကျနော့်စိတ်ထဲ ယုံ၏ မယုံ၏ သံသယတဝက်နဲ့ပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်သိထားတဲ့ ဗိုလ်မှူးကြီး ဉာဏ်ထွန်းက ဒီဆောင်းပါးထဲမှာ ရေးထားတဲ့အတိုင်း ကိုယ်ကျိုးကြည့် မောက်မာမယ့်လူ မဟုတ်ဘူးလို့ မှတ်ယူထားမိလို့ ပါ။
ဒါနဲ့ လူကြီးအသိုင်းအဝိုင်းမှာ အတော်အတန်ဝင်ဆံ့တဲ့ မိတ်ဆွေကြီးတချို့ကို ထပ်မံ စုံစမ်းကြည့်တော့မှ ဟုတ်မှန်ကြောင်း အတည်ပြုချက်ကို ရပါတော့တယ်။ ဗိုလ်ချုပ်ဥာဏ်ထွန်းရဲ့ သားတယောက်ဟာ အတော့်ကို နာမည်ဆိုးထွက်နေတယ်လို့ လည်း သိရပါတယ်။ ပြီးတော့ လူကြီးတွေ နာမည်ပျက်ရတဲ့ အကြောင်းရင်းထဲမှာ မိသားစုဝင်တွေရဲ့ လောဘရမက် ငန်း ငန်းတက်မှုက အရေးပါတယ်လို့ နောက်ဆက်တွဲ မှတ်ချက်ပေးပါတယ်။
ခုနောက်ပိုင်း တပ်မတော်ထဲမှာ ပြောနေကျ စကားတခု။ “ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကို ပြောလိုက်ပါ.. ပုဒ်မ(၈၇၀) ကို နောကျေအောင် အရင်လေ့လာထား” တဲ့။
ပုဒ်မ (၈၇၀) ဆိုတာ ဂရဝ (ဂါရဝ တရား) ကို ဆိုလိုတာပါ။ ၃၈ ဖြာမင်္ဂလာ တရားတော်ထဲက “ဂါရဝေါစ.. နိဝါတောစ” လာ ရိုသေလေးစားထိုက်သူကို “ဂါရဝ” ထား ဆက်ဆံတာက မင်္ဂလာတရားနဲ့ ညီပါတယ်။ သိက္ခာရှိတဲ့ လူကြီးတွေဟာ “ဂါရဝ တရား” ကို သတိထား လက်ခံလေ့ရှိပါတယ်။
ဒါပေမဲ့ အပြန်အလှန် မမှန်ကန်တဲ့ အကျိုးစီးပွားတွေဖြစ်ထွန်းဖို့ “ဂါရဝ တရား” နဲ့ တံတားထိုးကြသူတွေ အဖို့တော့ ရလေ လိုလေ အိုတစ္ဆေ ဖြစ်လာကြကုန်ရော… တချို့လည်း အစကတော့ ရိုးရိုးလေး နောက်မှ အရူးအမဲသား ကျွေးမိသလို ဖြစ် သွားတာ…။
“ဂါရဝ တရား” ဆိုတဲ့ နေရာမှာလည်း လေဒီတွေ တန်ခိုးထွားတဲ့ ခေတ်မို့ “လေဒီဂါဂါ” ရဲ့ အခန်းကဏ္ဍက အရေးပါလာ ပြန်တယ်။ လူတွေ ပြောပြောနေတဲ့ Lady First (လေဒီကို ဂါဂါလုပ်တတ်မှ) ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပေါက်တာ များ တယ်မို့လား။
ဒီနေရာမှာ သင်္ဘောစီအို တယောက် ပြောခဲ့ဖူးတာကို အမှတ်ရမိလို့ပါ.. “စစ်တပ်ထဲမှာ လူကြီးအတော်များများ ဟာ ရာ ထူးကြီးလေ မိန်းမကြောက်လေပဲ” တဲ့။ (သူပြောဆိုသုံးနှုန်းခဲ့တဲ့ မူရင်းစကားက ပိုပြီး နင့်သီးပါတယ်) ရဗစမှူး တဦးနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။
ရုံးပိတ်ရက် တရက်မှာ ဗျူဟာစစ်ရေယာဉ်စုမှူး မိသားစု နေအိမ်ပြောင်းပါတယ်။ အဲဒီအချိန်မှာ ခုနစီအိုရဲ့ သင်္ဘော ရပစ (တန်-၄၀၀) လွန်းကျင်းမှာ ဒေါက်တင်ပြင်ဆင်နေချိန်ဆိုတော့ သူ့သင်္ဘောမှာရှိတဲ့ စစ်သည် (၁၀) ဦးကို အရံသင့်ပဲ လုပ် အားပေးခေါ်သွားတယ်။ အိမ်ထောင်ပစ္စည်း ပရိဘောဂတွေကို တပ်က FAW ကားကြီးနဲ့ ခေါက်ကယ်ပြန်ကယ် သယ် လိုက်တာ.. နေ့လည် (၂) နာရီလောက်မှ ပြီးပါတယ်။
လုပ်အားပေးရာက ပြန်ရောက်လာတဲ့ စစ်သည်တွေ သင်္ဘောမှာချက်ထားတဲ့ ထမင်းအိုးကို အလုအယက် နှိုက်နေတာ တွေ့ရလို့  စီအိုက “မင်းတို့ ထမင်းမစားရသေးဘူးလား” မေးတော့ “စီအိုရယ်… ထမင်းကျွေး ဖို့နေနေသာသာ ဗျူဟာမှူး ကတော်က ရေတောင် ဝဝတိုက်ချင်တာမဟုတ်ဘူး” လို့ တပည့်တွေက ပြန်ဖြေ ကြတဲ့အခါ သူ့စိတ်ထဲမှာ မကောင်းနိုင်။ လူ ၁၀ ယောက်စာ ထမင်းစရိတ် သူ့အိပ်ထဲက ကျခံပြီး နီးစပ်ရာ ထမင်းဆိုင် ကို လွှတ်လိုက်ရတယ် တဲ့။ ဖြစ်ပုံ..ဖြစ်ပုံ..။
အဲဒီဗျူဟာမှူးရဲ့ စီအို…အဲ.. မိန်းမဟာ ဂွင်ဖန်တဲ့နေရာမှာ အတော်နာမည်ကြီးတယ်။ အောက်ဂွင်ဘက်ကို သင်္ဘောတစီး ထွက်တော့မယ်လို့ သတင်းထွက်ရင် သူ့အတွက် လာဘ်ရွှင်ပြီပေါ့။ သင်္ဘောမှာ ခရီးတခေါက် တွဲဘက်ချင်သူတွေ ဗျူဟာ မှူး အိမ်ခြံစည်းရိုးနားမှာ ရစ်သီ ရစ်သီ လုပ်နေကြတယ်။ ဗျူဟာမှူးကို တွေ့ချင်လို့တော့ မဟုတ်။
ကျနော် ပင်လယ်ပြင်ခရီး စလိုက်တဲ့အခေါက်မှာ ခရီးမထွက်ခင် တညကြိုပြီး သင်္ဘောမှာ သွားအိပ်ရပါတယ်။ ညသန်း ခေါင်လောက် အချိန်ကျမှ ဆက်သွယ်ရေးတပ်သား အလုပ်များရတယ်။ ရေယာဉ်မှာ ပင်လယ်ပြင်ခရီး တခေါက်တွဲဘက် မယ့် စစ်သည်စာရင်းကို ဗျူဟာရုံးက အဆက်မပြတ်ပို့ပေးနေတာ။ ဗျူဟာမှူးရဲ့ နှုတ်မိန့်။ မနက်ဖြန် မနက်မှ တရားဝင် ကြေးနန်း ပို့မယ်တဲ့။
နောက်နေ့မနက် သင်္ဘောထွက်ခါနီးကျမှ ညက စာရင်းပေးထားတဲ့ စစ်သည်တွေ သမ္ဘာန်လေးတွေကိုယ်စီနဲ့ ရောက်လာ ကြတယ်။ သင်္ဘောထွက်ပြီး မကြာပါဘူး… သူတို့ထဲက တယောက် ညည်းတွားသံထွက်လာတယ်။ “လခွီးတဲ့မှ..တညလုံး မအိပ်ရသေးဘူး..ခုမှ အိပ်ချင်လာပြီ”
“ဘာတွေလုပ်နေလို့လဲ..”
“ညက ဗျူဟာမှူးအိမ်သွားတာလေ.. အဖွားကြီး အပြင်သွားနေလို့ ခြံရှေ့လမ်းပေါ်မှာ ထိုင်စောင့်နေရတယ်.. သန်းခေါင် လောက်မှ အဖွားကြီးပြန်ရောက်လာလို့  သူတို့အိမ် အကူရဲဘော်ကတဆင့် တွေ့ခွင့်တောင်းရတာ။ ကိစ္စဝိစ္စ ပြောဆိုပြီး အိမ်ပြန်ရောက်တော့ အဝတ်အစားထည့် လိုအပ်တာစီစဉ်နဲ့ မိုးလင်းသွားရော…”
သူတို့တတွေ “လေဒီ ဂါဂါ” လုပ်ခဲ့ရတဲ့ ပမာဏက ငွေသား ပုံးလိုက်။ ပင်လယ်ပြင်မှာ ရေယာဉ် စစ်ဆင်ရေးရလဒ် ဘဲဥ မ ကွဲမချင်း ဒီကောင်တွေ သက်ပြင်း တချချနဲ့။ အောက်ခြေအဆင့် သင်္ဘောတခေါက်လိုက်ရဖို့ အရေးမှာတောင် ဒီလောက် ဖြစ်နေတာ… အထက်ပိုင်း ဌာနအပြောင်းအရွှေ့တွေ ဆိုရင်…….
………………………………
………………………………………….
ဟိုင်းကြီးကျွန်းမှာ ကျွန်တော်တာဝန်ကျတုန်းကလည်း အုပ်ချုပ်ရေးတပ်မှူးရဲ့ ကတော်ဟာ ဟိုင်းကြီးရွာထဲကို ရောက်ရင် ဈေးထဲကဆိုင်တွေမှာ သူလိုချင်တဲ့ ပစ္စည်းကို လက်ညှိုးထိုးယူသွားတာပဲ.. သူ့နောက်မှာ ရေကင်း လုံခြုံရေးတာဝန်ခံက တကောက်ကောက်လိုက်ပြီး သူယူသွားသမျှ ဒိုင်ခံငွေရှင်းပေးရတယ်။ အဝတ်အစားနဲ့ အသုံးအဆောင် ပစ္စည်းတွေသာ မက တခါတရံမှာ ရွှေတိုရွှေစလေးတွေပါ.. ယူသွားတတ်တာ။
ဘုရားပန်းကို နေ့စဉ် အသစ်လဲတယ် ဆိုပဲ။ (အမှန်တကယ် ဘာသာရေးကြည်ညိုတာ ဟုတ်မဟုတ် ပြောဖို့ ခက်ပေမယ့် အလကားရလို့ လုပ်နေတာတော့ သေချာတယ်) နောက်ဆုံးတော့ ရေကင်းလုံခြုံရေးက ဖြတ်သွားတဲ့ လှေမှန်သမျှ မလွတ်တမ်းတောင်း… အုပ်ချုပ်ရေးတပ်မှူးလည်း နာမည်ပျက်…။
ဒီတော့ ဝိဓူရ အမတ်ကြီးရဲ့ ဆုံးမစကား လေးခုထဲက တခုကို အထူးသတိပြု လိုက်နာစေချင်ပါတယ်။
သတင်းစီးဆင်းလည်ပတ်မှုတွေ တအားမြန်ဆန်နေတဲ့ အင်တာနက်ခေတ်မှာ မြန်မာပြည်ရဲ့ အပြောင်းအလဲတွေလည်း ဖြစ်နေချိန်ဆိုတော့ ရေမြင့်ကြာမြင့် ဂုဏ်သရေတင့်သူတွေသာ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ နာမည်ကောင်း မှတ်တမ်း တင်ကျန်ရစ် ပါလိမ့်မယ်။
နေမင်းသူ
၁၇-၅-၂၀၁၂

No comments: