Friday, May 18, 2012

အိပ်မက်ထဲက နတ်ဒေဝီ

ကျွန်ုပ်တို့သာသနာတော်၌ နိုင်ငံ တဝှမ်းလုံးမှ သံဃာတော်များ ဝင်ရောက်ဖြေဆိုသည့် စာမေးပွဲကြီးတခုရှိ၏။ နိုင်ငံ တော်အစိုးရ အဆက်ဆက်က ကြီးမှူးကျင်းပခဲ့သော စာမေးပွဲကြီး ဖြစ်၏။ ဓမ္မာစရိယနှင့် ပထမပြန် စာမေးပွဲကြီးဟု ထင် ရှား၏။ ပထမပြန်စားမေးပွဲသည် အခြေခံအဆင့်ဖြစ်ပြီး ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းဟူ၍ သုံးဆင့်ရှိ ၏။ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းဟု လူသိများ၏။ အကြီးတန်း အောင်ပြီးလျှင် ဓမ္မာစရိယတန်း တက်ရ၏။ ဓမ္မစရိယတန်း ဆိုသည်မှာ (ဓမ္မ- တရားစာပေ၊ အာစရိယ- ပို့ချသူဆရာ) စာချဆရာဖြစ်အတန်း(စာချတန်း) ဟု အဓိပ္ပါယ် ရ၏။ ဓမ္မာစရိယ (စာချ)တန်း၌ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍ ကျမ်းရင်းသုံးကျမ်း ပြဌာန်းထားရာ တကျမ်းအောင်လျှင် တကျမ်းမှတ်သားထားပြီး သုံးကျမ်းလုံးအောင်မြင်မှ ဓမ္မာစရိယတန်း အောင်လေသည်။ ဓမ္မာစရိယတန်းအောင်လျှင် နိုင်ငံတော်က သာသနဓဇ ဓမ္မာစရိယဘွဲ့ ချီးမြှင့်၏။ သာသနဓဇ- သာသနာ့တံခွန်၊ ဓမ္မာစရိယ- စာချဆရာ၊ သာသန ဓဇဓမ္မာစရိယ- သာသနာ့တံခွန် စာချဆရာဟု အဓိပ္ပါယ်ရ၏။
“ဓမ္မာစရိယ သရုပ်ခွဲ”
ဓမ္မာစရိယအောင်ပြီးသူများတွင် မိခင်စာသင်တိုက်သို့ စာပြန်ချသူများလည်း ရှိလေသည်။ ဥပမာ= ကျောက်ဆည်မြို့မှ အကြီးတန်းအောင်ပြီး မန္တလေးသို့ ဓမ္မာစရိယတန်း လာတက်သည့် စာသင်သားများသည် ဓမ္မာစရိယဘွဲ့ ရသည့်အခါ မိခင်စာသင်တိုက်ဖြစ်သည့် ကျောက်ဆည်မြို့သို့ ပြန်လည်စာချကြခြင်းမျိုး ဖြစ်လေသည်။
ရိပ်သာကြွ၍ တရားစခန်းဝင်ပြီး တရားဟောဆရာ၊ တရားပြဆရာအဖြစ် ပဋိပတ်သာသနာပြုသူများလည်း ရှိလေသည်။ ဥပမာ= မဟာစည်ရိပ်သာကြီးသို့ ကြွရောက်တရားထိုင်သည်၊ ဉာဏ်စဉ်နာသည်၊ အဖွဲ့ကရွေးချယ်သည်၊ တရားဝင်ရင်း တစ်ဝါဆိုရသည်။ ပရိသတ်ရှ့မှာ အစမ်းတရားဟောပြီး ရွယ်ချယ်ခံရသည်။ ထို့နောက် ဆိုင်ရာရိပ်သာကြွ၍ ဝန်ဆောင် ဆရာတော် အဖြစ်လည်းကောင်း၊ နယ်လှည့်ဓမ္မကထိက အဖြစ်လည်းကောင်း၊ ရိပ်သာကြီးမှာပင် အမြဲနေအဆောင်မှူး အဖြစ်လည်ကောင်း ဆောင်ရွက်သာသနာပြုခြင်းမျိုး ဖြစ်၏။

ကျောင်းထိုင်သူများလည်း ရှိလေ၏။ ဓမ္မာစရိယ အောင်ပြီးသည့်အခါ အသက်အရွယ်အားဖြင့် ကျောင်းထိုင်ချိန်လည်း ရောက်ရှိနေ၊ ကျောင်းထိုင်လိုစိတ်လည်း ပေါ်ပေါက်နေ၊ ကျောင်းထိုင်ပင့်မည့်သူများလည်း အရန်သင့်ရှိနေ၍ ကျောင်းထိုင် သာသနာ ပြုများဖြစ်လေသည်။
အချို့မှာ အသက်အရွယ် ငယ်ရွယ်သေး၍ ဓမ္မာစရိယဘွဲ့မျှဖြင့် အားမရသေးဘဲ အဆင့်မြင့် စားမေးပွဲများ တိပိဋကဓရ စာ မေးပွဲများသို့ ဝင်ရောက်ဖြေဆိုကြလေသည်။ ဆဋ္ဌမမြောက် တိပိဋကဓရ ရေစကြိုဆရာတော် ဦးဝါယာမိန္ဒ မှစ၍ နောက် ပေါ် တိပိဋကများသည် ဓမ္မာစရိယအောင်ပြီး တိပိဋကဝင်ဖြေခဲ့ကြသည့် ဆရာတော်များ ဖြစ်၏။
အချို့မှာ လောကီလောကုတ္တရာ စွယ်စုံရ နှစ်ဖက်လှ၊ နှစ်ဖက်မြင် ပညာရှင်များအဖြစ် ရပ်တည်သာသနာပြုလို၍ BA-MA စသော ဘွဲ့ဒီဂရီများ ရရှိဖို့ ပြည်တွင်းပြည်ပရှိ တက္ကသိုလ်အသီးသီးသို့ ဝင်ရောက်ဖြေဆိုကြလေသည်။ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် မဟာစည်ရိပ်သာမှ နိုင်ငံခြားသာသနာပြု ဆရာတော်ဦးဓမ္မပိယ(Ph.D)စသည့် ဆရာ တော်များသည် လောကမျက်လုံး၊ ဓမ္မမျက်လုံး ပိုင်ရှင်များအဖြစ် နှစ်ဖက်မြင်၊ နှစ်ဖက်လှ သာသနာပြုနေကြသူများ ဖြစ် လေသည်။
ကျန်ပုဂ္ဂိုလ်များမှာ မိခင်စာသင်တိုက်သို့လည်း ပြန်စရာမရှိ၊ စာသင်တိုက်ကြီးများမှာလည်း စာချဆရာပြည့်စုံနေ၍ နေရာ မရ၊ အရာမရောက် တိပိဋကလည်းဆက်မလုပ်ချင်၊ ရိပ်သာလည်းမကြွချင်၊ ကျောင်းလည်းမထိုင်ချင်၊ ထိုင်ချင်သော်လည်း ကျောင်းမရှိ၍ ဝေလေလေ၊ ဝါးတားတား အလုပ်လက်မဲ့များ ဖြစ်နေကြလေသည်။ ကွန်ပျူတာသင်တန်း တက်သော် လည်း မတတ်မြောက်၊ အင်္ဂလိပ် သင်တန်းတက်သော်လည်း မတတ်တခေါက်နှင့်သာ ဟိုမရောက်ဒီမရောက် ဖြစ်နေကြ လေသည်။ ထိုသို့ ဟိုမရောက်ဒီမရောက် ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များသည် (၆၀) ရာခိုင်းနှုန်းခန့် ရှိလေသည်။
၎င်းတို့သည် အင်္ဂလိပ်စာလည်း ဖြစ်မြောက်အောင် မသင်ကြ၊ ကွန်ပျူတာသင်တန်းတက်သော်လည်း လေ့ကျင့်ခွင့်မရ၍ ဗဟုဿုတလောက်သာ အတွေ့အကြုံယူကြလေသည်။ မြန်မာပြည်၌ နှစ်စဉ်ဓမ္မာစရိယ ပုဂ္ဂိုလ်များ ရာချီထောင်ချီ တိုး ပွားနေရာ၊ ထိုဓမ္မာစရိယများအတွက် အနီးကပ်လမ်းညွှန်မည့် သာသနာပြုသင်တန်းများ ပေါ်ပေါက်သင့်ပေပြီ။ ဓမ္မာစရိယ များ အလုပ်လက်မဲ့ဘဝဖြင့် ပျက်စီးကြ၊ လူဝတ်လဲသွားကြနှင့် သာသနာတော်၌ အင်းအားများစွာ ဆုံးရှုံးနစ်နာ ရလေ သည်။ ကျောင်းထိုင်သင့်သည့် အရွယ်ရောက် ရဟန်းတော်များမှာလည်း ကျောင်းမထိုင်ဘဲ မြို့မှာပင် သောင်တင်နေကြ လေသည်။
ထိုသူတို့သည် ၎င်းတို့ရရှိထားသည့် ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ကို ဆွမ်းစားလက်မှတ်အဖြစ်၊ အလှူခံလက် မှတ်အဖြစ်၊ အငြိမ်းစားလက်မှတ်အဖြစ်၊ (အခွင့်ထူးခံဘွဲ့တံဆိပ်) အခွင့်ထူးခံလူတန်းစား လက်မှတ်အဖြစ် မှတ်ထင်နေကြ လေသည်။ ၎င်းတို့သည် ကျေးရွာသားများဖြစ်ရာ ကျေးရွာရှိဒကာ/ဒကာမများက အထင်ကြီးကြ၊ လေးစားကြ၊ ကြည်ညို ကြလေသည်။ မြို့ပေါ်အခြေချနေထိုင်သည့် စီးပွားရေးသမား၊ ကျေးရွာသားများကလည်း ဒေသသံယောဇဉ်ဖြင့် ကိုးကွယ် ဆည်းကပ်ကြလေသည်။ ထို့ကြောင့် ဓမ္မာစရိယ ဘွဲ့တံဆိပ်သည် သာသနာအတွက် အကျိုးမများသော်လည်း သူတို့အ တွက် အကျိုးများလေသည်။
“အရံလူများ”
အချို့မှာ ကျောင်းထိုင်သင့်ပါလျက် ကျောင်းမထိုင်ဘဲ ချေးများနေကြ၊ ကျောင်းရွေးနေကြလေသည်။ အသင်းငယ်လေး များမှာ ခြေစွမ်းပြရင်း ရပ်ရွာဂုဏ်ဆောင်ထိုက်ပါလျက် အသင်းကြီးများ၏ အရံထိုင်ခုံမှာ ကိုယ့်အင်အားကို ကိုယ်အလဟ ဿ ဖြုန်းတီးနေကြလေသည်။ အရံထိုင်ခုံမှာ ထိုင်ခြင်းဖြင့် ကိုယ့်အစွမ်းအစလည်း ပြခွင့်မရ၊ နိုင်ငံ့ဂုဏ်လည်း မဆောင် နိုင်ဘဲ ကိုယ့်အင်အားများ ဆုံးရှုံးပြီး ကိုယ့်အရည်အချင်းများ အရောင်မတောက်တော့ပေ။ ထိုသူတို့သည် (၉၈) ကမ္ဘာ့ ဖလား၌ ဘရားဇီးအသင်းမှဈေးအကြီးဆုံး အရံလူ ဒီနယ်လ်ဆင်လို ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။ အရံထိုင်ခုံမှာပင် ဘ၀ သေနေကြသူများသာတည်း။ ရိုနယ်ဒိုလို၊ ရိုနယ်ဒင်ဟိုလို၊ ဇီဒန်းလို အသင်းကြီးများ၌ ခြေစွမ်းပြခွင့်ရလျှင်ကား အလွန့် အ လွန် ကောင်းမြတ်ပါပေ၏။
“ရာဇပလ္လင်ဖင်ကပ်ပါလာသူ”
အချို့ဓမ္မာစရိယများမှာ ကျောင်းထိုင်ပင့်သူ ရှိပါလျက် ကျောင်းရွေးနေကြပေသည်။ သူတို့စုံးစမ်းသည်မှာ “လျှပ်စစ်မီးရရဲ့ လား၊ မီတာရရဲ့လား၊ အပေါ်စက်အောက်စက် ရှိပါရဲ့လား၊ ရွာနေအိမ်ခြေ ပေါများပါရဲ့လား” ဟူ၍ ဖြစ်လေသည်။ သာ သနာပြု ရဟန်းတော်ဆိုသည်မှာ နေရာဒေသနှင့် လုပ်ပိုင်ခွင့်ကိုသာ ကြည့်ရှုရမည်ဖြစ်ပါလျက် မိန်းမတင်တောင်းသလို အလိုက်ပေး၍ ကျောင်းထိုင်ပင့်ရမည့်သဘောမျိုး ပြောဆိုကြလေသည်။ လျှပ်စစ်မီးမရသေးလျှင် ရအောင်လုပ်ရမည်။ မှောင်နေလျှင် လင်းအောင်လုပ်ရမည်။ မရှိသေးသည်ကို ရှိအောင်လုပ်ရမည် ဖြစ်လေသည်။ ဘဝကို သုညမှ စခဲ့သူ အီဗ ရာဟင်လင်ကွန်းလို သမတမျိုးနှင့် ရာဇပလ္လင်ဖင်ကပ်ပါလာသူ သီပေါမင်းလိုရှင်ဘုရင်တို့အနက် အဘယ်သူသည် ရာဇ ဝင်ပြောင်လေသနည်း၊ အဘယ်သူကို ပိုချစ်ကြသနည်း၊ အဘယ်သူသာ တိုင်းပြည်အတွက် ကျေးဇူးများသနည်း၊ စော ကြောဖို့ရန် လိုအပ်ပါလေ၏။ ရှေးဆရာတော်ကြီးများသည် ဘဝကိုသုညမှ စခဲ့သူများ ဖြစ်ကြလေသည်။ လယ်တီဆရာ တော်၊ မဟာစည် ဆရာတော်၊ တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်တို့သည် ဘဝကို သုညမှစတင်ခဲ့ရာ၌ ထင်ရှားလေ သည်။ မည်မျှပင် ဝေးလံသီခေါင်ပါစေ မိမိအရည်အချင်းရှိလျှင် မိမိစွမ်းဆောင်ရည် မြင့်မားလျှင် မိမိဘက်က ပေးဆပ်ရ မည့် အရင်းအနှီးထက် သာလွန်သည့် အသီးအပွင့် အကျိုးအမြတ်များကို ရရှိမည်မှာ အမှန်ပင်။
အမေရိကန်လူမည်းခေါင်းဆောင်များဖြစ်သည့် ဂျော့ဝါရှင်တန်ကာဗာ၊ ဘွတ်ကာတီဝါရှင်တန်နှင့် ပြင်သစ်နိုင်ငံမှ အာဖရိ က တောကြီးထဲသို့ သွားရောက်၍ လူမည်းများအတွက် ဘဝတခုလုံးကို မြှုပ်နှံသွားခဲ့သူ မဟာပရဟိတလူသား အဲလ ဘတ်ရွှိုက်ဇာတို့၏ အောင်မြင်မှုကို ကြည့်က သိနိုင်လေသည်။ အာဂျင်တီးနား လက်ရွေးစင် ဘာတစ္စတူတာသည် အ သင်းကြီးများ၏ ကမ်းလှမ်းမှုကို နှစ်ပေါင်းများစွာ ငြင်းပယ်ပြီး ဖီအိုရင်တီးနား အသင်းလေးမှာပင် ခြေစွမ်းပြခဲ့၊ အသင်း ဂုဏ်ဆောင်ခဲ့၊ မြို့ဂုဏ်ဆောင်နိုင်ခဲ့လေသည်။ ထို့ကြောင့် ဘာတစ်အား အီတလီနိုင်ငံ ဖီအိုရင်တီးနားမြို့သူ မြို့သူ/သား များက ချစ်ခင်လေးစားကြ၊ မေတ္တာထားကြလေသည်။ ထို့ကြောင့် ဒီနယ်ဆင်လို မကျင့်ဘဲ ဘာတစ္စဘူတာလို ကျင့်ရမည်။ သီပေါမင်းလိုမကျင့်ဘဲ သမတကြီးလင်ကွန်းလို ကျင့်ရမည် ဖြစ်လေသည်။ သို့မှသာ ဘဝကို သုညမှစခဲ့သော ရာဇဝင် ပြောင်သည့် မင်းကောင်းတပါးအဖြစ် အမျိုးဘာသာ သာသနာအတွက် ကျေးဇူးများမည် ဖြစ်လေသည်။ ဤသည်ကို ဓမ္မာ စရိယဘွဲ့ရ ရဟန်းတော်များ သတိပြုသင့်လှပေသည်။ အကယ်၍ အလုပ်လက်မဲ့ ဓမ္မာစရိယဘဝဖြင့်သာ ရပ်တည်သွား မည်ဆိုပါက သင်သည် သာသနာ့ဝန်ထမ်းသူမဟုတ်ဘဲ သာသနာကို ဂုတ်ပေါ်မှခွစီးသူ ဖြစ်သွားပေလိမ့်မည်။
“ဓမ္မာစရိယတက္ကသိုလ်”
ထိုသို့ သောင်မတင်ရေမကျ အလုပ်လက်မဲ့ ဓမ္မာစရိယများ တောင်လိုပုံနေပြီး ဦးနှောက်များ သံချေးတက်နေကြသည်မှာ သာသနာတော်အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်လေသည်။ ဘွဲ့ရဆိုက္ကားဆရာလောက်ပင် တိုင်းပြည်အတွက် အကျိုးမရှိ တော့ပေ။ ဤသည်မှာ ဓမ္မာစရိယများကို သာသနာအတွက် အသုံးချမည့် အနီးကပ်သာသနာပြု သင်တန်းများ၊ ဓမ္မာစရိ ယ တက္ကသိုလ်များ မပေါ်ပေါက်သေးသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သာသနာ့အင်အားများ အလဟဿ မဖြစ်ရ လေအောင် ဓမ္မစရိယများကို လမ်းညွှန်ပြမည့် သာသနာပြုသင်တန်းများ၊ ဓမ္မာစရိယတက္ကသိုလ်များ ရှိသင့်လှပေသည်။ ထိုသင်တန်း၊ ထိုတက္ကသိုလ်များ၌ (က)ကံဆောင်သင်တန်း၊ (ခ)အင်္ဂလိပ်စာ/စကားသင်တန်း၊ (ဂ)ကွန်ပျူတာသင်တန်း၊ (ဃ)တရားဟော/ပြ သင်တန်းများ ပို့ချသင့်ပေသည်။
(က) “ကံဆောင်သင်တန်း”
ရဟန်းအသက်သည် ဝိနည်းဖြစ်၍ ဝိနည်းဆိုသည်မှာ ကံကြီးကံငယ် လမ်းညွှန်ဖြစ် လေသည်။ ဓမ္မာစရိယဘွဲ့ရ ပုဂ္ဂိုလ်ပင် ဖြစ်သော်လည်း စာပေသိအဆင့်မျှသာ ရှိပေသေးသည်။ လက်တွေ့သိ အဆင့်သို့ မရောက် သေးပေ။ ထို့ကြောင့် လက် တွေ့မရှိသော ဓမ္မာစရိယများသည် ကမ္မဝါရွတ်ဖတ်ရာ၌ပင် အခက်အခဲတွေ့ရလေသည်။ တစ်ချို့ရဟန်းတော်များမှာ ကမ္မ ဝါပင် မရွတ်ဖတ်တတ်သေးပေ။ ကမ္မဝါမရွတ်တတ်လျှင်လည်း ကံမအောင်၊ ကံမမြောက်ပေ၊ ဥပမာ= ရဟန်းခံ ဥပသမ္ပဒ ကံဆောင်ရာ၌ ဥပဇ္ဈယ်ဆရာကလည်း အတွေ့အကြုံမရှိ။ ကမ္မဝါဆရာများကလည်း ဌာန်ကရိုဏ်းကျနစွာ မရွတ်တတ်သူ များ ဖြစ်နေလျှင် ထိုသူတို့ ရဟန်းခံပေးသော ရဟန်းလောင်းသည် အဘယ်သို့ ရဟန်းဖြစ်လေမည်နည်း။ ထို့ကြောင့် သာ သနာမှာ ကံဆောင်ရာ၌ အခက်အခဲမရှိရလေအောင် လက်တွေ့ကံဆောင်သင်တန်းများ ပို့ချသင့်လေသည်။ သိမ်နုတ်၊ သိမ်သမုတ်ပုံ၊ ရဟန်းလောင်းဆုံးမပုံ၊ ကထိန်ခင်း ကထိန်နုတ်ပုံ၊ ဥပုသ်ပဝါရဏာ ပြုပုံ၊ ပရိဝါသ် မာနတ် ဆောက်တည်ပုံ စသည့် ဝိနည်းနှင့်ပတ်သက်သမျှကို ပို့ချခြင်း၊ သရုပ်ပြခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အရည်အချင်းရှိသော ကံ ဆောင်ရာ၌ ကျွမ်းကျင်သော သာသနာပြုရဟန်းတော်များ ထွန်းကားလာနိုင်ပေသည်။ ဤကံဆောင်သည့် အပိုင်းနှင့်ပတ် သက်၍ ပခုက္ကူနိကာယမှ ရှေးဆရာတော်ကြီးများကို နည်းယူသင့်ပေသည်။အတွေ့အကြုံများသည့် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများက ပို့ချသင့်ပေသည်။ ကျွန်ုပ်သည်ပင် သကျသီဟစာသင်တန်း အောင်ပြီးသော်လည်း သိမ်သမုတ်ပွဲ တခု၌ နိမိတ်ကြားရာမှာ အခက်အခဲတွေ့ခဲ့ရလေသည်။ အခုချိန်ထိ ဝတ်ဆောက်တည်ပုံအစီအစဉ်ကို ကိုယ်တိုင်ကိုယ်ကျ ကိုယ့်ဘာသာ မလုပ်တတ်သေးပါ။ ဤသည်မှာ စာတွေ့သာရှိပြီး လက်တွေ့မရှိသေးသောကြောင့် ဖြစ်လေသည်။ စာတွေ့ နှင့် လက်တွေ့ကား ဆေးနည်းကျက်သူနှင့် ဆေးဖော်စပ်၍ ကုသသူကဲ့သို့ပင် များစွာကွာခြားလေ၏။ ဆေးနည်းကျက်သူ သည် ဆရာဝန်ဘွဲ့ရသူအဆင့်သာ ရှိလေသည်။ ဆေးဖော်စပ်သူ လက်တွေ့စမ်းသပ်သူသည် အလုပ်သင် ဆရာဝန်အဆင့် မှာ ရှိလေသည်။ လူနာများနှင့် နဖူးတွေ့ဒူးတွေ့ ကုသနေသူသာ ကျွမ်းကျင်သော ဆရာဝန်ဖြစ်လေသည်။ ထို့ကြောင့် စာ တွေ့ဘွဲ့ရများဖြင့်သာ ကျေနပ်မနေဘဲ လက်တွေ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်းနိုင်ရန် အတွေ့အကြုံဗဟုသုတ ကြွယ်ဝ သော ပိဋကအကျော်အမော် ဆရာတော်များက လက်ဆင့်ကမ်း အမွေပေးသင့်လှပေသည်။
(ခ)“အင်္ဂလိပ်စာ/စကားသင်တန်း”
ဗုဒ္ဓမြတ်စွာသည် လောကစက္ခု၊ ဓမ္မစက္ခု၊ စက္ခုနှစ်ကွင်းလုံး အလင်းရောင်ရသူကို ချီးကျူးတော်မူလေသည်။ ဧကစက္ခုက တစ်ဖက်မြင် တစ်ဖက်ကန်း၊ ဒွိစက္ခုက နှစ်ဖက်မြင်၊ အန္ဓ- နှစ်ဖက်ကန်းဟူ၍ ပုဂ္ဂိုလ်သုံးမျိုးရှိရာတွင် မြတ်စွာဗုဒ္ဓက ဒွိစက္ခု က- လောကဓမ္မ နှစ်ဌာနလုံး၌ အသိအမြင်ကြွယ်ဝသူကိုသာ နှစ်ဖက်မြင်အဖြစ် အမွှမ်းတင်ချီးကျူးတော်မူခဲ့လေသည်။ ထို့ကြောင့် ရဟန်းတော်များသည်လည်း ခေတ်ပညာကို မျက်ကွယ်မပြုသင့်ပေ။ မိမိခန္ဓာကိုယ်ကိုပင် နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ကူးရာ၌ ယာဉ်တစ်ခုအဖြစ် သုံးစွဲရပါသေးလျှင် ခေတ်သုံး ဘာသာစကားနှင့် ခေတ်ပညာများကိုလည်း သာသနာပြု လက်နက် အဖြစ် အသုံးပြုသင့်လှပေသည်။ ခေတ်ပညာနှင့် ခေတ်သုံးစကားကား သာသနာပြုရာ၌ လွန်စွာ မှပင် ထိရောက်လှပေသည်။ ယနေ့ခေတ်၌ အောင်မြင်နေသော သာသနာပြု ဆရာတော်များ၊ လူပညာရှိပုဂ္ဂိုလ်များကို ကြည့်က သိနိုင်ပေသည်။ ဆရာတော် ဦးသေဋ္ဌိလ၊ ဆရာတော်ဦးသီလာနန္ဒာဘိဝံသ၊ သီတဂူဆရာတော်၊ ချမ်းမြေ့ ဆရာ တော်၊ ဆရာကြီးဦးဘခင်၊ ဂုရုကြီး ဦးဂိုအင်ကာ စသည်ဖြင့် ခေတ်ပညာတတ် ရဟန်းပညာရှိ လူပညာရှိပုဂ္ဂိုလ်များ များစွာ ရှိလေသည်။ ထို့ကြောင့် ထိရောက်စွာ သာသနာပြု လိုသော ရဟန်းတော်များသည် အင်္ဂလိပ်စာ/စကားနှင့် အခြားသင့် လျော်ရာ ဘာသာစကားများ စာပေများကို လေ့လာလိုက်စားသင့်ပေသည်။
ထို့သို့ လောကအကျိုး၊ သာသနာအကျိုးကို ရည်ရွယ်၍ အများသုံးဘာသာစကားဖြစ်သော အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စ ကားကို ဤသင်တန်း၊ ဤတက္ကသိုလ်၌ အဓိကဘာသာတရပ်အဖြစ် သင်ကြားပို့ချ သင့်ပေသည်။ ဤဘာသာရပ်၌ ကျွမ်း ကျင်သော လူပုဂ္ဂိုလ်ပညာရှိများကို ဖိတ်ကြားမည်။ အကူညီတောင်းမည်။ လိုအပ်လျှင် ဓမ္မပူဇာ (သို့) ဉာဏ်ပူဇော်ခပေး၍ အချိန်ပိုင်း ပို့ချစေမည်။ အခြေခံမှစ၍ အရေး၊ အဖတ်၊ အပြောတို့ကို စနစ်တစ်ကျ သင်ကြားပို့ချပါက ပါဠိသဒ္ဒါတတ်ကျွမ်း ကြသော ဓမ္မာစရိယ ရဟန်းတော်များသည် အချိန်တို ကာလအတွင်းမှာပင် အခြေခံအဆင့် တက္ကသိုလ်အဆင့်သို့ လွယ် လင့်တကူ ရောက်ရှိသွားမည် ဖြစ်ပေသည်။ လေ့ကျင့်ခန်းများလုပ်ခြင်း၊ သရုပ်ပြစကားများပြောစေခြင်း၊ စာမေးပွဲများကျင်း ပပေးခြင်း၊ တတ်နိုင်လျှင် ပြည်တွင်း ပြည်ပ တက္ကသိုလ်များ၌ တက်နိုင်အောင် မြေတောင်မြှောက်ပေးခြင်း၊ ထောက်ပံ့လှူ ဒါန်းခြင်းများ ပြုလုပ်ပေးသင့်သည်။ ပြည်တွင်းပြည်ပမှ ဘွဲ့ရခဲ့သူများကိုလည်း ပူဇော်ပွဲများကျင်းပပေးခြင်း၊ သင်တန်းများ ပို့ချစေခြင်း၊ ကျူရှင်များ ပြစေခြင်းဖြင့် ကျွန်ုပ်တို့သာသနာ ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်အောင် စွမ်းဆောင်နိုင်မှာ ဖြစ် လေသည်။
ယခုအခါ၌ တကမ္ဘာလုံးရှိ လူမျိုးအသီးသီး၊ ဘာသာအသီးသီးမှ လူသားများသည် ငြိမ်းချမ်းရေးကို တောင်းတရှာဖွေလျက် ရှိပေသည်။ ၎င်းတို့သည် အဘိဓမ္မာအလင်းရောင်မဲ့သော အမှောင်လောက၊ တရားငတ်မွတ်နေသော ဒုက္ခိတဘ၀သို့ ရောက်ရှိနေကြပေသည်။ တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးနှင့် တကမ္ဘာလုံး အလင်းရောင်ရရေးကို စွမ်းဆောင်နိုင်သည်မှာ လည်း မြတ်ဗုဒ္ဓ၏ တရားတော်များ၊ အထူးသဖြင့် အဘိဓမ္မာနှင့် ၀ိပဿနာတရားပင် ဖြစ်လေသည်။ ထိုအဘိဓမ္မာနှင့် ထို ၀ိပဿနာကို ဘုရားသားတော်များကသာ ကျွမ်းကျင်လိမ္မာကြလေသည်။ ဘုရားသားတော်များကသာ ခေတ်သုံးဘာသာ စကား၊ အများသုံး ဘာသာစကားကို တတ်မြောက်ကျွမ်းကျင်ဖို့ လိုပေသည်။ ထိုသို့ ကျွမ်းကျင်တတ်မြောက်၍ စွမ်းဆောင် အောင်မြင်လျှင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းမည်၊ အလင်းရမည် ဖြစ်ပေသည်။
နိုင်ငံတကာမှ အဘိဓမ္မာလိုလားသူများသည် မြန်မာနိုင်ငံသို့ လာရောက်လျှင် အဘိဓမ္မာသင်ခွင့်ရလိမ့်မည်ဟူသော ရည် ရွယ်ချက်ဖြင့် လာရောက်ကြပေသည်။ မြန်မာပြည်သို့ ရောက်သည့်အခါ၌ကား အဘိဓမ္မာကို အင်္ဂလိပ်လို ပို့ချမည့်သူမရှိ၍ ကွင်းဆင်းရှာဖွေကြရင်း အခက်တွေ့နေကြလေသည်။ သီတဂူဆရာတော်ကြီး ပို့ချနိုင်သော်လည်း အချိန်မပေးနိုင်ပေ။ တက္ကသိုလ်များသို့ ညွှန်းဆိုသော်လည်း နှစ်ရှည်တက်ရောက်ရမည်ဖြစ်၍ ၀န်လေးနေကြပေသည်။ ၎င်းတို့အတွက် အဘိ ဓမ္မာကို အင်္ဂလိပ်လိုပို့ချသည့် နိုင်ငံခြားသားများကိုသာ သာသနာပြုသည့် အဘိဓမ္မာကထိကများ မြန်မာပြည်၌ များစွာလို အပ်လေသည်။ နိုင်ငံခြားသား ပရိသတ်အနေဖြင့် မြန်မာပရိသတ်လို အားရလောက်အောင် မများသော်လည်း တယောက် ဆိုတယောက်ဟု ဆိုရလောက်အောင် ထိရောက်မှုရှိမှာ အမှန်ပင်ဖြစ်လေသည်။ စစ်ကိုင်းမြို့ သုဗောဓာရုံကျောင်းတိုက် (ph.D) ဘွဲ့ရ ဆရာတော် ဦးနန္ဒမာလာဘိဝံသသည် နိုင်ငံခြား၌ အဘိဓမ္မာပို့ချခြင်း၊ မြန်မာပြည်၌ အင်္ဂလိပ်ဘာသာဖြင့် ပို့ ချခြင်းများ ပြုလုပ်၍ သာသနာပြုလေသည်။ သီတဂူဆရာတော်ကြီးကလည်း ပါဠိပိဋကတ်တော်များကို အင်္ဂလိပ်လို ဘာ သာပြန်သည့် သုတေသန ကျမ်းပြုဌာန တည်ထောင်၍ ဗုဒ္ဓတရားတော်များကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားပြုစုကာ ကမ္ဘာအနှံ့ ဖြန့်ချိသာသနာပြု နေပေသည်။ ထိုဆရာတော်များကို အတုယူနည်းယူ၍ အင်္ဂလိပ်စာကျွမ်းကျင် အဆင့်ရောက် အောင် မြေတောင်မြှောက် ပေးသင့်ပေသည်။ ထိုဆရာတော်များထံမှလည်း အကူအညီ အထောက်အပံ့ကို ရယူနိုင်ပေ သည်။
ထို့ကြောင့် ဓမ္မာစရိယသာသနာပြုသင်တန်း၊ ဓမ္မာစရိယတက္ကသိုလ်၌ ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များကို အင်္ဂလိပ်စာ ကျွမ်းကျင် အဆင့်ဖြင့် ကမ္ဘာ့အဆင့်မြင့် သာသနာပြုပုဂ္ဂိုလ်ကြီးများဖြစ်အောင် လောကီ၊ လောကုတ္တရာ ခေတ်ပညာတတ် ဆရာတော် ကြီးများကရော၊ လူပုဂ္ဂိုလ်ကြီးများကပါ ဝိုင်းဝန်းကူညီချီးမြှင့် ဆောင်ရွက်ဖို့ လိုပေသည်။

(ဂ) “ကွန်ပျူတာသင်တန်း”
အင်္ဂလိပ်စာကျွမ်းကျင်သော ရဟန်းတော်များသည် ကွန်ပျူတာပညာ၌လည်း ကျွမ်းကျင်ကြလေသည်။ ကွန်ပျူတာပညာ တတ်မြောက်ထားလျှင် ကမ္ဘာတစ်ခုလုံးသို့ ကိုယ့်ကျောင်း၊ ကိုယ့်ကန်၊ ကိုယ့်နေရာ ဒေသကပင် ထိုင်၍ သာသနာပြုနိုင် လေသည်။ ဘယ်မှသွားစရာမလိုဘဲ ကိုယ့်အခန်းထဲကပင် ကမ္ဘာသို့ တရားတော်များ ဖြန့်ချိနိုင်ပေသည်။ ကွန်ပျူတာ ပညာသည် သာသနာပြုရာ၌ အစွမ်းထက်သော အထောက်အကူပြု ကိရိယာတခုဖြစ်ပေသည်။ ကွန်ပျူတာပညာသည် လည်း အစွမ်းထက်သော လက်နက်တခု ဖြစ်ပေသည်။ ကျွန်ုပ်ထံသို့ ပြည်နယ်တခုမှ ခရစ်ယာန် ဘာသာဝင် အရာရှိ တယောက် ရောက်လာဖူးလေသည်။ ထိုအချိန်၌ ကျွန်ုပ်သည် ကွန်ပျူတာတလုံးနှင့် အလုပ်ရှုပ်နေလေရာ ထိုအရာရှိက အားကျနေလေသည်။ ထိုအရာရှိပြန်သွားသည့်အခါ သူတို့ဘာသာဝင်များအား မှတ်ချက်ချသံ ကြားလိုက်ရပေသည်။ “ဗုဒ္ဓတွေကို တုမီဖို့ မလွယ်တော့ဘူး။ ထိုဓမ္မဆရာတွေက အခုထိဂစ်တာကြိုးညှိလို့ မပြီးနိုင်သေးဘူး။ ဗုဒ္ဓတွေက ကွန်ပျူ တာနှင့် အလုပ်လုပ်နေကြပြီ” ဟူ၍ ဖြစ်လေသည်။ ခေတ်ပညာတတ်များကို ခေတ်ပညာဖြင့် သာသနာပြုခြင်း၊ အထက် တန်းလွှာများကို အထက်တန်း အသုံးအဆောင်များဖြင့် သာသနာပြုခြင်းဖြင့် ထိရောက်သော အကျိုးကျေးဇူးကို ခံစားရ မည် ဖြစ်လေသည်။
ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များကို ကွန်ပျူတာသင်တန်းပို့ချပြီး လေ့ကျင့်ချိန်အပြည့်အဝ ပေးထားကာ စနစ်တကျလမ်း ညွှန်နိုင်ပါက ကွန်ပျူတာပညာ၌ တစ်ဖက်ကမ်းခတ် ထူးချွန်နိုင်မည့် ပါရမီရှင်များထွက်ပေါ်လာနိုင်ပေသည်။ ကွန်ပျူတာ အခြေခံမှတဆင့် အဆင့်မြင့်နည်းပညာများ၊ ထိုမှတဆင့် အင်တာနက်အသုံးပြုပုံများ၊ ဝက်ဘ်ဆိုက်လွှင့်တင်ပုံများအထိ တိုးချဲ့ပို့ချ နိုင်ပါက ထိုရဟန်းတော်များသည် ပြည်တွင်း၌လည်း ကွန်ပျူတာနည်းပြအဖြစ် ပြန်လည်ပို့ချနိုင်မည် ဖြစ်လေ သည်။ ရဟန်းတော်များ ကွန်ပျူတာကျွမ်းကျင်အောင် ကွန်ပျူတာပညာရှင် လူပုဂ္ဂိုလ်များ၏ အကူအညီများစွာ လိုပေ သည်။
(ဃ) “တရားဟော၊ တရားပြသင်တန်း”
ဤသာသနာပြုသင်တန်း၌ တရားဟော၊ တရားပြသင်တန်းလည်း ပို့ချသင့် ပေသည်။ သင်တန်းဟုဆိုသော်လည်း ရဟန်း တော်များအတွက် အထူးတလည် လေ့လာလိုက်စားစရာမလိုဘဲ ဟောပြောမှု အတတ်ပညာကို ဆည်းပူးရုံမျှသာ ဖြစ်ပေ သည်။ အတွေ့အကြုံ ဖလှယ်ခြင်း၊ အလှည့်ကျလေ့ကျင့်ပေးခြင်းဖြင့် လွယ်ကူပေါ့ပါးစွာ လေ့လာရမည့် ဘာသာရပ်ဖြစ်လေ သည်။ အရှင်ဥတ္တမကျော်တစ်ဖြစ်လဲ လူပျံတော်ဦးဥုတ်ကျော်သည် ဟောပြောမှု အတတ်ပညာကို ရဟန်းသာမဏေများ အား ပို့ချရာ၌ များစွာအောင်မြင်လေသည်။ ထိုသင်တန်းများလို ဆရာတော်တစ်ပါးပါးက ပို့ချသွားရုံ နည်းလမ်းပြရုံသာ ဖြစ်ပေသည်။ တရားဟောရာ၌ အတွေ့အကြုံများစွာရှိသော ဓမ္မကထိကဆရာတော်ကြီးများကို အခွင့်သင့်သလို ပင့်ဖိတ် ပြီး နည်းယူသင့်ပေသည်။ မဟာစည်ရိပ်သာ၌ နှစ်စဉ်ကျင်းပလေ့ရှိသော ဓမ္မကထိက ရွေးချယ်ပွဲများလို သီလသိက္ခာ မြင့် မားသော ဆရာတော်ကြီးများ၏ အကူအညီကိုရယူ၍ အရည်အချင်းစမ်းသပ်ခြင်းများ ပြုလုပ်သင့်ပေသည်။ မိုးကုတ်ဆရာ တော်များလို ပဋိစ္စသမုပ္ပါဒ် ဆရာဖြစ်သင်တန်းလည်း ပို့ချသင့်ပေသည်။ တရားပြရာ၌ သတိပဋ္ဌာန်သုတ်တော်ကို မူတည် ထားပြီး မဟာစည် နိဿျည်း မိုးကုတ်နိဿျည်း၊ လယ်တီနိဿျည်း စသည်ဖြင့် အလုပ်ပေးတရားဟောပြောပို့ချပြီး မနက် အရုဏ်မတတ်မီ ညဘုရားဝတ်တက်ပြီး အမျှမဝေမီ လက်တွေ့တရားထိုင်ချိန်ပေးသင့်ပေသည်။
ထို့နောက် ဝိပဿနာဖြင့် သာသနာပြုလိုသူများကို ရိပ်သာအသီးသီးသို့ ပို့ဆောင်၍ နှစ်ရှည်တရား အားထုတ်စေခြင်၊ ကမ္မဋ္ဌာန်းဆရာများနှင့် လက်တွဲ၍ အလုပ်သင်ကမ္မဋ္ဌာန်း ပို့ချနည်းယူခြင်းများ ပြုလုပ်သင့်ပေသည်။ ဟောရေးပြောရေး၌ ဝါသနာကြီးမား စိတ်အားထက်သန်သူများအား ကျေးရွာများသို့ ငါးပါးတစ်စု စီစဉ်ပေး၍ လက်တွေ့တရားပွဲများ အတွေ့ အကြုံရစေခြင်း၊ တရားဟောနာမည်ရစေခြင်းဖြင့် အရည်အသွေးမြင့်မားသော ရဟန်းတော်များဖြစ်အောင် ဆောင်ရွက် နိုင်ပေသည်။
ထို့အပြင် ဤသင်တန်း၌ ပြည်တွင်းပြည်ပ သာသနာပြုဆရာတော်ကြီးများ၊ စာချဆရာတော်ကြီးများ၊ ကျမ်းပြု ဆရာတော် ကြီးများ နိုင်ငံကျော်ဓမ္မကထိကဆရာတော်ကြီးများ၊ ဒေါက်တာမင်းတင်မွန်၊ နှစ်ဖက်လှဦးကျော်လွင်၊ ဓမ္မာစရိယ ဦးဌေး လှိုင် တို့လို ပညာရှိပုဂ္ဂိုလ်များကို ဖိတ်ကြား၍ တပတ်လျှင် တရက်တိုင်သည်၊ နှစ်ရက်တိုင်သည် ဟောပြောပွဲများ ကျင်း ပခြင်းဖြင့် အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးစိတ်၊ နိုင်ငံကို အကျိုးပြုလိုစိတ်များ တစ်ဖွားဖွားပေါ်ပေါက်လာမည် ဖြစ် ပေသည်။ ထို့ပြင် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများကို ပင့်ဖိတ်၍ မြန်မာစာ လေ့လာနည်း၊ သမိုင်းလေ့လာနည်း၊ ပထဝီ နိုင်ငံရေးနှင့် သတင်းစာပညာ၊ သုတေသနပြုပုံ အဆင့်ဆင့် စသည်တို့ကိုလည်း လမ်းညွှန်ပို့ချသင့်ပေသည်။ သို့မှသာ ရ ဟန်းတော်ထဲမှ ကဗျာလင်္ကာ စာရေး၊ ကျမ်းပြု၊ သာသနာ့သမိုင်း၊ ကမ္ဘာ့သမိုင်း၊ ကမ္ဘာ့နိုင်ငံများ အခြေအနေစသည်များကို တီးမိခေါက်မိမည်ဖြစ်ပေသည်။
ဤသို့လျှင် ဤသင်တန်း၊ ဤတက္ကသိုလ်ကြီးသည် တရားဘာဝနာများလည်း မြိုင်ဆိုင်နေပြီး၊ သာသနာပြုနည်းပညာများ လည်း ဝေဆာနေမည် ဖြစ်ပေသည်။ သီရိဓမ္မာသောကမင်းကြီး လက်ထက်၌ ကိုးတိုင်းကိုးဌာန သာသနာပြုစေလွှတ်ရာမှ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဗုဒ္ဓတရားတော်များ ရောက်ရှိ၍ ကမ္ဘာကြီး ငြိမ်းချမ်းခဲ့ပေသည်။ ဤသင်တန်းကြီးသည်လည်း သာ သနာပြုသင်တန်းကြီး ဖြစ်သည့်အားလျော်စွာ အရည်အချင်းပြည့်ဝသည့် သာသနာပြုသူရဲကောင်းများ မွေးထုတ်ပေးနိုင် မှာ အမှန်ပင်ဖြစ်ပေသည်။ ဤသင်တန်းကြီးကြောင့် မြန်မာ့သာသနာသည်လည်း ရောင်ဝါနေသို့ ထွန်းလင်းပြီး ကမ္ဘာမှာ မြန်မာဟေ့ ဟူ၍ ကြွေးကြော်နိုင်မှာ ဖြစ်ပေသည်။
သင်တန်းဆင်းပွဲ၌ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးခြင်း၊ ဆိုင်ရာဘာသာရပ်အလိုက် အင်္ဂလိပ်စာထူးချွန်ဆု၊ ကွန်ပျူတာ ထူးချွန်ဆု၊ ကံဆောင်ထူးချွန်ဆု၊ တရားဟောထူးချွန်ဆုတို့ ချီးမြှင့်ခြင်း၊ ထူးချွန်သူုများအား ဆက်လက်ကူညီ ထောက်ပံ့ ခြင်းများ ပြုလုပ်သင့်ပေသည်။ နှစ်စဉ် ဆောင်းလေးလကို သင်တန်းကာလအဖြစ် သတ်မှတ်ပြီး ဓမ္မာစရိယဘွဲ့ရ ရဟန်း တော် အပါးငါးဆယ် လက်ခံပို့ချသင့်ပေသည်။
“ခေတ်မီဘုရားတည် သာသနာပြုနည်း”
စကာင်္ပူနိုင်ငံသည် ရန်ကုန်မြို့လောက်သာရှိသည့် နိုင်ငံငယ်လေးတစ်ခုသာ ဖြစ်သည်ဟု သိရပေသည်။ ထိုနိုင်ငံငယ်လေး ၌ စိုက်စရာမြေမရှိ၊ သောက်စရာ ရေမရှိပေ။ စိုက်ပျိုးရေးမထွန်းကားဘဲ မလေးရှားမှ ရေချိုဝယ်ယူ သောက်သုံးနေရပေ သည်။ ထိုသို့သယံဇာတ ဆင်းရဲသော်လည်း နိုင်ငံအနေဖြင့်မူ အာဆီယံ၌ ထိပ်ဆုံးကပင် ရပ်တည်နေပေသည်။ အ ကြောင်းမှာ လူသားအရင်းအမြစ်ကို အကျိုးရှိအောင် အသုံးချသောကြောင့် ဖြစ်ပေသည်။ ထိုစနစ်ကို အတုယူသင့်ပေ သည်။ တိုးတက်လာသောနိုင်ငံတိုင်း အဆင့်မြင့်ကွန်ပျူတာနည်းပညာများကို အထက်တန်းလွှာများကသာ ဆည်းပူးနိုင် ကြပေသည်။ လူလတ်တန်းစားများမှာ အနည်းငယ်ခန့်သာ ဆည်းပူးနိုင်ပြီး၊ အခြေခံလူတန်းစားများမှာကား အနားပင် မသီနိုင်ကြပေ။ ပါရမီရှင်ပင်ဖြစ်သော်လည်း ကုသိုလ်ကံချို့တဲ့၍ ဘဝပေးအခြေအနေ မလှပသူများလည်း ရှိပေသည်။ ထို့ကြောင့် လူတန်းစား အလွှာအသီးသီးက လေ့လာလိုက်စားနိုင်အောင် ရဟန်းတော်များ သင်တန်းကာလပြီးဆုံးချိန်၌ လူပုဂ္ဂိုလ်များကို ပို့ချပေးသင့်ပေသည်။ လူပုဂ္ဂိုလ်များအတွက်ကား အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပညာသာ ပို့ချရန် ဖြစ်ပေသည်။
ဆရာဖြစ်သင်တန်း၌ ဘွဲ့ရပညာတတ်များကို အသက်ကန့်သတ်ချက်၊ ဦးရေကန့်သတ်ချက်ဖြင့်ခေါ်မည်။ တနေ့လျှင် သုံး သုတ်ဖြစ်စေ၊ လေးသုတ်ဖြစ်စေ သင်ကြားပေးမည်။ ၎င်းတို့ထဲမှ ထူးချွန်သူများကို ဆရာအဖြစ် ရွေးချယ်မည်။ လခ ကောင်းကောင်းပေးမည်။ ပြီးလျှင် ကျောင်းသူ/ကျောင်းသားများအတွက် သင်တန်းခေါ်ယူမည်။ ဆယ်တန်းအောင်ရမည်။ ထောက်ခံချက်နှင့်ပြည့်စုံရမည်။ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါသီလ၊ ဆောက်တည်တတ်ရမည်။ ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်များကို ပါဠိအနက် အာဂုံရရမည်။ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ဘုရားရှိခိုးဂါထာ(၂၀)ကို ပါဠိ အ နက် အလွတ်ပြန်ဆို နိုင်ရမည်။ နီးစပ်ရာ ဆရာဘုန်းကြီးထံမှ သင်ယူခဲ့ကြောင်း၊ အရည်အချင်းပြည့်မီကြောင်း ထောက်ခံ ချက်ပါရမည်။ အင်တာဗျူးတရပ်အနေဖြင့် လူတွေ့စစ်ဆေးပြီးမှ အောင်စာရင်းထုတ် လက်ခံမည်။ အင်္ဂလိပ်စာနှင့် ကွန် ပျူတာပညာကို အခမဲ့ဓမ္မဒါန ပညာဒါနအဖြစ် သင်ကြားပေးမည်။ သင်တန်းကာလနောက်ဆုံး စာမေးပွဲအနေဖြင့် ၀င်ခွင့်ပြဋ္ဌာန်းစာပါ ဘုရားစာများကို ကွန်ပျူတာဖြင့် ရိုက်နှိပ်ဖြေဆိုရမည်။ စာစီစာရိုက်ကျွမ်းကျင်ရန်ဖြစ်သည်။ အမြန်ဆုံး၊ အရှင်း ဆုံး၊ အသန့်ဆုံး၊ အကောင်းဆုံး ရိုက်နိုင်သူများကို မြန်၊ရှင်း၊သန့်၊ကောင်း ဆုချီးမြှင့်မည်။ အင်္ဂလိပ်စာကိုလည်း ထို့အတူ ကွန်ပျူတာဖြင့် ဖြေရမည်၊ အင်္ဂလိပ်စကားအတွက် စကားပြောပြိုင်ရမည်။ ထူးချွန်သူများကို ဆုချီးမြှင့်ပြီး၊ သင်တန်းဆင်း ပြီးသူ မှန်သမျှကို အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်၌ အဆင့်မြင့်၊ ဆရာဖြစ်၊ ကျွမ်းကျင်အဆင့်ရောက်ပြီး၊ အသက် မွေးဝမ်းကျောင်း နိုင်သည်အထိ ထောက်ပံ့သွားမည်ဖြစ်သည်။ သို့မှသာ ရွက်ပုန်းသီးလေးများ ပေါ်ထွန်းလာပြီး လူတန်း စားမရွေး ထူးချွန်မှာ ဖြစ်သည်။ သူတို့၏ ရင်ထဲ၌လည်း ဓမ္မစေတီတည်ပြီးသား ဖြစ်သွားလိမ့်မည်။ နှလုံးသားမှာ ဘုရား တည်သော နည်းဖြစ်ပါ၏။ ခေတ်မီသာသနာပြုနည်း ဖြစ်ပါ၏။
“အိပ်မက်လှလှမက်စေချင်”
ယခုဆိုခဲ့ပြီးသည့် သာသနာပြုသင်တန်းကျောင်း(သို့) ဓမ္မာစရိယတက္ကသိုလ်သည် ကျွန်ုပ်၏ စိတ်ကူးယဉ် အိပ်မက် ဖြစ် ပါသည်။ စွမ်းနိုင်သူများက အကောင်အထည် ဖော်စေချင်ပါသည်။ အကောင်အထည် ဖော်မည့်သူ မရှိလျှင်လည်း ကျွန်ုပ် ကိုယ်တိုင် ဖော်မည်ဖြစ်ပါသည်။ နေရာလိုသည်။ အဆောက်အအုံလိုသည်။ လျှပ်စစ်မီးလိုသည်။ မီးစက်လိုသည်။ အခင်း အကျင်းကုန်ကျစရိတ်လိုသည်။ ကွန်ပျူတာအလုံးအရေ ငါးဆယ်လိုသည်။ ရဟန်းတော်များအတွက် လေးလစာ၊ တနေ့ တာဆွမ်းကွမ်း ဝေယျာဝစ္စအတွက် ရန်ပုံငွေလိုသည်။ ကထိကများလိုသည်။ ကွန်ပျူတာပညာရှင်များလိုသည်။ (သီလရှင် များအတွက်လည်း စဉ်းစားထားပါသည်) ထူးချွန်ဆုများအတွက် ရန်ပုံငွေလိုသည်။ အရာရာကို ဖန်းတီးနိုင်စွမ်းသော ဒုတိ ယ ဘုရားသခင်သည် အရေးပါဆုံး အလိုအပ်ဆုံး ဖြစ်ပေသည်။ သည်အတွက် အချိန်ယူ စုဆောင်းရဦးမည် ဖြစ်ပါ၏။
အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ၊ ကျွန်ုပ်ကား အိပ်မက်လှလှ မက်ခဲ့ပြီးပါပြီ။ အိပ်မက်ကြီးကြီး မက်ခဲ့ပြီး ပါပြီ။
ကျွန်ုပ်သည် ကျွန်ုပ်လူမျိုးကို အားမရလှပေ၊ ရွှေမြန်မာများကား အိပ်မက်ကြီးကြီး မမက်ချင်ကြ၊ အိပ်မက်လှလှမမက်ချင် ကြပေ။ အိပ်မက်မက်သည်ကိုပင် ရှင်ဘုရင်အဖြစ်၊ ဝန်ကြီးချုပ်အဖြစ်၊ သမ္မတအဖြစ်၊ သူဌေးသူကြွယ်အဖြစ်၊ ပညာရှိသုခ မိန်အဖြစ်၊ ထည့်မမက်ကြ။ စိတ်ကူးမယဉ်ကြပေ။ ပိုက်ဆံတစ်ပြားတချပ်မှ မကုန်သည့် အလကားမက်သည့် အိပ်မက် ကိုပင် အဆင့်မြင့်မြင့် မမက်ကြပေ။ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ရရစားစား ဘဝဖြင့်နိမ့်ကျစွာ နေလိုကြ၏။ လူးမျိုးနိမ့်ကျ လျှင် သာသနာ အထက်တန်း မရောက်နိုင်။ နိုင်ငံလည်းအောက်တန်း စာရင်းဝင်မည်ဖြစ်ပါ၏။ ထို့ကြောင့် နိုင်ငံနှင့်လူမျိုး၊ ဘာသာနှင့်သာသနာကို ငဲ့ညှာ၍ ယနေ့မှစတင်ပြီး အိပ်မက်လှလှကြီးများ မက်ကြစေချင်ပေသည်။ အိပ်မက်ရှင်များသည် လည်း ကျွန်ုပ်နှင့်လက်တွဲ သာသနာပြုစေချင်ပေသည်။

(ဤစာမူကို မန္တလေးအိုးဘိုထောင်တွင် သီတင်းသုံးစဉ် ၁၀-၁၂-၂၀၀၆ ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်ပါသည်။)
ဝီရသူ (မစိုးရိမ်)

No comments: