Friday, May 18, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မွန်ပြည်သစ်ပါတီ ရက်ချိန်း


Written by ရွှေဟင်္သာသတင်းဌာန
NMSP_Ceasefire_agreeဒေါ်အောင်ဆန်း စုကြည် မအားသေး သဖြင့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံရန် ချိန်းဆိုထားသော ရက်ကို ရွှေ့လိုက်ရသည်ဟု မွန်ပြည်သစ် ပါတီ အရာရှိ တဦးက ပြောပါသည်။
“မေလ (၁၃) ရက်နေ့က ဒုတိယ သမ္မတနဲ့တွေ့တယ်၊ ဒီခရီးစဉ် အပြန်မှာ ဒေါ်စုနဲ့ တွေ့ဆုံဖို့ဖြစ်ပါတယ်။ ဒါပေမယ့် “ဒေါ်စုနဲ့တွေ့ဖို့က Appointment တွေ ထပ်နေလို့ တစ်ပတ်ကျော်လောက် စောင့်ရဦးမယ်၊ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ အနေနဲ့ အချိန်မပေးနိုင် သေးတဲ့အတွက်  နောက် ခရီးစဉ် များမှပဲ တွေ့ဖို့ အစီအစဉ် ဖြစ်သွားတယ် ဒေါ်စုနဲ့တွေ့မဲ့ ခရီးစဉ်ကလည်း ဘယ်တော့မှ စနိုင်မလဲ ဆိုတာ မပြောနိုင်သေးဘူး၊ တွေ့ဖို့တော့ ရှိမယ်။ အခုကိုယ်စားလှယ်တွေ မော်လမြိုင်ပြန်ရောက် နေပါပြီ။ ဗဟို ဌာနချုပ်ကို ပြန်လာတော့မှာပါ ဟု” မွန်ပြည်သစ် ပါတီ၏ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာဗိုန်ခိုင်က ပြောပါသည်။
ဒုတိယ သမ္မတကို တွေ့ဆုံခဲ့သော ခရီးစဉ်တွင် အစိုးရ စာသင်ကျောင်း၌ ကျောင်းချိန်အတွင်း မွန်စာသင်ကြားနိုင်ရေး၊ ဒေသဖွံဖြိုးရေး လုပ်ငန်း အစီအစဉ် (၃) ခုနှင့် အခြားစီးပွားရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်ဟု သိရှိရပါသည်။
ထို့အပြင် မေလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင်လည်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန များသို့ သွားရောက် လည်ပတ်ခဲ့ပါသည်။
မွန်ပြည်သစ် ပါတီသည် အစိုးရ ကိုယ်စားလှယ် အဖွဲ့များနှင့် တွေ့ဆုံတိုင်း၌ မွန်ပြည်နယ်ရှိ အစိုးရ စာသင်ကျောင်းများ၌ မွန်စာ သင်ကြား နိုင်ရေး ကို အစဉ်တစိုက် တောင်းဆို ခဲ့ပါသည်။ သို့သော်လည်း အစိုးရမှ ခွင့်ပြု ပေးရန်မှာ တည်ဆဲ ဥပဒေများကို ပြင်ဆင် ရေးဆွဲ နိုင်မှသာ ဖြစ်နိုင် မည်ဟု ပညာရှင်များက သုံးသပ်ကြပါသည်။ လက်ရှိ နိုင်ငံတော် အစိုးရ၏ တည်ဆဲ ဥပဒေ များအရ တိုင်းရင်းသား ဘာသာ စာပေများကို တရားဝင် သင်ကြားခွင့် ခွင့်ပြုချက် ပေးထားခြင်း မရှိသေးပေ။
သို့သော်လည်း ယခု အပတ် မွန်ပြည်သစ်ပါတီမှ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီ အပြီး၌ နွေရာသီ မွန်စာပေ သင်ကြားမှုများ ယခင်ကထက် ပိုမိုလွတ်လပ်စွာ လုပ်ဆောင်လာနိုင်သည်ကို တွေ့ရှိခဲ့ရသည်။
DSCF2101ဒေါ်အောင်ဆန်းစုကြည်အား မွန်ပြည်သစ်ပါတီ CEC နိုင်တလညီ၊ နိုင်ငွေသိမ်းတို့နှင့်
မော်လမြိုင် စထရင်းဟိုတယ်၌ တွေ့ရပုံ
မွန်ပြည်သစ် ပါတီနှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ဆက်ဆံရေးနှင့် တပ်နေရာ ချထားရေး ကိစ္စကို ဦးစွာဆောင်ရွက်ခဲ့ပါသည်။ ယခု နေပြည်တော် ခရီးစဉ်သည်၊ မွန်ပြည်သစ် ပါတီ၏ စီးပွားရေး လုပ်ငန်းကိစ္စအတွက် အစိုးရနှင့် သွားရောက် ညှိနှိုင်းခဲ့သည့် ခရီးစဉ်ဖြစ်ပါသည်။
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ် ဇွန်လ မှစပြီး ပထမအကြိမ် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ် လက်မခံရေး ကိစ္စဖြင့်  အပတ်အခတ် ရပ်စဲရေး ပျက်ပြယ်ခဲ့ပါသည်။ ၂၀၁၂ ဖော်ဖော်ဝါရီလ (၂၅) ရက်နေ့တွေ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့နှင့် တစ်ဖန် ဒုတိယ အကြိမ် အပစ်အခတ် ရပ်စဲရေးကို ထပ်မံ လက်မှတ်ရေး ထိုးခဲ့ပါသည်။
ယခု တစ်ကြိမ် အပစ်အခတ် ရပ်စဲရေးသည် ထာဝရ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖြစ်နိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဦးအောင်မင်းမှ မျှော်လင့်ကြောင်း ပြောကြား သွားပါသည်။

No comments: