Wednesday, May 9, 2012

အစမ်းသပ်ခံ ပညာရေးမဖြစ်သင့်တော့ဘူးလို့ ဦးဖြိုးမင်းသိန်းပြော

 မြန်မာနိုင်ငံ ​ပညာရေးဟာ ​လွန်ခဲ့တဲ့ ​နှစ် ​၂၀ ​ကျော်ကာလအတွင်း ​အစမ်းသပ်ခံ ​ပညာရေးဖြစ်ခဲ့ပြီး ​ခုချိန်မှာ ​မြန်မာနိုင်ငံက ​ဒီမိုကရေစီနိုင်ငံအဖြစ် ​မရောက်သေးပေမယ့် ​တိုးတက်မူတွေ ​ရှိသင့်တဲ့အတွက် ​နိုင်ငံတကာ ​တက္ကသိုလ်တွေအနေနဲ့ ​ကူညီပူးပေါင်းမူတွေ ​လုပ်မယ်ဆိုရင် ​ကြိုဆိုကြောင်း ​NLD ​လွှတ်တော်အမတ် ​ဦးဖြိုးမင်းသိန်းက ​ပြောပါတယ်။ ​မြန်မာနိုင်ငံကို ​သယံဇာတနဲ့ ​ထူထောင်တဲ့ ​နိုင်ငံမဖြစ်စေလိုပဲ ​အသိပညာတွေနဲ့ ​ထူထောင်တဲ့ ​နိုင်ငံဖြစ်စေလိုတယ်လို့လဲ ​ပြောလိုက်ပါတယ်။

  လွန်ခဲ့တဲ့ ​တနင်္လာညနေပိုင်းက ​သြစတြေးလျနိုင်ငံရဲ့ ​မြို့တော် ​ကင်ဘာရာမြို့ရှိ ​ANU ​တက္ကသိုလ်မှာ ​ပြုလုပ်တဲ့စာတမ်းဖတ်ပွဲမှာ ​ပြောသွားတာဖြစ်ပါတယ်။ ​စာတမ်းဖတ်ပွဲကို ​တက်ရောက်နားထောင်သူ ​ပရိသတ်တစ်ဦးက ​မြန်မာနိုင်ငံမှာ ​တိုးတက်ပြောင်းလဲမူတွေ ​ရှိလာနေတဲ့အတွက် ​Accademic ​engagement ​လို့ ​ခေါ်တဲ့ ​ပညာရေးဆိုင်ရာ ​ပူးပေါင်းမူတွေ ​လုပ်ဖို့ ​သင့်ပြီလားလို့ ​မေးရာမှာ ​ဦးဖြိုးမင်းသိန်းက ​နိုင်ငံတကာနဲ့ ​ပူးပေါင်းဆောင်ရွက်မူတွေ ​လိုအပ်တဲ့အတွက် ​လာရောက်ဖို့ ​ဖိတ်ခေါ်ခဲ့ပါတယ်။

ပညာရေးသာမက ​ကျန်းမာရေးဆိုင်ရာတွေမှာလည်း ​ကူညီထောက်ပံ့မူတွေ ​ဆက်လက်လုပ်ဖို့ ​လိုတယ်လို့လဲ ​ပြောပါတယ်။

တိုင်းရင်းသားအရေးနဲ့ ​ပတ်သက်ပြီး ​မေးမြန်းရာမှာတော့ ​NLD ​အနေနဲ့ ​ဒုတိယပင်လုံစာချုပ်ကြီး ​ပေါ်ပေါက်လာနိုင်အောင် ​ကြိုးစားနေတဲ့အကြောင်း၊ ​ကရင်အမျိုးသားအစည်းအရုံး ​(KNU) ​အစရှိတဲ့ ​တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေနဲ့လည်း ​ကြုံရင်ကြုံသလို ​ဆွေးနွေးမူတွေ ​လုပ်နေတယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​တည်ငြိမ် ​အေးချမ်းမူရဖို့အတွက် ​ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ​NLD ​ပါတီ၊ ​တိုင်းရင်းသားပါတီတွေ၊ ​တိုင်းရင်းသားခေါင်းဆောင်တွေ၊ ​အစိုးရအပြင် ​စစ်တပ်အစရှိတဲ့ ​သက်ဆိုင်သူတွေ ​အားလုံး ​တွေ့ဆုံဆွေးနွေးပြီး ​သဘောတူညီမူတွေ ​ရယူမှသာ ​ဖြစ်နိုင်မယ်လို့လဲ ​ပြောသွားခဲ့ပါတယ်။

အဲဒါ့အပြင် ​ပြည်ပကို ​ရောက်ရှိနေတဲ့ ​မြန်မာနိုင်ငံသားတွေအနေနဲ့ ​ပြည်ပမှာ ​ကြုံတွေ့ရတဲ့ ​အတွေ့အကြုံတွေ၊ ​ပညာတွေနဲ့ ​မြန်မာနိုင်ငံကို ​ပြန်ပြီး ​အကျိုးပြုမူတွေ ​လုပ်ဖို့ ​လိုလားကြောင်း ​ပြန်လာတဲ့အခါမှာလည်း ​လုံခြုံစွာ ​ပြန်လာနိုင်အောင် ​အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တွေပေးပြီး ​ဥပဒေတစ်ရပ်အနေနဲ့ ​ဖြစ်လာအောင် ​ကြိုးစားသွားမယ်လို့လဲ ​ပြောသွားခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းအပါအဝင် ​NLD ​ပါတီကလွှတ်တော်အမတ်ဖြစ်သူ ​ဇေယျာသော်နဲ့ ​ဒေါ်စန္ဒာမင်းတို့လည်း ​သြစတြေးလျနိုင်ငံကို ​ရောက်ရှိနေပြီး ​သြစတြေးလျနိုင်ငံဝန်ကြီးချုပ်၊ ​နိုင်ငံခြားရေးဝန်ကြီး ​အစရှိတဲ့ ​ပုဂ္ဂိုလ်တွေအပြင်သြစတြေးလျနိုင်ငံကို ​ရောက်ရှိနေတဲ့ ​မြန်မာသံအမတ်နဲ့လည်း ​မြန်မာသံရုံးမှာ ​တွေ့ဆုံခဲ့ပါတယ်။

NLD လွှတ်တော်အမတ်တွေကို သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Julia Gillard တွေ့ဆုံ


NLD အမတ်များနှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား


NLD အမတ်များနှင့် သြစတြေးလျနိုင်ငံရောက် မြန်မာသံအမတ် ဦးပေါ်လွင်စိန်
Radio Australia


သြစကြေးလျားရောက် NLD အမတ်များ

NLD လွှတ်တော်အမတ်တွေ ဖြစ်တဲ့ ကိုဖြိုးမင်းသိန်း၊ ကိုဖြိုးဇေယျာသော်နဲ့ ဒေါ်စန္ဒာမင်းတို့ဟာ သြစကြေးလျားနိုင်ငံ လွှတ်တော်မှာ ဆောင်ရွက်နေတဲ့ ပုံသဏ္ဍန်ကို တွေ့ခွင့်ရခဲ့ပါတယ်။ သူတို့အနေနဲ့ သြစကြေးလျားနိုင်ငံကို ရောက်အောင် အဓိကပါဝင်ခဲ့တဲ့ သြစကြေးလျားလေဘာပါတီမှာ လွှတ်တော်မ၀င်ခင် ပါတီအတွင်းမှာ အစည်းအဝေးတွေ ထိုင်တဲ့အကြောင်းတွေကို ကြည့်ခွင့် ရတယ်၊ ပြီးတော့ တကယ့်လက်တွေ့အနေနဲ့ လူဝင်မှု အက်ဥပဒေနဲ့ ပတ်သက်တဲ့အစည်းအဝေးတခုကို တက်ခွင့်ရတယ်။ အဲဒီမှာ ပါတီတွင်းက လူတွေက ဘယ်လိုဆွေးနွေးသလဲ အဲဒီအချက်တွေကို လွှတ်တော်ထဲမှာ တခြားအတိုက်အခံတွေနဲ့အတူတူ ၀င်ရောက် တွေ့ဆုံဆွေးနွေးနေတဲ့ပုံတွေကို သူတို့တွေ့ခဲ့ရတယ်လို့ ပြန်လည်ပြောပြခဲ့ပါတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ လွှတ်တော်မှာပဲ သြစကြေးလျား သြစကြေးလျားနိုင်ငံ ၀န်ကြီးချူပ် ဂျူလီယာဂေးလာနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ အရင်တုန်းက သြစကြေးလျားနိုင်ငံ ၀န်ကြီးချုပ်လည်း ဖြစ်ခဲ့ဖူးသူ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ခဲ့ဖူးသူ Kevin Rudd နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ ကုန်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး ၀န်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့မှာတော့ အတိုက်အခံပါတီက နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

မနေ့က တွေ့ဆုံပွဲမှာ အဓိကကတော့ သူတို့ပညာရေးနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖျင်းဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အခြေခံပညာကို ကိုင်တွယ်တဲ့ ၀န်ကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံမှာလည်း ဒီလိုအခြေခံပညာတွေ ကောင်းမွန်စေဖို့အတွက် အကူအညီပေးစေလိုကြောင်း သူတို့တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။ ပြီးတော့ တနင်္လာနေ့ ညနေပိုင်းမှာတော့ သြစကြေးလျားနိုင်ငံခြားရေး ၀န်ကြီး Bob Carr နဲ့ သီးခြားတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲဒီတော့ NLD အမတ်တွေက Bob Carr နဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံကို သြစကြေးလျားနိုင်ငံက အစဉ်တစိုက် ထောက်ခံတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းတွေ ပြီးတော့ NLD ကိုလည်း ဆက်လက်ထောက်ခံပေးဖို့ ပြီးတော့ မြန်မာနိုင်ငံဟာ နောက်ကြောင်းပြန်မလှည့်တဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်အောင် ဆက်လက်ပြီး ကူညီဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

Bob Carr ဘက်ကတော့ သြစကြေးလျား အစိုးရရဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
သြစကြေးလျားအစိုးရက Sanction ဒဏ်ခတ်ပိတ်ဆို့မှုကို တနှစ်လျှော့ချလိုက်တာပေါ့နော့် ဒါပေမဲ့ အဲဒီ လျှော့ချခဲ့တာကလည်း နောက်ပြန်မဆုတ်ဘူးဆိုတာတော့ မပြောနိုင်ဘူး ဒါကတော့ မြန်မာနိုင်ငံအစိုးရဲရဲ့ လုပ်ဆောင်မှုအပေါ် မူတည်တယ်လို့ ပြောပါတယ်။ အကယ်၍ တိုးတက်မှု မရှိဘူး နောက်ပြန်ဆုတ်မယ်ဆိုရင် ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေကို အချိန်မရွေး ပြန်လည်ချမှတ်နိုင်တဲ့အကြောင်း ပြောသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ဆက်ပြီးတော့ လုပ်သွားမယ်ဆိုရင်တော့ ဒီ Sanction ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်ပြီးတာ့ စဉ်းစားသွားမယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီတော့ သြစကြေးလျားနိုင်ငံက အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့တဲ့အခါမှာ တော်တော်များများအဖြစ်တော့ ပညာရေး၊ ကျန်းမာရေး၊ အဲဒါတွေကို အကြမ်းဖျင်းဆွေးနွေးပြီးတော့ သြစကြေးလျား အစိုးရကလည်း အတိအကျ ဂတိပေးတာမျိုး မရှိပေမဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေကို ဆက်လက်ကူညီပံ့ပိုးပေးသွားမယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။

ပြီးတော့ တနင်္လာနေ့မှာတော့ NLD လွှတ်တော်အမတ်တွေက သြစကြေးလျားနိုင်ငံ ကမ်ဘာရာမြို့မှာ ရှိတဲ့ မြန်မာသံအမတ်နဲ့ မြန်မာသံရုံးမှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
သူတို့အဓိက ဆွေးနွေးသွားတာကတော့ သူတို့အနေနဲ့ ဒီ NLD လွှတော်အမတ်တွေအနေနဲ့ သြစကြေးလျား နိုင်ငံကို ရောက်လာတာ ပညာရေးကြောင့် အဓိကရောက်လာတယ်လို့ ပြောပါတယ်။ သူတို့ကိုယ်တိုင်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ကိုင်ကြသလဲ လွှတ်တော်အမတ်တွေအနေနဲ့ ဒီနိုင်ငံမှာ ဘယ်လိုလုပ်ကြတယ်ဆိုတာကို လာရောက်လေ့လာတဲ့အနေနဲ့ ရောက်လာတဲ့အတွက် ဥပမာ မြန်မာနိုင်ငံကိုလည်း ပညာရေးဆိုင်ရာတွေမှာ ဆက်လက်ကူညီသွားဖို့ ဒီနိုင်ငံကလည်း မြန်မာနိုင်ငံကို ပညာရေးအရ ကူညီထောက်ပံ့မှုတွေ လုပ်ချင်တယ်လေ.ဒီတော့ ဒီနိုင်ငံက လုပ်ချင်တဲ့သူတွေ ဗီဇာလျှောက်တဲ့အခါမှာ ချောချောမွေ့မွေ့ရှိအောင် ဗီဇာထုတ်ပေးဖို့ ဆိုတာတွေကို သူတို့တင်ပြခဲ့တယ်လို့ ပြောပါတယ်။ အဲဒီတော့ မြန်မာသံအမတ်ကြီးကလည်း သူတို့လာရောက်တွေ့ဆုံတာကို အရမ်းကို ကြိုဆိုတယ်လို့ ပြောပါတယ်။ ပြီးတော့ သံအမတ်ကြီး ပြောတာကတော့ ဒီခေတ်က မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ ခေတ်ကြီး ဖြစ်ပြီပေါ့နော့် အဲဒီတော့ သူ့အနေနဲ့ သတင်းစာရွက်တစောင်ကိုလည်း ထုတ်ပြတယ်လို့ ပြောပါတယ်။ အဲဒီသတင်းစာထဲမှာ NLD အနိုင်ရတဲ့ သတင်းစာပေါ့လေ၊ အဲဒါကို ကြည့်ပြီးတော့ သံအမတ်က အခုလို NLD အောင်နိုင်တာဟာ သမိုင်းဝင်တဲ့ ဖြစ်ရပ်ဖြစ်ပြီပေါ့လေ၊ ပြီးတော့ ဒါဟာခေတ်ပြောင်းပြီဆိုတဲ့ သဘောပေါ့လေ အဲဒီတော့ သူတို့အနေနဲ့ကလည်း ဒီပြောင်းလဲတဲ့ ခေတ်ကြီးမှာ လိုက်လျောညီထွေမှုတွေ လုပ်ပါတယ်ဆိုတဲ့အကြောင်း ပြောသွားတယ် ဆိုတဲ့အကြောင်း ပါပါတယ်။ ပြီးတော့ သံအမတ်ကြီးကလည်း သူ့အနေနဲ့ လွှတ်တော်တွေကို လေးစားတယ်ဆိုတဲ့အကြောင်း ပြောသွားတယ်ဆိုတာလည်း သိရပါတယ်ရှင်..

(​ရေဒီယိုသြစတြေးလျ ​မြန်မာပိုင်းက ​သတင်းထုတ်လုပ်ရေးမှူး ​မူလှိုင်းသိမ့် ​က ​ကင်ဘာရာမြို့ကနေ ​သတင်းပေး ​ပို့ပေးချက်
အသံကို မြန်မာပြည်က စာလာဖတ်သူများ လှိုင်းမကောင်းရင် မကြားရမှာစိုးလို့ ဇော်ဂျီနဲ့ ပြန်ရိုက်ပြီး တင်ပေးလိုက်ပါတယ်။) ဓာတ်ပုံတွေနဲ့ သတင်းကိုသြစကြေးလျားနိုင်ငံရောက် မြန်မာပြည်က NLD အမတ်တွေရဲ့ လှုပ်ရှားမှုတွေကို ကျွန်မ ဘလော့ဂ်မှာ စာလာဖတ်နေတဲ့ မြန်မာပြည်က စာဖတ်သူများ သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ Radio Australia - Myanmau fb မှ ကူးယူဖေါ်ပြပါလိုက်ပါတယ်။ ဆစ်ဒနီ မြန်မာကွန်မြူနီတီနဲ့ NLD လွှတ်တော်အမတ်တွေ တွေ့ဆုံပွဲကိုလည်း နောက်နေ့မှာ ဆက်လက်တင်ပြပါမည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

No comments: