
ကချင်တိုင်းရင်းသားများနဲ့
ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖောက်ဖျက်ကာ
ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက်
ကျူးလွန်နေတဲ့ မြန်မာစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်
မင်းအောင်လှိုင်အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ထို ကျူးလွန်မှုများကို
မရပ်တန့်ပါက ဥရောပနိုင်ငံရှိ တရားရုံးများတွင်
တရားစွဲဆိုသွားမှာဖြစ်ကြောင်း ဥရောပရောက် မြန်မာများနဲ့ ဖွဲ့စည်းထားတဲ့
ဥရောပရောက် မြန်မာများ ညီလာခံ (Forum of Burmese in Europe) အဖွဲ့က ၂၀၁၂
မေလ ၁၅ ရက်နေ့တွင် ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
အခုအချိန်ဟာ ဥရောပသမဂ္ဂနိုင်ငံများရဲ့ မြန်မာအစိုးရအပေါ် ပိတ်ဆို့
အရေးယူမှုများ ဆိုင်းငံ့ထားတဲ့အချိန် ဖြစ်နေပြီး မြန်မာအစိုးရနဲ့
ဥရောပနိုင်ငံများရဲ့ သံတမန်ဆက်ဆံရေး ကောင်းမွန်နေတဲ့အချိန် ဖြစ်နေတဲ့အတွက်
ထိုသို့ တရားစွဲရန် ကြိုးစားမှုဟာ ဖြစ်နိုင်ခြေ ရှိပါ့မလားလို့ ယနေ့မြန်မာက
Forum of Burmese in Europe အဖွဲ့ တာဝန်ရှိသူ ဦးနွယ်အောင်ကို ဆက်သွယ်
မေးမြန်းခဲ့ရာ “ကျွန်တော်တို့ ဥရောပနိုင်ငံတွေဟာ များသောအားဖြင့် တရားဥပဒေ
စိုးမိုးတဲ့နိုင်ငံတွေ ဖြစ်တယ်။ ဥရောပသမဂ္ဂက ပိတ်ဆို့မှုတွေကို ခေတ္တ
ရပ်ဆိုင်းထားတယ်၊ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်တွေကို ဗီဇာပိတ်ဆို့မှုက
ရပ်ဆိုင်းထားတယ် ဆိုပေမယ်လည်း ဥရောပနိုင်ငံတွေရဲ့ တရားဥပဒေက ပြောင်းလဲမှု
မရှိဘူး။ မြန်မာနိုင်ငံမှာ ပြစ်မှု ကျူးလွန်တာ ရှိခဲ့လို့ရှိရင် ဒီ
ပုဂ္ဂိုလ်တွေဟာ ဥရောပနိုင်ငံတွေမှာ တရားဥပဒေအရ ရင်ဆိုင်ရမှာကတော့ ရှိနေတာပဲ။
ဒီပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံကနေ ဥရောပကို မရောက်တောင်မှ
ဥရောပတရားရုံးတွေမှာ ပြစ်မှုရှိတဲ့ပုဂ္ဂိုလ်တွေကို တရားစွဲဖို့ ဆိုတာက
ဥရောပမှာရှိတဲ့ မြန်မာတွေက တောင်းဆိုရင် တရားစွဲဆိုနိုင်တဲ့ ဥပဒေတွေ
ရှိပါတယ်။ ဥပမာအားဖြင့် - ၁၉၉၈ ခုနှစ်လောက်က ချီလီ စစ်အာဏာရှင်
ပီနိုချေးကို စပိန်မှာ တရားသူကြီးက ဖမ်းမိန့်နဲ့ တရားစွဲတဲ့တာမျိုး
ရှိခဲ့ဘူးပါတယ်။ ဘယ်လ်ဂျီယမ် တရားဥပဒေအရလည်း မြန်မာနိုင်ငံမှာ
တိုတယ်လ်ရေနံကုမ္ပဏီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး
တရားရုံးကနေ တရားစွဲဆိုတာလည်း လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က
ရှိခဲ့ဘူးပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ
လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ခေါင်းဆောင်
ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ကို ဥရောပတရားရုံးတွေမှာ
တရားစွဲလို့ရတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ကျွန်တော်တို့က ထုတ်ပြန်ခဲ့ခြင်း
ဖြစ်ပါတယ် ခင်ဗျ“ လို့ ရှင်းပြပါတယ်။
အခုအချိန်ဟာ မြန်မာအစိုးရဟာ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်နေပြီး
မြန်မာသမ္မတ ဦးသိန်းစိန်ကိုလည်း ပြုပြင် ပြောင်းလဲရေးသမားတဦးလို့
အနောက်နိုင်ငံတွေက ရှုမြင်နေလေတော့ အခုလို တရားတဘောင်ကိစ္စတွေ
လုပ်ကိုင်နိုင်မယ့် အခြေအနေတွေက ဖြစ်နိုင်ပါ့မလားလို့ မေးတဲ့အခါမှာတော့
“မင်းအောင်လှိုင် ကြီးမှူးပြီး လုပ်ကိုင်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ
စစ်တပ်တွေ ချတယ်၊ တိုက်ခိုက်မှုတွေ လုပ်နေတာတွေကို လုပ်နေတာတွေဟာ ဥပဒေကို
ချိုးဖောက်ပြီး လုပ်နေတာ ဖြစ်တယ်။ ဒီတော့ စစ်တပ်ဦးစီးချုပ်
မင်းအောင်လှိုင်မှာတင် တာဝန်ရှိတာ မဟုတ်ဘူး။ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့
သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိတယ်။ သူ့အနေနဲ့ တားဖို့ လုပ်ခဲ့ပေမယ့်
မအောင်မြင်ဘူးဆိုတာ ကျွန်တော်တို့ ယနေ့အထိ တွေ့နေရတယ်။ ဒါ့ကြောင့်မို့
မြန်မာနိုင်ငံမှာ ဒီ အဖြစ်အပျက်တွေ ရပ်ဆိုင်းအောင် ကျွန်တော်တို့က ဒီ
ကြေငြာချက် ထုတ်တယ်။ ထုတ်ခြင်းအားဖြင့်လည်း ကျူးလွန်မှု၊ ကျူးကျော်မှုတွေ
မဖြစ်အောင် တားဆီးတဲ့သဘောပဲ။ ဒါကြောင့်မို့ သမ္မတ
ဦးသိန်းစိန်အစိုးရအနေနဲ့ သူ့လက်အောက်က စစ်ဦးစီးချုပ်ကို
အမိန့်ပေးနိုင်ရမယ်၊ ဒါမှသာလျှင် သမ္မတသိန်းစိန် အစိုးရကို
မြန်မာနိုင်ငံပြည်သူတွေလည်းပဲ ယုံကြည်လာမယ်၊ နိုင်ငံတကာကလည်းပဲ
ယုံကြည်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ကနေပြီးတော့ ထုတ်ပြန်ခြင်း
ဖြစ်တဲ့အတွက်ကြောင့်မို့လို့ (ကျွန်တော်ထင်ပါတယ်။) မြန်မာနိုင်ငံအတွက်
ရှေ့ရေးမှာ ဒီလို တရားဥပဒေ ချိုးဖောက်မှုတွေ နည်းသွားလိမ်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျ“ လို့ ပြန်လည် ဖြေကြားသွားပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေဟာ တနေ့တခြား
ဆိုးရွားလာနေပြီး ဘယ်နေ့မှာ ရပ်ဆိုင်းမယ်ဆိုတာ မသိကြရသေးလေတော့ ဥရောပရောက်
မြန်မာများကလည်း ဥပဒေကြောင်းအရ လုပ်ကိုင်နိုင်အောင် ကြိုးစားကြမယ်ဆိုရင်
နောက်ကြောင်းပြန် မလှည့်ပါဘူးလို့ ဆိုနေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်
ပြောင်းလဲရေးလမ်းစဉ်ရဲ့ ရှေ့ရေးကို ခန့်မှန်းဖို့က ခက်ခဲနေပါတယ်။
လက်နက်ကိုင် တိုက်ပွဲတွေ မရပ်ဘူးဆိုရင် အခု ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့
တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ငြိမ်းချမ်းရေးအဆင့်
လျှော့ချနိုင်တယ်ဆိုတဲ့ သတင်းတွေ လွန်ခဲ့တဲ့ ရက်အတွင်းက ထွက်ခဲ့ပါတယ်။
ဒါ့ကြောင့် အသားမကျသေးတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ
လျှော့သွားမှာ၊ ပြည်သူများရဲ့ဘ၀အတွက် စိုးရိမ်ပူပန်မှုတွေ
များပြားလာနိုင်မှာကို လေ့လာသူများက စိုးရိမ်လျက် ရှိနေကြပါတယ်။
No comments:
Post a Comment