Friday, May 25, 2012

ရေမီးဟာ အရေးကြီးတာ



တရားဥပဒေစိုးမိုးရေးနဲ့
လူ့အခွင့်ရေး ဦးစားပေးတဲ့နိုင်ငံမှာ
ရေ မီး ဆိုတာ အမေကြီးကိုဖေးမသလို
အဖေကြီးကိုကျွေးရသလို
အလွန်အရေးပေးရပါတယ်…။

အိမ်ရှင်က အိမ်ငှါးကို
အိမ်လခ မပေးလို့များ
ရေ မီး ဖြတ်ကြည့်ပါလား
အပါးပါး..နေထိုင်ခွင့်ချိုးဖေါက်မှုနဲ့
ပလိပ်တွေချောင်းပေါက်
ခုချက်ချင်းရောက်လာပြီး
အအော်အငေါက်သာမက
လက်ထိပ်ပါ တခါထဲခတ်ပြလိုက်မယ်..။

မီးပြတ်လည်း မကြာရ တခဏပဲ
လက်စွမ်းပြ မလစ်ဟင်း
ခုချက်ချင်း ပြန်လင်းအောင်
လုပ်ဆောင်ပေးရပါတယ်…။

ဒို့မြန်ပြည်မှာတော့
အင်အယ်ဒီကိုကြိုဆိုရင်လည်းကောင်း
ကြံ့ဖွံ့ကိုမဲမပေးရင်လည်ကောင်း
အကြောင်းပြ အမှောင်ချနိုင်တယ်...
အယ်…မှတ်ကရောပဲ…။

ဥပဒေစိုးမိုးတဲ့နိုင်ငံမှာဗျ
သမတ ဖြစ်ပါစေ
လမ်းဥပဒေကိုချိုးဖေါက်ရင်
အရပ်သားတယောက်လို
ကြောက်ရပါတယ် နောက်ပေါက်က
ကပ်တိုးပြီး လာဘ်ထိုးလို့မရ။

ဥပဒေဟာ ဥပဒေ
အဖေတော်လို့မရ အဖေခေါ်လည်းမထူး
မူးရင်မမောင်းနဲ့ မောင်ရင်းမမူးနဲ့
အတတ်ကျူးလို့မရ…
အရပ်မှာမူးပြီး ရမ်းကားလို့လည်းမဖြစ်
အပြစ်ဟာ အပြစ်
ဈေးဆစ်လို့မရ  ဥပဒေအထက်က
ဘယ်သူမှမနေရ…။

ဒို့မြန်ပြည်မှတော့
ဥပဒေမှာ မျက်နှာနှစ်မျိုး
ရှိနိုင်တဲ့ဟာမျိုး..အတော့်ကိုဆိုး
ထပ်တိုးပြီးပြောကြစတမ်း
လူတန်းစားအလိုက်
ပိုက်ဆံရဲ့ မျက်နှာအလိုက်
ကြိုက်သလိုဆွဲ ကြိုက်သလိုဆန့်
စပလင်လိုဆွဲနိုင် ဆန့်နိုင်
ငွေပေးသူသာအပိုင် လဘ်ထိုးသူသာအနိုင်
ကိုင်..မျက်နှာမွဲ ဥစ္စာနဲ(နည်း)
ဥပဒေအောက်မှာမလွဲ ပြားပြားမှောက်နေရမှာပဲ..
လူဆင်းရဲသားတွေ တဖုတ်ဖုတ်သာသေ…။

ဟိုမှာမနေရ..ဒီကိုမသွားရ
ဧည့်စာရင်းတွေတိုင်ပါဟနဲ့
ကွကျတဲ့သူတွေ…
ကိုယ်ပြည်ကိုယ်နေတာတောင်
အမောင်တွေရဲ့မျက်နှာ
ကြည့်နေရအုံးမှာ…
ဒါနဲ့အလုပ်များ
လုပ်စားနေတဲ့သူလည်းအများသား…။

မီးလောင်ရင်တောင် မီးသတ်ကားက
ငွေမျက်နှာများကိုကြည့်ပြီး ရေဖြန်းသတဲ့…။

လန်းကြရောဗျာ..ပြောပါများရင်
မောင်ကြီးလွန်ရာကျမှာပင်.. ပြောတော့ဖူး
ဟူး….။

တက္ကသိုလ်ဘုန်းကြွယ် (မေ ၂၃ ၂၀၁၂)

No comments: