(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
လူမှုရေး အလုပ်လေးတွေ အခုဒီဘက်ခေတ်မှာ
တော်တော်လေး လူတွေ သိလာ စိတ်ဝင်စားလာကြပါပြီ။ မြန်မာနိုင်ငံမှာ ရှိနေတဲ့
ဘာသာကြီးတွေ အားလုံး လိုလို က လူမှုရေးကို အားပေးတာတွေ ပါရှိနေပါတယ်။
လူမှုရေး ကိုလုပ်ဖို့ သင်ကြားချက် ဟောကြားချက်တွေ ပါရှိကြတာပါဘဲ။
ခေတ်ကာလအလိုက် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တွန်းအားပေးမှုနဲ့ ဟန့်တား
နှောက်ယှက်မှုတွေ အပေါ်မူတည်ပြီး ခေတ်ကာလ အခြေအနေအရ လူမှုရေးလုပ်ငန်းတွေ
အတက်အကျ ဖြစ်နေရတာပါ။
တလောက ကိုကျော်သူရဲ့
လူမှုရေးအသင်းကို တရားဝင်အသင်းအဖွဲ့ အဖြစ်ပြန်လည် ခွင့်ပြုလိုက်ပါပြီ
ဖတ်ရတော့ စိတ်ထဲ တော်တော်လေး မကောင်းဖြစ်မိပါတယ်။ ၂၀၀၇-
ရွှေဝါရောင်တော်လှန်ရေး မဖြစ်မှီ ရက်ပိုင်းလေးမှာ DVB ၀က်ဆိုဒ်ပေါ်မှာ
ကျနော် ကိုကျော်သူတို့လို လူမှုရေးလုပ်သူတွေဟာ အများရဲ့ အခက်အခဲ
နစ်နာမှုတွေကို ရှုမြင်တတ်သူတွေမို့ အာဏာပိုင်တွေက တနေ့ ငါတို့
မကောင်းတာတွေကို ထုတ်ဖေါ်လာနိုင်သူတွေ potentail enemy ရန်သူဖြစ်လာရန်
အလားအလာရှိသူတွေ အနေနဲ့ သတ်မှတ်ထားတယ်လို့ ရေးခဲ့ဘူးပါတယ်။
အများအကျိုးလိုလားသူ ဒို့ရန်သူလို့ တိုင်းပြည်အကျိုး (လူအများထုအကျိုး
-ကိုကိုင်တွယ်နေသူ အစိုးရက) ဟာ သူပြောတော့ ပြည်သူကောင်းစားရေး
သူအားပေးနေ တွန်းနေတာက တကိုယ်ကောင်းစိတ်ထားသူ ကိုငါကြည်ဖြူ။
အများအတွက် စဉ်းစားသူ ငါ့ရန်သူ ဖြစ်နေတာ ပြနေပါတယ်လို့ 
ရေးသားခဲ့ဖူးပါတယ်။
အခု သမ္မတကြီးဦးသိန်းစိန်
လက်ထက်မှာ လူမှုရေးအလုပ်တွေကို တစတစ ခွင့်ပြုလာတာ အထူးဝမ်းသာစရာ မြင်တွေ
့နေရပါပြီ။ လူမှုရေးအလုပ်ကိုတောင် ခွင့်မပြုနိုင်တဲ့ အဆင့်အထိ ဖြစ်နေသူဟာ
တော်တော်ကို တကိုယ်ကောင်းစိတ် လွန်ကဲနေပြီဆိုတာကိုလဲ တွက်ချက်နိုင်ပါပြီ ။
အခု ကချင်စစ်ပြေးဒုက္ခသည်တွေကို
ကူညီဖို့ သီဆိုပွဲတွေ ခွင့်ပြုတာ သွားရောက်ကူညီခွင့် ပြုတာတွေဟာ အားရ
ဝမ်းသာစရာလေးတွေပါ။ အစိုးရကိုယ်တိုင်က ကချင် (KIA)အဖွဲ့ကို စစ်ပြေး
ဒုက္ခသည်တွေကို လူမှုရေး ထောက်ပံ့ခွင့် တောင်းလာတာတွေ့ ရပါတယ်။ တဖက်က
ခွင့်မပြုသေးလို့ သိရပြန်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အစိုးရ တရပ်က
အများအကျိုး (လူမှုရေး) ကို ခွင့်ပြုလာတယ် ကိုယ်တိုင် လုပ်ဆောင်လာတာ
မင်္ဂလာတပါးလို့  ရဲရဲကြီးပြောလိုပါတယ်။
ဟာ ဒါဟာ အစိုးရတရပ်ရဲ့ လုပ်ရမယ့်
တာဝန်ဘဲ ဘာလို့ ဒီလိုလုပ်လာတာကို မင်္ဂလာ တရပ်ပါလို့ ပြောရတာလဲ
မေးချင်သူတွေ ရှိလာပါမယ်။ လုပ်ရမယ့် တာဝန်ဖြစ်သလို လုပ်သင့်သော တာဝန်လဲ
ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို တာဝန်လို့ မမြင်ခဲ့သူတွေ ကျနော်တို့
ကြုံခဲ့ရပြီးပါပြီ။ မမြင်ရုံ မကသေး လူမှုရေးလုပ်သူကို ခြိမ်းခြောက်
ပြီး နေထိုင်/လုပ်ငန်း လုပ်ကိုင်ခွင့်တွေပါ ပိတ်ပြစ်တဲ့အထိ ဟန့်တားတာတွေ
မြင်ခဲ့ရပြီးပါပြီ။
ဟုတ်ပါတယ်
တကယ်ကို မင်္ဂလာရှိသော နိမိတ်ကောင်းသော ခြေလှမ်းလေးလို့
ပါထပ်ပြောလိုပါတယ်။ ဘာလို့ ဒီလိုပြောရပါသလဲ ဆိုရင် အစိုးရတရပ်ဟာ
ကျနော်တို့နိုင်ငံ ဆိုတဲ့ ကားကြီး/ ရထားကြီးကို ဦးစီးမောင်းနေတဲ့
ရထားခေါင်းတွဲ ဂါတ်ဗိုလ်ကြီးပါဘဲ။ နိုင်ငံတော်ရဲ့  ကံအလှဲ့ အပြောင်းဟာ
(အရာရာဟာ) သူ့ ရဲ ကံတက်ခြင်း /ကံနိမ့်ခြင်း တွေဟာမှာ ရာခိုင်နှုန်း
တော်တော်လေး တည်နေလို့ပါဘဲ။ တကယ်တော့ နိုင်ငံတော်ရဲ့ကံဟာ ပြည်သူပြည်သား
အများစုရဲ့ကံ တွေနဲ့ ပိုဆိုင်နေပေမယ့် သူက စတီယာရင်ကို ကိုင်ထားတော့
ကားမောင်း/ ရထားမောင်းဆရာရဲ့ ကံအပေါ် တော်တော်လေးတည်နေလို့ပါ။
မင်္ဂလာလို့ ပြောရတာကတော့
ဥပမာအနေနဲ့ ကြည့်ရင် အိမ်တအိမ်/ ရပ်ကွက်/ တိုင်းနိုင်ငံတခုမှာ
မင်္ဂလာမရှိသူ တက်အုပ်ချုပ်ရင် အဲဒီအိမ် / ရပ်ကွက် / တိုင်းပြည်မှာ
ရွှေထွက်နေရင်တောင် အိမ်မီးလောင် / လူသေ/ အမှုအခင်းဖြစ်ကြရတာ
တိုင်းနိုင်ငံဆိုလဲ စစ်ပွဲကြီးတွေ ကြုံ ရတော့တာ တွေကိုသမိုင်းမှာလဲ
ဆင်ခြင်ကြည့်ပါ။ ကနေ့ လတ်တလော ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည်တွေ
ကိုကြည့်ပါ။ လူမှုရေး စိတ်ခေါင်းပါးသူတွေ တက်အုပ်ချုပ်တဲ့
တိုင်းပြည်တွေဖြစ်နေတာ တွေ့ကြရပါမယ်။ ဘယ်နိုင်ငံလို့ မပြောတော့ပါဘူး။
ကိုယ်ပိုင်ဥာဏ်နဲ့သာ ဆင်ခြင် တွေးဆကြည့်ကြပါတော့။
အခုသမ္မတကြီး ဦသိန်းစိန်
လက်ထက်မှာ မိန်းခွန်းတွေ မှာ အမြင်မှန်တွေ ပြောကြားလာသလို
(သန့်ရှင်းသောအစိုးရ/ ပြည်သူသည်သာအမိ/အဖ )စသည်များ ပြောကြားလာသလို
လက်တွေ့လည်း စတစ အပြုသဘော ဆောင်လာခဲ့တာ မင်္ဂလာဖြစ်သလို အတိုက်အခံ အင်အားစု
တွေကလဲ သမ္မတကြီးကို ကျေနပ် လက်ခံလာတာကိုက ပြသနာတွေ ငြိမ်းစပြုလာပြီး
မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ ထိပ်တိုက်ပြသနာတက်နေတဲ့ အင်းအားစုကြီးနှစ်ခု
ပြေလည်သွားတာ မင်္ဂလာပါဘဲ။ မင်္ဂလာဆိုတာကိုတော့ မည်သူမှ
မငြင်းနိုင်ကြပါဘူး။ ယခုအစိုးရ အပြောင်းအလဲကို အားမရသေးသူတွေ
ရှိနေသေးပေမဲ့ လက်တွေ့ ပြည်တွင်းမှာ လက်တွေ့ ထိတွေ့ နေရသူ အင်းအားစု နှစ်ခု
နားလည်မှုရသွားတာ မင်္ဂလာပါ။
အမေ့အိမ် ပညာရေးကွန်ယက်
အခု
အစိုးရသစ်လက်ထက်မှာ လူမှုရေး အလုပ်တွေကို အားပေးလာတော့ ကျနော်တို့မြန်မာ
တွေကို တိုင်းပြည် ပြန်လည်ထူထောင်နိုင်ဖို့ တနည်း တိုင်းပြည်ကံဇာတာ
အမြန်ပြန်လည် ဦးမော့လာအောင် လူတိုင်းလူတိုင်း လူမှုရေးလုပ်ငန်းတွေမှာ
(ကိုယ်တတ်အားသလောက် နည်းများမဆို) ပါဝင်ကူညီကြပြီး
တိုင်းပြည်တခုလုံးရဲ့ ကံဇာတာကို နိုင်ငံသားအားလုံး တက်ညီလက်ညီ
မြှင့်တင်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ စီးပွားရေးတွေ
ကြပ်တည်းနေချိန် ဘယ်လိုလုပ် ကူညီနိုင်မှာလဲ လို့မတွက်ဆ စေချင်ပါဘူး။
လူမှုရေးလုပ်ငန်းဆိုတာ ကံအကျိုးပေးအလွန် အံ့အားသင့်လောက်အောင်
ပြန်လည်တုန့်ပြန် လာတတ်ပါတယ်။ နောင်ဘ၀ အထိ ပင်မနေဘဲ ယခုဘ၀ မှာတင်ကို
အကျိုးပေး တတ်တာလေးတွေ ကိုယ်တွေ့ လေးတွေကို တင်ပြလိုပါတယ် ။
ကျနော့်ကိုယ်တွေ့ လေးတွေ
ရေးရပြန်တာမို့ ကိုယ်ရည်သွေးတယ်လို့လဲ မမြင်ဖို့ ပန်ကြားလိုသလို ကျနော့်
တင်ပြချက်တွေက ကံနှင့် ကံ၏ အကျိုး ဆက်တွေပါလာတော့ ကံ ဆိုတာကို လက်မခံတဲ့
လူအချို့ကိုလည်း အမြင်မတူတာ ဖြစ်နေရင်လဲ သည်းခံပေးကြပါရန် ပန်ကြားလိုပါတယ်။
ပြောပါမယ်။ ကျနော်ဟာ ၁၉၈၂-ခုနစ်
အသက် ၃၁ -နစ်အရွယ်က စလို့ မုံရွာမှာ သမ၀ါယမ ဆေးခန်းထိုင်ရင်း မုံရွာက
တက္ကသိုလ် ကျောင်းသူ/သားတွေ ဦးဆောင်တဲ့
(ရန်ကုန်တက္ကသိုလ်-ချင်းတွင်းမိသားစု အသင်း) ကို အသင်းရံပုံငွေ အတွက်
ကူညီသလို ဦးဆောင် ရပ်တည် လှုပ်ရှားလာခဲ့ပါတယ်။ ၁၉၈၃ မှာတော့ ဒီအသင်းက
ကျနော့်ကို အသင်းရဲ့ နာယက အနေနဲ့ သတ်မှတ်လာပါတယ်။ ၁၉၈၂ မတိုင်ခင်ကတော့
ကျနော်က အထက်အညာ ဟုမ္မလင်းဘက်မှာ ကိုယ်ပိုင်ဆေးခန်း ဖွင့်နေတော့
အနေဝေးနေပါတယ်။ တကယ်တော့ ဒီလိုအသင်းမျိုးကို နိုင်ငံတော်က ချီးမြင့်
မြောက်စားခဲ့တဲ့ လူရည်ချွန် (အထူးသဖြင့် -ထပ်ကွမ်းလူရည်ချွန်ဆု) ရထားသူတွေက
ကူညီမယ်လို့ မျှော်လင့်မိပါတယ်။ ကူညီမဲ့သူ မရှိလို့ ကျနော်က ပါလာရတာပါ။
ကျနော်မကူညီခင်က အသင်းသားတွေက
ဘုရားပွဲမှာ ရံပုံငွေရှာပွဲလေးကိုသာ အဓိက အားထားနေရတော့ တနှစ်ကိုမှ
ရံပုံငွေ ၆၀၀၀/ကျပ် (ရွှေဈေး-၂၅၀၀-၃၀၀၀-ခန့် အချိန်) ကိုဘဲ ရရှိပါတယ်။
ရံပုံငွေ ကြပ်တည်းစွာနဲ့ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့
ချင်းတွင်းဒေသ တခုလုံးက ကျောင်းတက်လာတဲ့ ကျောင်သားများအရေးရဲ့ လူမှုရေး
လုပ်ငန်းတွေကို ဆောင်ရွက်နေကြရတာပါ။ ကျနော် စတင်ကူညီပါဝင်လိုက်တဲ့
နှစ်ကစပြီး တနှစ်ကို ရံပုံငွေ ၂၀၀၀၀-သောင်းကနေ နောက်ပိုင်း
၄၀၀၀၀-နီးပါးအထိ ရရှိလာတော့ လူမှုးရေးတွေ တိုးတက်လုပ်ဆောင် နိုင်ခဲ့ပါတယ်။
လူငယ်လေးတွေလဲ လူမှုရေးစိတ်ဓါတ်တွေ တိုးပွားလာသလို အဖွဲ့အစည်းနဲ့ လုပ်ကိုင်
တတ်လာကြပါတယ်။ ဒီလိုကြည့်တော့ အလုပ်တော့ အပိုအလုပ် ရှုပ်စရာဖြစ်နေတာပေါ့။
ဒါပေမဲ့ မထင်မှတ်တဲ့ ဒေါင့်ကနေ မကြာမှီမှာဘဲ အဲဒီချင်းတွင်း
မိသားစုအသင်းက ကျနော့်ကို သိန်းပေါင်းများစွာ ကူညီတုန့်ပြန် လာပါတော့တယ်။
အဖြစ်လေးက ဒီလိုပါ။
၁၉၈၃-ခုနှစ် မတိုင်ခင်က ဆိုရင် ရန်ကုန်မှာ မြေပဲဆားလှော်ဆိုရင်
လမ်းဘေးတွေမှာ လှည်းလေးတွေနဲ့  ကျောက်မြောင်းမြေပဲ ဆားလှော် ဆိုပြီး
မြေပဲဆံ အနီဆံ ကိုရှေ့ တွင်လှော်ပြီးရောင်းတာ ကိုဘဲ ရန်ကုန်သူ/သားတွေက
စားကြပါတယ်။ အဲဒီအချိန်မတိုင်ခင်က ကျနော်တို့  မုံရွာမြို့ အ၀င်က (မအူ
ကျေးရွာ) က လှော်တဲ့ မြေပဲဆံအဖြူကို ရန်ကုန်ဈေးကွက်မှာ လုံးဝ ရောင်းလို့
မရပါဘူး။ စားမဲ့သူ မရှိတာထက် စားရကောင်းမှန်း သိသူမရှိကြတာပါ။
သို့သော်ရန်ကုန် နဲ့မန္တလေးက လာလည်တဲ့ ဧည့်သည်တွေက မုံရွာမှာ မုံရွာမြို
့သူမြို့ သားတွေက ဒီမြေပဲဆားလှော်နဲ့ ဧည့်ခံတော့ ဒီမြေပဲဆားလှော်ရဲ့
အရသာကို သိကြပြီး အပြန်ကြရင် လက်ဆောင်ပေးဖို့ ၀ယ်သွားတတ်ကြပါတယ်။
လူကြုံရှိရင်လဲ အထပ်ထပ် လူကြုံ မှာတတ်ကြပါတယ်။ မုံရွာဝက်အူချောင်းနဲ့
မုံရွာမြေပဲဆားလှော်ဟာ ဖေးဖရိတ်ပါ။
ဒါကိုကျနော်က ၁၉၈၃-မှာ
ဈေးကွက်ရှာကြည့်ပါတယ်။ ရန်ကုန်ကိုဆင်းပြီး သိမ်ကြီးဈေး မုန့်ဆိုင်တွေမှာ
အမျိုးမျိုး တောင်းပန် တစ်မျိုး / ငွေပေးပြီးတမျိုး တင်ကြည့်ပါတယ်။
ဆိုင်ရှင်တွေက ကိုလက်မခံပါဘူး။ ဒါနဲ့ ၁၉၈၃-ပြည်ထောင်စုနေ့ ကျိုက္ကဆံကွင်းမှာ
သွားရောင်းကြည့်ပါတယ်။ ရောင်းလို့ကို မရတာပါ။ (နမူနာ) လက်ဆောင်
ပေးတာကိုပင် ယူတဲ့သူ မရှိဖြစ်နေပါတယ်။ ဒီလိုနဲ့ရွှေတိဂုံ တပေါင်းပွဲတော်မှာ
တခါပြန်လာပြီး နမူနာပေးဖို့ ကြိုးစားပြန်ပါတယ်။ ပထမနေ့မှာတင် ရွှေတိဂုံ
ကုန်းမြေပေါ် မြေပဲဆားလှော် အထုပ်တွေ ဆွဲတက်လာစဉ်မှာတင် ကျနော့်ရဲ့
ရန်ကုန်တက္ကသိုလ် ချင်းတွင်းမိသားစုက ကျောင်းသူ/သားတွေက တွေ့သွားပြီး (ဆရာ
ဘာတွေလဲပေါ့ ...ဟာငါတို့မုံရွာရဲ့ နာမည်ကြီး ထွက်ကုန်ပါပေါ့) .သူတို့လည်း
ဝမ်းသာသွားကြပြီး (ဟာ ဆရာ မရောင်းပါနဲ့ ကျနော်တို့ ဆရာကိုယ်စား
ရောင်းပေးပါမယ်ပေါ့ ..ကျနော်ကလည်း ငါက ဒါကိုသာ ဒီမှာရောင်းလို့ ရရင်
ငါ့အတွက် ဈေးကွက်ပေါ်လာမှာပါ။ အခုမြေပဲတွေကို ရောင်းလို့ ရတာကို
အသင်းရံပုံငွေအဖြစ် လှူပါတယ်ပေါ့)။ ကျောင်းသားတွေက အစကလက်မခံချင်ကြဘူး
နောက်သေသေချာချာ ရှင်းပြတော့မှ သူတို့လည်း ရံပုံငွေရ ကျနော်လဲ ကုန်ပစ္စည်း
ဈေးကွက်ဖေါ်ပြီးသားဖြစ် တော့ WIN -WIN ပေါ့။ ကျောင်းသူလေးတွေက လမ်းပေါ်မှာ
စီးကရက်ရောင်းနေသူ မိန်းခလေးတွေနဲ့ ယှဉ်တွဲပြီး သူတို့ရဲ့ ရင်ထိုး
အပွင့်ကြီးတွေနဲ့ တွဲရောင်းပေးကြပါတယ် ။
အဲဒီမှာ လူငယ်လေးတွေက
ခေတ်စကားနဲ့ ပြောရရင်ရင်တော့ ကျောင်းသူလေးတွေ စီးကရက် ရောင်းနေသူလေးတွေကို
(ပွား) ချင်ကြတော့ ဆေးလိပ်သောက်ရင်း မြေပဲထုပ်လေးတွေ ၀ယ်စားကြ
ပွားကြပေါ့။ ပွားလို့ (မေးမြန်းလို့) စကားအစကလဲ ရှိလေတော့ ဘာပြောကောင်းမလဲ
နှစ်ရက်နဲ့ ကျနော်ယူလာတဲ့ မြေပဲထုပ်တွေ ကုန်ပါလေရော။ ချက်ချင်း
မုံရွာကိုဖုံးဆက် မြေပဲတွေကို အမြန်ရထား တွဲစောင့်နဲ့ ထည့်ပေးဖို့ ကိုမှာယူ
ရပါတော့တယ်။
ရွှေတိဂုံ တပေါင်းပွဲလဲပြီးရော
ကျနော့်မြေပဲလှော်က သိမ်းကြီးဈေးမှာ ဆူပါဟော့ ဖြစ်နေပါတော့တယ်။ တီဗွီမှာ
ကြော်ငြာရင်တောင် ဒီလောက်လျှင်လျှင်မြန်မြန် ဈေးကွက် တက်လာနိုင်
စရာမရှိပါဘူး။ စိတ်မကောင်းစရာကလဲ အချိန်တို အတွင်းမှာကို ရန်ကုန်မှာ
ရှိခဲ့တဲ့ ကျောက်မြောင်း မြေပဲဆားလှော်ဟာလဲ ပျောက်ကွယ်သွားရတော့
လူအတော်များများ အလုပ်ပျောက် သွားရပါတော့တယ်။ နောင်ရန်ကုန်သားတွေဆို
ကြားတောင် မကြာဖူးတော့တဲ့ အထိ ဖြစ်သွားပါတော့တယ် ။
ကျနော်လဲ မြေပဲဆားလှော်ကို
နောင်မှာ တရက်ကို တင်း-၁၂၀ - (တန်ချိန်အားဖြင့် -၃-တန်ကျော်) လှော်လာ
ရပါတော့တယ်။ ကျနော်တင်လားဆိုတော့ မအူရွာသားတွေလဲ အရင်က တရက်ကိုမြေပဲ
ဆံတင်းအနေနဲ့ -၁၀-တင်းကနေ - ၁၅ တင်းသာ လှော်နေရာကနေ တရက်ကို တင်း.၃၀၀- ကနေ
၅၀၀-အထိ လှော်လာ ရပါတော့တယ်။ မုံရွာမြေပဲဆားလှော်ဟာလဲ အိန္ဒိယဘက် ထိုင်းဘက်
တရုတ်ပြည်အထိ ပေါက်သွားပါတော့တယ်။ တနိုင်ငံလုံးကိုလဲ
ပြန့်နှံသွားပါတော့တယ်။ မအူရွာ တရွာလုံးလဲ တိုက်အိမ်ကြီးတွေ
ဖြစ်ကုန်ပါလေရော။ အိမ်တိုင်း တီဗွီ နဲ့ ဆိုင်ကယ် ကားတွေ
ဖြစ်ကုန်ပါတော့တယ်။
ဒီလိုဘဲ နိုင်ငံရေးဆိုတာကလဲ
တကယ့်ကို အန္တရယ်ကို အသက် အဖမ်းအဆီးနဲ့ ရင်းပြီးလုပ်ရတဲ့ လူမှုရေးပါဘဲ။
ကျနော်ဟာ အန္တရယ် မကင်းတဲ့ လှုပ်ရှားမှုတွေမှာ ထိပ်ကနေ ပါဝင်ခဲ့ပါတယ်။
လူမှုရေးလုပ်ထားတဲ့ ကံ (ကုသိုလ် )လေးတွေက ဖေးမနေတော့ တော်ရုံနဲ့
အဖမ်းမခံခဲ့ရပါဘူး။ တချို့ဆို ဘာမှ မဟုတ်တာလေးနဲ့ အဖမ်းခံကြရပါတယ်။
ဒီလိုနဲ့ ကျနော်တို့ ၁၉၉၅-မှာ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ်
နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီး နိုင်ငံရေးလှုပ်ရှားမှုလေး အသက်ပြန်ဝင်လာတော့
..တက္ကသိုလ်သမဂ္ဂ ဖွဲ့စည်းဖို့ကျနော်နဲ့ ကိုမောင်မောင်ဝမ်း အပါအ၀င်
ကျောင်းသားအဖွဲ့တွေ လှုပ်ရှားခဲ့ကြပါတော့တယ်။
အာဏာပိုင် (ထောက်လှမ်း) တွေက
ရပ်တန့်ဖို့ သုံးကြိမ် သတိပေးလာပါတယ်။ မောင်မောင်ဝမ်းကိုဆိုရင်
ပြည်ထဲရေးရုံး ကိုခေါ်ပြီး အရာရှိကြီးတွေ ကိုယ်တိုင် ကျနော်တို့
လှုပ်ရှားမှုတွေကို ချက်ချင်းရပ်ပေးဖို့ ခေါ်ယူ သတိပေး လာပါတော့တယ်။
ကျောင်းသားတွေကိုလည်း နှစ်ပတ်လောက် ဖမ်းဆီးစစ်ဆေး လုပ်လိုက်ပါသေးတယ်။
ခက်တာက ကျနော်တို့ လှုပ်ရှားမှုက သမဂ္ဂကို တရားဝင်ဗြောင် ဖွဲ့စည်းမယ်
အစိုးရဆီ တင်ပြမယ်ပေါ့။ ကျနော်တို့ ကျောင်းသားသမဂ္ဂ အနေနဲ့ နိုင်ငံရေးမှာ
ပါဝင်ပတ်သက်မှု မလုပ်ဘဲ ကျောင်းသားအရေး သီးသန့်ဘဲ လုပ်မယ်ပေါ့။ ဒီမှာ
သူတို့အနေနဲ့ ဖမ်းရခက်နေတော့ ခြိမ်းခြောက်ပြီး နောက်ဆုတ်ခိုင်းတာပါ။
ကြောက်မလားလို့ ပေါ့ ။
ဟုတ်ကဲ့ ခြိမ်းခြောက်တော့လဲ
ကြောက်စရာပေါ့။ ဒါပေမဲ့ကျနော်တို့မှာ ထောက်လှမ်းရေးထက် ကြောက်စရာက
ရှိနေပါတယ်။ ကျနော်တို့က စတုန်းက စပြီး ထောက်လှမ်းက ခေါ်ခြောက်
လိုက်တာလေးနဲ့ ကျနော်တို့လှုပ်ရှားမှုကို ရပ်လိုက်ရင် အိမ်ကမိန်းမ ထမီဝယ်စရာ
မလိုတော့အောင် ကျောင်းသူတွေက ထမီထုပ်တွေ ပို့ကြတော့မှာ။
မောင်မောင်ဝမ်းနဲ့ တိုင်ပင်ပြီး မထူးဘူးကွာ ဆက်သာချမယ်ဆိုပြီး ဆက်မိုက်
ရတော့တာပေါ့ဗျာ။ မထူဘူးဆိုပြီး ထောက်လှမ်းရေးက လာပြောရင် ခင်ဗျားတို့
ဖမ်းချင်ဖမ်း ကျုပ်တို့ ကတော့ ထောင်လောက်ကတော့ မမှုဘူးဆိုပြီး မရဲသော်လဲ
ကျွဲပြဲ စီးပြနေရတယ်။ ဆက်စိီးပေတော့ပေါ့။ မာမာဘဲ ကျုပ်တို
့ကိုလာပြောမနေနဲ့  ဖမ်းချင်ဖမ်းဗျာ အထိ ကောလွှတ်တော့တာပေါ့။
ဖမ်းတော့တာပေါ့။
အဲဒီလိုဖမ်းပြီဆိုရင် ထောက်လှမ်းရေးဆိုတာ သိတဲ့အတိုင်းလေ နဂိုက မာမာကော
လွှတ်ထားတဲ့ အတေးနဲ့ ဘေမလို့ပေါ့။ ကံလေးက ပေးလာတော့ ကျနော့်ကို ဖမ်းတဲ့
နံနက်မှာတင် ဘန်ကောက်ကနေ (CRDB.. Committee for Restoration of Democracy
in Burma)..ရဲ့ဥက္ကဌ ဥိးတင်မောင်ဝင်း (ခေတ်ပြိုင်ဂျာနယ် တည်ထောင်သူ)နဲ့
ဘန်ကောက်ပိုစ့်က သတင်းအယ်ဒီတာ --Ralph Ba Cho (ကိုဘချို) တို့က
ဖုံးဆက်လာပါလေရော။ ချက်ချင်းသူတို့က ဘီဘီစီ ဦးနေ၀င်းဆီ
အကြောင်းကြားပေးတော့ ဦးနေ၀င်းက ဘီဘီစီ ပေါ်မှာ တဆာဆာ ကျနော်နံမည်ကို
အော်တော့တာပါဘဲ ။ အဖွဲ့ ချုပ်လူငယ်တွေလဲ တပြိုင်ထဲ အဖမ်းခံရတော့ ဘီဘီစီက
အတင်းအော်လေတော့ ကျနော်တို့ ကို ညနေမှာ ထောက်လှမ်းရေး စစ်ကျောရေးစခန်းကနေ
အင်းစိန်ထောင်ကိုပို့ ပါတယ် ။
ဘီဘီစီ ဦးနေ၀င်း စီအာဒီဘီ
ဦးတင်မောင်ဝင်း ဘန်ကောက်ပို့စ် သတင်းစာတိုက်က Ralph Ba Cho တို့ဆီကို
ကျနော်က အတွင်းက သတင်းတွေ ပို့နေကြပါ။ ရီတော့ရီရတယ်။ ထောက်လှမ်းရေးတွေ
ကျနော် သတင်းပို့နေတာ ရိပ်မိတယ်။ အသေစောင့် ဖမ်းနေကြတာ။ တခါမှ မမိဘူး။
ကျနော့်ကို ၀င်ဖမ်းတဲ့ ညမှာ စာနှစ်စောင်မိသွားတယ်။ ဒါလဲ မနက်မှာ
ထိုင်းလူမျိုးနဲ့ ထည့်ပေးမဲ့စာမို့ သူတို့သိသွားတာပါ။ ယခင်ကျနော်ပို့နေတာ
MAI က လေယာဉ်မယ် (ဗိုလ်မှုးကြီးတွေရဲ့ သမီိးတွေနဲ့) ပို့နေတာ မကြာခဏပါ။
တခါမှ သူတို့ဘယ်လိုပို့ နေတယ်ဆိုတာ ရိပ်တောင်မရီပ်မိပါဘူး။
သနားတယ်လို့တောင် ပြောချင်ပါသေးတယ်။ ဘီဘီစီ ဦးနေ၀င်းတို့က
ဒီလိုအကြောင်းတွေကြောင့် ကျနော် အတွက် အော်ချက် ထုတ်ပေးတာပါ။ ကျေးဇူး
အထူးတင်ပါတယ်။ သူသာ မအော်ပေးရင် ထောက်လှမ်းရေး စခန်းမှာ ဆက်နေရရင်
မတွေးရဲပါဘူးဗျာ။
အင်းစိန်ထောင်ကိုရောက်
ထောင်တံခါး ကို ဂျိမ်း ကနဲ ပိတ်လိုက်တော့ အမေ့အိမ်ကို ရောက်သွားရသလို
စိတ်ထဲမှာ အတော်ကို လုံခြုံမှု ရသွားပါတော့တယ်။ ဒီထောင်တံခါး ဂျက်ချသံ
(ဂျိမ်း) ဆိုတဲ့အသံနဲ့ ပတ်သက်ပြီး ကျနော်တို့ကို မဖမ်းခင်လေးကာလမှာ
သတင်းစာမှာ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဆိုပြီး
နိုင်ငံရေးမလုပ်ရဲအောင် ခြိမ်းခြောက်ထားတဲ့ ဆောင်းပါးလေး ထဲက ရေးထားတာနဲ့
ကျနော်တို့တတွေ ခံစားရတာက တက်တက်စင်ကို လွှဲနေပါတော့တယ်။
သူဆောင်းပါးမှာ ထောင်ထဲရောက်
ထောင် (တိုက်ခန်း) တံခါးကို ဂျက်ထိုးလိုက်တဲ့ (ဂျိမ်း) ဆိုတဲ့အသံကြီးဟာ
မိသားစု အမေ့အိမ်နဲ့ ကမ္ဘာခြား လိုက်ပြီဆိုတဲ့အသိနဲ့ တခါထဲ ကမ္ဘာပျက် မတတ်
ခံစားရပါတယ်လို့ သူကိုယ်တိုင် ခံစားရတဲ့ပုံစံနဲ့ ရေးထားတာပါ။
ကျနော်တို့မှာတော့ ထောက်လှမ်းရေး လက်ကနေ ထောင်ကိုရောက်တာ ငြိမ်းချမ်းတဲ့
သုခ ဘုံကို ရောက်တယ်လို့ ခံစားရပြီး ကြောက်နေရတဲ့ ဘ၀ကနေ
လွတ်မြောက်လာတာမို့ ဘယ်လောက် ရင်ထဲ အေးချမ်း သွားရသလဲဆိုတာ
တွေးကြည့်ကြပါ။ ထောင်ဘဲ ဘယ်သူက ထောင် ကျချင်မှာလဲ။ ဒါပေမယ့်
ထောက်လှမ်းရေးမှာ ဆယ်ရက်နေရမှာထက် ထောင် ၂-နစ်လောက်ကျတာနဲ့ လဲမလားဆို
ထောင်ဘဲ အကျခံချင်ပါတယ်။ ထောက်လှမ်းရေးကတော့ တွေးကြည့်ရမှာကို အသဲထဲ
ချမ်းသွားပါတယ်။ အင်မတန် လူစိတ်ကင်းမဲ့နေတဲ့ သတ္တ၀ါတွေပါ။ ဟိုရေးတဲ့လူက
နိုင်ငံရေးအကျဉ်းသားဟောင်း မဟုတ်ဘူးဆိုတာ ရှင်းသွားတော့တာပေါ့ ။
ဒါနဲ့ တဆက်ထဲပေါ့လေ
တိုင်းနိုင်ငံတခု ရဲ့ကံဇာတာ ကို တွက်ဆလို့တော့ မရနိုင်ဘူးပေါ့။ ဒါပေမဲ့
လူအများစု ရဲ့ကံတွေ အများစု စိတ်နေ စိတ်ထားတွေကိုတော့ တွက်ဆ (ခန့်မှန်း)
ယူလို့တော့ အကြမ်းဖျင်း ရနိုင်ပါတယ်။ ဥပမာပေးချင်တာပါ။ အမေရိကန်ဟာ
တချိန်က ကမ္ဘာမှာ တရားမျှတ မှုအတွက် လှုပ်ရှားပေခဲ့တဲ့ ကံပေါ့လေ ကမ္ဘာမှာ
ချမ်းသာတဲ့ နိုင်ငံကြီးဖြစ်ခဲ့ပါတယ် ဒါပေမယ့် ဒီဘက်နောက်ပိုင်းတွေမှာ သမ္မတ
ဘွတ်ရှ် လို ရန်ထောင်လိုသူ တက်လာတာရော အမေရိကန်ပြည်သူ
အတော်များများကိုယ်တိုင်က ဘာမဟုတ်တာလေးနဲ့ တရားစွဲ အမှုတွေဖွင့်
(အလိမ်အညာတွေလေ --မုသာတွေ) အနိုင်ယူ မတရား တဖက်သား ရှုံးတာကို
အခွင့်ယူလို့ရတဲ့ ငွေအပူတွေနဲ့ လုပ်ကိုင်လာကြတော့ ကံအဆိုးတွေ တစတစ
များလာပြီး ဟောအခုတော့ အကျဘက်ကို ရောက်ခဲ့ရ စီးပွားရေး အကြပ်အတည်းတွေ
ကြုံရ စစ်ရေး အကြပ်အတည်းတွေ ကြုံရတော့တာပါဘဲ။
ကျနော်တို့ နိုင်ငံမှာက
အခုကမ္ဘာလှည့် ခရီးသွားတွေကတောင် ကမ္ဘာမှာ စိတ်ထားအလှဆုံး လူမျိုးတွေလို့
ချီးမွမ်း နေကြပါပြီ။ ကျနော်က ပြောလိုက်ချင်ပါသေးတယ်။ လှပါတယ်ဆို
ဒါတောင်မျက်နှာမှာ အိုးမည်းတွေနဲ့လို့။ အနစ်-၅၀-ဆယ် လူမှုရေးတွေ
ပျက်ယွင်းလာတာရော စီးပွားရေးတွေ ကြပ်တည်း လူအချင်းချင်း သစ္စာဖေါက်တွေမွေး
အချင်းချင်း ရန်သူလိုဖြစ်အောင် ရန်တိုက်ပေးလာတာ ခံခဲ့ရတဲ့ကာလ နည်းသလား။
အခုခေတ် လူငယ်လေးတွေဆို ရှေးမြန်မာတွေစိတ်ထားက ဒီလိုပါပြောရင် လူကို
ရူးနေပြီတောင် ပြောကြလေမလား။ ယုံနိုင်ကြမယ်မထင်ပါဘူး။ အခုအရင်ကရဲ
့နည်းနည်းလေး ကျန်တော့တဲ့ စိတ်ဓါတ်ကို ကမ္ဘာက အခုမှ ထဲထဲဝင်ဝင် မြင်ဘူးပြီး
ချီးမွှမ်းနေကြပါပြီ။ ဒီလိုစိတ်ဓါတ်က ငွေနဲ့ဝယ်ယူလို့ မရပါဘူး။
ကျနော်တို့နိုင်ငံမှာ မကြာတင်မှီ
သမ္မတကြီး ဥိးသိန်းစိရဲ့ စိတ်သဘောထားပြည့်ဝမှု ဒေါ်အောင်ဆန်းစုကြည်နဲ့
နားလည်မှုများကနေ နိုင်ငံရေး တည်ငြိမ်လာပြီး စီိးပွားရေးတွေ ထောင်တက်လာရင်
နေ့ဖို့ညစာ ထမင်းသာ ခိုင်မာရင် ရှေးယခင်က ရှိခဲ့တဲ့မြန်မာ စိတ်ထားလေးတွေ
တိုင်းရင်းသားတွေရဲ့ စိတ်ထားလေးတွေကို ကမ္ဘာကပင် နမူနာ ယူလာဖို့
လာကြပါတော့မယ်။ ကမ္ဘာမှာ မြန်မာ ဆိုတာ လက်ခမောင်း ခတ်ကြရပါတော့မယ်လို့
ကျနော် ရဲရဲကြီး ပြောနိုင်နေပါပြီ။ ကမ္ဘာကြီးက မြန်မာ့နည်း မြန်မာ့
စိတ်ထားတွေကို လေ့လာပြီး ကမ္ဘာငြိမ်းချမ်းရေး ကမ္ဘာကြီးပူနွေးမှု
စတာတွေကိုပါ ကုစားဖို့ နည်းယူရမဲ့နေ့ မကြာခင် ပေါ်လာပါတော့မယ်။
အချုပ်အနေနဲ့ မြန်မာနိုင်ငံသား
အားလုံးကို မြတ်ဗုဒ္ဓရှင်တော်မြတ် သွန်သင် ဆုံးမတော်မူခဲ့သော
တရားတော်တွေကို ရင်ဝယ် တစိမ့်စိမ့်တွေး ဆန်းစစ်ပြီး ကမ္ဘာသူကမ္ဘာသားတွေ
အတွက် သုခ ချမ်းသာ မျှဝေပေးနိုင်တဲ့ မျှဝေးပေးရတော့မဲ့ အချိန်ကာလ အတွက်
မိမိတို့ ကိုယ်စီကိုယ်စီရဲ့ စိတ်ထားလေးတွေကို ဆန်းစစ်ပြုပြင်
လှသထက်လှအောင် ပြုပြင်ထားကြပါလို့ ။
စီးပွားချမ်းသာမှု တွေနဲ့ စပ်ဆိုင်တဲ့ ကမ္ဘာကျော် အဆိုအမိန့်လေးတွေ တချို့ကို မျှဝေရင်း နိဂုံး ချုပ်ပါရစေခင်ဗျာ။
(၁) He is rich or poor according to what he is , not according to what he has .... ချမ်းသာတယ် ဆင်းရဲတယ် ဆိုတာဟာ လူရဲ့အပေါ်မှာဘဲ တည်ပါတယ်။ အဲဒီလူဘာတွေ ရှိနေတယ် ဆိုတာနဲ့ မသက်ဆိုင်ပါ။
ဥပမာ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား
မင်းသမီးတွေ ဓနဥစ္စာမတရား ကျိကျိတက် ချမ်းသာကြပေမဲ့ စိတ်ဆင်းရဲလို့
စိတ်ဆင်းရဲမှုကို ဖြေဖျောက်ဖို့ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး ဆေးလွန်လို့
သေနေကြရတာ ဥပမာကောင်းတွေပါဘဲ . ။
(2) Wealth is like a child's rattle, which please you for a moment , and is enjoyed no more.... ချမ်းသာကြွယ်ဝမှုဆိုတာဟာ
ကလေးကစားစရာ ပလုပ်တုတ်လေး တခုလိုပါဘဲ။ တခဏတာတော့ စိတ်ချမ်းသာမှု
ရစေနိုင်ပေမယ့် ရေရှည်မှာ စိတ်ချမ်းသာမှုကို မပေးနိုင်တော့ပါဘူး။
ငွေကြေးကို သိပ်မမက်မော သင့်ကြောင်း ဆိုလိုတာပါ ။
(3) You ought to eat to live, and not live to eat... လွန်ခဲ့တဲ့နစ် ၂၀၀၀-ကျော်က ရောမလူမျိုး နိုင်ငံရေးသမားတဦး ပြောခဲ့တာပါ။.. (သင်ဟာ အသက်ရှင်ဖို့ အတွက်သာ စားသောက်ပါတဲ့။ စားသောက်ဖို့အတွက် အသက် ရှင်မနေသင့်..)
ကျနော်တို့တတွေ ကောင်းပေ့ဆိုတာတွေ ငွေကုန်ကြေးကျ ခံစားကြရမှ အဟုတ်ထင်
နေကြသူတွေ အတွက် ဆင်ခြင်ဖို့ပါ။ အပျော်အပါးအတွက် အကုန်အကျ ခံတာကိုတော့
ပြောနေစရာ မလိုအောင် ဖြစ်နေပါပြီ ။
(4) He is rich who wish no more he has.. လက်ရှိထက် နောက်ထပ် ဘာကိုမှ ပိုမလိုချင်သူဟာ ကြွယ်ဝချမ်းသာ၏။
ဒီအဆိုအမိန့်လေးတွေက ကျနော်တို့ မြန်မာတွေအတွက် သဘောတူ လက်ခံနိုင်တဲ့ အဆိုအမိန့်လေးတွေ ဖြစ်နေတာ တွေ့ရပါတယ်။
နောက်ဆုံး အနေနဲ့ အခု
သမ္မတကြီးဥိးသိန်းစိန် အစိုးရကို ယုံယုံကြည်ကြည်နဲ့ ၀ိုင်းဝန်းလက်တွဲ
ဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်းပေါ့လေ မိုးမပြို ပြိုခဲ့သော် သတိလဲ
ထားကြဖို့ တိုက်တွန်းလိုပါတယ်။
ကျနော်တို့ဆီမှာ
သာလွန်မင်းတရာကြိးနဲ့ ခေတ်ပြိုင်လောက်က ရှိခဲ့ဘူးတဲ့ နာမည်ကျော် အင်္ဂလိပ်
အရာရှိတဦးးရဲ့ အဆိုအမိန့် လေးနဲ့ နိဂုံးချုပ်လိုပါတယ်။
Put your trust in GOD, and keep your powder dry... ဘုရားသခင်အပေါ် ယုံကြည်မှုထားပြီး တိုက်ပွဲဝင်ရန် ယမ်းကိုခြောက်အောင် လုပ်ထားပါ။ (အသင့်ပြင်ထားပါလို ပြောရင်း)
Put your trust in GOD, and keep your powder dry... ဘုရားသခင်အပေါ် ယုံကြည်မှုထားပြီး တိုက်ပွဲဝင်ရန် ယမ်းကိုခြောက်အောင် လုပ်ထားပါ။ (အသင့်ပြင်ထားပါလို ပြောရင်း)
လူမှုရေးကံရဲ့ လက်ငင်း
အကျိုးပေးတာလေးတွေ နောက်ထပ်လဲ ကြုံရတာတွေ ရှိပါသေးတယ်။
ဒီတခုတင်မဟုတ်ပါဘူး။ ကိုယ်ကူတာက နည်းနည်းလေး ပြန်အကျိုးပြုတာက
အများကြီးးမှ အများကြီးပါ။
အားလုံးကို လေးစားစွာဖြင့်
လှိုင်မြင့်
No comments:
Post a Comment