Friday, October 15, 2010

၂၀၁၀ ရွေးကောက်ပွဲ မှတ်စုများ (၁)


 


 

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မဲပေးခွင့် ပေးလိုက်ပါတယ်။


 

နအဖက မိမိသဘောထား ပျော့ပြောင်းကြောင်း ကမ္ဘာကို ပြသ လှည့်ဖျားဖို့သာ ဖြစ်သည်ဟု ထင်မြင်ကြသူများ ရှိပါတယ်။ အကျဉ်းသားတစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပေးခြင်းဖြင့် အကျဉ်းသားမှန်သမျှ၏ မဲပေးခွင့်ကို ပိတ်ပင်ထားသော နအဖက မိမိဥပဒေကို မိမိကိုယ်တိုင် ချိုးဖေါက်လိုက်ခြင်းဖြစ်တယ်လို့ တခုတ် တရ ထောက်ပြတာမျိုးလည်း ရှိပါတယ်။


 

တစ်သောင်လုံး ဘီလူးခေါင်းဆောင်း ဘီလူးဆိုင်းတီး ဘီလူးက ကနေတဲ့ နအဖက မိမိ မျှတ ပျော့ပြောင်းကြောင်းကို ပြခွင့်ရတိုင်း ပြချင်ရှာမှာတော့ အသေအချာပါ။ သို့သော် အပြော တစ်မျိုး အလုပ် တစ်မျိုး လုပ်နေကြမို့ ဘယ်သူကမှ ထူးပြီး ယုံကြည်လာစရာ အကြောင်း သိပ်မရှိလှပါဘူးဆိုတာ သူတို့ကိုယ်တိုင်တောင် သိကြမှာပါ။ တစ်ဖန် ကိုယ်ထုတ်တဲ့ ဥပဒေကို ကိုယ်ပြန်ချိုးဖေါက်တာမျိုးက နအဖအတွက် ပျင်းစရာကောင်းလောက်အောင် ရိုးအီလို့ပင် နေပါပြီ။ ကိုယ့်တံတွေး ကိုယ်ပြန်မျိုနေကျ ဗိုလ်ချုပ်တွေအဖို့ ခတောင်း(ခါးတောင်း) တခြား ဖင် တခြားဆိုသလို ဥပဒေတခြား လုပ်နေတာ တခြား လုပ်မြဲ လုပ်ဆဲပါ။


 

နိုင်ငံရေးပြစ်မှု တစ်ခုဖြစ်တဲ့ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်မှု ဥပဒေအရ အကျယ်ချုပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ရွေးကောက်ပွဲကာလမှာ မဲပေးခွင့် ပြုခဲ့တယ်။ အဲဒီတုန်းက အမတ်အဖြစ် ဝင်ရောက် အရွေးချယ်ခံခွင့်ကိုပင် မြို့နယ်အဆင့်ရုံးက ခွင့်ပြုခဲ့ပြီး ခရိုင်ကျမှ ပိတ်ပင်ခံခဲ့ရတာပါ။ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့ ပုဒ်မက ကိုမင်းကိုနိုင် ကိုကိုကိုကြီးတို့လို ပြစ်မှုမျိုးနှင့်သာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး၏ ရုတ်တရက် ထူးဆန်း အံ့သြဖွယ်ရာ ပေါ်ပေါက်လာသော မေတ္တာ စေတနာနှင့် နိုင်ငံရေး ပြန်လည်သင့်မြတ်မှုကို ရှေ့ရှုသည်ဆို၍ အကျဉ်းထောင်မှာ မထားဘဲ နေအိမ်မှာ အချုပ်အနှောင်ဖြင့် ထားရခြင်းသာ ကွာခြားမှုဖြစ်ပါတယ်။


 

ပြစ်မှုအမျိုးအစားချင်း အတူတူ ထောင်ပေါင်းများစွာရှိတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ မဲပေးခွင့် မပြုဘဲ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုမှ ထူးပြီး မဲပေးခွင့် ပြုလိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို သာမန် ရာဇဝတ်ပြစ်မှုနှင့် ပြစ်ဒါဏ်ကျခံနေသူ ဖြစ်တယ်လို့ နအဖက မသတ်မှတ်ဘူးဆိုတာကို အထင်အရှား ကြိုတင် အချက်ပြလိုက်ခြင်းသာ ဖြစ်ပါတယ်။


 

မဲမပေးဖို့ လူသိရှင်ကြား သဘောထားပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလိမ့်မည် မဟုတ်မှန်း သိသိကြီးနှင့် ထုတ်ပြန်ပြီးသား မဲဆန္ဒရှင် စာရင်းကို တမင် ပြန်ပြင်ပြီး ဘာကြောင့် နိုင်ငံတကာ သတင်းတွေမှာ ပြူးတူး ပြဲတဲ ပါလာအောင် မဲပေးခွင့် ပြုလိုက်ပါသလဲ။


 

သာမန်အားဖြင့် ပြစ်ဒါဏ်စေ့လျှင် လွှတ်ကို လွှတ်ရမဲ့ အမျိုးအစားထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဘူးဆိုတာကို ပြည်တွင်း ပြည်ပကို ရည်ရွယ်ချက်ရှိရှိ ကြိုပြထားလိုက်ခြင်းသာ ဖြစ်ပါတယ်။


 

အကယ်၍များ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းအားဖြင့် နအဖအတွက် နိုင်ငံရေး အကြပ်အတည်းတွေ ရှိနေဦးမည်လို့ ဗိုလ်ချုပ်မှူးကြီးက ယူဆလျှင် ၂၀၁၀ခု နိုဝင်္ဘာ ၁၃မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထုံးစံအတိုင်း ညာဏ်နီ ညာဏ်နက်မျိုးစုံနှင့် အကွက်ဆင်ပြီး မျက်နှာပြောင်တိုက် မတရား အကြောင်းပြ ဆက်လက်ချုပ်နှောင်ထားမည်ဟု ယူဆမိပါကြောင်း။


 


 

အောင်ထီ အောက်တိုဘာ ၁၅၊ ၂၀၁၀

No comments: