Sunday, October 24, 2010

နိုင်ငံရေးစစ်မျက်နှာ


 


 

ရောမရောက်လျှင် ရောမလို ကျင့်ရမည်ဟု ရှေးလူကြီးများက အဆိုအမိန့်ထားရစ်ခဲ့ကြသည်။ သို့ပေမယ့် ရောမလို ကျင့်ဖို့က ရောမ ရောက်နေမှန်း အရင်သိဖို့ လိုအပ်သည်။ ရောမရောက်နေသည့် အခြေအနေမှန်ကို လက်ခံနိုင်ဖို့ လိုအပ်သည်။ သို့မှလဲ ရောမလို ကျင့်ကြံနိုင်မည် ဖြစ်သည်။ သဘောင်္ပျက်၍ ကျွန်းတကျွန်းပေါ် ရောက်နေသူသည် အုန်းသီးရသည့်အခါ အုန်းရေကို မော့သောက်နိုင်ဖို့အတွက် မိမိအခြေအနေမှန်ကို သိနေဖို့ လိုအပ်သည်။ အပန်းဖြေခရီးထွက်သကဲ့သို့ အုန်းရေစုပ်သောက်ရန် ပိုက်လိုက်ရှာနေလို့ မရ။ အင်္ဂလန်မှ ဟိုတယ်သို့ လာပြီး ငါးပိစားချင်တယ် ပြော၍ မရသလို၊ ရေဘေးကယ်ဆယ်ရေးဖြင့် သွားရသည့် ရွာမှ အကောင်းဆုံး ဖျာကြမ်းလေးပေါ်တွင် ထိုင်ရင်း ဆိုဖာပေါ်ထိုင်ရရင် ကောင်းမည်လား ဟု စိတ်ကူးယဉ်နေ၍လည်း မရ။ မိမိရောက်နေသည့် နေရာ၊ မိမိရောက်နေသည့် အခြေအနေကို အမှန်အတိုင်း သိမြင်လက်ခံနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ သို့မှလဲ အခြေအနေနှင့် ကိုက်ညီသည့် လုပ်ငန်းဆောင်တာများကို အကောင်အထည် ဖော်နိုင်မည် ဖြစ်လေသည်။


 

အခြေအနေနှင့် အချိန်အခါကို သိမြင်နိုင်မှုသည် လူတဦးတယောက်၏ ဘ၀ရေးရာတွင်သာ အရေးကြီးသည် မဟုတ်။ နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုး၏ ကံကြမ္မာမှသည် ကမ္ဘာ့လူသားအားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာ ကိစ္စရပ်များအားလုံးတွင်ပါ အရေးပါလှသည်။ နိုင်ငံရေးတွင် များသောအားဖြင့် ခေါင်းဆောင်များ စုဝေး၍ ပါလီမန်များ၊ အစည်းအဝေးခန်းမကြီးများ၊ တွေ့ဆုံဆွေးနွေးပွဲများတွင် နိုင်ငံရေးပြဿနာအရပ်ရပ်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြလေ့ရှိသည်။ မူဝါဒများ ချမှတ်လေ့ရှိသည်။ သို့ပေမယ့် ယင်းသို့သော ဆွေးနွေးညှိနှိုင်းခွင့်သည် နိုင်ငံရေးအခြေအနေတိုင်းတွင် ပေါ်ထွက်သည်မဟုတ်။ ဖြစ်တည်သည် မဟုတ်။ သွေးဖြင့်၊ ချွေးဖြင့် ရင်းရသည့် နိုင်ငံရေးအခြေအနေများလည်း ကမ္ဘာပေါ်တွင် ရှိနေစမြဲဖြစ်ပါသည်။ နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ထွက်နိုင်ခြင်း အခြေအနေ မရှိပဲ ရှေ့တန်းစစ်မျက်နှာတခုလို တဘက်နှင့် တဘက် အကြိတ်အနိုင် စီးချင်းထိုး တိုက်ပွဲဝင်ကြရသည့် နိုင်ငံရေးစစ်မျက်နှာများကား ကမ္ဘာ့နေရာအနှံ့တွင် ပျံ့ကျဲ ဖြစ်တည်နေဆဲပင် ဖြစ်ပါသည်။ အရေးကြီးသည်ကတော့ မိမိရောက်ရှိနေသည့် အခြေအနေသည် တဘက်နှင့် တဘက် အပြန်အလှန်လေးစားမှု၊ တရားမျှတမှု၊ ယုံကြည်မှုတို့ဖြင့် ဆွေးနွေးနိုင်သည့် နိုင်ငံရေး စင်မြင့်များပေါ်တွင်လား (သို့မဟုတ်) တဘက်နှင့် တဘက် အပြိုင်အဆိုင် စီးချင်းထိုး တိုက်ပွဲဝင်နေရသည့် နိုင်ငံရေးစစ်မျက်နှာတွင်လား ဆိုသည်ကို မှန်မှန်ကန်ကန် သိမြင်သုံးသပ်နိုင်ဖို့ပင် ဖြစ်သည်။


 

ရှေ့တန်းစစ်မျက်နှာ တခုတွင် အောက်ပါ အခြေအနေတခု ဖြစ်ပွားနေသည် ဆိုပါစို့။


 

(၁) စစ်မျက်နှာတွင် စစ်ဆင်ရေးကို ဦးစီးမည့် စစ်ဦးစီး တပ်မှူးများကို စစ်ဖြစ်ပွားရာဒေသရှိ နယ်မြေခံလူထုနှင့် တပ်သားများက ရွေးချယ်ထားသည်။


 

(၂) စစ်ဦးစီးအရာရှိများ ရုံးထိုင်သည့် ရှေ့တန်းရုံးရှိသည်။ အဆိုပါ ရုံးတွင် အမိန့်ပေးရမည့် commander များ ရှိသည်။ ဆက်သွယ်ရေးတပ်သားများ ရှိသည်။ သို့သော် စစ်ဆင်ရေးကို ဗျူဟာချ ဆောင်ရွက်ပေးမည့် ဗျူဟာမှူးကား မရှိ။


 

(၃) အဆိုပါ စစ်မျက်နှာတွင်ပင် မဟာမိတ်တပ်များလည်း ရှိသည်။ မဟာမိတ်တပ်များမှ တပ်မှူးများသည် ရှေ့တန်းရုံး၏ စစ်ရေးအရ ဦးဆောင်မှုကို ခံယူရန် ဆုံးဖြတ်ထားကြသည်။ ရှေ့တန်းရုံးမှ စစ်ဦးစီးများကို ၀န်းရံပေးရန် သဘောတူထားကြသည်။ သို့သော် ရှေ့တန်းရုံးမှ စစ်ဦးစီးတပ်မှူးများသည် မဟာမိတ်တပ်များမှ တပ်မှူးများနှင့် တယောက်တပေါက် တိုးတိုးတိတ်တိတ်သာ ဆက်သွယ်နေ ကြသည်။ မဟာမိတ်ဆက်ဆံရေးမှူးကား မရှိ။ ပျံ့ကျဲနေသော မဟာမိတ်တပ်များနှင့် တညီတညွတ်တည်း စုစည်းဆောင်ရွက်နိုင်မည့် စီမံချက်များအား ချမှတ်ဆွေးနွေးညှိနှိုင်းခြင်းလည်း မရှိ။ ဆက်သွယ်ရေးတပ်သားများဖြင့် လေလှိုင်းမှ တဆင့် ရှေ့တန်းရုံးမှ စစ်ဦးစီးအရာရှိများ ဘာလုပ်မည်၊ ညာလုပ်မည်ကိုသာ တယောက်တပေါက်ပြောနေကြသည်။


 

(၄) ရန်သူမှ တရကြမ်း ချေမှုန်းချိန်များတွင် ရှေ့တန်းရုံးရှိ စစ်ဦးစီးတပ်မှူးများက အပစ်အခတ် ရပ်စဲပေးပါရန် တောင်းဆိုခြင်း၊ ရန်သူ့လက်ထဲ ရောက်နေသော တပ်မှူးများကို လွှတ်ပေးပါရန် တောင်းဆိုခြင်းများကို ကရောသောပါး ပြုလုပ်လေ့ရှိကြသည်။


 

(၅) စစ်ဆင်ရေးမှာ အဆုံးမသတ်နိုင်ပဲ တိုက်ပွဲများအီနေပြီး၊ စစ်ရေးကြန့်ကြာမှုများ ဖြစ်နေသောအခါ စိတ်မရှည်နိုင်သော မဟာမိတ်တပ်မှူးများက ထိုးစစ်များကို တတ်နိုင်သမျှ စုစည်းပြီး ဆင်နွှဲကြလေတော့သည်။ ယင်းသို့ဆင်နွှဲသည့်အခါတွင် ရှေ့တန်းရုံးမှ စစ်ဦးစီးတပ်မှူးများက ဦးဆောင်ခြင်းလဲ မရှိ၊ ပါဝင်တိုက်ပွဲဝင်ခြင်းလဲ မရှိ၊ နောက်မှ ၀န်းရံပေးခြင်းလည်း မရှိသည့်အပြင် မိမိတို့ လက်အောက်ခံ တပ်များမှ ပါဝင်သူများကိုပင် တပ်မှ ထုတ်ပယ်အရေးယူမှုများ ပြုလုပ်ကြလေသည်။


 

(၆) မဟာမိတ်တပ်များ၏ ထိုးစစ်များ အရှိန်ကောင်းလာချိန်များတွင် ရန်သူမှ အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးရန် ရှေ့တန်းရုံးသို့ အကြောင်းကြားပါတော့သည်။ ရှေ့တန်းရုံးမှလဲ အားပါတရ ထောက်ခံပြီး ရန်သူ့လက်ထဲတွင် ကျရောက်နေသော တပ်မှူးများကို တွေ့ဆုံခွင့် တောင်းဆိုသောကြောင့်၊ ရန်သူ့လက်ထဲ ရောက်နေသော တပ်မှူးများကို ထိခိုက်လိုခြင်း မရှိသော မဟာမိတ်တပ်များမှ အရှိန်ကို ပြန်လျှော့လိုက်ရလေတော့သည်။ ယင်းသို့ အရှိန်လျော့လာသည်နှင့် တပြိုင်နက် ရန်သူတပ်များမှ မဟာမိတ်တပ်များကို တရကြမ်းတောနင်းပြီး တိုက်ခိုက်ချေမှုန်းကြ ပါတော့သည်။ ရှေ့တန်းရုံးမှ စစ်ဦးစီး တပ်မှူးများကား တခွန်းတပါဒ ၀င်ပြောခြင်း မရှိ။ မိမိတို့ ရှေ့တန်းရုံးပေါ်သို့ ဗုံးဆံ ကျမည်ကိုပင် စိုးရိမ်ကာ ဗုံးခိုကျင်းများထဲသို့ ၀င်ပြီး ငုတ်တုတ် ထိုင်နေကြလေတော့သည်။


 

(၇) ရှေ့တန်းစစ်မျက်နှာတွင် ရန်သူကို တိုက်ရန်ဟု ရည်ရွယ်ပြီး ရှေ့တန်းရုံးမှ တပ်မှူးများ၏ ကွပ်ကဲမှု လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသို့ ၀င်ရောက်လာသော တပ်သားများမှာကား စစ်လဲ မတိုက်ရ၊ မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်လျှင်လဲ တပ်မှူးများက မကြည်မလင်ဖြစ်ကာ တပ်မှထုတ်လိုထုတ်၊ ခေါ်ယူသတိပေးလိုပေးနှင့် ဖြစ်နေပြီး၊ တနေ့တနေ့ ခံစစ်အတွက် ကတုတ်ကျင်းတူးရန်၊ ဗုံးခိုကျင်းတူးရန် တာဝန်များကိုသာ ထမ်းဆောင်နေရသည့်သကာလ တပ်မှူးများအပေါ်တွင် စိတ်ပျက်ပြီး နှုတ်ထွက်သူကထွက်၊ တနိုင်တပိုင် အစုအဖွဲ့လေးများဖွဲ့ပြီး ရန်သူကို ပြောက်ကျားစစ်ဖြင့် တိုက်သူက တိုက်၊ ငုတ်တုတ်ထိုင်ကြည့်သူက ကြည့်ရင်းဖြင့် အချိန်ကုန်နေကြလေသည်။


 

(၈) ယင်းသို့သော အခြေအနေတွင် ရန်သူ့ဘက်မှ နေ၍ လက်နက်ချပါက ယင်းတို့ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာသူများကို ရာထူးအာဏာပေးတော့မယောင် မြူဆွယ်စည်းရုံးမှုများ ထွက်ပေါ်လာသဖြင့် ရှေ့တန်းရုံးမှ စစ်ဆင်ရေး တပ်မှူးအချို့သည် မိမိတို့ကွပ်ကဲမှု လက်အောက်ခံ တပ်ရင်းများမှ ကျဆုံးသွားသူများ၏ မျက်နှာကိုလဲ မထောက်၊ ရန်သူ့ အကျဉ်းစခန်းများတွင် ရောက်ရှိနေသော လုပ်ဖော်ကိုင်ဖက်များကိုလဲ မငဲ့ကွက်ပဲ အပြေးအလွှား သုတ်ခြေတင်ပြီး ရန်သူ့ထံ အခစားရောက်သွားကြပါလေတော့သည်။


 

(၉) ယင်းသို့ သပ်လျှိုဖြိုခွဲမှုများ ပြုလုပ်အပြီးတွင် ရန်သူဘက်မှနေ၍ မဟာမိတ်တပ်များကို ထိုးစစ်များဖြင့် စနစ်တကျ ချေမှုန်းမှုများ ထပ်မံ ပြုလုပ်လာသကဲ့သို့ ရှေ့တန်းရုံးတွင် ကျန်ရှိနေသော တပ်မှုးများကိုသာမက ရှေ့တန်းရုံးနှင့် လက်အောက်ခံ တပ်ဖွဲ့များကိုပါ အပြီးတိုင်ချေမှုန်းကို ထိုးစစ်များ စတင်ပြင်ဆင်လာတော့သည်။ တပြိုင်နက်တည်းတွင်ပင် ရှေ့တန်းစစ်မျက်နှာတွင် ရှိနေသော ပြည်သူလူထုမှ ရှေ့တန်းရုံးတပ်မှုးများကို ရွေးချယ်ခဲ့သည့် ရလာဒ်များအား ချေဖျက်ရန် ရွေးကောက်ပွဲအတုကို ရန်သူက ပြုလုပ်ပါလေတော့သည်။


 

(၁၀) အဆိုပါအခြေအနေတွင် ခေါင်းမထောင်နိုင်အောင် ချေမှုန်းခံနေရသော မဟာမိတ်တပ်မှူးများမှာလဲ ခုန်ဆွဆွ၊ စစ်မျက်နှာတွင် ရောက်ရှိနေသော လူထုမှာလဲ တပ်မှူးများ ပေးသော အမိန့်ကို နာခံရန် တကြွကြွ ဖြစ်နေကြသော်လဲ ရှေ့တန်းရုံးက တပ်မှူးများကတော့ ရန်သူ့လုပ်မည့် ရွေးကောက်ပွဲအတုကို လက်မခံကြရန် လူထုကို ပြောကြားခြင်း၊ ရှေ့တန်းရုံးကို ရန်သူဘက်မှ မချေမှုန်းစေရန် ရန်သူက ချမှတ်ထားသော ဥပဒေစည်းကမ်းများ အသုံးပြု၍ တောင်းဆိုခြင်း၊ ရန်သူ့ထံတွင် အကျဉ်းကျခံနေရသော တပ်မှူးများအား လွှတ်ပေးပါရန် တောင်းဆိုခြင်း၊ အပစ်အခတ် ရပ်ပြီး စေ့စပ်ဆွေးနွေးပါရန် ပန်ကြားခြင်းများကို ပြုလုပ်နေကြပါလေတော့သည်။


 

အဆိုပါ အခြေအနေများသာ ရှေ့တန်း စစ်မျက်နှာတွင် ဖြစ်ပွားနေပါက ရလာဒ်များ မည်သို့ ရှိမည်နည်း။


 

(၁) မဟာမိတ်တပ်များမှ ခုန်ဆွဆွဖြင့် စုစည်း၍ တတ်နိုင်သမျှ အင်အားဖြင့် စုပေါင်း တိုက်ပွဲဝင်သည့် ထိုးစစ်ငယ်လေးများ ရှိလာမည်။


 

(၂) ရန်သူမှ အလုံးအရင်းဖြင့် ပြန်လည် ချေမှုန်းမည်။


 

(၃) စစ်မျက်နှာတွင် ရှိနေသော လူထုမှ မနေသာပဲ တိုက်ပွဲဝင်ဖို့ ထွက်လာသောအခါ ရန်သူမှ ရှေ့တန်းရုံးကို ဆက်သွယ်၍ အကျဉ်းကျနေသော ရှေ့တန်းရုံးမှ တပ်မှူးများကို လွှတ်ပေးပါမည်ဟု အကြောင်းကြားလိမ့်မည်။ အကြိမ် တရာမကသော စေ့စပ်ဆွေးနွေးပွဲပြုလုပ်ရန် ကတိကို ပေးလိမ့်မည်။ ရှေ့တန်းရုံးမှ တပ်မှူးများက ၀မ်းသာအားရ လက်ခံကြပေလိမ့်မည်။


 

(၄) ယင်းသတင်းကို ကြားသဖြင့် လူထုမှ ရှေ့တိုက်ရနိုးနိုး၊ နောက်ဆုတ်ရနိုးနိုး တွေဝေနေချိန်တွင် ရန်သူ၏ ရွေးကောက်ပွဲအတုက ပြီးဆုံးသွားပေလိမ့်မည်။


 

(၅) အတုပြီးသောအခါတွင်မှ ရှေ့တန်းရုံးမှ တပ်မှူးများနှင့် လက်အောက်ခံ တပ်များကို ရန်သူက အမှည့်ခြွေ ခြွေလိမ့်မည်။


 

(၆) အင်အားများကို ဖဲ့ခြွေရန်အတွက် ရန်သူဘက်မှနေ၍ အညံ့ခံလိုက ခံနိုင်ခြင်း (၀ါ) လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ပေလိမ့်ဦးမည်။ ရှေ့တန်းရုံးတွင် ကျန်ရှိနေသော တပ်မှူးအချို့နှင့် လက်အောက်ခံတပ်များမှ တပ်သားအချို့ အပါအ၀င် မဟာမိတ်တပ်များမှ တပ်မှူးများ၊ တပ်သားများကလဲ မှိုရသော မျက်နှာဖြင့် တပျော်တပါး အညံ့ခံကြပေလိမ့်ဦးမည်။


 

(၇) ရေရှည်ရလဒ်ကား တိုက်ပွဲအီနေဦးမည်။ စစ်ကြန့်ကြာဦးမည်။ စစ်မျက်နှာမှ ပြည်သူအများမှာလဲ စစ်ပွဲ၏ ရေရှည် ဆိုးကျိုးများကို ခံစားနေရပေလိမ့်ဦးမည်။


 

အထက်ပါ အခြေအနေများ၊ ရလာဒ်များသည် ရှေ့တန်းစစ်မျက်နှာတွင် ဆိုလျှင်တော့ စစ်ကြန့်ကြာခြင်းကြောင့် ရေတိုဆိုးကျိုး၊ ရေရှည်ဆိုးကျိုးခံစားရသည့် လူထုအရေအတွက်၊ တပ်မှူးတပ်သား အရေအတွက် နည်းပါးပါသည်။


 

နိုင်ငံရေးစစ်မျက်နှာတွင် ဖြစ်လာလျှင်ကား ရေတိုဆိုးကျိုး၊ ရေရှည်ဆိုးကျိုးခံစားရသည့် လူထုအရေအတွက်၊ တပ်မှူးတပ်သားအရေအတွက်မှာ အဆမတန် များပြားရုံမက နိုင်ငံတခု၏ အနာဂတ်ကံကြမ္မာကိုပင် ထိခိုက်စေနိုင်ပါသည်။


 

လောကတွင် ကိုယ်ရောက်နေသည့် အခြေအနေကို အကဲမဖြတ်နိုင်မှုလောက် ဆိုးရွားသော အမှားအယွင်းကား မရှိနိုင်။ သင်္ဘောပျက်ပြီး ကျွန်းပေါ်တွင် ရောက်နေသူက အုန်းရည်ကို ပိုက်နှင့်မှ စုပ်သောက်ချင်နေလျှင် အချိန်ကြာလှသည့်အခါ အားပြတ်ပြီး အသက်ဆုံးရှုံးနိုင်သည်။ သေနတ်နှင့် ချိန်ထားသည့် စိတ်မနှံ့သူကို ပြန်ပစ်နိုင်မည့် အခွင့်အရေးရှိပါလျှက် လူမသတ်လိုဟု ဆိုကာ လက်ဖက်ရည်ဆိုင်မှာ အေးအေးဆေးဆေး ညှိနှိုင်းစကားပြောရအောင်ဟု ဆိုပါကလဲ စိတ်မနှံ့သူ ပစ်လိုက်သည့် ကျည်သင့်ပြီး သေဖို့ပဲ ရှိသည်။ တောရိုင်းထဲ ရောက်ပြီး၊ တောရိုင်းဥပဒေကို မကျင့်သုံးပါက အန္တရာယ်ဆိုးများ ကြုံဖို့ပဲ ရှိသည်။ စစ်မျက်နှာကို ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံလို သဘောထားပြီး စေ့စပ်ဆွေးနွေးဖို့ တောင်းဆိုနေသရွေ့ကတော့ တနေ့မဟုတ် တနေ့ ရန်သူ့ပစ်ကွင်းထဲ ရောက်မည်မှာ မုချမလွဲ။


 

ယင်းသို့ဆို၍ စစ်ပွဲများတွင် စေ့စပ်ဆွေးနွေးပွဲ မရှိဟု မဆိုလိုပါ။ စေ့စပ်ဆွေးနွေးဖို့ ဆိုသည်က တဘက်နှင့်တဘက် အပြန်အလှန် ပစ်ခတ်နေကြသည့် ကွင်းပြင်ခေါင်ခေါင်မှာ လုပ်လို့ ရသည်မဟုတ်။ သေလုခမန်း တိုက်ပွဲဝင်နေရသည့် တပ်သားများကို ငါတို့ စေ့စပ်ဆွေးနွေးဖို့ တောင်းဆိုထားတယ်ဆိုပြီး ကြေညာချက် ထုတ်ပြန် ပြောဆိုနေရသည့် အရာမဟုတ်။ နှစ်ဘက် ခေါင်းဆောင်အချင်းချင်း ဆက်သွယ်မှု Channel များဖွင့်ပြီး၊ ပဏာမ ညှိနှိုင်းမှုများ တိုးတိုးတိတ်တိတ် လုပ်ရမည့် အရာဖြစ်သည်။ ယင်းမှ တဖန် နှစ်ဘက် အပစ်အခတ် ရပ်စဲရေးကို ထပ်မံညှိနှိုင်းပြီး၊ နှစ်ဘက်စလုံးက သဘောတူညီမှုရှိမှသာ အပစ်အခတ် ရပ်စဲရန် စစ်မျက်နှာမှ ဗိုလ်ပါတပ်သားအပေါင်းကို အမိန့်ပေးရမည့် အရာသာ ဖြစ်သည်။ ထိုသို့ မဟုတ်ပဲ တဘက်ရန်သူက ပဏာမညှိနှိုင်းခြင်းကို လက်ခံသည်လဲ မဟုတ်၊ အပစ်အခတ် ရပ်စဲရေး သဘောတူသည်လဲ မဟုတ်ပဲ တရကြမ်း ချေမှုန်း နေချိန်တွင် စေ့စပ်ဆွေးနွေးပွဲကို တောင်းဆို မျှော်လင့်နေလို့ကတော့ ရန်သူ့အမြောက်ဆန်က ရှေ့တန်းရုံးပေါ် တည့်တည့်မတ်မတ် မကျလာလျှင်ပင် တော်သေးသည်ဟု ဆိုရလိမ့်မည် တကား။


 

ခင်မမမျိုး (၂၂၊ ၁၀၊ ၂၀၁၀)


 

၂၀၀၈ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကာလတုံးက တရုတ်ထောက်လှမ်းရေးတွေဟာ ဘရက်အိုဘားမားနဲ့ ဂျွန်မကိန်း တို့ရဲ့ ပါတီဋ္ဌာနချုပ်မှာရှိတဲ့ ကွန်ပြူတာထဲက အချက်အလက်တွေကို ဆိုင်ဘာအတတ်ပညာနဲ့ဝင်ရောက်ခိုးယူခဲ့ကြတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကလည်း အချိန်မှီ သိရှိသွားတဲ့အတွက်

            တရုတ်ထောက်လှမ်းရေးတွေရဲ့ လုပ်ရပ်တွေ ဟာ ကိုးယို့ကားရားနဲ့ အဆုံးသတ်သွားခဲ့တယ်။

 
 

ဆိုက်ဘာ ကွန်ပြူတာကွန်ယက် တိုက်ခိုက်မှုတွေ ကို ဆက်လက်စဉ်းစားကြတယ်။ တကယ်တော့ အိုစမာဘင်လာဒင်ရဲ့ အော်ကိုင်းဒါး

အုပ်စုဟာ လုံလောက်တဲ့ထူးချွန်ထက်မြက်မှု မရှိကြဘူး လို့ ယူဆနေသူတွေရှိတယ်။ ကုန်သွယ်ရေးမျှော်စင် နှစ်ခုကို တိုက်ခိုက်မဲ့အစား၊

ဆိုက်ဘာအတတ်ပညာ နဲ့ နယူးယောက်မြို့ရဲ့ စီးပွားရေးဗဟိုကျ တဲ့ ဘဏ်တွေကို တိုက်ခိုက်နိုင်မယ် ဆိုရင် အမေရိကန်ပြည်ထောင်စု

အတွက် အထိနာဆုံးဖြစ်လိမ့်မယ်။ နယူးယောက်ဘဏ် ( Bank of New York) နဲ့ စီးတီးဘဏ် ( City Bank) နှစ်ခုလုံးဟာ တနေ့ကို

 သုံး ထရီလီယံ ဒေါ်လာ (3 trillion)   ငွေကြေးစီးဆင်းပြောင်းလဲမှုလုပ်တယ်။ ဘဏ်နှစ်ပေါင်း ဒေါ်လာ ( 6 trillion) ရှိတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းထုတ်ကုန်စုစုပေါင်းတန်ဘိုးဟာ ဒေါ်လာ ( ၁၄) ထရီလီယံ ( 14 trillion)  ဖြစ်တယ်။

ဒီအချက်ကိုကြည့်ခြင်းအားဖြင့် တကယ်လို့သာ အော်ကိုင်းဒါးအဖွဲ့ဝင်တွေဟာ အမေရိကန်ဘဏ်တွေဆီက အချက်အလက်တွေကို ဖျက်ဆီးပစ်နိုင်မယ်ဆိုရင် ဘဏ္ဍာရေးဆိုင်ရာ ဖရိုဖရဲဖြစ်မှုတွေနဲ့ အမေရိကန်ပြည်ထောင်စုတခုလုံးပြဿနာတက်သွားနိုင်တယ်။

 
 

" အရင်တုန်းကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်မှာ ကို စိုးရိမ်နေခဲ့တယ်။

ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အစီရင်ခံစာတွေကိုဖတ်ပြီးကြားနာပြီးတဲ့အခါ၊  ရွေးကောက်ပွဲမှာ အနိုင်ရမှာကို စိုးရိမ်နေခဲ့တယ်"

ဘရက်အိုဘားမားက အမျိုးသားထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာနဲ့တွေ့ဆုံ အပြီးမှာ သူ့ရဲ့ခံစားမှုကို အပြုံးတဝက် နဲ့ ရင်ဖွင့်ခဲ့တယ်။

 ဒါကြောင့်လည်း အီရတ်စစ်ပွဲ ကို တလျှောက်လုံးဆန့်ကျင်လာတဲ့ အမေရိကန်သမ္မတ အိုဘားမား ဟာ အီရန်နိုင်ငံမှာရှိတဲ့ သူ့ရဲ့အမေရိကန်စစ်သားတွေကို ပြန်လည်ခေါ်ယူလိုက်တဲ့နေ့မှာ

" အမေရိကန်သမ္မတ ဂျော့ဘုရှ် ရဲ့ ကျနော်တို့ အမေရိကန်ပြည်ထောင်စုအပေါ်ထားရှိတဲ့ မျိုးချစ်စိတ်ကို သံသယမရှိပါနဲ့။

သူဟာ ကျနော်တို့ နိုင်ငံက ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ခြင်းဖြစ်တယ်" လို့

အဲ့ဒီ ညက မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့တယ်။ ဆီနိတ်တာ ဘဝမှာတုန်းက အီရတ်စစ်ဆန့်ကျင်ရေး ကို ဦးဆောင်ပါဝင်ခဲ့ပြီး၊ အမေရိကန်သမ္မတ ဂျော့ဘုရှ် ကို ဝေဖန်ခဲ့တဲ့ ဘရက်အိုဘားမားတယောက် သမ္မတဖြစ်လာခဲ့တဲ့အခါ အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်ပေးနိုင်တဲ့ အရာအားလုံးကို ခြုံငုံသုံးသပ်မိသွားတယ်။

 
 

မကြာသေးခင်က ထုတ်ဝေဖြန့်ချီခဲ့တဲ့ Bob Woodward ရဲ့ "အိုးဘားမားရဲ့ စစ်ပွဲများ" ( Obama's Wars) စာအုပ် ထဲက အချက်အလက်များကို တင်ပြလိုက်ပါတယ်။ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပေမဲ့ သက်တမ်း (၂) နှစ်အတွင်းအပြောင်းအလဲတွေက

မြန်ဆန်နေတယ်။ အစိုးရအဖွဲ့အတွင်းမှာ လူအပြောင်းအလဲလုပ်နေရတယ်။ ပြည်တွင်းနိုင်ငံရေး နဲ့ နိုင်ငံတကာစင်မြင့်မှာ တည်တည်ငြိမ်ငြိမ်ဦးဆောင်နိုင်မဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အခန်းကဏ္ဍကို အလေးထားဆောင်ရွက်နေရတယ်။ ဒါပေမဲ့ အခက်အခဲတွေက ရင်ဆိုင်နေရဆဲပဲ။

 
 

အိုဘားမားရဲ့ စစ်ပွဲများ

 
 

                                                      အပိုင်း (၁)

 
 

(၁) အမျိုးသားထောက်လှမ်းရေးဒါရိုက်တာအတွက် ပထမဆုံးဈေးဝယ်

 
 

အမေရိကန်သမ္မတအဖြစ်ရွေးချယ်ခံလိုက်ရတဲ့ ဆီးနိတ်တာ ဘရက်အိုဘားမား က ရွေးချယ်ခံရပြီး နှစ်ရက်မြောက်နေ့

၂၀၀၈ နိုဝင်ဘာ (၆) မှာ အမျိုးသား ထောက်လှမ်းရေးဒါရိုက်တာဖြစ်သူ  မိုက် မက်ကွန်းနဲလ် ( Mike McConnell) နဲ့ သွားရောက်တွေ့ဆုံ

ခဲ့တယ်။ သူ နဲ့အတူလိုက်ပါသွားသူတွေက ကလင်တန်အစိုးရအဖွဲ့မှာ (Chief of Staff) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဂျွန်ပိုဒက်စတာ

( John Podesta) နဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဒုအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဂျိမ်းစတိန်းဘတ်ခ် ( James Steinberg)။

 
 

အသက် (၆၅) နှစ်ရှိပြီဖြစ်တဲ့ မက်ကွန်းနဲလ် က ရေတပ်  ဒု ဗိုလ်ချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်တယ်။  ထောက်လှမ်းရေးအေဂျင်စီရဲ့ လျှို့ဝှက်ချက်တွေ၊ စွမ်းဆောင်နိုင်မှုတွေ၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့တည်ဆောက်မှု နဲ့ ခြုံငုံ

သုံးသပ်တဲ့အမြင်တွေကို သမ္မတအသစ်ဆီမှာ အသေးစိတ်တင်ပြဖို့အတွက် ချီကာဂိုမြို့လည်ခေါင်အမျိုးသားထောက်လှမ်းရေး

အေဂျင်စီအခြေစိုက်ရာ Kluczynski Federal Building  မှာ စောင့်ကြိုနေခဲ့တယ်။ သူနဲ့အတူ ယ္ခင် သမ္မတဟောင်း ဘုရှ် ကို

နေ့စဉ်လျှောက်လဲချက်ပေးခဲ့သူတဦးဖြစ်ပြီး၊ စီအိုင်အေ သုတေသန ဋ္ဌာန ကို ဦးဆောင်သူအဖြစ်တာဝန်ယူနေတဲ့  မိုက်ကယ်မိုးရဲလ် ကလည်း စောင့်ကြိုနေခဲ့တယ်။ တကယ်တော့ ထောက်လှမ်းရေးကမ္ဘာမှာ အမေရိကန်သမ္မတသစ် ကို   ( First Customer) အဖြစ်

ခေါ်ဆိုလေ့ရှိတယ်။ ထောက်လှမ်းရေး အေဂျင်စီတွေနဲ့ သမ္မတကြားမှာ ဆက်ဆံရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဂျွန်ပိုဒက်စတာ က နားလည်ပုံမပေါ်ဘူး။

 
 

               "မိုက်  ခင်ဗျားတို့ ဘာတွေပြောမလဲဆိုတာသိချင် လို့ ကျနော်တို့နှစ်ယောက် ရွေးချယ်ခံရတဲ့ သမ္မတနဲ့အတူလာခဲ့တာပါ" လို့ 

 
 

နှုတ်ခွန်းဆက်လိုက်တယ်။

 
 

" ဂျွန် ခင်ဗျားတို့ဆန္ဒကို ဖြည့်ဆည်းပေးချင်ပါတယ်။ ဒါပေမဲ့ ဆောရီးပဲဗျာ။ ထောက်လှမ်းရေး ဗြူရိုတွေက ဆောင်ရွက်ခဲ့တာတွေ၊

အောင်မြင်ခဲ့တာတွေကို တင်ပြဖို့ဆိုတာ အမေရိကန်သမ္မတနဲ့သူ့ရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာ ထိပ်တန်း ကြံပေးအရာရှိတွေ

ကိုပဲတင်ပြရမယ်။ ခင်ဗျားတို့ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအရာရှိတွေ မဖြစ်ကြသေးဘူး။ ဒီစည်းမျဉ်းစည်းကမ်းက ကျနော်ဆွဲခဲ့တာမဟုတ်ပါဘူး။ သမ္မတ ဘုရှ် ဆွဲခဲ့တဲ့ စည်းမျဉ်းတွေပါ။ ကျနော့အနေနဲ့ အမေရိကန်သမ္မရေးဆွဲခဲ့တဲ့ စည်းမျဉ်းတွေကို

မချိုးဖောက်နိုင်ဘူး " တကယ်တော့ ထောက်လှမ်းရေးဗျူရို ရဲ့ နည်းပရိယာယ် နဲ့ အရင်းအမြစ်တွေ ကို ဘယ်လိုသုံးပြီး အောင်မြင်ခဲ့တယ်

ဆိုတဲ့အချက်ကို အမေရိကန်သမ္မတကလွဲလို့ ဘယ်သူ့ကိုမှ မပြောရဘူး ဆိုတဲ့အချက်ကို သမ္မတဟောင်းတွေက စည်းမျဉ်းထုတ်ထားခဲ့တယ်။"

 
 

ပိုဒက်စတာ က " အော်- ကျနော်နားလည်ပြီ" လို့ ပြန်ပြောလိုက်ရင်း

" သမ္မတ ရေ ကျနော်တို့ နည်းနည်းလောက်စကားပြောရအောင်" ဆိုပြီး သီးသန့်အခန်းတခုမှာ ခေါ်စကားပြောကြတယ်။

 
 

သူတို့မှာ ထောက်လှမ်းရေးနဲ့ပတ်သက်တဲ့သတင်းတွေအများကြီးရခဲ့ဘူးတယ်။

အိုဘားမား နဲ့ အမျိုးသားထောက်လှမ်းရေး အေဂျင်စီဒါရိုက်တာ နဲ့ လွန်ခဲ့တဲ့နှစ်လလောက်တုန်းက စကားပြောကြတဲ့

အဖြစ်အပျက်ကို သူတို့အမှတ်ရနေကြတယ်။

 " သမ္မတရွေးကောက်ပွဲ ရှုံးနှိမ့်သွားမှာကို ကျနော်စိုးရိမ်နေခဲ့တယ်။ ဒါပေမဲ့ဗျာ ခင်ဗျားတို့နဲ့ စကားပြောပြီးတဲ့အခါမှာတော့

သမ္မတရွေးကောက်ပွဲ အနိုင်ရမှာကို စိုးရိမ်သွားတယ်" လို့  ဘရက်အိုဘားမားက အပြုံးတဝက်နဲ့ပြောရှာတယ်။

 
 

တကယ်တော့  ဒီမိုကရက်တစ်ပါတီ ရဲ့ မူဝါဒရေးဆွဲသူတွေ နဲ့ အသွင်ကူးပြောင်းရေးအဖွဲ့က ထောက်လှမ်းရေး အစီရင်ခံစာတွေနဲ့

ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ဘရက်အိုဘားမားအတွက် အတွက် အစစအရာရာအဆင်ပြေချောမွေ့စေချင်တယ်။ ခုတော့ ဘရက်အိုဘားမား တယောက်တည်း ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ ညှိနှိုင်းရတော့မယ်။

 
 

(၂) မရိုးသားတဲ့ ပါတနာ (သို့) ပါကစ္စတန်

 
 

မက်ကွန်းနဲလ်၊ မိုးရဲလ် နဲ့ အိုးဘားမား တို့ သုံးယောက် SCIF လို့ခေါ်တဲ့ အထူးခန်းတခုထဲမှာ ထိုင်လိုက်ကြတယ်။

အရင်တုန်းက ဆွေးနွေးပွဲရဲ့အဆက်လို့လည်းပြောလို့ရမယ်ထင်တယ်။ တကယ်တော့ ဆွေးနွေးရမဲ့ ပြဿနာတွေက

အီရတ် နဲ့ အာဖကန်နစ္စတန် စစ်ပွဲဇုံတွေဆီက အကြောင်းအရာတွေ မဟုတ်ဘူး။ လူဦးရေ သန်း(၁၇၀) ရှိတဲ့၊ နျူကလီးယားလက်နက် (၁၀၀)ကျော်ရှိတဲ့ ပါကစ္စတန်နိုင်ငံရဲ့ပြဿနာ။  ဒီနိုင်ငံရဲ့အနောက်မြောက်ဘက်မှာ  FATA လို့ ခေါ်တဲ့လူမျိုးစုတွေချုပ်ကိုင်ရာ ဒေသတခုရှိတယ်။ နယူးဂျာစီပြည်နယ်လောက်ရှိတယ်။  တာလီဘန်းတွေရဲ့လေ့ကျင့်သင်ကြားရေးစစ်စခန်း (၁၅၀) ကျော်နဲ့ တခြားအရာတွေရှိနေတယ်။ မက်ကွန်းနဲလ် က ပါကစ္စတန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအတွက် ရိုးသားတဲ့လုပ်ဖေါ်ကိုင်ဘက်နိုင်ငံ

တနိုင်ငံဖြစ်တယ် လို့ပြောရင်း ပြဿနာတွေကို ဆွဲထုတ်ပြတယ်။

" သူတို့က လိမ်ညာမှုတွေနဲ့ နေနေတဲ့လူတွေပါ။ အကြမ်းဖက်သမားတွေကိုစစ်ဆင်ရေးအတွက်ဆိုပြီးအမေရိကန်ပြည်ထောင်စုဆီက

 တနှစ်ကို (၂) ဘီလျှံ အကူအညီရယူခဲ့တယ်။ ဒါပေမဲ့ ပါကစ္စတန်နိုင်ငံရဲ့စစ်ထောက်လှမ်းရေးအေဂျင်စီ ( ISI) ဟာ အာဖကန် တာလီဘန်ခေါင်းဆောင်တွေအတွက် လိုအပ်တဲ့ စစ်လက်နက်၊ ပစ္စည်း နဲ့ ငွေတွေကို ထောက်ပံ့ကူညီပေးနေတယ်။

သူတို့မှာ သမ္မတရဲ့ အလောင်းအစားပွဲကို ဝေ့လည်ကြောင်ပတ်ဖြစ်စေမဲ့ရုံးခန်းဖြစ်တယ်။ ပါကစ္စတန်စစ်ထောက်လှမ်းရေးအေဂျင်စီ နဲ့ ဆက်ဆံရင် အသဲကွဲတာကိုခံစားရမယ်"

 
 

မက်ကွန်းနဲလ် က ISI ရဲ့  အသွင်ကွဲပြားတဲ့ စရိုက်လက္ခဏာမတူညီမှု ခြောက်မျိုး၊ ခုနှစ်မျိုးလောက်ကိုရှင်းပြတယ်။ 

 စီအိုင်အေ ရဲ့ ငွေကြေးထောက်ပံမှုမှတဆင့် ပါကစ္စတန်စစ်ထောက်လှမ်းရေးတချို့ကို အမေရိကန်ရဲ့အိပ်ကပ်ထဲက လူတွေအဖြစ်သိမ်းသွင်းလို့ရနိုင်တယ်။ ဒါပေမဲ့ ISI ဟာ သူ့ရဲ့လူတွေကို မထိန်းချုပ်နိုင်ခဲ့ဘူး။

ISI ရဲ့ Directorate S ယူနစ်ဟာ တာလီဘန်းတွေ နဲ့ အခြားအကြမ်းဖက်အုပ်စုတွေကို အားကောင်းအောင်လုပ်ပေးနေတယ်။ ပါကစ္စတန်ခေါင်းဆောင်တွေကလည်း အမေရိကန်ပြည်ထောင်စု ဟာ ဆိုဗီယက်တွေဆုတ်ခွာခဲ့သလိုမျိုး ဆုတ်ခွာသွားရလိမ့်မယ်လို့ သုံးသပ်ရှုမြင်ကြတယ်။ ဒီ စိတ်ရောဂါကိုတော့ နားလည်ပေးနိုင်ပါတယ်။ တကယ်လို့ အမေရိကန်ပြည်ထောင်စု သာ ဆုတ်ခွာသွားမယ်ဆိုရင်

အာဖကန်နစ္စတန် နိုင်ငံကို အိန္ဒိယ နဲ့ အီရန်နိုင်ငံတွေက ဝင်ရောက်လွှမ်းမိုးလိမ့်မယ်။ ပါကစ္စတန်နိုင်ငံအတွက်တော့ သူ့ရဲ့နယ်စပ်မှာ အစွန်းရောက်သမားတွေဝိုင်းရံနေတာထက် အိန္ဒိယနိုင်ငံက ဝိုင်းရံလာမှာကို ကြောက်ရွံစိုးရိမ်နေတယ်။

အိန္ဒိယ ဟာ နှစ်ပေါင်း (၆၀) လောက်ကတည်းက သူတို့ရဲ့ရန်သူဖြစ်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံရဲ့တဖြည်းဖြည်းကြီးထွားလာတဲ့ စီးပွားရေး၊ စစ်ရေးတွေနဲ့အတူ မရေမတွက်နိုင်တဲ့ စစ်ထောက်လှမ်းရေးပရိုဂရမ်တွေကလည်း အာဖကန်နစ္စတန်နိုင်ငံအတွင်းမှာ ကွန်ယက်ဖွဲ့

တည်ဆောက်လှုပ်ရှားနေခဲ့ကြတယ်။ တကယ်လို့ ပါကစ္စတန်နိုင်ငံဟာ အိန္ဒိနဲ့လုံခြုံစိတ်ချရမဲ့ဆက်ဆံရေးတခုကို တည်ဆောက်နိုင်မယ်

ဆိုရင်၊ တာလီဘန်းတွေကို စစ်ဆင်ဖို့ပိုပြီး လွယ်ကူမယ်။

            ဒါကြောင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံကြားမှာ ငြိမ်းချမ်းရေးရအောင် လုပ်ပေးခြင်းဟာအကောင်းဆုံးဖြစ်တယ်။

 
 

(၃) Predators ၊ ချိန်ကိုက် အကြောင်းကြားမှု

 
 

မက်ကွန်းနဲလ်က အဆင့်မြင့်ကင်မရာတွေတပ်ဆင်ပြီး ငရဲမီးတောက်မီးလျှံတွေပစ်လွှတ်နိုင်တဲ့ Predators လက်နက်တွေအကြောင်း

ဆက်လက်တင်ပြခဲ့တယ်။ အမေရိကန်သမ္မတဘုရှ်လက်ထက်မှာ ပါကစ္စတန်နိုင်ငံတွင်းမှာရှိတဲ့ အော်ကိုင်းဒါးအကြမ်းဖက်စခန်းတွေကို

 စစ်ဆင်မဲ့ စီမံကိန်းတွေကို ကြံစည်ခဲ့ကြဘူးတယ်။ လျှို့ဝှက်စစ်ဆင်မှုဆိုပေမဲ့ အမေရိကန်မီဒီယာတွေနဲ့ ပါကစ္စတန်မီဒီယာတွေမှာ

သတင်းတွေခဏခဏပါလာခဲ့တယ်။ ၂၀၀၈ ခုနှစ် နှစ်ဝက်တခုလုံးမှာ အကြမ်းဖက်စခန်းတွေကို Predators လက်နက်တွေနဲ့ လေးကြိမ်လောက်ပဲ ပစ်ခပ်တိုက်ခိုက်ခဲ့တယ်။ ပြဿနာက ပါကစ္စတန်စစ်ထောက်လှမ်းရေးဟာ ပစ်ခပ်တိုက်ခိုက်မှုနှောင့်နှေးအောင် ကြံစည်ခဲ့ပြီး တာလီဘန်းတွေကို ထွက်ပြေးတိမ်းရှောင်လို့ရနိုင်မဲ့အခြေအနေတခုကို ဖန်တီးပေးခဲ့ကြတယ်။ မက်ကွန်းနဲလ် က လူသားနဲ့အဆင့်မြင့်ထောက်လှမ်းရေးသက်သေတွေကို အမေရိကန်သမ္မတဂျော့ဘုရှ်ဆီခေါ်ယူလာပြီး နားထောင်စေခဲ့တယ်။ အဲ့ဒါကတော့ ပါကစ္စတန် စစ်ထောက်လှမ်းရေးအေဂျင်စီ ဗိုလ်မှူး နဲ့  အာဖကန်တာလီဘန်းတွေနဲ့ မဟာမိတ်ဖွဲ့ထားသူ ပျောက်ကြားခေါင်းဆောင် "ဆာရက်ဂ်ျ၊ ဟက်ဂန်နီ" တို့ကြားက စကားပြောဆို ဆွေးနွေးမှုတွေ။

 
 

အမေရိကန်သမ္မတဂျော့ဘုရှ် က "အိုကေ ကစားနေတဲ့ပွဲကိုရပ်လိုက်တော့မယ်။ ဒီခွေးမသားတွေ ငါတို့ အမေရိကန်တွေကို သတ်တာများနေပြီ" ဆိုပြီး Predators လက်နက်တွေကို အော်ကိုင်းဒါး ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အခြေခံအဆောက်အဦတွေကို ပစ်ခပ်တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်။ ဒါပေမဲ့ ဒီတခါမှာတော့ နည်းပရိယာယ်ပြောင်းခဲ့တယ်။

ပစ်ခပ်မှုတွေလုပ်တဲ့အခါ အမေရိကန်ပြည်ထောင်စုက ပါကစ္စတန်နိုင်ငံ ကို "ချိန်ကိုက်အကြောင်းကြားမှု" လောက်သာအသိပေးလိုက်တယ်။

လက်နက်တွေ ပါကစ္စတန်နိုင်ငံပေါ်ပျံဝဲနေချိန်၊ ဒါမှမဟုတ် ပစ်ခပ်ပြီးတဲ့အခါကျမှ ပါကစ္စတန်ကို အသိပေးလိုက်တယ်။  ISI အနေနဲ့ တာလီဘန်းတွေကို ရှောင်တိမ်းဖို့ ကြိုတင်အသိပေးချိန်မရနိုင်တော့ဘူးမို့လား

 
 

(၄) ဟက်ဂါနီ ကွန်ယက်

 
 

အမေရိကန်ပြည်ထောင်စုက အာဖကန်နစ္စတန်နိုင်ငံ ကဘူးမြို့မှာတည်ရှိတဲ့ အိန္ဒိယသံရုံး ကို အကြောင်းကြားခဲ့တယ်။ သံရုံး ရဲ့ကာကွယ်ရေးစံနစ်တွေကို စံနစ်တကျပြင်ဆင်ထားဖို့ အပါအဝင် ဟက်ဂါနီအဖွဲ့ရဲ့တိုက်ခိုက်မဲ့ အရိပ်အငွေ့အသက်တွေ၊ ဒါပေမဲ့

နောက်ကျသွားပြီ။ ပါကစ္စတန် ISI ရဲ့အကူအညီ နဲ့ ဟက်ဂါနီပျောက်ကြားအုပ်စုဟာ အိန္ဒိယ သံရုံးကို အသေခံဗုံးခွဲတိုက်ခိုက်လိုက်တယ်။

၄၈ ယောက်သေဆုံးပြီး၊တရာကျော် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။

 
 

" တကယ်တော့ ကျနော်တို့ ဟာ ဒိုးယိုပေါက်ဖြစ်နေတဲ့ စကာတွေလိုပဲ။ အော်ကိုင်းဒါးဟာ နိုင်ငံ (၃၅) နိုင်ငံဆီက လူတွေကိုလူသစ်စုဆောင်းနေတယ်။ သူတို့ဟာ အမေရိကန်နိုင်ငံတွင်းကို ဝင်ရောက်ဖို့အတွက် ဗီဇာ မလိုတဲ့သူတွေဖြစ်တယ်။ ပတ်စပို့ ရှိပြီးသားလူတွေဖြစ်တယ်။ပါကစ္စတန်နယ်စပ်က အကြမ်းဖက်လေ့ကျင့်မှုစခန်းတွေမှာ ခေါ်ဆောင်လာပြီး စစ်ရေးလေ့ကျင့်သင်ကြား

ပေးနေတယ်။ ဖောက်ခွဲရေးလက်နက်တွေ နဲ့ ဓါတုလက်နက်တွေသာမက ဇီဝလက်နက်တွေကိုလည်း ရရှိဖို့ကြိုးစားနေကြတယ်။"

 
 

မက်ကွန်းနဲလ် က အမေရိကန်နိုင်ငံတွင်းမှာ သံသယဖြစ်ဘွယ်လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေရဲ့ကွန်ယက်ကို စိုးရိမ်တကြီး

သတိပေးတယ်။ စက်တင်ဘာ (၁၁) ရက်တိုက်ခိုက်မှုကို စတင်ဖို့အတွက် အကြမ်းဖက်သမားတွေဟာ အမေရိကန်ပြည်ထောင်စု

အတွင်းထဲမှာ (၁၈) လလောက်အချိန်ယူပြီးပြင်ဆင်ခဲ့ကြတယ် လို့ ဆိုတယ်။

 
 

(၅) လျှို့ဝှက်သင်္ကေတများ

 
 

Predator တွေကို ပစ်ခပ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာကတော့ ပါကစ္စတန်နိုင်ငံမြေမှာ ရှိနေတဲ့ထောက်လှမ်းရေးတွေဖြစ်တယ်။

သူတို့က ပစ်လွှတ်ရမဲ့ နေရာဒေသကို အတိတကျညွှန်ကြားပေးတယ်။ ဒီလက်နက်တွေကို ပစ်ခပ်ဖို့အတွက် Sylvan Mangolia ကို စကားဝှက်အဖြစ်အသုံးပြုခဲ့ကြတယ်။ ပါကစ္စတန်နိုင်ငံတွင်းမှာ စီအိုင်အေအတွက် အလုပ်လုပ်ပေးနေတဲ့ထောက်လှမ်းရေးတွေ လိုအပ်မဲ့အရာမှန်သမျှကို ကုန်ကျချင်သလောက်ကုန်ကျပါစေ။ ရင်းနှီးမြှုပ်နှံရမယ်။ မြေပြင်ထောက်လှမ်းရေးတွေမရှိပဲနဲ့ Predator တွေကို ပစ်လွှတ်မယ်ဆိုရင် အဲ့ဒီလက်နက်မှာတပ်ဆင်ထားတဲ့ အဆင့်မြင့်ကင်မရာတွေဆိုတာ ဗလာ ဖန်သားပြင်တွေသာဖြစ်လိမ့်မယ်။

 
 

ထောက်လှမ်းရေးတယောက်ခြင်းဆီမှာ နာမည်တခုကို ကောက်ယူမည့်ပေးလေ့ရှိတယ်။ ဥပမာ MOONRISE ဆိုတဲ့ သင်္ကေတ နာမည်တခု။ ဒါပေမဲ့ ဒီ သင်္ကေတ ဟာ လူသိများလာရင်၊ ခြေရာကောက်လိုက်နိုင်မဲ့ လူတယောက်ဖြစ်လာရင် အဲ့ဒီ MOONRISE ကို သတ်ပစ်ရမယ်။ ဒါဟာ ထောက်လှမ်းရေးတယောက်အတွက် အဆုံးမဲ့ပေးဆပ်ရမဲ့တန်ဘိုးဖြစ်တယ်။ တကယ်လို့ MOONRISE က မသေဘူး ဆိုရင် SHOOTING STAR အဖြစ်နာမည်ပြောင်းသုံးစွဲစေခဲ့တယ်။ အာဖကန်နစ္စတန်မှာ အသုံးပြုတဲ့ ပရိုဂရမ် နဲ့ နာမည်ကို

JESTER လို့အမည်ပေးထားတယ်။ ဒီ အသင်းဟာ အာဖကန်နိုင်ငံတခုလုံးမှာ ဖြစ်ပေါ်နေတဲ့ သောင်းကျန်းသူတွေရဲ့ ပုန်ကန်မှုတွေကို

တခုခြင်းလေ့လာတယ်။ စကားပြောဆွေးနွေးတယ်။ အခွင့်အရေးရတာနဲ့ တိုက်စစ်ဆင်မှုကို စတင်ကြရတယ်။

 
 

မိတ်ဆွေတချို့အတွက် အချက်အလက်တွေမှတ်ရတာ များနိုင်တာကြောင့် အပိုင်းလိုက်ခွဲတင်ပြသွားပါမယ်။

Obama's Wars မှာ အပိုင်း (၂၆) ပိုင်းရှိပါတယ်။

အခုတင်ပြခဲ့တဲ့ အချက်အလက်တွေက အပိုင်း (၁) ထဲက အချက်အလက်တချို့ပါ။ ဆက်လက်တင်ပြသွားပါမယ်။

 

 

Breaking News


Thousands homeless, entire villages submerged after Cyclone Giri lashes Arakan Coast

http://www.narinjara.com/details.asp?id=2774

---------------------------------


Burmese story


http://www.narinjara.com/detailsbur.asp?id=2815

-------------------------------

http://www.narinjara.com/detailsbur.asp?id=2812

No comments: