Wednesday, October 27, 2010

“ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ဘာလုပ်မလဲ

Posted: 26 Oct 2010 09:33 AM PDT



ဒီမိုကရေစီခေါင်းဆောင်က ဒီမိုကရေစီတော်လှန်ခေါင်းဆောင်မှာပေါ့ ။ ဒါ ရိုးရိုးစင်းစင်းမြင်နိုင်တာဘဲ။ အကျဉ်းထဲ ကလည်း ဒီမိုကရေစီရေး ခေါင်းဆောင်နေတာဘဲ။

နိုင်ငံရေးသုခမိန်ဂိုက်ဖမ်းနေသူတွေက -

ရွေးကောက်ပွဲပြီးရင် နိုင်ငံရေးအခင်းအကျင်း ပြောင်းလာလိမ့်မယ်။ NLD မရှိတော့လို့ ရွေးကောက်ပွဲဝင် တတိယအင်အားစု အရေးပါတဲ့နေရာ ဝင်ယူလာမယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးစွန့် ၊ လူမှုရေး ကျမ္မာရေး လုပ်ငန်းတွေလုပ်လာမယ်တဲ့ ။ တိမ်လွန်းတဲ့ အတွေး ။



ရွေးကောက်ပွဲပြီး ပြောင်းလာမဲ့ နိုင်ငံရေးအခင်းအကျင်းက

စစ်အာဏာရှင်ကြီးဘိနပ်ကို စစ်သား ချွတ်ပေးနေရာက ရွေးကောက်ပွဲပြီးရင် ဘိနပ်ချွတ်ပေးမဲ့ အရပ်သားတွေထပ်တိုးလာမယ်။ အဲဒါ ချိန်း (change) ဘဲ။
နိုင်ငံရေးပါတီတရပ် တရားဝင်မှု မဝင်မှုက လိုင်စင်ရမှု မရမှုနဲ့မဆိုင်။ နိုင်ငံရေးပါတီဆိုတာ အမိန့်ရ ထန်းရည်ဆိုင်မဟုတ်။
နိုင်ငံရေးပါတီတရပ် တရားဝင်မှု တရားမဝင်မှုက လူထုအကျိုးပြုမှု ၊ ပြည်သူလူထု လက္ခံမှု လက်မခံမှုပေါ်မှာတည်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒီ/ချုပ် NLD ဆိုတာ -

ရွေးကောက်ပွဲပေါ်လာလို့ “လေလံပွဲ” လိုက်ဖို့ လိုင်စင်ခံ ဖွဲ့တဲ့ပါတီမဟုတ်ဘူး။
စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းမယ်။ ဒီမိုကရေစီစနစ် အခြေချ ၊ အခိုင်အမာတည်ဆောက် ထားတဲ့
ပါတီကြီးပါ။ ဒီတာဝန် ပြီးဆုံးတဲ့အထိ တည်ရှိလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ -

ဒီမိုကရေစီခေါင်းဆောင်၊ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ၊ ကမ္ဘာ့တန်းဝင်ခေါင်းဆောင် ၊ နိုဘယ်(လ်)ဆုရှင် ဒီမိုကရေစီရေးမှာ စိတ်အချရဆုံး၊ အားအကိုးရဆုံး၊ ဒီခေတ်ရဲ့ခေါင်းဆောင်ဖြစ်တယ်။ ဒါကိုနားလည်သင့်ပါတယ်။
လူထုအကြား ထင်ထင်ရှားရှားမသိကြသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်ပီသတဲ့ မြင့်မြတ်တဲ့ အရည်အချင်းတရပ်ကို တင်ပြချင်ပါတယ်။

ဒီအရည်အချင်းက ဒီခေတ်မှာ မြန်မာနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည်တဦးထဲမှာသာ ထူးထူးကဲကဲ ရှိတာပါ။ ဒါ ဘုန်းတော်ဘွဲ့မဟုတ်ဘူး ။



ဒီပဲယင်းအရေးအခင်းကနေ ဖူးပွင့်ဝေဖြာ ပေါ်ထွက်လာတဲ့ အရည်အချင်း

ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်း လူသတ်ပွဲကြီးထဲက လွတ်မြောက်လာတယ် ။ ရေဦးရဲစခန်းရောက်လာတယ်။ စစ်အရာရှိကြီးတွေနဲ့တွေ့တယ်။ တွေ့တွေ့ချင်း “ဒေါ်အောင်ဆန်းစုကြည်”က ကျမကို ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ကြတာ ဘယ်လိုမှသဘောမထားပါဘူး။ ကျမတို့ အမျိုးသားရင်ကြားစေ့ရေးအတွက် စကားပြောချင်တယ်လို့ ပရိယာယ်မပါ၊ ပူပူနွေးနွေး ချက်ချင်းလက်ငင်း၊ on the spot ထုတ်ဖော်ပြောလိုက်တယ်။

ဒါဟာ မိမိတို့ကို ဝိုင်းဝန်းသတ်ဖြတ်နေကြတဲ့ မိုက်မဲတဲ့လူသတ်သမားများကိုပင် ရန်သူလိုသဘော မထား ၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးကိုသာ အာရုံစူးရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တကယ့်ခေါင်းဆောင် အစစ်အမှန်ဖြစ်တဲ့ မြင့်မြတ်တဲ့ အရည်အချင်းကို တွေ့နိုင်ပါတယ်။ ရန်ဘက်သဘောထားနေတဲ့ စစ်အရာရှိကြီးများပင် အံ့အားသင့် အံ့သြဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံခဲ့တဲ့ အဖြစ်အပျက်မှန် ရှိခဲ့တာပါ ။

ဒီမိုကရေစီ အမှန်တကယ် လိုချင်ကြတာမှန်ရင် -

ဒီမိုကရေစီပါတီတွေ ၊ ပရိုဒီမိုကရေစီအင်အားစုတွေ ၊ ဒီလို.. ဒီလို.. တကွဲတပြားစီဖြစ်နေလို့ လုပ်နေလို့ ၊ ဒီမိုကရေစီ တိုလီထွာလီ စကားတွေ ပြောနေလို့ မရနိုင်ပါဘူး ။ ဟုတ်တယ်နော် ။ ၂၂ နှစ်ကြီးများတောင် ကြာညောင်းခဲ့ပါပြီ ။
အားလုံး - အားလုံး - တလုံးတစည်းတည်း ၊ စည်းရုံးလှုပ်ရှားကြမှ ၊ အောင်မှာပါ ၊ အောင်ကြမှာပါ ၊ အောင်ပွဲခံမှာပါ ။ ဂျပန်ဖက်ဆစ်တွေကို ညီညွတ်ရေးနဲ့ မောင်းထုတ်ခဲ့တာဘဲ။ စစ်အာဏာရှင်ကြီး စစ်ဗိုလ်ချုပ်ကြီး ဗိုလ်နေဝင်း မ.ဆ.လ. တပါတီအာဏာရှင်စနစ် ခေတ်ကိုလည်း (၈.၈.၈.၈.) ရှစ်လေးလုံး ညီညွတ်ရေးအားနဲ့ ဖြိုချခဲ့တာဘဲ ။



၂၀၁၀ ဟိုဒင်း - ဘာ - မျှော်မနေကြပါနဲ့ -

ဒီမိုကရေစီအင်အားစု တရပ်လုံး ဒေါ်အောင်ဆန်းစုကြည် ဗဟိုပြုဝန်းရံ အောင်ပွဲခံ စံကြပါစို့ ……

မင်းမနိုင် - မိအေး ။
၂၆- ၁၀ - ၂၀၁၀ ။



အညာနွေတမာမြေ

No comments: