Tuesday, February 28, 2012

”ဆရာတော်ဦးဃောသိတအား ကျောင်းမှ ထွက်ခွာပေးရန် ၊ မဟန တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ကိုယ်တိုင် လက်မှတ်ရေးထိုး။”


(ဆရာတော် ဦးဃောသိတ)
၂၀၀၇ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှု အပြီး -ထိုင်ဝမ်သို့ ကြွသွားသော ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ငါးထပ်ကြီးမြောက်ရပ်ကွက်၊လိပ်ပြာကန်တိုက်၊အလယ်ကျောင်းကြီး၏၊
ဒုတိယ တိုက်အုပ်ဆရာတော် ဦးဃောသိတ (သာသနာ မှတ်ပုံတင် အမှတ် ၁၂/ကခက(သ)၀၀၀၁၂၆) သာသနဓဇ ဓမ္မာစရိယ) ကို ၂၀၀၉ခုနှစ် ၈လပိုင်း ၂၆ရက်နေ့တွင် ထိုင်ဝမ်မှ အပြန်တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး၊
ပြည်ပအခြေစိုက် သံဃာ့ဥသျှောင်အဖွဲ့နှင့် ဆက်သွယ်မှု+နိုင်ငံတော်ဆန့်ကျင်မှု+တရားမ၀င် နိုင်ငံခြားငွေ လက်ဝယ်ထားရှိမှု အစရှိသော ပုဒ်မ ၁၇/၁။ ၁၃/၁ ။ ၂၄/၁။တို့ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် (၇)နှစ်ချမှတ်ခဲ့ပါသည်။

ထို့နောက် အင်းစိန်ထောင်မှ ရမည်းသင်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။ ဆရာတော်သည် ထောင်ထဲတွင်နေထိုင်ရင်း ၂၀၁၂ခုနှစ် ၁လပိုင်း ၁၃ရက်နေ့ တွင် ရမည်းသင်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။

ထို့နောက် ဆရာတော်သည် မိမိကျောင်းဖြစ်သော ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ငါးထပ်ကြီးမြောက်ရပ်ကွက်၊လိပ်ပြာကန်တိုက်၊အလယ်ကျောင်းကြီးတွင် ပြန်လည် သီတင်းသုံးနေထိုင်ခဲ့ပြီး၊ သာသနာရေးကိစ္စများ ဆောင်ရွက်နေရင်း၊ ဆရာတော်သည် ၂၀၁၂ခု ဇန်န၀ါရီ ၂၄ရက် နေ့စွဲဖြင့် ကျောင်းမြေနေရာ ကျူးကျော်မှု ကန့်ကွက်စာတခုကို (သက်တော်၇၀ ၊၀ါတော် ၅၀ ရှိ ကျောင်းထိုင်ဆရာတော် ဦးဇောတိက မှ လွဲ၍) ကျောင်းတိုက်သံဃာတော်များ၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ထိုစာအကျဉ်းချုပ်မှာ-နိုင်ငံတော်ပိုင် သာသနာ့မြေ ဖြစ်သော ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ငါးထပ်ကြီးမြောက်ရပ်ကွက်၊လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီးမြေအား မောရွှေပြည်(ရှမ်း)ကျောင်းမှ တိုးချဲ့ဆောက်လုပ်ခြင်း၊ကျုးကျော်ဆောက်လုပ်ခြင်းတို့အား အချိန်မှီ တားမြစ်ရပ်ဆိုင်းပေးပါရန်၊အရေးယူဆောင်ရွက်ပေးပါရန်၊ တိုက်တာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဆရာတော်ထံသို့ တင်ပြလျှောက်ထားခဲ့ကြသည့် ကန့်ကွက်စာဖြစ်ပါသည်။



 


 ကန့်ကွက်စာပို့အပြီး ၊ တလတိတိပြည့်သောနေ့= ၂၀၁၂ခု ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် နိုင်ငံတော်မဟာနာယက (မဟန) ၏ ဆုံးဖြတ်ချက် စာတခု ထွက်လာပါသည်။

အံ့သြဖွယ်ကောင်းသော ထိုစာမှာ-{ မောရွှေပြည်(ရှမ်း)ကျောင်း၏ တိုးချဲ့ဆောက်လုပ်သည်ကို အချိန်မှီတားမြစ် ပေးရန် ကန့်ကွက်လျှောက်ထားခဲ့သည်ကို ဆုံးဖြတ်ပေးရမည့် စာ}
မဟုတ်ဘဲ-
{ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ငါးထပ်ကြီးမြောက်ရပ်ကွက်၊လိပ်ပြာကန်တိုက်၊
အလယ်ကျောင်းကြီးတွင် တရားမ၀င် အဓမ္မ ၀င်ရောက်နေထိုင်လျှက်ရှိသည့် ဆရာတော် ဦးဃောသိတအား
အမြန်ဆုံးဖယ်ရှားပေးရန် တင်ပြလာသည့်ကိစ္စကို ဆုံးဖြတ်သည့် စာ} ဖြစ်နေပါတော့သည်။

(ဘယ်သူက ဖယ်ရှားပေးဖို့ တင်ပြသည်ကိုတော့ -အထောက်အထား မရသေးပါ။)

စာပါဆုံးဖြတ်ချက်အရ -၂လပိုင်း ၂၄ရက်တွင် ဆုံးဖြတ်ထားသည့်အတွက် ၊စာရပြီးနောက် ၃ရက်အတွင်း ဆရာတော်ဦးဃောသိတအား ကျောင်းမှ ထွက်ခွာပေးရန် ၊ မဟန တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ကိုယ်တိုင်
လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်ကို စိတ်မကောင်းစွာ ဖတ်ရှုရပါသည်။

(အသေးစိပ်ကို ပူးတွဲပါ တင်ပြစာများတွင်
လေ့လာဖတ်ရှုနိုင်ပါသည်။)




ယခုလို လုပ်ဆောင်ခြင်းသည် နိုင်ငံရေးလုပ်ခဲ့သော သံဃာတော်များကို မဟနက စစ်အာဏာရှင်များအလိုကျ စနစ်တကျ နှိပ်ကွပ်နေသည်ဟု မြင်မိပါသည်။

(ထင်ရှားသောအမှုများဖြစ်သော ရွှေည၀ါဆရာတော်၊ဒယ်အိုးဆရာတော်၊
မဂ္ဂင်ကျောင်းထိုင်ဆရာတော်နှင့်အရှင်ဂမ္ဘီရ အစရှိသော သံဃာတော်များအား မိမိတို့ကျောင်းမှာနေလို့ မရအောင် စနစ်တကျ နှောက်ယှက်ခဲ့ပြီး၊) ယခုအခါ ဆရာတော်ဦးဃောသိတအား
ပုံစံတူ ထပ်မံနှောက်ယှက်လာနေပြန်ပါပြီ။

ထိုသို့ အာဏာရှင်ဆန်သော ပြုမူဆုံးဖြတ်မှုများအား မြန်မာပြည်သူလူထု အပေါင်းက သိရှိနားလည်၍ မဟန အာဏာရှင်တို့အား စုပေါင်းဆန္ဒပြခြင်းဖြင့်သာ မဟန၏ မတရားဆုံးဖြတ်နေမှုများအား အဆုံးသတ် ရပ်တန့်သွားလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။

မဟနအတွင်း မတရားဆုံးဖြတ်ချက်များမရှိအောင် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လာသည်အထိ တိုက်ပွဲဝင်သွားမှသာ -ပြည်သူပြည်သားများအတွက် နိုင်ငံရေး လုပ်ဆောင်နေသော ဆရာတော်သံဃာတော်များလည်း မိမိတို့ ကျောင်းတိုက်အသီးသီးတွင် စိတ်အေးချမ်းသာစွာ အနှောင့်အယှက်ကင်းစွာ သီတင်းသုံး နေထိုင်နိုင်သွားနိုင်လိမ့်မည်ဟု မုချ ယုံကြည်မိပါသည်။

ရေးသား တင်ပြသူ-အိုးဝေအောင် (အမေရိက)
သတင်းအချက်အလက်များ ပေးပို့သူ-စိုးမိုးထွန်း (ရန်ကုန်)
ဖေဖော်ဝါရီ ၂၇၊၂၀၁၂။

(ယခု ပို့စ်ကို အထောက်အထားအစုံဖြင့် မည်သူမဆို ကမ္ဘာအနှံ့သို့ အချိန်မီ ပြန့်နှံ့အောင် ကူးယူဖြန့်ချီနိုင်ပါသည်။)

No comments: