Sunday, February 26, 2012

ငြိမ်းချမ်းရေးကိုမှန်းမြော်တွေး







အစိုးရတပ်ဖွဲ့နဲ့
ရှမ်းပြည်တပ်မတော်(SSA)
မတော်မလျှော် အခင်းများ
စစ်မီးတွေတဖွားဖွား
သူကပစ်လား ကိုယ်ကပစ်သွား
ဆုံးပါးလေရ သေလေကြ
ဘယ်သူကဘယ်သူ့ကိုအပြစ်ပုံချ။

ငြိမ်းချမ်းနည်းကို မဆုပ်ကိုင်
လက်နက်များနဲ့ တူယှဉ်ပြိုင်
ရင်ဆိုင်ပစ်တဲ့ ကျည်ဆံများ
မျက်စိများ မပါပါလား
ထိပါးမိတဲ့ စစ်သားတတွေ
အသက်ဆုံးရှုံးပေ
ဘယ်သူသေသေ စဉ်းစားလေ
တူနေတူစား ကိုယ့်သွေးသား
သွေးသားချင်းတောင် ရန်တွေထောင်
မိုးမှောင်ပြည်ယိမ်း ပျက်မယ့်ကိန်း
ထိန်းသိမ်းကြပါ ကိုယ့်လူရာ
လူသာအမိရ အဓိကထား
ဆန္ဒမတူ ညှိနှိုင်းယူ
ကြည်ဖြူယဉ်ကျေး တူဆွေးနွေး
အဝေးကိုပင် ကြည့်စေချင်
မြေဇာပင်တွေ ဖွတ်ဖွတ်ကြေ
ပြည်သူ့ဒုက္ခ မြင်ပါကြ
စစ်မီးခလို့ အိမ်တွေလောင်
စစ်မီးကလောင် ပစ္စည်းကပြောင်
တောင်ကိုပတ်ပြေး နိုင်ငံအဝေး
ပြေးရလွှားရ ဒုက္ခတွေဗလပွ
သောကတွေပိုက် သေတွင်းထဲဆိုက်
မိုက်သမျှအပြစ်တွေ
ပြည်သူသာတပေပေ
အသေအလဲ ခံရ မသက်သာလှ
သက်ညှာကြပါ ကိုကိုစစ်သားတို့ရာ
သင်တို့မှာလည်း ပြည်သူပါပဲ
ငရဲသမျှ ဆိုးသွမ်းလှတဲ့
စစ်မီးစတွေ မမွှေးကြနဲ့။

လက်နက်နဲ့ ထိုးရမ်းနေရင်
အမျိုးသားပန်းတွေ
ပွင့်လန်းနိုင်ပါ့အုံးမလား။

တနိုင်ငံလုံးပြာပုံရောက်နေရင်
ငြိမ်းချမ်းရေးတည်ဆောက်နိုင်ပါ့အုံးမလား။

အသက်ထွက်မယ့်ကိန်း
လက်နက်တွေသိမ်းလိုက်ပါတော့။

မေတ္တာတန်ခိုးနဲ့ သစ္စာတွေပြိုးပြီး
ချစ်သဒ္ဓါးမိုး ရွာသွန်းဖြိုးပေးကြပါ။

တက္ကသိုလ်ဘုန်းကြွယ(၂-၂၃-၂၀၁၂)

No comments: