Sunday, February 26, 2012

နိုင်ငံခြားကြွေးမြီ စုစုပေါင်း ဒေါ်လာ (၁၁) ဘီလီယံကို ဘယ်သူတွေက ဆပ်ကြရမှာလည်း။


မြန်မာနိုင်ငံမှာ ယခု နိုင်ငံခြားကြွေးမြီ စုစုပေါင်း ဒေါ်လာ (၁၁) ဘီလီယံ ရှိနေတယ်လို့  ဘဏ္ဍာရေးနဲ့  အခွန်ဝန်ကြီးဌာန ၀န်ကြီး လှထွန်းကနေ ထုတ်ဖေါ်ပြောဆိုသွားပါတယ်။ ဒီလို တင်ရှိနေတဲ့ အကြွေးမြီ စုစုပေါင်း ဒေါ်လာ (၁၁) ဘီလီယံထဲက (၈) ဘီလီယံကျော်ဟာ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ အုပ်ချူပ်ခဲ့တဲ့ နေ၀င်း အာဏာရှင်အစိုးရလက်ထက်ကပါလို့  ပြောဆိုလိုက်ပါတယ်။ ကျန်တဲ့ ကြွေးမြီ (၃) ဘီလီယံခန့် ကတော့ သန်းရွှေ အုပ်ချူပ်မှုကာလအတွင်းက ဖြစ်တယ်လို့  ပြောဆိုပါတယ်။ ဒီ နိုင်ငံခြားကြွေးမြီတွေကို International Monetary Fund (IMF)၊ World Bank၊ International Financial Corporation (IFC)၊ International Development Association (IDA) နဲ့  Asian Development Bank (ADB) တို့ ထံကနေ ရယူခဲ့တဲ့ ကြွေးမြီတွေ ဖြစ်ပါတယ်။

ယခု နိုင်ငံခြားကြွေးမြီတင်ရှိမှုတွေဟာ သေဆုံးသွားပြီဖြစ်တဲ့ နေ၀င်းနဲ့  သေဆုံးခါနီးဖြစ်နေပြီးဖြစ်တဲ့ သန်းရွှေတို့ နဲ့  အထူးသက်ဆိုင်တယ် ဒါပေမယ့် နေ၀င်းလက်ထက်မှာရော သန်းရွှေလက်ထက်မှာရော အတူတူ ဝေစားမျှစားလုပ်ခဲ့ကြတဲ့ လက်ရှိသူတွေလည်း ပါဝင်သက်ဆိုင်ပါတယ်။ လက်ညှိုးထိုး လွဲချပြီး ငါတို့ နဲ့ မဆိုင်ဖူး အရင်သူတွေ လုပ်ခဲ့တာလို့ ဆိုပြီး ခေါင်းရှောင်လို့  ကိုယ်လွတ်ရုန်းလို့  မရပါဖူး။









































တိုင်းပြည်ရဲ့  တောတောင်ရေမြေ သဘာသယံဇာတတွေကို မောင်ပိုင်ဆီးပြီး ပြည်သူဘဏ္ဍာတွေ တိုင်းပြည်ပိုင်တွေကို ကိုယ့်အိတ်ထဲထည့် ကိုယ့်မိသားစုဆွေမျိုးအဆက်ဆက် ကြီးပွားချမ်းသာအောင် မတရားသိမ်းကျူံးပြီး ကြီးပွားအောင်လုပ်ခဲ့ကြတဲ့ အာဏာရူးအုပ်စုရော ခေတ်ပျက်မှာ အချောင်ဝင်နှိုက်တဲ့ ခေတ်ပျက်သူဌေးအဖြစ် စီးပွားရေးသောင်းကျန်းခဲ့သူများလည်း ယခု မြန်မာနိုင်ငံရဲ့  နိုင်ငံခြားကြွေးမြီတွေအတွက် အဓိကတရားခံ သက်ဆိုင်သူများ ဖြစ်ကြပါတယ်။































၁၉၆၂ ခုနှစ်ကစလို့  ယခုကာလအထိ မကြာခဏဆိုသလို တူးဖေါ်ရရှိတဲ့ ကျောက်မျက်ရတနာ ပတ္တမြား ကျောက်စိမ်းတုံးကြီးတွေ၊ ပေါလျှံလှတဲ့ သဘာဝဓါတ်ငွေ့ တွေနဲ့  ရေနံ လောင်စာတွေ၊ တောတောင်ရေမြေရဲ့  အရင်းအမြစ် ကျွန်းသစ် သစ်မာတွေ၊ ရေအားလျှပ်စစ်တွေကို ရောင်းချ ရောင်းတုတ်လို့  ရရှိတဲ့ များပြားလှစွာသော ဒေါ်လာငွေ သန်းပေါင်းမြောက်မြားစွာဟာ ဘယ်များရောက်လို့  သွားခဲ့ပါသလည်း သွားပါသလည်း။ သီချင်းစာသားထဲကလို ဆိုရရင်တော့ “ဘယ်များရောက်သွားသလည်း၊ ဘယ်သူများ ယူသွားသလည်း” လို့  မေးရပါလိမ့်မယ်။

တိုင်းပြည်ရဲ့  ကျန်းမာရေး ပညာရေး လူမှုရေးလုပ်ငန်းတွေအတွက် မကောင်းတတ်လို့ သုံးစွဲပြတဲ့ မရှိသလောက် နိုင်ငံတော်ဘတ်ဂျက် အသုံးစရိတ်လေးထဲမှာတောင် အဆင့်ဆင့် ဖြတ်စားလဘ်စားလုပ်တာမို့  ပြည်သူတွေအတွက် အသုံးစရိတ် တိုင်းပြည်အတွက် ကုန်ကျစရိတ်ဟာ နေ၀င်း သန်းရွှေတို့  အာဏာရူးတစ်သိုက်ရဲ့  သားသမီးတွေ ဘုံးဘောလအော သုံးဖြုံးနေတဲ့ မုန့် ဖိုးလောက်တောင် မရှိပါဖူး။

နိုင်ငံခြားကြွေးမြီ စုစုပေါင်း ၁၁ ဘီလီယံကို ၅၆ သန်း လူဦးရေရှိတဲ့ မြန်မာနိုင်ငံသားတွေ သက်ဆိုင်တယ်လို့  ဆိုလိုက်ရင်တော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ပြည်သူပြည်သားတစ်ဦးအနေနဲ့  ဒီ နိုင်ငံခြားကြွေးမြီ (၁၁) ဘီလီယံကို ဆပ်ဖို့  ၁၉၇ ဒေါ်လာ (ကျပ် တစ်သိန်းခွဲကျော်) ပေးပေးရမလို ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ တင်နေတဲ့ နိုင်ငခြားကြွေးမြီ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံတင်ရလောက်အောင် ဘယ်သူတွေ လုပ်ခဲ့သလည်း၊ တင်ရှိနေတဲ့ ကြွေးမြီ အမေရိကန် ဒေါ်လာ (၁၁) ဘီလီယံကို တိုင်းပြည်နဲ့  လူမျိုးအတွက် အကျိုးရှိစွာ အသုံးချခဲ့ပါရဲ့ လား၊ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံ ပမာဏ တန်ဖိုးရှိတဲ့ ငွေတွေ ဘယ်သူတွေ လက်ထဲရောက်သွားခဲ့သလည်း၊ ဒီ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံဟာ ဘယ်သူတွေနဲ့  သက်ဆိုင်ပတ်သက်ပြီး ဘယ်သူတွေက ဆပ်ကြရမှာလည်းဆိုတာ အင်မတန်အရေးကြီးတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

အာဏာရူးအုပ်စုတွေ ၄င်းတို့ ရဲ့  မိသားစုဆွေတစ်သိုက် မျိုးတစ်သိုက်တွေ ခေတ်ပျက်သူဌေး အချောင်နှိုက် ကိုယ်ကျိုးရှာ အတ္တသမား လောဘသား စီးပွားရေးသမားကြီးတွေက ဒီ နိုင်ငံခြားကြွေးမြီ (၁၁) ဘီလီယံကို ဆပ်ကြမှာလား၊ မရှိဆင်းရဲ မွဲတေငတ်ပြတ်နေကြရတဲ့ တိုင်းသူပြည်သားတွေက ခါးဆီးခံပြီး ဆပ်ပေးကြရမှာလား။ တိုင်းပြည်ရဲ့  ကြွယ်ဝချမ်းသာတဲ့ တောတောင်ရေမြေ သယံဇာတတွေ ရောင်းချမှုနဲ့ ရရှိတဲ့ သန်းပေါင်းမြောက်မြားစွာသော ငွေတွေက ဘယ်ကိုရောက်ကုန်လို့  တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီတွေ ပုံမှန်ပြန်မဆပ်နိုင်ဘဲ လည်ပင်းထိ တက်နင်ရလောက်အောင် ကြီးမားသွားစေရတာလည်း။ တိုင်းပြည်ရဲ့  ရသုံးငွေ နှစ်စဉ် နိုင်ငံတော်အသုံးစရိတ်ကို ပြည်သူလူထုထံ မှန်ကန်စွာ မတင်ပြဘဲ တိုင်းပြည်ဝင်ငွေတွေ ပျောက် သုံးစွဲမှုတွေ ဖျောက်ပြီး ယခုအချိန်ကြမှ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံရှိပါတယ်လို့  ချက်ချင်းထုတ်ပြောတဲ့ပုံစံဟာ ဒီကြွေးမြီတွေရဲ့  အဓိကတရားခံတွေလည်း ပျောက် လက်ရှိအုပ်ချူပ်သူတွေနဲ့  မပတ်သက်လို့  ပြောတဲ့ပုံစံဖမ်းတာမို့  ဒါဟာ တိုင်းပြည်နဲ့  လူမျိုးအပေါ် စော်ကားရုံမက အကြွေးဆပ်ပေးရမှာက မဆီမဆိုင်သူတွေက ဆပ်ကြပေတာ့လို့  လုပ်တဲ့ အချိုးပါဘဲ။

ဒီ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံကို ပြန်ဆပ်နိုင်ဖို့ အတွက် အဓိကတရားခံတွေဖြစ်တဲ့ တစ်ပါတီအာဏာရှင် နေ၀င်း (သေဆုံး) ရဲ့  ပိုင်ဆိုင်မှုတွေ မှန်သမျှကို သူရဲ့  လက်ရှိ မိသားစုဝင် ဆွေမျိုးတစ်သိုက်ရဲ့  မတရား ချမ်းသာကြွယ်ဝမှုတွေကို ပြန်သိမ်းပိုက်ပြီး ပြန်ဆပ်စေရပါမယ်၊ ထို့ အတူ သေကာနီးဆဲဆဲ အာဏာရူးကြီး မှူးကြီးသန်းရွှေနဲ့  သူရဲ့  စိန်ရောင်တောက်ပြောင်နေကြတဲ့ မိသားစုဆွေမျိုးတစ်သိုက်လုံးရဲ့  တိုင်းပြည်ဘဏ္ဍာငွေ ဘုံးထားသမျှဟာတွေ ပိုင်ဆိုင်မှုမြောက်မြားစွာကို ပြန်လည်သိမ်းပိုက်ပြီး ယခု နိုင်ငံခြားကြွေးမြီတွေကို လျော်ပြစ်လိုက်ရမှာ ဖြစ်ပါတယ်။ နေ၀င်း သန်းရွှေတို့ သာမက ယခုလက်ရှိ နေ၀င်း သန်းရွှေ အာဏာယူထားစဉ် ခေတ်အဆက်ဆက်မှာ အတူလုပ်ဆောင်ခဲ့ကြတဲ့ မဆလ န၀တ နအဖ၀င် ဗိုလ်ချူပ်တွေ ၀န်ကြီးတွေအားလုံးရော လက်ရှိ သိန်းစိန်အစိုးရအပါ စီးပွားရေးသျောင်းကျန်းသူ ခေတ်ပျက်သူဌေး အတ္တသမားကြီးတွေပါ ဒီ နိုင်ငံခြားကြွေးမြီ (၁၁) ဘီလီယံ ပြန်ဆပ်ရေးမှာ အဓိက တရားခံတွေ ဖြစ်ပါတယ်။

၁။ နေ၀င်း မိသားစုနှင့် ဆွေမျိုးတစ်သိုက်၊

၂။ စောမောင် မိသားစုနှင့် ဆွေမျိုးတစ်သိုက်၊

၃။ သန်းရွှေ မိသားစုနှင့် ဆွေမျိုးတစ်သိုက်၊

၎။ မောင်အေး မိသားစုနှင့် ဆွေမျိုးတစ်သိုက်၊

၅။ ခင်ညွှန့်  မိသားစုနှင့် ဆွေမျိုးတစ်သိုက်၊

၆။ မဆလ န၀တ နအဖ အဖွဲ့ ဝင် ဗိုလ်ချူပ်များ ၀န်ကြီးများနှင့် မိသားစုတွေမျိုးတစ်သိုက်၊

၇။ ခေတ်ပျက်မှာ အချောင်ဝင်နှိုက်တဲ့ ခေတ်ပျက်သူဌေးအဖြစ် စီးပွားရေးသောင်းကျန်းခဲ့သူတွေ ဖြစ်ကြတဲ့ တေဇ (Htoo Trading Company)၊ ဇော်ဇော် (Max Myanmar Group of Companies)၊ တင်မြင့်နိုင် (Asia World Co)၊ မိုက်ကယ်မိုးမြင့် (Myint & Associates Group)၊ အောင်သက်မန်း (Ayer Shwe Wah Company)၊ ပြည်အောင် နဲ့  နေအောင် (Aung Yee Phyo Co Ltd and IGE Co Ltd)၊ ခင်ရွှေ (Zaykabar Company)၊ နေ၀င်းထွန်း (Ruby Dragon Jade & Gems Co Ltd)၊ ဌေးမြင့် (Yuzana Company)၊ အိုက်ထွန်း (Olympic Construction Co)၊ ချစ်ခိုင် (Eden Group)၊ စပ်ထွန်း (Serge Pun & Associates (Myanmar) Limited)၊ ကျော်ဝင်းရွှေ (Kyaw Win Shwe Than Lwin Company)၊ ၀င်းအောင် (Dagon International Ltd)၊ မောင်ဝိတ် (Maung Weik & Family Company) နဲ့  အောင်မြတ် (Mother Trading Company Ltd) အစရှိတဲ့ စီးပွားရေးသောင်းကျန်းသူများဟာ ဒီ နိုင်ငံခြားကြွေးမြီ (၁၁) ဘီလီယံ ပြန်ဆပ်ရေးမှာ အဓိက တရားခံတွေ ဖြစ်ပါတယ်။


























































နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံကို ပြန်ဆပ်နိုင်ဖို့ ဟာ ဘယ်သူတွေက အဓိကတာဝန်ရှိလည်းဆိုတာ သိကြတာမို့  မြန်မာပြည်သူပြည်သားတွေ ဒီကိစ္စကို ထိထိရောက်ရောက် ဖေါ်ထုတ်ဆောင်ရွက်ကြဖို့  လိုပါတယ်။ တိုင်းပြည်က မွဲ လူမျိုးက ဆင်းရဲတဲ့ကြားထဲ နိုင်ငံခြားကြွေးမြီ (၁၁) ဘီလီယံအရေးကတော့ ရင်လေးစရာပါဘဲ။

No comments: