Monday, February 27, 2012

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ်တွင် ဟောပြောမည့်နေရာ သတ်မှတ်

  ဖေဖေါ်ဝါရီ ၂၇၊ ၂၀၁၂ (YPI)

လာမည့် မတ်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို မော်လမြိုင်မြို့ပေါ် ရှိသံလွင် ဥယျာဉ်တွင် ကျင်းပမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မော်လမြိုင် အောင်နိုင်ရေး ရုံးမှ တာဝန်ရှိသူ ဦးကိုကိုဇော် ကပြောသည်။


“ ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာ သံလွင်ဥယျာဉ်မှာလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ မနက်ဖြန်ကျရင် သက်ဆိုင်ရာ ကော်မတီကို ခွင့်ပြုချက်ရဖို့ တင်မယ်၊ မော်လမြိုင်မြို့ပေါ်ပဲ စည်းရုံးရေးဆင်းမှာပါ နယ်ဘက်တော့သွားဖြစ်မှာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။


သံလွင်ဥယျာဉ်ကွင်းမှာ မော်လမြိုင်မြို့ ဘိုကုန်းရပ်တွင် တည်ရှိပြီး အနည်းဆုံး လူဦးရေနှစ်သောင်း၊ သုံးသောင်း ဆန့်သည်ဟုဆိုသည်။


ဒေါ်အောင်ဆန်းစုကြည်မှာ မတ်လ ၁၀ ရက်နေ့ညနေပိုင်းတွင် မော်လမြိုင်မြို့သို့ ဆင်းလာမည်ဖြစ်ပြီး မတ်လ ၁၁ ရက်နေ့မနက်ပိုင်းတွင် လူထု စည်းရုံးရေး ဟောပြောပွဲပြုလုပ်မည်ဖြစ်ကာ  ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လာမည်ဟု ဆိုသည်။


“ မော်လမြိုင်က လေယာဉ်ခရီးစဉ်အဆင်မပြေဘူး ၊ကျွှန်တော်တို့ ကားနဲ့ပဲသွားမှာပါ “ ဟု အဖွဲ့ချုပ်မှ အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးညဏ်ဝင်းကပြောသည်။


မွန်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် သိပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့် နေရာ၊ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း အတွက် လစ်လပ်သည့်နေရာ ၁ နေရာသာရှိသည်။


ဝက်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများမှာ NLD ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့ဖြစ်ကြသည်။


၎င်းတို့ထဲမှ NLD နှင့်မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မှဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံး မှာ အမျိုးသမီးရှေ့နေများ ဖြစ်ကြသည်။


NLD ပါတီဘက်မှ ဒေါ်ခင်ဌေးကြွယ်ဖြစ်ပြီး ၊မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီမှ ၀င်ရောက်ယှဉ်ပြိုင်မည့်သူမှာ ဒေါ်မြင့်မြင့်ဝေဖြစ်သည်။


ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD မှ အောင်နိုင်ရေး ရုံးများတိုးချဲ့ဖွင့်လှစ်မှုများ ပြုလုပ်လာသကဲ့သို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှလည်း ယခုအချိန်တွင် စည်းရုံးရေး စတင်လုပ်ဆောင်နေပြီးဟု ပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းကပြောသည်။


“ ကျွှန်တော်တို့ကတော့ လမ်းပေါ်မှာတို့ ကွင်းတွေမှာလိုမျိုးတော့ စည်းရုံးရေး မလုပ်ဘူးပေါ့၊ အခုတော့ မွန်ရွာလေးတွေ အချို့ ကိုအိမ်တိုင်ရာရောက် စည်းရုံးရေးဆင်းနေတာ တ၀က်နီးပါးတော့ပြီးနေပြီး၊ အနိုင်အရှုံးကတော့ ပြောရခက်တယ် မွန်ရွာတွေမှာ မွန်ပါတီတွေကို အနိုင်ပေးဖို့ သေချာပေမဲ့ မြို့ပေါ်မှာတော့ သေချာတွက်လို့ မရဘူး” ဟု၎င်းကဆိုသည်။

သုံးခွခရီးစဉ်တွင်မြင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်ကျ မဲဆွယ်စည်းရုံးရေးလာသည့်အတွက် မွန်ပါတီမှ မဲရရှိဖို့ အဟန့်အတားဖြစ်နိုင်သော်လည်း မိမိတို့ မွန်လူမျိုးကို မိမိတို့ ယုံကြည်ကြောင်း ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီတွေအနေဖြင့်တပါတီနှင့်တပါတီ အပြတ်အသတ်ဖြင့် အနိုင်ရရှိရန် အခက်အခဲရှိကြောင်း ၎င်းကဆက်ပြောသည်။

မော်လမြိုင်မြို့ပေါ် ဒိုင်းဝန်းကွင်းအနီးမှာ နေထိုင်သည့်မွန်ဒေသခံတဦးဖြစ်သူ ဒေါ်လှသောင်းကမူ “ဒေါ်စုကိုလာစေချင်တယ်၊ဒီတခါတော့ NLD ကိုပဲမဲထည့်ဖြစ်မယ် ၊သူတို့က ပိုလုပ်နိုင်မယ်လို့ထင်တယ်” ဟု YPI သို့ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ယခုလတွင် ကော့မှူးခရီးစဉ်၊လှည်းကူးခရီးစဉ် ၊ကချင်ပြည်နယ်ခရီးစဉ် အစရှိသည်တို့ မဲဆွယ်စည်းရုံးရေး အတွက် သွားရောက်ခဲ့ပြီး လာမည့်မတ်လတွင် မော်လမြိုင် ၊မန္တလေး ၊နေပြည်တော်၊ ကလော အစရှိသည့် ခရီစဉ်များသွားရောက်ရန် စီစဉ်ထားရှိသည်။


လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာရှိပြီး NLD မှအားလုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။       ။

No comments: