Wednesday, May 16, 2012

ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး


 ရေးသားသူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်

by Lu Maw on Friday, 30 March 2012 at 03:46 ·
မြန်မာပြည်ဟာ ဒီမိုကရေစီ စနစ်ကိုပြောင်းတဲ့အစိုါ်ရသစ်တက်လာပြီးကတည်းက တစ်နှစ်မပြည့် တစ်ပြည့်အချိန်မှာကမ္ဘာမှာ ချီးမွမ်းထောပနာပြုခြင်း အခံရဆုံးသော တိုင်းပြည် တစ်ပြည်ဖြစ်လာပါတယ်။ ကမ္ဘာနဲ့နိုင်ငံတကာက တကယ်ချီးကျုးတာပါ ။ "ကမ္ဘာရဲ့ စီးပွားရေး မျက်နှာစာသစ် " ၊ " အာရှကျား" ၊ " ခရီးသည် အသွားထိုက်ဆုံးသောတိုင်းပြည်" ၊ အားလုံးအပေါင်းလက္ခဏာတွေနဲ့ ပြည့်နေတဲ့ အဆိုစကားတွေပါ။ ဘာကြောင့် ဒီလောက်ထူးထူးကဲကဲဖြစ်နေတာပါလိမ့် ။ ဘာတွေကောင်းနေတာပါလိမ့်။ ကောင်းကျိုး ဂုဏ်အင်္ဂါတွေဟာ အစိုးရသစ်ရဲ့လုပ်ဆောင်ချက်၊ စွမ်းဆောင်ချက်တွေချည်းကြောင့်တော့မဟုတ်ပါဘူး။ အစိုးရသစ်က လမ်းကြောင်း ပြောင်းပေး တာမှန်ပါတယ်။ ဒါဟာအရေးအကြီးဆုံးသော အပြောင်းအလဲဆိုတာ လှိုက်လှဲစွာ ၀န်ခံပါတယ်။ ဒါပေမဲ့ ဒါထက်ပိုပြီး အရင်းခံကျတဲ့ အကြောင်းတွေရှိပါတယ် ။ဒါတွေက ပိုအရေးကြီးပါတယ် ။ ဒီတော့မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေကို လက်တွေ့ကျကျ ဓမ္မဓိဌာန်ကျကျ ဆန်းစစ်ကြည့်မယ်ဆိုရင် သာရည်တွေ ကောင်းချက်တွေက ဘာတွေလဲ --

၁။  တိုင်းပြည်က သယံဇာတ ပေါကြွယ်ဝပါတယ်။ နည်းနည်းနောနောမဟုတ်တဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတတွေပါ။
၂။  မြန်မာည်ြသူပြည်သား လူအများရဲ့ အရည်အသွေး (Human capital) ဒီအချက်မှာတော့ မြန်မာဟာ ကမ္ဘာရှိတိုင်းပြည်များထဲမှာထူးကဲစွာသာရည်တွေရှိနေပါတယ်။ ပထမဦးဆုံး စာတတ်သူပေါများခြင်း (Literacy Rate ) ဒါကလည်း ဟိုးရှေးသမိုင်း စဉ်ဆက်ကစပြီး ရှိခဲ့တာ။ နှစ်ပေါင်း တစ်ထောင်လောက်က စပြီး စဉ်ဆက်မပြတ် အရှိန်ကောင်းကောင်းနဲ့ တည်ရှိ နေခဲ့တဲ့ ဘုန်တော်ကြီးကျောင်း ပညာရေး (Monastic education) ကြောင့်ပါ။ ကမ္ဘာနဲ့ ကမ္ဘာသမိုင်းမှာ အံ့သြဖွယ်ကောင်းလောက်အောင် ထူးခြားတဲ့အောင်မြင်မှုပါ။ ပြည်သူတွေစာတတ်တာဟာ ဘယ်လောက်ကောင်းချီးမင်္ဂလာတစ်ပါးဖြစ် တယ်ဆိုတာ ကျွန်မတို့လို ဆေးလောကမှ လူတွေအသိဆုံးပါ။ ကျန်းမာရေးပညာပေးရေးနဲ့ ကျန်းမာရေးမြှင့် တင်ရေးမှာ ဘယ်လောက်ထိရောက်တယ်ဆိုတာ အခြားအခြားသောစာဖတ်တတ်သူနည်းလွန်းတဲ့ တိုင်းပြည်မှာလုပ်တဲ့ ကျန်းမာရေးလုပ်သားများကလည်း မြန်မာမှာ Literacy rate ကောင်းတာကြောင့် လုပ်ရကိုင်ရတာ ဘယ်လောက်အောင်မြင်တယ်ဆိုတာ ထောက်ပြ သွားကြပါတယ်။ နောက် သာရည်တစ်ခုကတော့ မြန်မာအမျိုးသမီးတွေရှဲု့ လုပ်ရည်ကိုင်ရည် ဖြစ်ပါတယ်။ မြန်မာ အမျိုးသမီးတွေဟာ ကျွန်မတို့နည်းတူ အမျိုးသမီးတွေ လွတ်လပ်မှု များများရထားတဲ့ အခြား ထေရ၀ါရတိုင်းပြည်နဲ့ နှိုင်းယှဉ် လျှင်တောင် အမျိုးသမီးတွေ လူမှုဘ၀နဲ့ လုပ်ငန်းခွင်အပါအ၀င် ဆင်နွဲပုံဟာ အင်မတန်မှ ထူးခြားပါတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေက လုပ်ရည်ကိုင်ရည်မှာ ပိရိသေသပ်ပြီး အဆင်မြင့်မြင့် လုပ်နိုင်ပါတယ်။ တိုင်းပြည် ကလည်း မြေအောက်သံယံဇာတ (ဓါတ်ငွေ့၊ သတ္တု၊ ကျောက်သံပတ္တမြား) တွင်သာမ ကမြေကြီး ကလည်း ရွှေသီးအောင်ကောင်းတယ်။ ရာသီဥတုကလည်း ကောင်းတယ်။လူတွေကမပျင်းဘူး။လုပ်ရည်ကိုင်ရည်ကောင်းတယ် အခုအစိုးရက အပြောင်းအလဲ လုပ်နေပြီဆိုတော့ ဘာလိုသေးတော့သလဲ မေးစရာရှိပါတယ်။ သိထားဖို့ကောင်း တာတွေ ကတော့--

၃။  အခု မြန်မာပြည် ပွင့်ထွက်လာတဲ့အချိန်ဟာ အာရှမှာလည်း စီးပွားရေးအရှိန် ကောင်းနေ တဲ့ အချိန် ဖြစ်တော့ အံကိုက်ဖြစ်သွားတယ်။ ဒါကြောင့် မြန်မာ့စီးပွားရေး အလားအလာ သိပ်ကောင်း သွားတယ်။

၎။  တစ်ကမ္ဘာလုံးနဲ့ အဆက်ဖြတ်ထားတဲ့ တိုင်းပြည်က ပွင့်ထွက်လာတော့ ပြည်ပကအကူအညီပေးချင်တဲ့ လူတွေရှိတယ်။ (Capital) ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာမယ်။ အရင်က ၀ိုင်းပယ်ခြင်း၊ပခြင်း ခံထားရတဲ့ မျက်နှာငယ် တိုင်းပြည်ဆိုတော့ တရုတ်၊စင်ကာပူ၊ထိုင်း ကိုပဲကုန်သွယ် တိုင်းပြည်အဖြစ် အားကိုးနေရတာ။ သူတို့ကလည်း စီးပွားရေးဆန်ဆန် ရက်စက်ပါတယ်။ ကျာဒသနားမှ နွားချမ်းသာရမယ်ဆိုတော့ အနိုင်ကျင့် ကြတာမြန်မာက ခါးစီးပြီးခံနေရပါတယ်။ သူတို့ပြုသလို နုနေရတာ။ အခုဒီအခြေအနေဆိုးက လွတ်မြောတ် နိုင်ပါပြီ။

      အခု တင်ပြခဲ့တာက အပေါင်းလက္ခဏာ သင်္ကေတတွေပါ။ အနုတ်လက္ခဏာတွေကော မရှိဘူးလား ရှိတာပေါ့။ ဒါတွေကလည်း အရေးတကြီး အမြန်အဆန် ကိုင်တွယ်ဖြေရှင်းရမှာတွေ ဖြစ်နေတယ်။ အခါမလင့်ဘဲ ပြုပြင်ထိုက်တာတွေ။ မဟုတ်လျှင်တော့ တိုင်းပြည်ရဲ့ လမ်းစဉ်ဟာ အံချော် ထွက်သွားပြီး ဆိုးကျိုးတွေက ကောင်းကျိုးတွေကို သာသွားနိုင်ပါတယ်။ ဒီလို အဆိုးရလဒ်တွေဟာ အရင့်အရင်အစိုးရတွေ အနှစ် ၅၀ လုံးလုံး စီးပွားရေးနဲ့ အခြားဖွံ့ဖြိုးရေးတွေကို ချွတ်ခြုံကျအောင် လုပ်သွားခဲ့တဲ့ အမွေဆိုးတွေဖြစ် တယ်။ ဒါပေမဲ့ အခု အစိုးရသစ် ဒီမိုကရေစီစနစ်ကို ပြောင်းသွားပြီ ပြုပြင်ပြောင်းလဲ ရေးလုပ်ရာမှာ လုံးဝ အပြစ်မတင်ဘူး။ အကာအကွယ်ပေးနေသလို ထင်ရတယ်။ ကျွန်မ စောစောပိုင်းတုန်က " ယုံကြည်မှု ကွာဟာချက်နဲ့ ယုံကြည်မှု တ်ာဆောက်ရေး" ဆိုတဲ့ ဆောင်းပါးမှာ အရင် အစိုးရ (စစ်အစိုးရ) ကို ကာကွယ်ပေးသလို လုပ်နေရင် အခုအစိုးရကို ' ဒီပုတ်ထဲက ဒီပဲလို့' ထင်တော့မယ်လို့ရေးမိတော့ စိစစ်ရေး က ဖြတ်လိုက်တယ်။ စစ်အစိုးရဆိုတာလည်း ဖြတ်တယ်။ တပ်မတော်အစိုးရလို့ ခေါ်ရမယ်လို့ နောင် ကျွန်မ သိရတယ်။ ကျွန်မကတော့ (military regime = stratocracy) ကို ဘာသာပြန်လိုက်တာပါ။ စိစစ်ရေးက ဒီကိစ္စမှာ ဘာကြောင့် အထိမခံ ကြွေပန်ကန် ဖြစ်နေပါလိမ့်။ ဒီလိုဆိုရင်တော့ လူတွေ စိတ်ထဲမှာ ပြော မထွက်ပေမယ့် စနှိးစနောင့်တော့ ဖြစ်နေဦးတော့မှာပဲ။ ယုံကြည်မှု အားနည်းသွားတော့မှာပဲ။
      အထက်က ဆိုခဲ့တဲ့ အမွေဆိုးတွေက မြန်မာပြည်သူပြည်သား အတွက် ဘာချန်ထားခဲ့သလဲ ဆိုတော့ လူတွေဆင်းရဲနွမ်းပါးမှုပဲ။ ဒီလိုဆင်းရဲမှုဟာ အရင် ၃၀ ရခိုင်နှုန်းကျော်ကမှ အခု ၂၆ ရာခိုင်နှုန်း ကျလာတာကို ဂုဏ်ယူစွာနဲ့ ကြေညာနေတယ်။ ၂၆ ရာခိုင်နှုန်း ဆိုတာ က လူ ၄ ယောက်မှာ တစ်ယောက်ကဆင်းရဲတယ် (Below Poverty Line) လို့ဆိုတာ ။ ဒါကျေနပ်စရာလား၊ ဒီလောက်သယံဇာတကြွယ်ဝတဲ့တိုင်းပြည်ကို ဒီလိုအခြေအနေဆိုးရောက်အောင် လုပ်နိုင်ခဲ့ကြတာပါ။

     ဒါတွင် မကသေးပါဘူး။ဒီအစိုးရတွေ ချန်ခဲ့တဲ့ကြွေးမြီတွေကလည်း ကြောက်စရာပါလား။ (Foreign debt >11 billion) နောက်လူတွေ နာလန်ထဖို့တော်တော် ခဲယဉ်းအောင် လုပ်သွားခဲ့တာပဲ။ ဘာတွေများ သုံးခဲ့တာပါလိမ့်။ ရှေးက ဘတ်ဂျတ်က ဘယ်သူမှမသိရတဲ့ ထင်သာမြင်သာ မရှိခဲ့တာဆိုတော့ မသိနိုင်တော့ပါဘူး။

     ပညာရေးမှာလည်း ( Literacy rate) စာရေးစာဖတ်တတ်မှု ဆိုတဲ့ သာရည်ကို အစိုးရအဆက်ဆက် အခွင့်ကောင်းယူ အသုံးချ ( exploit) ပြီး တိုးတက်ဖို့အတွက်လုပ်မပေးခဲ့ဘူး။ လူတန်းစား အသီးသီး အောက်ခြေလ်သမားကစပြီး စက်ရုံအလုပ်သမားတွေကို တက်ကျွမ်းပညာ (technical knowledge) ဖြစ်ဖြစ်တိုးတက်အောင် မလုပ်ခဲ့ဘူး။ ပညာရေး စနစ်ကလည်း ခေတ်နောက် ပညာရေးစနစ်ဖြစ်သွားတယ်။ အနှစ် ၅၀ နောက်ကျနေတာ မီအောင်လိုက်ဖို့မလွယ် ဖြစ်သွားတယ်။ မြန်မာတွေက တော်ကြပါတယ်။ သင်ရတာလွယ်တယ်။ တက်လွယ်လို့ တော်ပါသေးရဲ့ ၊ မျှော်လင့်ချက် ထားနိုင်တယ်၊ ဒါပေမဲ့ ပညာရေးစနစ်ကို ပြုပြင် ဖို့ ကောင်း ပါပြီ။

     ဒီလိုအကောင်းအဆိုး နှစ်ဘက်ကိုကြည်လင် ပြတ်သားစွာ မြင်ပြီးနောက် အကောင်းဆုံးဖြစ်အောင် plan ( နည်းဗျုဟာ) ဆွဲရမယ်ဆိုရင် အလွန်တရာ အရေးကြီးတဲ့ ဦးတည်ချက် ရည်မှန်းချက်တွေ ထွက်ပေါ်လာ တယ်။
၁။ ကတော့ 'မျှတခြင်း' (equity)၊  အဓိကအားဖြင့် ငွေကြေး (economic) မျှတရေး ဖြစ်တယ်။ အခြား လူမှုဘ၀သာယာရေးအတွကအခွင့်အရေးများဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနှင့် အခြားရပိုင်ခွင့်များမှာ လူတွေအားလုံး သာတူညီမျှဖြစ်ရန် လိုပါမယ်။

      တစ်နည်း ပြောရလျှင်တော့ အရေးကြီးဆုံးက ဆင်းရဲနွမးပါးမှုကို မဖြစ်အောင်တားဖို့ ၊ ကာကွယ်ဖို့ ရှိလာပြီမို့ ဒါကိုပယ်ဖျက်ဖို့ ပိုပြီး အရေးကြီးတယ်လို့ ဆိုရမယ်။ ဆင်းရဲချမ်းသာ ကွာဟမှု မပေါ်အောင် ၊ ရှိနေလျှင်လည်း သည်လို ကျဉ်းမြောင်းအောင် လုပ်ရပါမယ်။ ဒီကွာဟမှု မရှိသေးတောင် မငြိမ်အောင် သို့မဟုတ် ကျဉ်းမြောင်းသွားအောင် လုပ်ဆောင်ရေးကတော့ အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ကာကွယ်ရန် လိုပါတယ်။ ကမ္ဘာ့ ဘယ်နေရာမှာပဲ ကြည့်ကြည့်၊ ဒီလို ကွာဟမှုရှိနေတဲ့ တိုင်းပြည်ဟာ မအေးချမ်းပါ။ ဒီဘေးအန္တရယ်ကတော့ အစိုးရနဲ့ ပြည်သူတွေရဲ့ အကြီးဆုံးသော ရန်သူဖြစ်လိမ့်မယ်။

၂။  Sustainability ။  ရရှိထားတဲ့ တိုးတက်မှုတွေ ကောင်းကျိုး ကောင်းချက်တွေ သာရည်တွေ ကို ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန် ထိန်းသိမ်းထားရေး၊ တစ်ပွဲတိုး ပေါ်တင်ဖြစ်ပြီး ကောက်ရိုးပီးလို အရှိန် သတ် ဖြစ်မသွားအောင် လုပ်ဖို့ လိုပါတယ်။
     တိုင်းပြည်ရဲ့ တိုးတက်မှု အဘက်ဘက်ကု ရည်ညွှန်းတာပါ။ ဒါကြောင့် ဘာကိုစစ အကောင်အထည်ဖော် ဖို့ (POA= Plan of action) လုပ်ငန်း အစီအစဉ်မှာ ဒီဆက်လက် ရှင်သန်ရေးကို ကနေဦး ကတည်းက ထည့်သွင်း     စဉ်းစားပြီး ' ဘယ်လို လုပ်မယ်'  ဆိုတာ သတ်သတ်မှတ်မှတ် အစီအစဉ် ရှိရပါမယ်။

၃။  ဥပဒေများ။ ဘယ်လိုဥပဒေဖြစ်ဖြစ်၊ ပြည်သူပြည်သား အားလုံးအပေါ်မျှတစွာ သက်ရောက်မှုရှိရေး။ အခု ခေတ်အခါက နိုင်ငံရေး စနစ်ကြီးကို အမြစ်ကလှန်ပြီး ပြောင်းလဲလိုက်တာဆိုတော့ ဥပဒေအသစ်တွေအများအပြား ထွက်ပေါ်လာမယ်။ မရှိသေးပြီး လိုအပ်နေသောအသစ်တွေ ထုတ်မယ်။ ပယ်ဖျက်သင့်လျှင် ပယ်ဖျက်မယ်။ ပြုပြင်စရာရှိရင် ပြုပြင်ပြောင်းလဲညှိပေးပြီး အသုံးဝင်အောင် လုပ်ပေးကြရမယ်။ ဒီလိုဥပဒေတွေဟာ ဒီမဏ္ဍိုင် ၃ ခုစလုံးဖြစ်တဲ့ အစိုးရဥပဒေပြုရေး၊ တရားစီရင်ရေး အပြင် စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာ (Media) မှာ အကျုံးဝင်မယ်။ ဒီမှာ အရေးကြီးတာက အသိပေးစရာက အားလုံးအတွက် ဖြစ်ရပါမယ်။ အကြောင်းအကျိုးကြောင့် 'သာ' နေတဲ့ လူတန်းစားက ဒီဥပဒေတွေရဲ့ ကောင်းကျိုးသာရည်တွေကို အသုံးပြု အကျိုးပြုတဲ့ လူတွေရှိသလို ဒီလို သာရည်မျိုးမရှိတဲ့ လူတန်းစားက မသုံးလိုက်ရ မဖြစ်စေရပါ၊ သိသူဖော်စား မသိသူကျော်သွား မဖြစ်စေရပါ။ ဒီလိုပဲ ဒီလိုပဲ ဒီဥပဒေတွေကို ရှောင်တတ် ကွင်းတတ်သူတွေက ရှောင်ကြပြီး မသိနားမလည်သူတွေ ကတော့ 'ခံလိုက်ဦး' ဆိုတာမျိုးလည်း မဖြစ်စေရပါ။ ကျွန်မက တစ်ဘက်သတ်အဆိုးမြင်ပြီး အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကပျက်ယပျက် ပြောနေတာ မဟုတ်ပါဘူး ။ ကျွန်မ အသက်အရွယ်နဲ့ ကျော်ဖြတ်လာရတဲ့ နိုင်ငံရေးခေတ်ပေါင်းများစာကို လက်တွေ့အတွေ့အကြုံရှိပါတယ်။ တကယ့်နဖူးတွေ့ဒူးတွေ့တွေပါ။
စိစစ် ဝေဖန်လည်း လုပ်ကြည့်ပါတယ်။ ဒီတော့ ပျဉ်ဖိုး တော့ နားလည်တယ်။ ကတိက၀တ်တွေနဲ့ အဲ့ဒါတွေကပေးတဲ့ မျှော်လင့်ချက်တွေလည်း အများကြီး သိခဲ့ရပြီးပါပြီ။ ဖဆပလ ခေတ်က ' ပြည်တော်သာစီမံကိန်း' 'အိမ်တစ်လုံး၊ ကားတစ်စီး၊ လခ ၈၀၀ိ' ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်က အနှစ်၂၀ စီမံကိန်းအပြီး 'စက်မှုထွန်းကား၊ ဆိုရှယ်လစ် တိုင်းပြည်ကြီး' ဖြစ်စေရမယ်။ ဒါတွေ ဘယ်လိုဖြစ်သွားသလဲဆိုတာ အားလုံးအသိမို့ ပြောနေဖို့ မလိုတော့ပါလို့ ထင်ပါတယ်။ ဒီတော့ ကျွန်မကို ဒီအသက် ဒီအရွယ်ကျမှ မျှော်လင့်စရာ မရှိတော့ဘူးလို့ ထင်ရတဲ့ အခါကာလမှာပီတိ လွှမ်းလောက်တဲ့ မျှော်လင့်ချက် ရောင်ခြည်ကို သမ္မတကြီး ၃၁-၃-၂၀၁၁ မိန့်ခွန်းမှာ ပေးခဲ့တော့ ဒီမျှော်လင့်ချက်ရဲ့ အလင်းတန်းလေးကို ဘယ်လိုမှ ပျောက်ကွယ် ဆိတ်သုန်း အဖြစ်မခံနိုင်ပါဘူး။

  သမ္မတကြီးရဲ့ ဒီမိုကရေစီ အပေါ်ထားရှိတဲ့ ယုံကြည်မှု၊ ဒီမိုကရေစီ အစိုးရအတွက်လုပ်ပေးနေ တဲ့ ပြုပြင်ပြောင်းလဲရေးတွေအပေါ် လုံးဝ ယုံကြည်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေတော့ သမတ္တကြီးအပြင်၊ သမ္မတကြီးအပြင် ၊ အခြားသူတွေကကော ဒီလို ပြင်းပြတည်ကြည် မယိမ်းမယိုင်ဖြစ်တဲ့ ယုံကြည်မှု ရှိရဲ့လားလို့ စိတ်ထဲ ဖြစ်လာမိတယ်။ ယုံကြည်မှု ခံယူချက်သဘောဆိုတာက ဘာသာရေး ယုံကြည်မှုလိုပဲ အဇ္ဈတ္တ အတွင်းကနေ ခံစားပြီး ထွက်လာတဲ့ အပြင်းစား သဘောခံယူချက်ဖြစ်ရပါမယ်။ တချို့တွေက လောကမှာနေသွားတာ ကြုံသလိုနေသွားကြတာ။ ရေလိုက်ငါးလိုက အများမိုးခါးရေ သောက် ဆိုသလို နေတဲ့လူကများပါတယ်။ အခုပြောင်းလဲ ခံယူလာတဲ့ ဒီမိုကရေစီစနစ်ကို 'မချစ်သော်လည်း ပင့်သက် ရှူ' နေကြတဲ့သူတွေ ရှိနေမလား။ ''ဒီမိုကရေစီ ကျင့်ဝတ် ၀တ္တရားတွေကို တကယ်ပဲ နှစ်နှစ်ကာကာ'  ယုံပြီး ဦးလည်မသုံ လုပ်သွားကြမှာလား။ ပါဝင်နေသူ အားလုံး ဒီမိုကရေစီက လိုအပ်တဲ့ လုပ်ဆောင်ချက် (Democratic Practices) တွေကို ခရေစစေ့တွင်းကျ နားလည်ကြရဲ့လား ။ ဒီကိစ္စက ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်မထင်ပါတယ်။ ဘာမဆို မဖြစ်နိုင်တဲ့ဘက် ထည့်စဉ်းစားပြီး မယုံကြည်မှု ရှိထားမှသာ အောင်မြင်မှုနဲ့နီးမှာ။ ကျွန်မတို့ ဒီလို (Skepticism) ရှိတာ ကိုယ့်အတွက် ကာကွယ်မှု ပေးနိုင်တယ် ဆိုတာလည်း သတိရှိရပါမယ်။
   ကျွန်မ အကြောက်ဆုံး ကတော့ ဒီအခြေ ဒီအဆင့်ရောက်ပြီးဒါမှ တစ်ခန်းရပ် (သို့) ပွဲမပြီးခင် ဖျာသိမ်း ၊ ပွဲကိုအပြီးသတ်သလို (Game Over) ဖြစ်သွား မှာကိုပါ။

             
                   ၂၄-၂-၂၀၁၂
( ပြည်သူ့ခေတ်ဂျာနယ် ၂၉၊ မတ်၊ ၂၀၁၂ ကြာသပတေးနေ့ ၊ အတွဲ ၂ ၊ အမှတ် ၈၈ )
 
 
 

ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး (ဒုတိယပိုင်း)

 ရေးသားသူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်

by Lu Maw on Friday, 27 April 2012 at 03:40 ·

   နောက် တိုင်းပြည်ရဲ့ အခြေအနေကိုပြတဲ့ ညွှန်းကိန်းပြကိန်း တစ်ခုကတော့ (GNP) ဂျီအင်န်ပီလို့ ခေါ်တဲ့ ကမ္ဘာသုံး သင်္ကေတ ဖြစ်တယ်။တချို့က ဂျီဒီပီ (GDP)ကိုလည်း သုံးတတ်တယ်၊ မြန်မာကတော့ ဂျီအင်န်ပီကို သုံးတယ် ထင်ပါတယ်၊ ဒါကတော့ တိုင်းပြည်တစ်ပြည်လုံးရဲ့ အမျိုးသားတစ်ရပ်လုံးရဲ့ ထုတ်လုပ်မှု ပမာဏကို ဖော်ညွှန်းတာဆိုတော့ တစ်တိုင်းပြည်လုံးရဲ့ဌေးကြွယ်သမျှကို ပေါင်းချုပ်လုပ်ပြီးပြတာပါ။ နိုင်ငံသူနိုင်ငံသား တိုင်းသူပြည်သား လူအများကို ကိုယ်စားမပြုဘူး။ ဂျီအင်န်ပီ ဘယ်လောက်ရှိနေပါစေ တိုင်းပြည်ထဲက လူအပေါင်းက ဆင်းရဲနေလျှင်တော့ ချမ်းသာကြွယ်ဝတဲ့တိုင်းပြည်လို့ခေါ်နိုင် ပါဦးမလား။ တိုင်းပြည်ဆိုတာကကော ဘာလဲ ၊တိုင်းသူ ပြည်သားနိုင်ငံသားတွေကို ကိုယ်စားပြုရမှာ မဟုတ်လား။ ဂျီအင်န်ပီက မြင့်ပြီးနိုင်ငံသားအများစုက ဆင်းရဲနေလျှင် ချမ်းသာတဲ့တိုင်းပြည်လို့ ခေါ်နိုင်ပါဦးတော့မလား။ ဒါကို အထူးဂရုပြုရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရလျှင်တော့ ဂျီအင်န်ပီကို တိုင်းသူပြည်သားအားလုံး မျှတစွာ ခံစားခွင့်ရှိရပါမယ် ။ ကမ္ဘာမှာဒီလိုပုံစံမကျဖြစ်နေတဲ့ တိုင်းပြည်တွေ ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာရဲ့ အကြီးမားဆုံးသောပြဿနာက ကမ္ဘာသူကမ္ဘာသား အများပြည်သူဆင်းရဲနွမ်းပါးမှုပဲ မဟုတ်လား။ 
ဆင်းရဲချမ်းသာကွာဟမှုကလည်း လက်ရှိကမ္ဘာရဲ့ ခပ်မြန်မြန်နဲ့ အလောတကြီးဖြေရှင်း ရမယ့်ဘေးအန္တ ရယ်ကြီးအဖြစ် ရပ်တည်နေတာပါ။ တစ်ကမ္ဘာလုံးရဲ့ ၃၀ ရာနှုန်းသော ချမ်းသာ သမျှဟာ သူဌေးကြီး ၁၀၀ ကျော်ရဲ့ လက်ထဲမှာပဲ ရှိနေတဲ့အဖြစ်ဆိုတော့ ငွေကြေးကို သုံးစွဲနေရတဲ့လူတွေအတွင်းခွဲဝေမှုဟာ ဘယ်လောက်တစ်ဖတ်သတ် ဖြစ်နေတာလဲ ဆိုတာ သိပ်ဝေးဝေးစဉ်းစားဖို့ လိုမယ်မထင်ပါဘူး။

  ဒါကြောင့်ကျွန်မတို့လိုပွင့်သစ်စမြန်မာပြည်မှာလည်းဒီအချင်းအရာကို အမြဲ သတိချပ်ပြီးကာကွယ် တားဆီး လုပ်ဖို့ အလွန်အရေးကြီးပါတယ်။ အခု လောလောဆယ် တက်လာတဲ့ ပြဿနာပေါင်းစုံထဲက ကာကွယ်ရမယ့် ထိပ်သီးအကြောင်း ဖြစ်တယ် ၊ ဘယ်လိုမှ ခေါင်းရှောင်လို့ မရပါဘူး။

    ဘရာဇီးကို ဥပမာပြလို့ ရပါတယ်။ဒီတောင်အမေရိကမှာရှိတဲ့ တိုင်းပြည်အကြီးစားကြီးဟာ လူဦးရေ များတယ် ။ သယံဇာတ ပေါကြွယ်ဝတယ်။ တိုင်းပြည်က ချမ်းသာတယ်။ ဖွံ့ဖြိုးမှု အဆင့်မြင့်တယ်။ လူကုံထံ လူတန်းစား ကြီးထွားများပြားတယ် ။ ဂျီအင်န်ပီ ကောင်းတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေ ကို လှေ ကား ထစ်နဲ့စီလျှင် ထိပ်ဆုံးမှာ ရှိတယ်။ ဘရာဇီးနဲ့ အိန္ဒိယဟာ မကြာခင် ဖွံ့ဖြိုးပြီးနို်င်ငံစာရင်း ၀င်တော့မယ် လို့ အများကတွက်ထားတာ ။ တိုင်းသူပြည်သားတွေကို ကြည့်လိုက်လျှင်တော့ ကျိကျိတက် ချမ်းသာ သူတွေ ရှိ တယ် ၊ ခမ်းနား ကြီးကျယ် အဆင့်မြင့် ဇိမ်ခံ ဟိုတယ်ကြီးတွေ ရီတယ် ၊ မြန်မာက နေပြည်တော် လိုပဲ မြေရိုင်းစစ်ကနေ တည်ဆောက် ဖော်ဆောင်ထားတဲ့ အံ့သြဖွယ်ကောင်းလောက်တဲ့ ဗိသုကာ ဒီဇိုင်း တီထွင်မှု အသစ်အဆန်းတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ ရှိတဲ့ " ဘရာဇီးလီး ယား" မြို့တော်ကြီးရှိတယ်။ နိုင်ငံရဲ့ မြို့တွေမှာတော့ ဖြူခါပြာခါ ကျလွန်းလို့ကုန်းကောက်စရာတောင် မရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေ ရှိနေတယ်။ ဆင်းရဲချမ်းသာမှု ကွာဟချက် မျဉ်းကြောင်းကြီးက ထင်သာမြင်သာ ကွင်းကွင်းကွက်ကွက် ရှိနေတဲ့တိုင်းပြည်လို့ ဆိုနိုင်တယ်။ ဖွံ့ဖြိုးတဲ့ တိုင်းပြည် တွေရဲ့ပုံမှန်ဂုဏ်အင် လက္ခ ဏာလို့ဆိုလောက်တဲ့ အခြားသင်္ကေတတွေလည်း တွေနိုင်တယ်၊ ဥပမာ ရာဇ၀တ်မှု မှုခင်းများခြင်း ၊ရှိရင်းစွဲ သယံဇာတတွေကို ဖြန်းတီးတဲ့နေရာမှာလည်း လူဆိုး စာရင်းဝင် ဖြစ်နေတယ် ။ သစ်တောတွေ ပျက်ပြုန်းစေတဲ့ တိုင်းပြည်တွေထဲမှာ ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ မြန်မာဟာ ထိပ်ဆုံးက ဖြစ်နေတယ်။

      ကျွန်မတို့ တိုင်းပြည်မှာ ဒီလိုအခြေအနေဆိုးကို သိပ်ပြီး နောက်မကျသွားခင် ကာကွယ်တားဆီးဖို့က အခုအခါမှာ ထိပ်တန်း ဦးစားပေးရမယ့် ရည်မှန်းချက် ဖြစ်ရမယ်ဆိုတာ သိပ်ပြီးပေါ်လွင်လာပါတယ်။ အခါမ လင့် ပါစေနဲ့ ။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းတယ် ဆိုတာ လူတိုင်းအသိပဲ မဟုတ်လား ။ ခက်ခဲပေမယ့်လည်း အပြောချည်း မဟုတ်ဘဲ တကယ်လုပ်ပြရပါလိမ့်မယ်။

      နောက် ဥပမာ ပြနိုင်တဲ့ တိုင်းပြည်ကတော့ တရုတ်ပြည်ပဲ ။ တရုတ်ပြည်ကတော့ သိကြတဲ့အတိုင်း ကွန်မြူနစ်အစိုးရအုပ်ချုပ်တဲ့တိုင်းပြည်ပါ။ ကျွန်မတို့ အရင်တစ်ခါက ဘုံ ၀ါဒလို့ ခေါ်တဲ့ အစိုးရစနစ်အောက် မှာ ရှိနေသေးတဲ့ တိုင်းပြည်ဟာအခု ဆယ်စုနှစ် ၂ စု ၃ စု မှာ ပြောင်းလဲသွားပုံများကတော့ မှတ်မိစရာ မကောင်းတော့ပါဘူး။ ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီးတွေရဲ့ခံယူချက် သဘောထားဒဿန အမြင်က  လူတစ် ဥိး စီရဲ့လိုအပ်ချက်အတိုင်း တိုင်းပြည်ရဲ့ ချမ်းသာသမျှကိုဝေပေးရမယ်တဲ့။ အဲဒီလိုတိုင်းပြည်မှာ အခု ဘာဖြစ်နေ သလဲ။ ဘီလျံနာ (သန်းထောင်ကြွယ်) သူဌေးယောက်ျား မိန်းမ ရှိသတဲ့။ ဒါတင်မကသေးဘူး ။ ချမ်းသာ တဲ့ သူတွေက ဟော့ရမ်းစွာ မျက်နှပြောင်တိုက်ပြီး ကြက်သီးမွေးညင်းထလောက်အောင် လူ့သိက္ခာ နဲ့ ငွေကြေး ဆိုင်ရာ မျှတမှုရှိခြင်း တရားကို ချိုးဖောက်နေကြတယ်။ လူလူချင်း စာနာမှုတရားတွေကလည်း လုံးပါးပါးပြီး လာလိုက်တာ တကယ်ပဲအံသြလောက်ပါတယ် ။ ယုံနိုင်စရာ မရှိတော့ဘူး ။ ဒါတွေဖြစ်လာတာ ဘာကြောင့် လဲ ။ အသေးစိတ်တွေကို တပ်အပ်မပြောနိုင်ပေမယ့် ဖွံ့ဖြိုးမှုအစဉ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ စုပေါင်းရလဒ် လို့  ဆိုနေကြတယ်။

   တစ်မျိုးပြောရလျှင်တော့ လူတွေဟာ ပိုက်ဆံရဲ့ တန်ခိုးအာဏာ စက်ကွင်းထဲမိပြီး ပိုက်ဆံကိုပဲ တန်ဖိုးထား တဲ့ ဦးထိပ်ပန်တဲ့ ခံယူချက်တွေ လွန်ကဲစွာလွှမ်းမိုးလာတယ် ။ ပိုက်ဆံရှိလျှင် ဘာဖြစ်ဖြစ်လုပ်လို့ရမယ် ။ လုပ်မှာပဲ ။ ဒါငါ့ပိုက်ဆံပဲဆိုတဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေ ငယ်ထိပ်အထိ တက်နေလို့ပဲ။

     ကမ္ဘာကြီးရဲ့ ကြွယ်ဝသမျှ အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ သူဌေးကြီးတွေ ၁၀၀ ကျော်လောက်လက်ထဲမှာ ရှိတယ် ဆိုကတည်းက ဆင်းရဲချမ်းသာကွာဟမှုဟာ ဘယ်လောက်အတိုင်းအတာနဲ့ ရှိနေတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ် ။ ချမ်းသာတဲ့သူတွေဆီကနေ ကြွယ်ဝချမ်းသာမှုဟာ အောက်ခြေ ဆင်းရဲသားတွေဆီကို အပေါ်ကနေ လျှံကျ ယိုစီးကျဆင်းလာမယ် (Trickle Down Theory ) လို့များ မထင်လိုက်ပါနဲ့ ။ ဒီလို မဖြစ် လာပါဘူး။နောက်ဒီလို ဝေခွဲမျှတမှုမရှိခြင်းနဲ့ကိုယ်ကျိုးရှာတာလောက်ကိုပဲတစ်သတ်မှတ်တည်း ကျင့်သုံးနေ တာက တရားလွန် ထုထည်ကြီးမားပြီး ခိုင်မြဲ လာတော့တယ်။ ဒါကတော့ ဘယ်လိုမှ မဖြစ်ထိုက်ဘူးဆိုပြီး မခံချင်သူတွေရှိလာတယ် ။ Corporate Social Responsibility (CSR) ဆိုပြီး ကုမ္ပဏီကြီးတွေ ကော် ပိုရေး ရှင်းတွေပိုင်ဆိုင်သူ တရားလွန် ဌေးသူတွေက လူအများအစားဖြစ်တဲ့ ပြည်သူတွေရဲ့ ဘ၀နေရေးကို အထိုက် အလျောက် တာဝန်ယူသင့်တယ်လို့ မြင်လာတယ်။ သူဌေးကြီးတွေကလည်း သူတို့လောဘကို အတောမ သတ် နယ်ချဲ့ပြီး ဘယ်သူ့ကိုမှ ဘာမျှ မလုပ်ပေးဘူးဆိုတာလည်း အမြင်အားဖြင့် သိပ်ကောင်းတာ မဟုတ် ဘူး။ လှူလိုက်လျှင်  နာမည်ကောင်းရမယ့် အခွင့်အရေး ရှိမယ်လို့ ယုံကြည်လာကြတယ် ထင်ပါရဲ့ ။

     ဒီလောက်သုံးမကုန် နေအောင် ချမ်းသာနေသူတွေကတော့ ဆင်းရဲချို့တဲ့နေတဲ့သူတွေကို ကူညီ ဖို့ကောင်းပါတယ်။အလိုအလျောက်ဒီလိုအလှုဒါနစိတ်မရှိုလည်းဘေးပတ်လည်အသိုင်းအ၀ိုင်းကဖိအားပေးပြီး မျှတရေးအတွက် တာဝန်ယူခိုင်းရတော့မယ်လို့ ယူဆလာပြီး ဒီကိစ္စကို အကောင်အထည်ဖော် လိုက်ကြ တယ် ။ မြန်မာပြည်မှာ ထွက်ပေါ်လာစပြုတဲ့ သူဌေးသူကြွယ် ပေါက်စန ဖြစ်ဖြစ် ခပ်ကြီးကြီးဖြစ်ဖြစ်ကို ဒီ အတွေးအမြင်ဘောင်ထဲဝင်လာအောင် သိမ်းသွင်းအားပေးပြီး လမ်းကြောင်းခင်း ပေးဖို့ လိုမယ် ထင်ပါတ ယ်။

     ချမ်းသာသူတွေရဲ့လက်ဟာ ပိုကျစ်တယ် (မဖွာဘူး ) ဆိုတာ မှန်သင့်သလောက် မှန်ပေမယ့် မြန်မာ လူမျိုးအများစုကတော့ အလှူဒါန ရေစက်ရှိကြပါတယ်။ ဒီကောင်းတဲ့စိတ်ကိုသာ မြေတောင်မြှောက်ပးဖို့ လို တာပါ။ လုံးဝ လွှတ်ထားလိုက်လို့တော့ မဖြစ်ပါဘူး။ လောဘကြီးနေသူတွေက တစ်ကိုယ်ကောင်း ဆန်နေဦး မှာပဲ။မသိတတ်လွန်းသူတွေကိုတော့ကောင်းသောအုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးမဏ္ဍိုင်တွေကထိန်းကျောင်းပေး ရတော့မယ်။

    တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားတိုးတက်ကောင်းမွန်ရေး ၊ အဆင်မြင့်မှာ ရှိပြီး ခိုင်မာစွာ ရှင်သန်ပြီး ဆက်လက်ရပ်တည်ဖို့အတွက် အထူး အရေးပါလှတဲ့ ဖြစ်ကြောင်းတစ်ခုကိုလည်း မပြောပဲ မပြီးတော့ဘူး ထင်ပါတယ်။ ဒါကတော့ တိုင်းပြည်တစ်ပြည်ဟာ ရှိနေတဲ့ လက်ငုတ်လက်ရင်း သယံဇာတတွေကို ရင်းနှီး ရောင်းချပြီးသွားခဲ့လျှင် ဒီ စီးပွားရေးဟာ တာရှည်ရေရှည် အတွက် မခိုင်မြဲတဲ့အပြင် ဆက်လက် ထိန်းထားဖို့တောင် မလွယ်ဘူး ဆိုတာပါပဲ ။

    ယခု သိရှိလာတဲ့ အခြေအနေမှာတော့ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာက တရုတ်ပြည် သူ့ သမ္မတနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၃ ထောင်ကျော်နှင့် တရုတ်ယန်း ငွေသန်းပေါင်း ၂ ထောင်နီး ပါး ချေးငွေ ရှိခဲ့ပြီး လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍအတွက် ချေးငွေပမာဏမှာ အများဆုံးဖြစ်တယ်။ (Bi Weekly Eleven သောကြာ မတ်လ ၃၀/ ၂၀၁၂-စာ - ၅ ) ။ဒီတော့ တိုင်းပြည်ရဲ့ အမွေအနှစ် သယံဇာတကို လည်း ရောင်းစားပစ်သေးရဲ့ ၊ ပြီးတော့အဲ့ဒီ စီမံကိန်းတွေရဲ့ လိုအပ်ချက် တွေကို ဖြည့် ဆည်း ဖို့ ငွေ ကို လည်းဝယ်သူထံက ချေးရသေးသတဲ့ ။ ဒီတော့ ၂ခါနာ ဖြစ်မသွားပေဘူးလား ။ စီးပွားရေးသမားဆိုတာ ဘယ် အရောင်အသွေးမျိုးဖြစ်ဖြစ် ဘယ်လိုလူပဲဖြစ်ဖြစ် ငွေမက်သူတွေပဲ။ သူတို့ အလုပ် ကိုက ငွေမက် မှ ဖြစ် တာ ။ ဒါ့အပြင် မြန်မာဘက်က အခြေအနေကလည်း ကျားသနားမှ နွားချမ်းသာ ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့ ။ စီးပွားရေးသမားပီပီ အသာစီးရနေတဲ့ အခွင့်အရေးကို ရက်ရက်စက်စက် သုံးချလိုက် မှာပဲ။

    အခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ သဘာဝဓာတ်ငွေ့ အမြောက်အများ ထုတ်ဦးမယ်လို့ ရည်မှန်းထားသတဲ့ ။ (Bi Weekly Eleven သောကြာ မတ်လ ၃၀/ ၂၀၁၂ - စာ-၅ ။

    သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယှ်ု ကရင်ပြည်နယ် အတွင်းက ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမယ့် ရေအားလျှပ်စစ် ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံကို ရောင်းချမှာတဲ့ ။ ၂၀၀၉ ခု ၊ သြဂုတ် လထဲ က အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ ပြည်ပ ကုမ္ပဏီများ သဘောတူစာချုပ်ခဲ့တာ ရှိပါတယ် ။

     လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကဆို သိထားကြတဲ့အတိုင်း သံလွင်မြစ်ဟာ သဘာဝအတိုင်း ရှိနေတဲ့ လူတွေနဲ့ ဖွံ့ဖြိုးမှု ဆိုတာတွေရဲ့ လက်ပေ လက်ညစ်မထိ၊ မစွန်းမထင်း ရှိတဲ့ သဘာဝရဲ့ ဖြူစင်မှုပြယုင်္ဂလို့ ဆိုလောက်တဲ့မြစ်ပါ။ဟိမ၀န္တာတောင်ခြေကနေမြစ်အဖြစ်စီးဆင်းသွားတာတရုတ်၊လာအို၊ထိုင်း ပြီး မှ မြန်မာ ကိုဝင်လာတာ။လွန်ခဲ့တဲ့အနှစ်၂၀ကျော်က စပြီး သံလွင်မြစ်ပေါ်ရှိ စီမံကိန်းတွေ စလုပ်ခဲ့ကြ တယ်။ သဘော တူစာချုပ် စတာတွေ ရေးထိုးခဲ့တာ ။ ထိုင်းနိုင်ငံထဲက သံလွင်မှာ ဆည် ၂ခုနဲ့ မြန်မာက သံလွင်ပေါ်မှာ ဆည် ၅ခုဆောက်မှာပါ။ ပေါင်း ၇ ခု ရှိမယ် ။ ဒါ့ကြောင့် သံလွင်မြစ်ကိုတော့ ဆည်မြစ်လို့ အမည်ပေးဖို့ကောင်းနေ ပါပြီ ။

      မြန်မာပြည်ရဲ့လျှပ်စစ်ဓါတ်အားသုံးမှုဟာအခြား ဖွံ့ဖြိုးမှုတွေအင်တိုက်အားတိုက်လုပ်နေပြီးလူနေမှုအ ဆင့် မြန်မာထက်မြင့်တဲ့ တိုင်းပြည်တွေလောက် မရှိဘူး။ အိမ်နီးချင်း ထိုင်းနဲ့စာလျှင် အလွန် နည်းပါသေး တယ်။ဒီတော့အထက် ခဲ့တဲ့၂၀၁၂- ၂၀၁၃ မှာထုတ်မယ်လို့လျာထားတဲ့ သဘာဝ ဓါတ်ငွေ့ ကိုတော့ ပြည် ပ ရောင်းပစ်ဖို့ လုံးဝမထိုက်ပါဘူး ။ ပြည်တွင်း ဖူလုံဖို့အတွက်သာ လျာထားရမယ်ထင်ပါ တယ် ။ နောက်  ထပ် ဒီလို လျှပ်စစ်ဓါတ်အား ရရှိရေး စီမံကိန်းတွေကိုလည်း ခေတ္တဖြစ်ဖြစ် ရပ်နားသင့်ပါတယ် ။ တိုင်းပြည်ရဲ့ အခြား အဘက်ဘက်ကို ပြုစုပျိုးထောင် စီးပွားရေး တိုးတက်လာအောင် လုပ်နေတာကို အား ထား ရပါလိမ့်မယ် ။

( ပြည်သူ့ခေတ်ဂျာနယ် ၂၆၊ ဧပြီ ၊ ၂၀၁၂ ကြာသပတေးနေ့ ၊ အတွဲ ၂ ၊ အမှတ် ၉၁ )

 

 

ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး (တတိယအပိုင်း)။

 ရေးသားသူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်

by Lu Maw on Wednesday, 9 May 2012 at 07:57 ·
တစ်နှစ်သားသာရှိသေးတဲ့ ပူပူနွေးနွေး ဒီမိုကရေစီစနစ်ရောက်လာပြီး မြန်မာပြည်မှာ ဘာတွေ ပြောင်းလဲပြီး ဘယ်အခြေအနေ ရောက်ပြီလဲဆိုတာ နည်းနည်း ဆန်းစ်ကြည့်မယ်ဆိုလျှင် မြန်မာတွေဟာ ကျွန်မ အရင်တစ်ခါမက ပြောခဲ့သလို တော်ကြပါတယ်။ သင်ရ လွယ်တယ်၊ တက်လွယ် လို့ ဆိုရမယ်။ အတုခိုး မြန်တယ်။ ဘာတွေကို ရွေးပြီး အသားပေး အတုခိုးတယ် ဆိုတာကတော့ ဆွေးနွေး စရာ နောက် တစ်ကြောင်းပေါ့။ အစိုးရသစ် သက်တမ်းတစ်နှစ်မှာ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေရဲ့ ဖွံ့ဖြိုးမှုအစဉ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ကိုယ်စားပြု အချို့သော သင်္ကေတတွေကတော့ ထင်သာမြင်သာ ရှိလာပါပြီ။ အခြား ဖွံ့ဖြိုးမှု အရှိန်ကောင်းကောင်းနဲ့တက်လာတဲ့ တိုင်းပြည်တွေမှာလည်းတွေ့နေရပါတယ်။ ဥပမာတွေကတော့ ဆင်းရဲချမ်းသာ ကွာဟမှုရဲ့ ပုံရိပ်တစ်ခုဖြစ်တဲ့ ရာဇ၀တ်မှုတွေများလာခြင်း ၊ အကြီးစားလိမ်လည်မှု အလွဲသုံးစားမှုတွေ မကြုံစဖူး များလာခြင်း၊ အကြီးစား တရားရင်ဆိုင်ရာ အမှုတွေများခြင်း ၊လူပျောက်မှု၊ လူသတ်မှု လုယက်မှု ၊ အနိုင်ကျင့်မှု၊ လမ်းတွေမှာ ကားတွေအလွန်အမင်း ကျပ်နေခြင်းတွေကို စီးပွားရေးမြို့တော်ဖြစ်တဲ့ ၇န်ကုန်မှာတော့ ခပ်မြန်မြန်နဲ့ ခပ်များများ တွေ့နေ၇ပါပြီ။ ထိခိုက်ဒဏ်၇ာနဲ့သေဆုံးမှုတွေကလည်း မတရား တက်လာပါတယ်။ မော်တော်ယာဉ် တိုက်မှု၊ သေမှုကလည်း လက်ခံနိုင်ဖွယ်မရှိအောင် မရှိန်မသတ် ဆက်လက် တိုးနေပါတယ်။ ဒီပုံရိပ်အားလုံးဟာ ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေထဲမှာလည်း အထက်အတန်းအဆင့်မှာ ရှိနေတဲ့ အထူးသဖြင့် ဆင်းရဲချမ်းသာ ကွာဟမှုရှိတဲ့ တိုင်းပြည်တွေကိုကိုယ်စားပြုနေတဲ့ ပြယုဂ် (မော်ဒယ်) တွေပဲ။ အချိန်တို အတွင်းမှာထပ်ကြပ်မကွာ ဆိုသလို ဒီမော်ဒယ်တွေနဲ့ ပုံတူဖြစ်အောင် လိုက်လာနိုင်တဲ့ အဖြစ်ကို မှတ်ချက် ပေးရလျှင်တော့ မြန်မာတွေတော်တာလားး ၊ မတော်တာလား ပြောဖို့ခက်သွားပြီ ထင်ပါတယ်။ ကြွယ်ဝမှုရဲ့ ခေါင်ထိပ်မှာရှိတဲ့ ချမ်းသာတဲ့လူနဲ့ သူတို့ထက် အဆင့်နိမ့်တဲ့ လူတွေရဲ့ ဘ၀နေမှုအဆင့်နဲ့ သုံးဖြုန်းနိုင်ပုံက လုံးဝမတူနိုင် မတရားကွာသွားတာ ကလည်းအခုဆို ထင်ရှားမြင်သာ ရှိနေပါပြီ။ တရုတ်ပြည်က သူကြွယ်မက သူ့ခွေးစီးဖို့ ကယ်ဒီလက်က် ကားကို ရွှေချတယ်ဆိုတာမျိုးခက်ဆင်ဆင် ဒီမှာအခုတောင် တွေ့နေ ရပါပြီ။
  မြန်မာဖျော်ဖြေရေး လောကမှာ ထင်ပေါ်ကျော်စောသူ ၊ ရုပ်သံတွေမှာ သူတို့ပြောနေတဲ့ ဆယ်လီဘရီတီ (Celebrity) တစ်ယောက်က အဆင့်မြင့်မျိုးကောင်းခွေးတွေ မွေးထားပြီး သူ့ခွေးတွေကို တစ်လမှာ တိရိစ္ဆာန် ဆရာဝန်တစ်ဦးက လာရောက် ဆေးစစ်မှု (Medical Check-up)  လုပ်ပေးသတဲ့၊ ကျွန်မဟာ ၁၉၉၉ ခုနှစ်ကစပြီး သက်ကြီးဆရာဝန်များထောက်ကူအဖွဲ့ ကို ဖွဲ့စည်းပြီး တက်နိုင်သလောက် သက်ကြီးတွေလိုအပ်နေတဲ့ ပြုစု စောင့်ရှောက်မှုမျိုးလုပ်ဆောင်ပေးနေတာပါ။ အသက်ရလာပြီဖြစ်တဲ့ ဆရာဝန်ကြီးတွေ ၊ အသက် ၇၀ ကျော်တွေ ဆိုတာ ဆေးစစ်ဆေးရေး ( Medical Check-up) ကို တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် (သို့) နှစ်ကြိမ် လုပ်ထိုက်ပေမယ့် မလုပ်နိုင်ကြတဲ့ သူတွေက များပါတယ်။ ဆေးစစ်ခတွေကလည်း ဈေးကြီး ၊ သွားရေးလာရေးက အဆင်မပြေ၊ အဖော်လိုက်မ့်သူကမရှိ စတဲ့ အခက်အခဲတွေရှိတယ်ဆိုတာသိလို့  ကျွန်မတို့အဖွဲ့က ဆေးခန်း၊ ဓာတ်ခွဲခန်းတွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီး အဖြစ်နိုင်ဆုံး ဈေးနှုန်းသက်သာစွာနဲ့ စီစဉ်ပေးခဲ့ပါတယ်။ အချို့ဆေးခန်းတွေက ဘာမှတောင်မယူပဲ အခမဲ့လုပ်ပေးခဲ့ကြပါတယ်။ အသွားအပြန် အဌားကားစရိတ် စစ်ဆေးတဲ့နေရာတွေမှာ စေတနာ့ဝန်ထမ်းဆရ၀န်လေးများထားပြီး အတော်ခက်ခဲ လက်ဝင်စွာ စီစဉ်ရတာပါ။ အဖွဲ့မှလည်း ငွေအတော်အတန် စိုက်ထုတ်ရပါတယ်။ ဆရာဝန် လူတန်းစားကို ချမ်းသာတဲ့လူတန်းစားပဲလို့ သတ်မှတ်တာ မမှန်ပါဘူး။ လက်တွေ့ ဆေးပညာကဏ္ဍက လက်တစ်ဆုပ်စာသော နာမည်ရအထူးကု-ဆရာဝန်တွေသာ ချမ်းသာတာပါ။ လူထုကျန်းမာရေးဌာန၊ သင်ကြားရေးက ဆရာတွေကတော့ အခုခေတ် စားဝတ်နေရေးစရိတ်နဲ့ဆိုလျှင် လူလတ်တန်း အဆင့်မှာတောင် ရပ်တည်နိုင်ပါတော့မလား မသိနိုင်တော့ပါ။ သူတို့ အလှည့်တုန်းကတော့ တက်အားသမျှ ပြည်သူတွေရဲ့ ကျန်းမာရေးကို စွမ်းဆောင်ပေးခဲကပေမယ့် သူတို့ ကျန်းမာရေးအတွက် ကျွန်မတို့အဖွဲ့က တတိအား သလောက် ပံ့ပိုးပေး နေရတာ။

    ကျွန်မက ခွေးအလွန်ချစ်တတ်သူတစ်ယောက်ပါ။ ကလေးဘ၀ကတည်းက အနီးအနားက ခွေးကလေးတွေကို အောင်နက်၊ ကုပ်ကြားလို့ နာမည်တွေပေးပြီး မိဘတွေကို မရမက ပူဆာပြီးမွေးခဲ့တာ။ နောင် တစ်သက်လုံးလည်း ခွေးမမွေးတဲ့ အချိန်မရှိခဲ့ပါဘူး ၊ အခုမှသာ လက်ရှိဘ၀ အခြေအနေတွေရဲ့ ကန့်သတ်မှုတွေကို မလွန်ဆန်နိုင်လို့ ခွေးမမွေးရတာပါ၊ အင်္ဂလိပ်စကား -  ခွေးဆိုတာ လူရဲ့ အကောင်းဆုံးမိတ်ဆွေဆိုတာ ကျွန်မက သိပ်မှန်တယ်ထင်လို့ သိပ်ယုံကြည်တာ။ ခွေးဟာ တိရစ္ဆာန်ဆိုပေမယ့် လူထက်တန်ဖိုး အရည်အသွေး သာတာတွေရှိပါတယ် ။ သစ္စာရှိတယ်၊ မျှတတယ်၊ သခင့်အတွက် ဘာမဆို ပေးဆပ်မယ်၊ ကြီးမားတဲ့သံယောဇဉ် ထားတယ်၊ သိပ်သဘောထား မြင့်မြတ်တယ်လို့ ဆိုချင်တာ ။ ကျွန်မက သူတို့ရဲ့ နှစ်သက်စရာကောင်းတာကို စိတ်ဝင်စားလို့ ခွေးလိမ္မာအကြောင်း ပုံတိုနဲ့ ၀တ္ထုကို စုခဲ့တာ။ ခွေးဆိုတာ နှစ်ပေါင်း ၂၀၀၀၀ ကျော်လောက်ကစပြီး လူတွေက အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးခဲ့တာဆိုတော့ သူတို့နဲ့ လူတွေကြားက သံယောဇဉ်အမျှင်ကြိုးက ဘယ်လောက် ခိုင်မြဲမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ခွေးတွေဟာ ကျွန်မ အချစ်တော်ပါ။ ကျွန်မက သူတို့ဘက်က အမြဲရပ်တည်မှာပါ။

  လူတွေ အမြဲတစေ မှတ်ထားဖို့လိုတာ တစ်ခုကတော့ လူဆိုတာ တစ်ယောက်တည်း တစ်ဦးတည်း နေတာတော့ မဟုတ်ဘူးဆိုတာပါပဲ။ သူ့ရဲ့ဘေးက ပတ်ဝန်းကျင် အသေးစား အကြီးစား၊ ဒါထက် ပိုကျယ်ပြန့်တဲ့ အားလုံး၊  နောက်ဆုံး ကမ္ဘာဂြိုလ်ရဲ့ ပြင်ပနဲ့တောင် ဆက်နွယ်နေပါတယ်။ လူတွေဟာ ဒီအပိုင်းကဏ္ဍတွေနဲ့ အမြဲပဲ အပြန်အလှန် ကူးလူးဆက်ဆံ ၊ တုံပြန်လုပ်နေတာပါ၊ ဒီတော့ လူက စုန်းပြူးပြူးပြီး ငါ့တစ်ကော ကောနေလို့ မဖြစ်သေးဘူး ။ ကြီးသောငယ်သောမဟူ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲမှာ မျှတစွာနဲ့ သင့်တင့်လျှောက်ပတ်စွာနေသင့်ပါတယ်။ အတိုင်းအတာ တစ်ခု အတွင်းမှာတော့ အချိုးမျှမျှ နေထိုက်တယ် ၊ လွန်လွန်ကျူးကျူး ခွဲခြားမှုက မတရား လွန်းတယ်ဆိုတဲ့ ပုံရိပ်မပေါ်စေထိုက်ဘူး။ ကမ္ဘာကြီးမှာက ရုပ်ပိုင်းဆိုင်ရာတွေမှာ အတိုင်းအတာလွတ် တစ်ဖတ်စွန်းရောက်မှုတွေက လမ်းဆုံးကို ရောက်လုပြီ ဆိုတော့ စာနာတရား ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးလာတယ်။ တရုတ်ပြည်က အဖြစ်အပျက်တစ်ခုကိုပဲ ကြည့်ပါတော့။လမ်းလျှေက်တတ်စ ကလေးငယ် တစ်ဦးကို ကားတွေက နှစ်ခါတိုင်တိုင် ဆက်ပြီးတိုက်သွားတာကို လမ်းပေါ်က လျှောက်သွားသူ ၁၈ ယောက်က တွေ့ခဲ့ပေမယ့် ဘယ်သူမှ ဘာမှ မလုပ်ပေးခဲ့ကြပါဘူး။ ဒီလောက်ပဲ လူသားချင်းစာနာမှု ကင်းနေကြပြီလား။ ယခုထက်တိုင် မြန်မာ့ယာဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ခဲ့တဲ့ ကျွန်မတို့ တိုင်းပြည်မှာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အညစ်အပေ စရုက်တွေ တိုးမ၀င်လာနုင်အောင် ဟန့်ထားတန့်ထား လုပ်ဖို့ရာက မဏ္ဍိုင် ၃ တိုင် စလုံးနဲ့ ပြည်သူတွေမှာ တာဝန်ရှိပါတယ်။ ဒီအဆိပ် အညွန့်ကလေးတွေကို အဆောတလျင် ပယ်သတ်ပစ်ရမှာပါ။ ဒါဟာ အောက်မှာ ပြောမယ့် ဘ၀သာယာမှု (well-being) ညွှန်းကိန်းနဲ့ သက်ဆိုင် နေပါတယ်။ တင်စားပြလို့ရတဲ့ ဥပမာတစ်ခုကတော့ သြစတေးလျတိုက်ရဲ့ဖြစ်အင်ပါ။  ဒီပထ၀ီဝင် တိုက်ငယ်ဟာ ကမ္ဘာဂြိုလ်ရဲ့ ဖြစ်စဉ် သမိုင်း (evolution) မှာ ခပ်စောစောပိုင်းထဲက ကမ္ဘာဖြစ်မယ့် မြေအစိုင်အခဲထဲ ကနေ ကျွတ်လွတ် ကြွေထွက်သွားတာကြောင့် သြစတြေးလျမှာရှိတဲ့ တိရစ္ဆာန်သတ္တ၀ါနဲ့ သစ်ပင် ပန်းမန်တွေဟာ တစ်မူထူးခြား ဖြစ်နေတယ်။ ပြင်ပက ရေားနှောလာမှုကို အထူး ဂရုဝီရီယ စိုက်ပြီး ကြပ်မတ် ထိန်းသိမ်းရတယ်။ အနှစ် ၅၀လောက် ပိတ်ထားခြင်း ခံရတဲ့ ကျွန်မတို့ တိုင်းပြည်မှာလည်း ပုံစံတူ ကူးမယူသော်လည်း စံနမူနာအဖြစ် အသိအမှတ်ပြုဖို့တော့ ကောင်းတယ်။ မကောင်းတဲ့အမူအကျင့် အရောအနှောတွေကို မျက်ခြည်မပြတ်စေဘဲ တားဆီး ပိတ်ပင်ရလိမ့်မယ်။ ဒါဟာ ထိပ်တန်းဦးစား စားရင်းဝင် ပြဿနာ ဖြစ်ရမယ်။

  ဒါ့ကြောင့် တိုင်းပြည်တစ်ပြည်ရဲ့ ချမ်းသာ သာယာမှုကို ညွှန်းပြနေတဲ့ သင်္ကေတတွေမှာ ငွေကြေးအပြင် လူ့ဘ၀ကို သာယာမှု ပေးတာတွေနဲ့ ဘ၀ကိုပျက်ဆီး ဒုက္ခရောက်စေတဲ့ အကြောင်းအခြင်းရာ အားလုံးကိုလည်း ထည့်စဉ်းစားရလိမ့်မယ် ။အ နှုတ်လက္ခဏာ ဥပမာတွေကတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲမှု၊ မြေနေရာ သုံးစွဲပုံနဲ့ ထိန်းသိမ်းမှု စတာတွေ ဖြစ်ပါလိမ့်မယ်။ တိုင်းပြည်တစ်ပြည်ရှိ လူတွေရဲ့ ချမ်းသာကြွယ်ဝမှုကို ဂျီအင်န်ပီနဲ့ တိုင်းတာဟာ သဘာဝမကျဘူး အခြေမှန်ကို မထင်ဟပ်နိုင်ဘူးဆိုတာ တင်ပြပြီးခဲ့ပါပြီ။ ဘ၀ သာယာမှုဆိုတဲ့ တကယ့် ချမ်းသာမှုကို တိုင်းတာချင်လျှင်တော့ ငွေကြေးကိုပဓာနထားတဲ့ ဂျီအင်န်ပီအပြင် ပိုမိုကျယ်ဝန်းပြီး ထိရောက်တဲ့ ပိုပြီး ဘ၀သာယာမှုကို ထင်ဟပ်စေတဲ့ အဓိပ္ပယ်ရှိတဲ့ အတိုင်းအတာကို ရှာဖွေတီထွင် လုပ်ရလိမ့်မယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့က ကျန်းမာရေးဆုတဲ့ ဝေါဟာရကို ရှင်းလင်းဖွင့်ဆိုပြရာမှာ ဆိုထားတာက ကျန်းမာတယ်ဆိုတာ ရောဂါမရှိဘူးဆိုတဲ့ အခြေတစ်မျိုးတည်းကို ရည်ညွှန်းတာမဟုတ်ဘူး။ လူမှုဘ၀အဆင်ပြေရေး ၊ သာယာရေးနဲ့ စိတ်ရွှင်လန်းသာယာရေး ၊ စိတ်ကျန်းမာရေးတို့လည်း ပါပါတယ်လို့ အတိအလင်း ဖော်ဆိုထားပါတယ်။

  လက်ရှိ အခြေအနေကို ယေဘုယျ အားဖြင့် သိလိုက်ရော့ ခေတ်သစ် မြန်မာမှာ လုပ်စရာတွေ သောင်းပြောင်းထွေလာ မရေမတွက်နိုင်လောက်အောင် ရှိနေမှာပဲ ဆိုတာ ပိုပြီး ထင်ရှားပီပြင် ဖြစ်လောက်ပါပြီ ။ အစိုးရအပါအ၀င် သိလည်းသိပြီး ဖြစ်နေမှာပါ။ အပြောသာမဟုတ် တကယ့်အလုပ်နဲ့ လုပ်ပြရမယ့် အခါသမယမို့ ဘာတွေကစပြီး ဘယ်လို လုပ်ကြပါ့မလဲဆိုတာ သေချာပြတ်သားတဲ့ အစီအစဉ်တွေ နေရာတကျ ရှိနေသင့်ပါပြီ။ တကယ်တော့ လုပ်စရာတွေက သောင်းခြောက်ထောင် ၊ အထက်ပိုင်းက လုပ်ရမှာတွေ- ပေါ်လစီချပေးတဲ့အပိုင်း ၊ ဒီမိုကရေစီ ခံယူချက်စစ်နဲ့ ဒီမိုကရေစီရဲ့ လုပ်နည်းလုပ်ဟန် (Democratic practices) ကို ပတ်သတ်ရာပတ်သတ်ကြောင်းရှိတဲ့ အင်အားစုတွေ သိအောင် ပညာပေးရတဲ့ အပိုင်းနဲ့ အခြားအရေးကြီးတဲ့ မဟုတ်လျှင်လည်း အရေးပေါ် ကိစ္စတွေရဲ့ လုပ်ဆောင်စရာ ၀န်ထုပ်ဝန်ထည်ကိုကပဲ နည်းမှာ မဟုတ်ဘူး။

  ဒါတွေကို လက်တွေ့ အကောင်အထည်ဖော်ပေးရမယ့် ၀န်ထမ်းတွေရဲ့ အပိုင်း အလုပ်ပမာဏက ၄-၅ဆ ပိုနေမှာ သေချာတယ် ။ ဒီလောက် လုပ်စရာတွေ များနေမှတော့ လူအမျိုးအစားပေါင်းစုံရဲ့ လုပ်အားအများကြီးလိုတော့မှာပဲ ။ ဒီတော့ ရှေးရှုရမယ့် တူကွဲပြား များပြားထွေလာရှိတဲ့ ပြဿနာပေါင်းကို လက်တွေ့ကျကျ ရင်ဆိုင်ဖို့ ခွန်အားရှိရဲ့လားလို့ တွေးပြီး စိတ်ပူမိပါတယ်။ (Management Science) စီမံခန့်ခွဲရေးပညာရဲ့ မူတွေကိုအားထား အသုံးပြုတော့မှာပဲ ဆိုတာကတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒါကတော့ နောက်ဆွေးနွေးရမယ့် အပိုင်းပါ။ ဒါပေမယ့် ခြုံငုံပြီး သုံးသပ်လို့ရတဲ့ မြင်ကွင်းက ပုံဖော်ပေးလိုက်တဲ့ ပဓာနကျတဲ့ ပုံရိပ်တွေပေါ်လာပြီမို့ ဘာတွေက အရေးကြီးပြီး ဘယ်လို ဦးစားပေး အစီအစဉ် ရှိထိုက်တယ်ဆိုတာ ရုပ်လုံးဖော်နိုင်ပါပြီ။

  လုပ်ရမှာတွေကတော့ အချိန်အားဖြင့် ပြောရလျှင် ချက်ချင်း လက်ငင်း ၊ မဆိုင်းမတွ ၊ တာတိုတာရှည်၊ တစဉ်တစိုက် ၊ အဆက်မပြတ် ၊ အားလုံးကို အချိန်အားဖြင့် ကွဲကွဲပြားပြား သိထားပြီးမှ တကယ် လုပ်ရမှာပါ။ အပြောဆိုတာတော့ အလုပ်နဲ့ ယှဉ်လိုက်လျှင် မပင်ပန်းပါဘူး။ အလုပ်ကျတော့ မဟုတ်တော့ဘူး၊ လုပ်မယ်လို့ ဆုံးဖြတ် ၊လုပ်တော့မယ်၊ အလုပ်စနေပြီ၊ အလုပ်ဆက်လုပ်နေတယ်၊ အလုပ်ပြီးပြီဆိုတဲ့ အဆင့်တိုင်းမှာ တကယ်လက်တွေ့ အလုပ်ပါလာပါတယ်။ အတိုင်းအတာအားဖြင့်လည်း သိပ်များနိုင်တယ် ဆိုတဲ့အဖြစ် အရှိ လက်တွေ့ အချက်တွေကို စီမံကိန်းကို လုပ်ပါမယ်လို့ ကတိပြုသူတွေ ဘယ်တော့မှ မမေ့ထိုက်ဘူး။ အမြဲ ထည့်တွက်ရမှာ ၊ နားလည်မှုရှိရမှာ။

  ဒါ့အပြင်လည်း တကယ်လုပ်တော့ အခြား တံတိုင်း အကာ အဆီးအတားတွေ ရှိလာနိုင်သေးတယ်။ ဦးစီးလုပ်သူတွေက ခန့်မှန်းမထားတဲ့ မရေမရာ ဟာကွက်တွေ လုပ်ငန်းလုပ်ရာ လမ်းတစ်လျှောက်မှာ ပေါ်လာနိုင်သေးတယ်။ ဒီဖြစ်နိုင်ခြေတွေကို လည်း အမြဲသတိရှိပြီး အခြား လမ်းပြောင်း လမ်းလွှဲ အစီအစဉ်ကိုလည်း အသင့် စဉ်းစားထား ပြင်ား လုပ်ထားသင့်တယ်။ မျက်မှောက်ခေတ် တိုင်းပြည်အတွက် ကောင်းမွန်တဲ့ ရည်မှန်းချက်ကို ရည်သန်ပြီး လုပ်ဆောင်ရမယ့် အစီအစဉ်နဲ့ ဒါတွေမှတစ်ဆင့် ပေါက်ဖွားလာတဲ့ အခြားတွေ့ရှိရမယ့် ကြောင်းအင်များနဲ့ ပြဿနာများကို ဆွေးနွေးချင်ပါတယ်။

                       
( ပြည်သူ့ခေတ်ဂျာနယ် ၁၀၊ မေ ၊ ၂၀၁၂ ကြာသပတေးနေ့ ၊ အတွဲ ၂ ၊ အမှတ် ၉၃ )
 
 
 

ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး (စတုတ္ထပိုင်း)။

 ရေးသားသူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်

by Lu Maw on Wednesday, 16 May 2012 at 02:01 ·
၁။ ဆင်းရဲမွဲတေမှု သက်သာရေးပဓါနအကျဆုံး၊ ဦးစားပေးအဆင့်မှာ ထိပ်ဆုံး က ရှိနေတဲ့ စီမံချက်ပါ။ ဆင်းရဲမွဲတေမှုကို သက်သာအောင် လုပ်ပေးနိုင်လျှင် ဒီ စီမံချက်သာ အောင်မြင်သွားလျှင် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ဦးတည်ချက်ရဲ့ သုံးပုံတစ်ပုံလောက် အောင်မြင်သွားပြီလို့ဆိုနိုင်ပါလိမ့်မယ်။ အစိုးရအသစ်ကလည်း ထိပ်တန်းဦးစားအဖြစ် လုပ်ပါ့မယ်လို့ ကတိပေးပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ကတိပြုတာနဲ့ တကယ် အလုပ်လုပ်ဖြစ်အောင်၊ ဆုံးခန်းတိုင်အောင် အောင်မြင်မှုမရမချင်း လုပ်ရမှာနဲ့တော့ မတူပါဘူး။ (Plan of Action) အကြံအစည် အစီအစဉ်နဲ့ တကယ်လုပ်ရတဲ့ အလုပ်ကြားရှိနေတဲ့ ကွာဟမှုကတော့ ဟိုရှေးပဝေသဏီကတည်းက အမြဲတစေ ရှိနေတဲ့ အဖြစ်တရားပါ။ ရည်မှန်းချက် အောင်မြင်တဲ့ နောက်ဆုံးပန်းတိုင်အထိရောက်ဖို့ကတော့ အလွန်မှ ခက်ခဲနိုင်ပါတယ် ။ ရောနှော ဆက်နွယ်နေတဲ့ ရှုပ်ထွေးပွေလီ အကြောင်းတွေကိုလည်း အများအစား တွေ့ရပါလိမ့်မယ်။ ပြည်ပမှ အထောက်အကူရနိုင်တဲ့ အပိုင်းတွေလည်းရှိမယ်။ ဒီလို ဆိုလျှင်လည်း ရလာတဲ့အကူအညီကို စနစ်ကျကျ ထိထိရောက်ရောက် အလိုအပိုမရှိ သုံးတက်ရပါမယ်။ ဖြေရှင်းပေးစရာတွေ အမျိုးမျိုး အဖုံဖုံ ရှိနေတော့ ဘယ်လိုမှ ပေါ့ပေါ့တန်တန် ကိစ္စလို့ သဘောထားလို့ မရတဲ့ မဟာ ပြဿနာကြီးပါ။

၂။ ဆင်းရဲချမ်းသာ ကွာဟရေး
နံပတ် ၁ လောက်ပဲ အရေးကြီးပါတယ်။ လာမယ့်ဘေးပြေးတွေ့လုပ်ရမယ့် ထိပ်သီးအရေးပေါ်ပြဿနာလို့ သတ်မှတ်ရမှာပါ။ ပြဿနာကအခုတောင် ခေါင်းပြုလာရုံအဆင့် မဟုတ်တော့ဘဲ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ထင်ရှားပြီပြင်တဲ့ ရုပ်အသွင်ဆောင်နေပြီဆိုတော့ အစိုးရ အနေနဲ့ မဆိုင်းမတွ ရွပ်ရွပ်ချွံချွံ ပြင်းပြင်းထန်ထန် တိုက်ဖျက်ရမယ့် ဘေးအန္တရယ်ဆိုးကြီး ဖြစ်တယ်။ ရှိနေပြီဖြစ်တဲ့ ကွာဟမှုကို ပိုကျဉ်းသွားအောင် မဖြစ်မနေ လုပ်ပေးရလိမ့်မယ်။ ယခု တွေ့နေရတဲ့ ကွာဟမှုဖြစ်စဉ်တက်ခြေနှုန်းကို ကြည့်ပြီး မှန်းရမယ်ဆိုလျှင်တော့ ကွာဟမှုဟာ ခပ်မြန်မြန်ပဲ ပိုကျယ်ပိုနက်ဖို့ရာပဲရှိတယ်။ ဒါ့ကြောင့် အခါ မလင့်ထိုက်ဘူး။ အချိန်အားဖြင့် ထိပ်သီး အရေးပေါ်လို့ သတ်မှတ်ရမှာပါ။
၃။ လာဘ်ပေးလာဘ်ယူ လုပ်မှု (ခြစားမှု) ဆိုတာကလည်း အထက်က (၁ နဲ့ ၂) ထက် တစ်ပြားသားမှ မလျော့တဲ့ ထိပ်သီးဘေးဆိုးကြီးဖြစ်တယ်။ သမ္မတကြီး ကိုယ်တိုင် ကနေဦး မိန့်ခွန်းတွေမှာ ရွေးထုတ် ဦးတည် အလေးပေးပြီး ပြောသွားတဲ့ အကြောင်းအရာ ဖြစ်တယ်။ Clean Government သန့်ရှင်းသော အစိုးရရဲ့ နယ်ပယ်စစ်ပဲ။ လုပ်ဖို့ရာ အလွန်ခက်လိမ့်မယ်လို့ ပြောခဲ့တဲ့ အထက်က ဧရာမ ပြဿနာကြီးတွေထက် ခက်တော့ခက်မယ်။ သမ္မတကြီးက သန့်ရှင်းသော အစိုးရကို ဖော်ဆောင်မယ်လို့ ရဲရဲဝံ့ဝံ့ ကတ်ပေးလိုက်တာကတော့ အာဂ သတ္တိပဲလို့ ချီးကျူးချင်ပါတယ်။ အနည်းဆုံး အနှစ် သုံးဆယ်ကျော်လောက် အုတ်မြစ်ခိုင်ခိုင်နဲ့ ရပ်တည်ခဲ့တဲ့ ကြီးမားလှတဲ့ ဧရာမ အဆောက်အအုံကြီးကို ဖြိုမယ်လို့ ချဲလိုက်တာဟာ အင်မတန်မှ လေးစားဂုဏ်ယူထိုက်တဲ့ ကောင်းမှုပဲ။ ဒါပေမယ့် လုပ်ရာမှာတော့မလွယ်ဘူး ။ မလွယ်တာမှ သိပ်ကို မလွယ်မှာ။ ကမ္ဘာတစ်ဝန်းမှာ လာဘ်ပေးလာဘ်ယူ ကြီးစိုး အုပ်ချုပ်နေတာ ကြာပြီပဲ။ ဘယ်သူက ဘာ တက်နိုင်လို့လဲ။ ဘယ်သူကကော ဒီအဖြစ် သက်သာရာသက်သာကြောင်းအတွက် မည်မည်ရရ လုပ်ခဲ့သလဲ။ အများစုကတော့ အကာအကွယ်ပေးနေကြတာ ။ ကုလသမဂ္ဂ စာရင်းဝင် ကမ္ဘာမှာရှိတဲ့ တိုင်းပြည် ၃၀၀ကျော်ထဲမှာ အများစုသော ရာနှုန်းတို့ဟာ ဒီလူဆိုး စားရင်းဝင်ဖြစ်တယ်။ မြန်မာကတော့ ဒီစာရင်းရဲ့ ထိပ်ဆုံးပိုင်းမှ ပါနေတာကြာပါပြီ။ ဟုတ်လည်း ဟုတ်လောက်တယ် ။ ဆန်းတော့ဆန်းတာ မဟုတ်ပါဘူး။

     အရင် အစိုးရဟောင်း များစွာ နှစ်ပေါင်း ဆယ်စုနှစ် ၃-၄စု အတွင်း (ခရိုနီအစ်ဖင်) လို့ သမုတ်ထားတဲ့ လက်သင့်ရာ စားတော်ခေါ် ကိုယ့်အချင်းချင်း ရိုင်းပင် အာဏာကို အလွဲသုံးစားလုပ်နဲ့ လာဘ်ပေးလာဘ်ယူ လုပ်ကြတာ ပေးသူရော လက်ခံသူရော ချမ်းသာလာကြတာ မျိုးစဉ်မျိုးဆက် ဖြစ်သွားပြီ။ အရိုးစွဲနေပြီ ။ ဒါကလည်း လူတိုင်း အသိပါ ။ (Transparency International=TI ) လို့ခေါ်တဲ့ အဖွဲ့ အဆိုရ စင်ကာပူဟာ လာဘ်ပေးလာဘ်ယူ အနည်းဆုံး တိုင်းပြည်တစ်ပြည်ဖြစ်တယ်။ ဒါပေမယ့်လည်း ဒီခြစားမှု ဆိုတဲ့ ဖြစ်အင်မျိုးတွေ ရှိတော့ ရှိနေသေးတာပဲ။ ဒိန်းမတ်၊ ဆွီဒင် နဲ့ နော်ဝေး ကတော့ အသန့်ရှင်းဆုံးသော တိုင်းပြည်များဖြစ်တယ်လို့ ဆိုပါတယ်။  (TI ) ဆိုတာက အင်န်ဂျီအို လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပါ။ အပြည်ပြည်မှာ စုံစမ်းလေ့လာ ၊ သတင်းယူ၊ သုံးသပ်လုပ်ပြီး မှတ်တမ်းတင် အစီရင်ခံစာကို ပြုစုပြီး နှစ်စဉ် ကမ္ဘာအနှံ ဖြန့်ချီပါတယ်။ ဒီလို ခြစားမှုဟာ ဘယ်လောက်အထိ ပျံ့နှံ့ပြီး ခိုင်မာစွာ အခြေစိုက်ထားသလဲဆိုလျှင် ဆင်းရဲတဲ့ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုရဲ့ နိုင်ငံရေး စီးပွားရေး (ပုံမှန်) စနစ်လို့ ယူဆထားကြတာ။ ဒီအထဲမှာ မြန်မာပါနေတာကိုတော့ အလုပ်အပိုတွေ လုပ်ပြီး ငြင်းချက်တွေထုတ် အကာအကွယ် ပေးတာတွေ လုပ်မနေပါနဲ့တော့ ။ အလုပ်နဲ့သာ လုပ်ပြလိုက်ပါ ။ စီးပွားရေး ၊ နိုင်ငံရေး နဲ့ အခြားပြည်သူကို ထိပါးတဲ့ အစိတ်အပိုင်း အားလုံးကို လွှမ်းမိုးနေတာ ဆိုတော့ လုပ်ရတာ ဘယ်လောက် လက်ဝင် လက်ရှုပ် ဖြစ်ပေမယ့် မဖြစ်မနေ လုပ်ရမှာပဲ။ လူထုကလည်း အားပေးပြိး ဒီတိုက်ပွဲမှာ ပါဝင် ဆင်နွဲ နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    အထက်ပါ အလွန့်အလွန် အရေးကြီးပါတယ်ဆိုတဲ့ ၁ ၂  ၃  အရေးအခင်းကြီးတွေရဲ့ မြစ်ဖျားခံအကြောင်းတွေမှာ တူညီချက် နီးစပ်စွာ ဆက်နွယ်မှုတွေ ရှိပါတယ်။ အပြန်အလှန် ကောင်းကျိုးဆိုးကျိုး ပြုနေတာလည်း ရှိပါသေးတယ်။  ဒါ့ကြောင့် ဒီပြဿနာ တွေကို ရှေးရှု ကိုင်တွယ် ဖြေရှင်းရာမှာလည်း တူညီ (သို့) စုပေါင်းညှိုင်းပြီးမှ မဟာဗျူဟာနဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းတွေ ကြံဆ ဖော်ထုတ်နိုင်ပါတယ်။

      နည်းဗျူဟာနဲ့ အခြား ပို အသေးစိတ်ကျတဲ့ အစီအစဉ် ဆွဲရေးမှာတော့  ၁ ၂ ၃  တို့ဟာ လုပ်ငန်း လုပ်ရာမှာ အချိန်စကေး  time-scale မှာနည်းနည်းကွဲပြားမှာပါ။ ၁ က ရှေ့အနာဂတ်ကို ကြည့်ပြီး လုပ်ရမှာများတယ်။ အစက စပြီး လုပ်ရမှာ ၊ အစီအစဉ် ရေးဆွဲခြင်းကစမယ်။ အစ ပထမမှာ အပြောပိုင်း သီအိုရီပိုင်း ပညာပေးအပိုင်း များမယ်။

    ၂ မှာတော့ ဘေးအန္တရယ်ကိုက အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ကိုယ့် ရှေ့မှာ ရောက်ပြီးနေပြီ အစပြုနေပြီဆိုတော့ ချက်ချင်း လက်ငင်း အားကောင်းကောင်းနဲ့ ဇောင်းပေးပြီး လုပ်စရာတွေ အများအပြား ရှိမယ်။ ဆိုင်းနေလို့လည်း မရဘူး၊ လက်တွန့်နေလို့လည်း မရတဲ့ကိစ္စ ။ အနီးကပ် အနာဂတ်နဲ့ အဝေးရှိ အနာဂတ်ကို ထည့်သွင်း စဉ်းစားပြီး ကာကွယ်ရေး စီမံချက်ကိုလည်း ချပေးရမယ်။

    ၃ ကတော့ သက်ဆိုးရှည်ခဲ့တဲ့ အကြောင်းလည်းဖြစ် နှစ်ပေါင်းများစွာ အမြစ်တွယ်ပြီးသားလည်းဖြစ် ၊ ဒီတိုက်ပွဲ ၀င်မယ့်အရေးကို အာခံတိုက်ဖျက်မယ့် အင်အားစုရဲ့ အရှိန်အ၀ါကလည်း မယှဉ်ဝံ့လောက်တဲ့ အတိုင်းအတာမှာ ရှိနေတယ်ဆိုတော့ လုပ်စရာတွေက များပြားကျယ်ဝန်းပါတယ်။ ကာကွယ်ရေး ၊ ကုသရေး အပြင် မကောင်းသော အမူအကျင့်တို့ကို ပယ်ပြီး ၊ ကောင်းသော အကျိုးရလဒ်တို့ကို တင်ပြပြီး အကောင်းဘက်ကို ဆွဲဆောင်ပေးခြင်း ဆိုတဲ့ စိတ်ပြောင်းစေမယ့် ပြန်လည်ထူထောင်ရေးတို့ပါမယ်။

    သတိမူစရာ အကြောင်းတစ်ခုကတော့ ၁  ၂   ၃ မှာ အရင်းခံ အကြောင်းတွေမှာ တူညီတာ ဆက်စပ် ယှက်နွယ်နေတဲ့ ကြောင်းအင်တွေ ပါပါတယ် ။ ဒီတော့ ဒီပြဿနာတွေကို ကုစားရာမှာ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းနဲ့ မဟာဗျူဟာ နည်းဗျူဟာ ကြံဆရာမှာ ကုသနည်းတွေကို ပေါင်းစပ်ညှိနှိုင်းလုပ်ပြီး တူညီတဲ့ ပင်မ အကြောင်းတွေပါတဲ့ စီမံချက်ကို အကောင်အထည်ဖော်နိုင်တယ်။

( ပြည်သူ့ခေတ်ဂျာနယ် ၁၇၊ မေ ၊ ၂၀၁၂ ကြာသပတေးနေ့ ၊ အတွဲ ၂ ၊ အမှတ် ၉၄ )

No comments: