Gyaw Dee - The New Gyee Daw Way ...
ဂျီးဒေါ် အင် ကုမ္မဏီ
ဂျော်ဒီး၊ ဇူလိုင် ၁၊ ၂၀၁၂
“တနေ့ လာလည်း ကန်းစွန်းရွက်ကို ရေလုံပြုတ်၊ နောက်တနေ့ လာလဲ ဒီကန်စွန်းရွက်က ရေလုံပြုတ်။ ဒီဒုက္ခ၀ဋ်က… ဘယ်တော့များ ကျွတ်ပါ့။ ရို့ ရို့  အဟ အဟ …”
စိတ်ပေါက်ပေါက်နဲ့  ကလေးတွေဆိုတတ်တဲ့ ရပ်ပါဆိုလား၊ သွားပါဆိုလား … အဲဒလိုမျိုးလေးတောင် ဆိုပစ်လိုက်ချင်သည်။
ပြီးခဲ့တဲ့
တနှစ်လောက်က နိုင်ငံတော်သမ္မတကြီးရဲ့ ဆင်းရဲသားပပျောက်ရေးစီမံချက်ဆိုလား။
ကြားကာစက အားရှိလိုက်သည့်ဖြစ်ခြင်း ။ တို့လိုဆင်းရဲသားတွေကို
ကူညီစောင့်ရှောက်တော့ မဟဲ့။ ကန်စွန်းရွက် ရေလုံပြုတ်နဲ့ နှစ်ပါးသွားကာ၊
မမြိုင်လဲထ မြိုင်လဲထနေရတဲ့ဘ၀က လွတ်တော့မယ်ဟဲ့ … လို့ တွေးကာ
သမ္မဒကြီးကို ကျေးဇူးတွေ ကြိုတင်ကာ မေတ္တာတွေ ပါဆယ် ထုပ် ပို့ချင်လိုက်ပုံများ။
သမ္မဒကြီး အသက်ရာကျော်ရှည်ပါစေ။ ခေါင်းက မရှိမယ့်ရှိမယ့် ဆံပင်လေးတွေလည်း
ရှည်ပါစေ။ (ဒါမှ လူတကာ မခန့်လေးစား ရယ်ပွဲဖွဲ့နေတဲ့ ဘဘပြောင်ဘ၀က
လွတ်မယ် မဟုတ်လား)။ ဟိုဟို သည်သည် တောင်တောင်အီအီ တွေးရင်း ဈေးခြင်းကလေး
ဆွဲကာ လျှောက်လာတုံး၊ ဗြုံးခနဲ ဆူဆူညံညံအသံတွေကြောင့်
လှမ်းမျှော်ကြည့်လိုက်တော့ … အိုး … ဖိုးခွါးတို့ကလေးတစု။ လျှာထိုးဦးထုပ်
ကလေးတွေကို တစောင်းတရွဲ့တွေစောင်းလို့။ လက်တွေကလည်း ဟိုနှိုက်၊
သည်နှိုက်။ ကို့ရိုးကားယား။ ၀တ်ထားတဲအင်္ကျီတွေ၊ ဘောင်းဘီတွေကလည်း သူ့အဖေ မောင်သာဂိ
ဘောင်းဘီများ ယူဝတ်လာသလား မသိ။
ပွတ ပွတ။ ဂွက ကျကျ။ ဖို့ရိုးဖားယား။ ပါးစပ်ကလည်း ရွာထဲက ဒေါ်ဂွက်ထော်ကြီး
သူ့ဝက်ကို ခေါ်နေသလို … တရို့ရို့ နဲ့။ ဘာတွေဆိုနေတာလဲ လို့
နားစိုက်ထောင်မှ …
“ရို့ ရို့  အဟ အဟ
တို့တကမ္ဘာလုံးရဲ့ ၀င်းပတဲ့ပန်းသတင်း၊ ပန်းခင်း
တို့ဗမာပြည်ရဲ့ ဂုဏ်ယူစရာ ဒီသတင်း
မင်းတို့ကတော့ ကန်းခြင်းနဲ့အတူ နားပင်း
အတင်းအဖျင်းပမာ… သာမန်လူတယောက်ရဲ့ သာမန်သတင်း တဲ့လား၊ အဟ အဟ။
သွားစမ်းကွာ မင်းတို့ရဲ့စိတ်ဓါတ်တွေ သိမ်ဖျင်း … ရို့… ရို့ …”
“ ဟဲ့  ဖိုးခွါး ဘာတွေ ဆိုနေတာလဲ။ တော်ကြာ ဒေါ်ဂွက်ထော်ရဲ့ ၀က်မကြီး ထွက်ကိုက်နေပါဦးမယ်”
“ပြောသာ ပြောရတယ်။ ကလေးတွေဆိုနေတာ ခေတ်ကိုတော့ ထင်ဟပ်နေသားနော် ဂျီးဒေါ်”
“ အမယ်… မောင်မင်းကြီးသား… သာဂိ။ သူ့သားနဲ့အဖွဲ့ကို အားပေးနေလိုက်တာ။ အင်း… သူတို့သီချင်းဆိုသံက… တို့ဗမာသံချပ်သံ လိုပဲနော်။ ကာရံနဘေလေးတွေတော့ ရှိသား။ ကို့ရို့ကားယား ဖြစ်တာ တခုပဲ။ ပြောပါဦး… မမီလို့။ ခေတ်ကို ဘယ်လို ထင်ဟပ်နေတာလဲ … ဟဲ့”
“အော် ခုတလော ကျနော်တို့ရွာမှာ ရွာလူကြီးဆိုတဲ့လူတွေဗျာ ။ မျက်စိတွေ ကန်းနေတယ်။ အမှန်ကို မမြင်အောင် တိမ်သလ္လာတွေ ဖုံးနေကြတယ်။ နားတွေ ပင်းနေကြတယ်။ နားဖားချေးတွေ
မကော်တာ ဘယ်လောက်ကြာပြီမသိ။ တလောကလုံး အုံးအုံးကြွက်ကြွက်
ညံအောင်ကြိုဆိုသံတွေ၊ ဂုဏ်ပြုသံတွေကို မကြားနိုင် မမြင်နိုင်အောင် စိတ်ဓါတ်တွေ သိမ်ဖျင်းနေကြတာ။ ဟိုရွာလူကြီး ဆော်ကြမ်း ဆိုတဲ့သူက အဆိုးဆုံးဆိုပဲ ဗျ”
“ဟေဟုတ်လား”
လို့ ရေရွတ်ရင်း ဂျီးဒေါ်စိတ်ထဲ စိတ်ကူး
စိတ်သန်းကောင်း တချက် လင်းလက်သွားသည်။ သည်စိတ်ကူးကို
အကောင်အထည်ဖော်နိုင်လျင် မဆိုး။ ကိုယ့်ရွာသူ ရွာသားတွေ ကောင်းကျိုးကိုလည်း
သယ်ပိုးရာရောက်သည်။ ပြီးတော့ စီးပွားရေး အခြေမလှလို့ ကန်စွန်းရွက်နဲ
့ မြိုင်ထ နေရသော ဘ၀မှလည်း လွတ်မြောက်ရာ လမ်းစပါတကား။ အခွင့်အရေးကား ကိုယ့်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် မိုးပေါ်က ကျလာချေပြီ။ ရွာမှာ သူတပါး လက်မဦးခင် စွန့်ဦးတည်ထွင်မှ။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံချင်သူတွေ မျက်စောင်းတထိုးထိုး ဖြစ်နေတဲ့  ဒီခေတ်ကြီးမှာ ခြေလှမ်းကို ခပ်သွက်သွက် လှမ်းမှ။ ဖောက်သည်ကောင်းတွေကို ကြိုရှာဖွေ ဆက်သွယ်ထားမှ။
ဟောပြောရင်းဆိုရင်း ဟိုရှေ့က ကွတကွတနဲ့ လာနေတာ ရွာလူကြီးဆော်ကြမ်း။ သာဂိ
အဆိုအရ တရွာလုံးမှာ သူအကန်းဆုံး
အပင်းဆုံး ဆိုပဲ။သူ့ ကို လက်လွှတ်လို့မဖြစ်။ ဂျီးဒေါ်မျက်နှာကို ပရွက်ဆိတ်
အကောင် ၁သိန်းခန့်  ၀ိုင်းအုံနိုင်လောက်အောင် ချိုမြစေပြီး
“အဟမ်း … ဦးဆော်ကြမ်း။ နေကန်း အဲလေ နေကောင်းတယ်နော်။ ဟဲ ဟဲ ဟဲ ဟဲ …”
အနှီကဲ့သို့ ခရီးဦးကြိုပြုတာတောင် ရွာလူကြီးဆော်ကြမ်းကား ဂျီးဒေါ်ကို မြင်ပုံမပေါ်။ဂျီးဒေါ် ခေါ်သံကို ကြားပုံမရ။ အိုး … ဒီလောက်တောင် ကန်းနေ၊ ပင်းနေရှာတာကိုး။ ခါးကြားထဲ ထိုးထားသော စက္ကူစုတ်ကို အမြန်ထုတ်ကာ နားရွက်ကြားမှာ အသင့်ညှပ်ထားလေ့ရှိတဲ့ ခဲတံတိုကို ထုတ်။ တံတွေးကို အသာဆွတ်ကာ ရွာလူကြီးဆော်ကြမ်းဆိုသောစာလုံးကို အသေအချာ
ရေးမှတ်ထားလိုက်သည်။
ဖိုးခွါးတို့အုပ်စုကတော့ ရွာလူကြီးဆော်ကြမ်းကို မြင်ကာမှ ဒေါ်ဂွက်ထော်၏၀က်မကြီးကို မြင်သကဲ့သို့ ပိုလို့ အော်လေသည်။
“ ရို့ ရို့ … အိုင်ဒီယာ ကွေးကွေးနဲ့  မတွေးတောပဲ သိမ်ဖျင်း
မင်းတို့ရဲ့  မနာလိုစိတ်တွေကို ပစ်လိုက်တော့ အမှိုက်ခြင်း
ရှက်ခြင်းဆိုတာကော ဘာလဲဟေ့ သိလား
ဂုဏ်ယူစရာ ဆိုတာကော ဘာလဲဟေ့ သိလား…
သွားစမ်းကွာ မင်းတို့ကောင်တွေ ကြွက်တွင်း
တို့ဗမာပြည်ဟာ မင်းတို့ကြောင့် ပျက်ခြင်း …
ရို့ ရို့  အဟ အဟ …”
ဖိုးခွါးတို့အသံကိုကား ရွာလူကြီးဆော်ကြမ်း သဲ့သဲ့ကြားပုံရရှာသည်။ သူ့ထုံးစံ အတိုင်း မျက်နှာထားကို သံပတ် တင်းတင်းပေးရင်း …
“ဟေ့ကောင်တွေ
ဘာ ဘားမားလဲကွ။ မင်းတို့ကို ဘားမားလို့  မသုံးရဘူးလို့ 
ဘယ်သူ့မှမတိုင်ပင်ပဲ ငါ့သဘောနဲ့ ငါ အမိန့်ထုတ်ထားတာ မသိကြဘူးလား ဟမ်”
“မင်းထုတ်တဲ့အမိန့်ကို မင်းဖာသာ ဖြန့်ခင်း
တို့ကတော့ အများသဘောမပါ … ကျော်နင်း
ရို့ ရို့  အို့ အို့  …”
ဖိုးခွါးတို့က… ဟစ်ဟော့နှင့် တုန့်ပြန်ရာ ဆော်ကြမ်းခမျာ ကြားတချက် မကြားတချက် နှင့်  အော်ချင်ရာ အော်လေ၏။
“ အေးလေကွာ၊ ငါကိုယ်တိုင်ရေး ငါကိုယ်တိုင်ထုတ်ရင် မကောင်းတတ်လို့
လိုသလိုခိုင်းလို့ရတဲ့ “ဖိုးကော်နဲ့ မရှင်” လင်မယားကို ကြော်ညာသင်ပုန်းမှာ ရေးခိုင်းလိုက်တာ ဘာဖြစ်လဲကွ”
“… ရို့ ရို့  ဖိုးကော် မရှင်နော် … ကိုယ့်အလုပ်ကို ကိုယ်လုပ်
ကိုယ့်အလုပ် မဟုတ်ဘဲနဲ့  သူများခိုင်းတာ ၀င်ရှုပ် …
အို့ အို့ ရို့ ရို့  …”
ဆော်ကြမ်းကား သူ ဆူပူရမ်းကား မနာလို၊ တိုရှည်လုပ်သမျှ
ကိုဖိုးခွါးတို့က အဖက်မလုပ်။ အရေးမယူ။
သီချင်း တကျော်ကျော်။ လက်တလှုပ်လှုပ်နှင့်မို့ ကန်းနေသော မျက်စိက ပိုဝါး လာ။ ပင်းနေသော နားများက ပိုပင်းလာကာ …
“
ဟေ့ရောင်တွေ … သွား … ငါ့ကိုယ်ပိုင် ကြော်ညာသင်ပုန်းမှာ
ငါ့ဖာသာထုတ်ချင်တဲ့ ကြေညာချက်တွေ ထုတ်ထားတယ်။ သွားဖတ်ကြ။ မလိုက်နာရင်
ငါဖာသာ တီထွင် ရေးသားထားတဲ့  ဥပဒေအရ အရေးယူမယ်။ ဒါဗြဲ …”
ဟု အော်ဟစ်ကြိမ်းမောင်းရင်း လစ်ပြေးလေသည်။
ဖိုးခွါးတို့ကတော့  အကအခုန်မပျက် အဆိုမပျက်။
“….အိုး ၀ိုး …
မင်း သုံးတဲ့ သင်ပုန်းအစုတ်ဟာ ၀ိုင်ဖိုင်မမိ။
ကျောက်ခေတ်မှာသုံးကြတာ လူတကာသိ
တို့နှလုံးသားကို မင့်အစုတ်ဟာ လာမငြိ …။
အဟိ အဟိ …
မင်းတို့ဟာ အပြောနဲ့ အလုပ်မှာ ကွာ၏
မင်းတို့မှာ မရှိသေးတာ စာနာအသိ …
ကရင်နီနဲ့  ဇိုမီးတို့ကို အသိအမှတ်မပြုတာ စာနာကြည့်
မနာလိုစိတ် ပွထနေတာ တိုင်းသိ ကမ္ဘာသိ…
အို့ ဟိုးးး
တကမ္ဘာလုံးရဲ့ သင်းမြတဲ့ ပန်းသတင်း၊ ၀င်းပတဲ့ပန်းခင်း
ကိုယ့်ဗမာပြည်ရဲ့ မွှေးကြည်တဲ့ ဂုဏ်သတင်း
မင်းတို့ကတော့ ကန်းခြင်းနဲ့အတူ နားပင်း။
သွားစမ်းကွာ ကြွက်တွင်း
ရေ့ရေ့ အိုး အိုး …”
သာဂိကား ဖိုးခွါးတို့အဖွဲ့ရဲ့ တိုက်ကွက်မှာ ရွာလူကြီးဆော်ကြမ်း နားပင်းကိုးကားနဲ့ ဆုတ်ခွာသွား
တာကို ကြည့်ရင်း တခိခိနှင့် သဘောခွေ့နေလေ၏။
ဂျီးဒေါ်ကတော့ သူ့ စီးပွားရေးစိတ်ကူးစိတ်သန်းကြီးကို
အမြန် အကောင်အထည်ဖော်ဖို့ သုတ်ခြေတင်ရန်ပြင်၏။ မတော် ဟိုတနိုင်ငံလုံး စီးပွားရေးအကွက်
မှန်သမျှ လက်ဝါးရော ခြေဖ၀ါးပါ လိုက်အုပ်နေသည့် “ဦးပိုင်” ဆိုတဲ့
အဖိုးကြီးနဲ့  သူ့သား “ခရိုနီ” တို့ ကြားသွားမှဖြင့် ခက်ရချည့်။
အိမ်ပြန်လမ်းတလျှောက် ခပ်သုတ်သုတ် လျှောက်လာရာ တနေရာတွင်
ဦးသာကူးကြီးနဲ့ ဘွားခနဲ ၀င်တိုက်မိခမန်း ဖြစ်သွားသည်။
ဦးသာကူးကြီးကား ထူးဆန်းစွာ … ၀င်တိုးမတတ်ဖြစ်သွားသော ဂျီးဒေါ်ကို မမြင်။ ဂျီးဒေါ် နှုတ်ဆက်သည်ကို မကြား။ လက်ထဲတွင် စာရွက်ကြီး တကားကား။ ပါးစပ်ကလည်း စာရင်းရှင်းတမ်းတခုကို ရေရွတ်လျက်။
“ဟို အသားမဲမဲ အရာကြီးတွေက ခုရက် အထုခံရမှာ ကြောက်လို့ ငွေလာလှူတယ်။ အခမ်းအနားလုပ်ပြီး ကြာဇံချက်ကျွေးတယ်။ ပိုတာတွေကို ဘုန်းကြီးကျောင်းတွေ ချိုင့်နဲ့ ပို့တယ်။ ပိုငွေကို လူငယ် ၅၀ အား ညနေတွင် အရက်တိုက်ပြီး ဂုဏ်ပြုတယ်။ အင်း … ဘာကျန်သေးလဲ။ ဟိုရွာကို ဆိုင်းဘုတ်တခု ၃ သောာင်းနဲ့ ရောင်းထားတာ ဒီစာရင်းနဲ့ မဆိုင် … ထားလိုက်။ အိုကေ။ ပြီးပြီ။ ပါတီ တံဆိပ်ထုလိုက်မယ်။ လာလေရော့ … “ဒုံး”။
လမ်းလည်ခေါင်တွင် ဘေးဘေးဘီဘီကိုမှ မကြည့်၊ စာရွက်ကို မြေပေါ်ချကာ ပါတီတံဆိပ်တုံး ထုနေရှာသော ဦးသာကူးကြီးကို ကြည့်ရင်း၊ သူ့ပါတီအတွက်လည်း စိတ် မသက်မသာ ရှိလှတော့သည်။
ဦးသာကူးကြီးကားဘာမှ မကြား.။ ဘာမှ မမြင် ။ သူလုပ်ချင်ရာ လုပ်ပြီး ခေတ်ကာလနှင့်  အဆက်ပြတ်နေသလို။ အင်း … “ဖော်ပင်လန်မီဒီယာဂဒု”က လူတွေနဲ့ တွေ့လို့ကတော့ ခက်ရချည်ရဲ့လို့ မသက်မသာ တွေးရင်း ဂျီးဒေါ်ဖောက်သည်စာရင်းတွင် ဦးသာကူးကြီးနံမယ်ကိုလည်း အကြီးကြီး သွင်းလိုက်သည်။
အိမ်ရောက်သည်နှင့် မဆိုင်းမတွ သစ်သားပြားပေါ်တွင် မီးသွေးခဲနှင့် ရေးဆွဲကာ လုပ်ငန်းသစ်ကို ဆိုင်းဘုတ် တင်လိုက်လေသည်။
“ဂျီးဒေါ် အင် ကုမ္ပဏီလီမိတက်”
“နားဖာချေး ကလော်သည်။ မျက်ဝတ်သန့်စင်သည်”
“တို့ရွာသားများ နားမျက်စိပွင့်ရန် အာမခံသည်”