Thursday, June 28, 2012

အမေရိကန်ကျန်းမာရေးအာမခံချက်ဥပဒေကို ဗဟိုတရားရုံးက အတည်ပြု

US Health Obama Care Upheld by Supreme Court

 စိန်ခေါ်ခံထားရသည့် အမေရိကန်ကျန်းမာရေးအာမခံချက်ဥပဒေကို ဗဟိုတရားရုံးက အတည်ပြု
မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၂၈၊ ၂၀၁၂
သမ္မတအိုဘားမား၏ နိုင်ငံရေးအောင်မြင်မှုတခုဖြစ်ပြီး အတိုက်အခံ ရစ်ပတ်ဘလစ်ကန်ပါတီ၏ အကြီးမားဆုံး ရှုတ်ချကန့်ကွက်မှုဖြစ်သော ၂၀၁၀ ခုနှစ် အမေရိကန်သားများ ကျန်းမာရေး စောင့်ရှောက်မှု သက်သာချောင်ချိရေး ဥပဒေပြဌာန်းနိုင်ခြင်းကို ပြည်နယ်ပေါင်း ၂၆ ခုက ကန့်ကွက်သဖြင့် ဗဟိုတရားရုံးချုပ်က အစိုးရနှင့် ပြည်နယ်များ ရှေ့နေချုပ်များအကြား ကြားနားခဲ့ရာ ယနေ့ မနက်ခင်းက ဗဟိုတရားရုံးချုပ် (Supreme Court) တရားသူကြီးများက ၅ မဲ ၄ မဲဖြင့် ဥပဒေကို အခြေခံဥပဒေနှင့် ကိုက်ညီကြောင်း အဆုံးအဖြတ်ပေးလိုက်သည်။
အတိုက်အခံပြုနေသော ပြည်နယ်များက ကန့်ကွက်သည့် အချက်များဖြစ်သည့် နိုင်ငံတော်သည် ပြည်သူကို ကျန်းမာရေးအာမခံ မ၀ယ်မနေရ ပြဋ္ဌာန်းခွင့်၊ မ၀ယ်က ဒါဏ်ငွေ ချမှတ်ခွင့် ရှိသည်ဆိုသော အချက်ကို ဗဟိုတရားသူကြီးများက ဆုံးဖြတ်ရာတွင် နိုင်ငံတော်သည် ပြည်သူတို့အပေါ်တွင် အခွန်ကောက်ခံနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါအခြေခံဥပဒေအရ ဒဏ်ငွေဆောင်ခိုင်းခြင်းထက် အခွန်ဆောင်ခိုင်းခြင်း သဘောအရ တရားဝင်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ကျန်းမာရေးအာမခံ မ၀ယ်နိုင်သူများကို ပြည်နယ်များက ကျန်းမာရေးကူညီမှု (Medicaid) ဖြင့် တိုးချဲ့ကာကွယ်ပေးရန် ပြည်နယ်အစိုးရများမှာ တာဝန်ရှိသည်ဆိုသည့် အချက်ကိုမူ မဖြစ်မနေထက် လုပ်ချင်မှ လုပ်ရန် ပြည်နယ်အစိုးရတို့မှာ တာဝန်ရှိသည်ဟု သဘောထားပေးလိုက်သည်။
ထိုသို့ သမ္မတအိုဘားမားနှင့် ၂၀၁၀ လွှတ်တော်တို့က အတည်ပြုခဲ့သော ကျန်းမာရေးအာမခံချက်ဥပဒေကို ဗဟိုတရားရုံးချုပ်က အခြေခံဥပဒေနှင့် ညီကြောင်း ဆုံးဖြတ်ပေးလိုက်သည့်အတွက် ရှေ့အနာဂတ် အမေရိကန်ပြည်၏ ကျန်းမာရေး ၀န်ဆောင်မှုနှင့် စောင့်ရှောက်မှု လုပ်ငန်းများ ပုံသဏ္ဍန်များ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။ အမေရိကန်၏ သန်း ၃၁၀ သော လူဦးရေတွင် သန်း ၅၀ မှာ ကျန်းမာရေးစောင့်ရှောက်မှု အာမခံ မရှိရာမှ အဆိုပါဥပဒေကြောင့် လူ သန်း ၃၀ ခန့်ကို အကာအကွယ်ပေးနိုင်တော့မည် ဖြစ်သည်။ ထို့အပြင် ကျန်းမာရေးဝန်ဆောင်မှု အာမခံရောင်းချသည့် လုပ်ငန်းများက ရောဂါအခြေအနေနှင့် ကျန်းမာရေးအပေါ်မူတည်ပြီး အာမခံဈေးကစားခြင်း၊ ငြင်းပယ်ခြင်းများကို နောင်တွင် မကျုးလွန်နိုင်အောင် အဆိုပါဥပဒေက ကာကွယ်ပေးမည် ဖြစ်သည်။
အိုဘားမား၏ ကျန်းမာရေးအာမခံချက် ဥပဒေကို လူငယ်များ၊ မိသားစုများ၊ လူဆင်းရဲများ၊ လူလတ်တန်းစားများ၊ ပညာတတ်များက အများအားဖြင့် ထောက်ခံကြပြီး၊ အရင်းရှင်ကြီးများ၊ ကျန်းမာရေးလုပ်ငန်းရှင်များ၊ မြို့ပြနှင့် နီးစပ်ပြီး မနေထိုင်သူများ၊ ရှေးရိုးစွဲများ၊ ကျေးလက်တောရွာက လူအများက ရီပတ်ဘလစ်ကန်ပါတီနှင့် နည်းတူ ကန့်ကွက် ရှုတ်ချကြသည်။ ကျန်းမာရေး စောင့်ရှောက်မှုမှာ မိမိ၏ အခွင့်အရေး၊ မိမိထိုက် မိမိကံ ဖြစ်ပြီး ဘယ်သူကမှ အစိုးရအပါအ၀င် ကာကွယ် စောင့်ရှောက်ပေးရန် မလိုကြောင်း၊ လူ့အခွင့်အရေးကို ထိခိုက်ကြောင်း၊ မိမိငွေကြေးကို ထိခိုက်ကြောင်း ပြန်လည် တုန့်ပြန် ငြင်းချက်ထုတ်ကြသည်။ သို့သော်လည်း အချမ်းသာဆုံး ကမ္ဘာနိုင်ငံများတွင် အမေရိကန်ပြည်သည် ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသမှုစာရိတ် အကြီးမားဆုံးဖြစ်ပြီး၊ ပြည်သူများအပေါ် အကာအကွယ်ပေးမှု အဆင်းရဲဆုံးတိုင်းပြည်ဖြစ်သည်။
လက်ရှိ သမ္မတလောင်း ပြိုင်ဖက် မစ်ရော်မ္မနီနှင့် အတိုက်အခံ ပါတီနှင့် အမတ်များကတော့ သူတို့ ရွေးကောက်ပွဲနိုင်လျင် အဆိုပါ ကျန်းမာရေးဥပဒေကို အယူခံဝင်ပြီး ပယ်ဖျက်ပစ်မည်ဟု ဆက်လက် ရာဇသံပေးလျက်ရှိသည်။ အိုဘားမားကမူ မိမိတို့ တိုင်းပြည်နှင့် ပြည်သူတို့အတွက် အကောင်းဆုံးကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တရားရုံးကလည်း ဆုံးဖြတ်ပေးပြီး ဖြစ်ကြောင်း၊ နောက်ပြန်မလှည့်ကြဖို့နှင့် ရှေ့သို့ ချီတက်ကြဖို့ မိန့်ကြားသွားသည်။
"ကျနော်တို့က မြန်မာပြည်က လာတာဆိုတော့ ကိုယ့်ဖာသာကိုယ် ကျန်းမာအောင်နေတာပဲ။ မကျန်းမာရင် ဆေးရုံ ဆေးခန်းသွားပြရင် ဈေးအရမ်းကြီးတယ် ဆိုတာ သိတယ်။ ကိုယ့်အလုပ်က ၀ယ်ပေးထားတဲ့ medical insurace ဆိုတာနဲ့ အဆင်ပြေတယ်လို့တော့ ထင်တာပဲ။ သိပ်မသိပါဘူး"
ဟု နယူးယောက်ပြည်နယ်က မိုးမခပရိသတ်တဦးက ပြောသည်။

No comments: