Monday, June 25, 2012

ရခိုင်မှာ ကပ်ပိုဆိုက်မည်ဟု ကုလသမဂ္ဂ သတိပေး

ဘင်္ဂလားဒေ့ရှ်သို့ ခိုလှုံရန် နယ်ခြား နတ်ဖ်မြစ်ကို ဖြတ်ကူးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေ (ဓာတ်ပုံ – Reuters)
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေးနှင့် ဘာသာရေး မငြိမ်သက်မှုများကြောင့် ပိုမိုဒုက္ခရောက်နေကြပြီ ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က ပြောကြားသည်။
“ကလေးတွေ၊ မိန်းမတွေ၊ လူအိုတွေနဲ့ လူအတော်များများ လမ်းမတွေပေါ် အိပ်နေကြရတယ်။ တာပေါ်လင်စတွေ၊ ခြင်ထောင်တွေ၊ စောင်တွေ အကြီးအကျယ် လိုနေတာ စစ်တွေမှာ ရှိတဲ့ နှစ်ဘက်စလုံးရဲ့ ဒုက္ခသည်စခန်းတွေကို သွားခဲ့တဲ့ ကျနော်တို့ရုံး ဝန်ထမ်း တွေ က တွေ့ခဲ့ပါတယ်”ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ အန်ဒရီယန် အက်ဝဒ်က ပြီးခဲ့သည့်အပတ် ဂျနီဗာမြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့သွားရသူများ၊ ကြောက်လန့်ပြီး အိုးအိမ်စွန့်ပြေးရသူများ အပါအဝင် ဒုက္ခရောက်ရသူပေါင်း ၉ သောင်းရှိသည်ဟု UNHCR က ခန့်မှန်းတွက်ချက်ထားပြီး ယာယီစခန်းများနှင့် ဘုန်းကြီးကျောင်းများ အပါအ၀င် နေရာပေါင်း ၇၀ တွင် ခိုလှုံနေကြရသည်ဟုလည်း ဆိုသည်။
အကြမ်းဖက်မှုနှင့် တင်းမာမှုများကို လျှော့ချထိန်းချုပ်ရေးအတွက် မြန်မာ လုံခြုံရေးတပ်ဖွဲ့များက အမြန်ဆုံး ကြိုးစားဆောင်ရွက်ပေး ရန်လည်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ဇွန်လ ၁၃ ရက်နေ့တွင် ပြောဆိုခဲ့သေးသည်။
“လုံခြုံရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာလည်း ဘက်မလိုက်ဖို့၊ လူ့ အခွင့်အရေးဆိုင်ရာ အဆင့်အတန်းမီဖို့၊ တရားဥပဒေဘောင် ထဲက ကိုင်တွယ်ဖို့၊ နှစ်ဘက် အညီအမျှ ဖြစ်စေဖို့ ၊ မျက်နှာမရွေးဖို့ လိုပါတယ်”ဟု ကင်တာနာ က ဆိုသည်။
နှစ်ဘက် အပြန်အလှန် အကြမ်းဖက်မှုများ ပျံ့ပွားလာပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ၎င်းနောက်တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့(UN) က ရခိုင်ပြည်နယ်အတွင်းရှိ ၎င်း၏ ၀န်ထမ်းများကို လုံခြုံရေး စိတ်ချရာသို့ ထွက်ခွာခိုင်းခဲ့သည်။
ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ကလ္လကတ္တား မြို့ရှိ မြန်မာ ကောင်စစ်ဝန် ရုံးရှေ့တွင် အိန္ဒိယ အစ္စလမ် ကျောင်းသားများ အဖွဲ့နှင့် မွတ် စလင် အခြေပြု နိုင်ငံရေးအဖွဲ့များက ရိုဟင်ဂျာများ အရေး ဆန္ဒပြ ကန့်ကွက်ခဲ့ရာ မွတ်စလင် ရိုဟင်ဂျာများသည် မြန်မာ နိုင်ငံ သားများဖြစ်ပြီး ယခု ဒုက္ခအကြီးအကျယ် ရောက်နေကြောင်း ပြောဆိုကြသည်။
အကြမ်းဖက်မှုများမှ ဝေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခိုလှုံရန် ကြိုးစားသူများကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဝင်ခွင့် မပေးဘဲ နယ်စပ်ကို ပိတ်ထားသဖြင့် ဒုက္ခရောက်ရကြောင်း ၎င်းတို့က ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရကမူ ခိုလှုံလာသူများသည် မြန်မာနိုင်ငံသားများသာဖြစ်၍ နေရင်းရပ်ရွာများတွင် ငြိမ်းချမ်းစွာ ပြန်လည် နေ ထိုင်ရန်ကို အလိုရှိကြောင်း ပြောဆိုသည်။
“သူတို့ဟာ မြန်မာနိုင်ငံသားတွေပါ။ သူတို့ရဲ့မွေးရာပါ အခွင့်အရေးတွေကို အသိအမှတ်မပြုတာမျိုး နိုင်ငံတကာ မိသားစု အနေနဲ့ မပြောဆိုသင့်ဘူး”ဟု ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာ ဝန်ကြီး ရှာဖစ် အာမဒ် က ပြောကြောင်း Gulf Time သတင်းစာက ဆိုသည်။
ဒုက္ခသည်များ ဝင်ရောက်လာနိုင်ရေးအတွက် နယ်စပ် ဖွင့်ပေးရန် ဘင်္ဂလားဒေ့ရှ် အား တောင်းဆိုနေခြင်းထက် မြန်မာ နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်နေမှုများ ရပ်ဆိုင်းသွားရေးကို နိုင်ငံတကာက ပိုအာရုံပြုသင့်ကြောင်း ယခင်အပတ်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရ က ပြောဆိုခဲ့သည်။
UNHCR နှင့် အမေရိကန် ပြည်ထောင်စုက ဒုက္ခသည်များ ဝင်ရောက်ခွင့်ပြုရေး နယ်စပ်ကိုဖွင့်ပေးရန် ဘဂ်လားဒေ့ရှ်အစိုးရအား မကြာ သေးခင်က တောင်းဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရက လက်ရှိ ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည် ၄ သိန်း လက်ခံ ထားရသည့် အတွက် ထပ်မံ လက်မခံ လိုတော့ကြောင်း ပြောဆိုသည်။
မလေးရှားအခြေစိုက် အင်တာနက် သတင်းဌာန ဖြစ်သည့် မလေးရှားကီနီ သတင်းတပုဒ်၏ ဖော်ပြချက်အရလည်း မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်န၀ါ အီဗရာဟင်က မွတ်စလင် ရိုဟင်ဂျာများအပေါ် မည်သို့ ပြုမူ ဆက်ဆံသည် ဆိုသည်မှာ မြန်မာ တို့၏ ယဉ်ကျေးမှု အဆင့်အတန်း ပြယုဂ် ဖြစ်လိမ့်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။
“ပါလက်စတိုင်းတွေ ဒုက္ခခံနေရသလို ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး မြန်မာပြည်က ထွက်ပြေးနေရတယ်”ဟု အန်န၀ါ အီဗရာဟင်က ပြောဆိုသည်။

စစ်တွေ ကယ်ဆယ်ရေးစခန်းများတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စု စိစစ်

 
ဘင်္ဂလားဒေ့ရှ် နိုင်ငံ တာ့ခ်နာဖ်(Teknaf) ဒုက္ခသည်စခန်းတွင် မြန်မာနိုင်ငံဘက်မှ ရောက်ရှိနေသော ရိုဟင်ဂျာ များကို ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဓာတ်ပုံ – Reuters)
ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်ရှိ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းများတွင် ပြည်နယ်အစိုးရနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ (လဝက) တို့ပူးပေါင်းကာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များ စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
“အိမ်ထောင်စုစာရင်းရော မှတ်ပုံတင်ရော စစ်တာပါ၊ ဒီလူတွေကို စိစစ်ပြီးပြန်သွင်းရမယ့်အခါကြတော့ သေချာအောင် အဲဒီ အတွက် စစ်တာပါ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မရှိတဲ့လူတွေကိုတော့ လဝက အဖွဲ့က သူ့တို့ ဥပဒေအတိုင်း သူတို့ လုပ်မှာပါ”ဟု ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီသို့ ပြောသည်။
ယခုလဆန်းပိုင်းက စစ်တွေမြို့ပေါ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် မြို့ပေါ်ရှိ ဘင်္ဂါလီ များအား ၎င်းတို့အတွက် မြို့ပြင်တွင် သီးသန့်ပြုလုပ်ပေးထားသော သဲချောင်းနှင့် သက်ကယ်ပြင် ကျေးရွာများရှိ ဒုက္ခသည် စခန်းများကို ဒေသဆိုင်ရာ အာ ဏာ ပိုင်များက ပို့ဆောင်ပေးခဲ့သည်။ ထိုစခန်းများတွင် စုစုပေါင်း ဒုက္ခသည် ၃ သောင်းကျော်ရှိကြောင်း သိရသည်။
အလားတူ မကြာမီရက်ပိုင်းအတွင်းကလည်း စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီလူမျိုးများ နေထိုင်ရာအိမ်များကို အာ ဏာ ပိုင်များက အိမ်ထောင်စုစာရင်းများ ဝင်ရောက်စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ဘင်္ဂါလီများကို မြို့ပြင်ရှိ စခန်းများသို့ ခေါ်ဆောင်သွားကြောင်း စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးအောင်မြကျော် က ပြောပြ သည်။
“ဒီစစ်တွေမြို့ပေါ် သူတို့နေတဲ့ ရပ်ကွက်က အိမ်တွေမှာဆို အိမ်ရှင်မဟုတ်ဘဲ ဧည့်သည်အဖြစ်နဲ့ ဟိုက၊ ဒီကနေလာပြီး စုနေတဲ့ လူ တွေ အများကြီးရှိတယ်၊ ကျနော်တို့ သိတဲ့ အိမ်တအိမ်မှာဆိုရင်တောင် တအိမ်တည်း လူ ၇၀ လောက်ကို ရှိနေတာ၊ မြို့ပေါ်မှာ မီးရှို့တာ၊ အကြမ်းဖက်တာတွေဖြစ်တော့ အစိုးရက စစ်လို့ဆေးလို့ မရတော့တဲ့ အတွက်ကြောင့် အိမ်ထောင်စု စာရင်းတွေစစ်ပြီး အထောက် အထား မရှိတဲ့လူတွေကို ဒုက္ခသည်စခန်းတွေကို ပို့တာပေါ့”ဟု ဦးအောင်မြကျော် က ပြောသည်။
ရခိုင်ပြည်နယ် အခြေစိုက် မြန်မာ မွတ်စလင် အိုလမာ အဖွဲ့ချုပ် တာဝန်ရှိသူ ဦးစိန်ဝင်းကလည်း“ဆွေမျိုးသားချင်းတွေ၊ အိမ်နီးနားချင်း တွေ အိမ်ကိုရောက်နေတဲ့ လူတွေကို ပြောင်းရွှေ့ပြီးတော့ တပ်က ပို့ပေးနေတယ်လို့ သတင်းရပါတယ်”ဟု ဧရာဝတီသို့ ပြော သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေးအဖွဲ့ကြီးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီယာ လာရောက်စဉ် တွေ့ဆုံခဲ့ကြပြီးနောက် ရခိုင်ပြည်နယ် ဒုက္ခသည်များ ပံ့ပိုးကူညီရေး ကော်မတီ အဖွဲ့ ကို ဖွဲ့စည်းခဲ့သည်။
ထိုအဖွဲ့က ဒုက္ခသည်စခန်းများကို ဆေးဝါး၊ အဝတ်အထည်၊ စားသောက်ကုန်နှင့် ဆန်များ သွားရောက် လှူဒါန်းပေးရန် အဆင်သင့်ဖြစ် နေပြီဖြစ်ကြောင်း အစိုးရ၏ ခွင့်ပြုချက်ရသည်နှင့် ဒုက္ခသည်များထံ တိုက်ရိုက် သွားလှူမည်ဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့လည်း အလှူငွေတွေစုပြီးတော့ အားလုံးကို သွားပြီးလှူဒါန်းဖို့ ရှိပါတယ်။ မွတ်စလင် ဒုက္ခသည် အရေအတွက်ကတော့ အတိအကျ ကျနော်တို့ဆီကို သတင်းမရောက်သေးပါဘူး ခင်ဗျ”ဟု ရခိုင်ပြည်နယ် ဒုက္ခသည်များ ပံ့ပိုးကူညီရေး ကော်မတီ အဖွဲ့ အတွင်းရေးမှူး ဦးကိုကိုလတ် က ပြောသည်။
အကြမ်းဖက်မှုများကြောင့် ထွက်ပြေးခိုလှုံနေရသူ ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ပြောဆို သော် လည်း ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့(WFP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တို့က စုစုပေါင်း ဒုက္ခသည် ဦးရေ ၉၀၀၀၀ ခန့် ရှိကြောင်း စာရင်း ဖော်ပြခဲ့သည်။
ဇွန်လ ၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း သေဆုံးသူ စုစုပေါင်း ၆၂ ဦးရှိသွားပြီဖြစ်ပြီး အများစုမှာ ရခိုင်လူမျိုးများဖြစ်ကြသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။


ရခိုင်ဒေသ ဆန်စပါး စိုက်ပျိုးရေး အခက်အခဲကြုံနေ





ရခိုင်ပြည်နယ်၏ ပဋိပက္ခဖြစ်ပွားခဲ့သည့် မြို့နယ်များမှ ဒေသခံ တိုင်းရင်းသား လယ်သမားများသည် လုံခြုံရေး အခြေအနေကြောင့် လယ်ယာလုပ်ငန်းခွင် ၀င်ရောက်ရန် အခက်အခဲများနှင့် ကြုံနေရကြောင်း သိရသည်။
စပါးစိုက် တောင်သူတဦး (ဓာတ်ပုံ – ဧရာဝတီ)
အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒေသများမှ မီးရှို့ခံခဲ့ရသည့် ကျေးရွာများမှ လယ် သမားများသည် လယ်ယာလုပ်ငန်းခွင်သို့ မသွားရဲကြကြောင်း၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် ကျွဲ၊ နွားများ၊ မျိုးစပါးများ မရှိ တော့ကြောင်း ဒေသခံလယ်သမားများ က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် ပြန်ကြားရေးအဖွဲ တာဝန်ခံ ဦးဝင်းမြိုင်က  လယ်သမားများ လယ်ယာလုပ်ငန်းခွင် လုံခြုံစိတ်ချစွာ ၀င်ရောက်နိုင်ရေးအတွက် လုံခြုံရေးများထားပေးရန် စီစဉ်နေကြောင်း ဧရာဝတီ ကို ပြောသည်။
“လုံခြုံရေးတာဝန် ယူပေးဖို့ ရှိပါတယ်၊ ကျွဲ၊ နွားတွေ မရှိတော့တဲ့အတွက် လယ်ထွန်စက် ၈ စီး စစ်တွေကို မနက်ဖြန်ရောက်လာ ဖို့ရှိပါတယ်”ဟု ဦးဝင်းမြိုင်က ဆိုသည်။
လုံခြုံရေး အဖွဲ့များ ချပေးမည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောဆိုထားသော်လည်း အတိအကျ မသိရသေးကြောင်း၊ ယခုအချိန်သည် ပုံမှန်စပါးစိုက်ပျိုးရာသီထက် ရက်ပေါင်း ၂၀ ၀န်းကျင် နောက်ကျနေပြီဖြစ်ကြောင်း၊ ရခိုင်ဒေသသည် မိုးရေ ဖြင့် သာ စပါးစိုက်ပျိုးသည့်ဒေသ ဖြစ်၍ စပါးများ အချိန်မီ မစိုက်ရမည်ကို စိုးရိမ်နေကြောင်း ဒေသခံများ က ပြောသည်။
“မျိုးစပါးတွေ မီးထဲအကုန်ပါသွားတော့ မျိုးစပါးနဲ့ လယ်ထွန်ဖို့ ကျွဲ၊ နွားတွေ အဓိက လိုအပ်နေပါတယ်၊ အိမ်တွေကိုတော့ အစိုး  ရ က ဆောက်ပေးမယ် ပြောထားပါတယ်”ဟု မောင်တော ဒေသခံ လယ်သမား တဦးက ပြောသည်။
ရခိုင်ပြည်နယ်၌ နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားအများစု၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာလည်း လယ်ယာ လုပ်ငန်း ဖြစ်သည်။
ဒေသခံများ၏ ကျွဲ၊ နွားများသည် အကြမ်းဖက်သူများ၏ သတ်ဖြတ်ခံရခြင်း၊ ခိုးယူခံရခြင်း တို့အပြင် မီးဘေးမှ လွတ်ရာသို့ ထွက် ပြေးခြင်းကြောင့် ပျောက်ဆုံးသွားခြင်းတို့ ရှိကြောင်း၊ ပျောက်ဆုံးနေသော ကျွဲ၊ နွားများကို ပြန်လည်ရှာဖွေ၍ မတွေ့သေးကြောင်း မောင်တော ဒေသခံ က ဆက်ပြောသည်။
မောင်တောမြို့နယ်၌ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရသည့် ကျေးရွာ ၁၀ ရွာ ကျော်ရှိပြီး နေအိမ်တချို့ ကျန်ရှိသည့် ကျေးရွာ ၁၀ ရွာခန့် ရှိကြောင်း၊ ထိုကျေးရွာများမှ မီးဘေးဒုက္ခသည်များအား မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများရှိ ဒုက္ခသည် စခန်းများ၌ စောင့်ရှောက် ထားဆဲ ဖြစ်ကြောင်း မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ သံဃာတော် တပါး က မိန့်ကြားသည်။
“သရေကုန်ဘောင်ရွာမှာ မီးမလောင်တဲ့အိမ် ၁၀ အိမ်လောက်ကျန်တယ်၊ ဒီတော့ အဲဒီရွာက အမျိုးသား ၁၆ ဦးကို နွားတွေ ပြန် ရှာဖို့၊ လယ်တွေ လုပ်ကိုင်ဖို့ ရွာကို ပြန်လွှတ်လိုက်တယ်၊ အမျိုးသမီးတွေနဲ့ ကလေးတွေကိုတော့ လုံခြုံရေးအရ ကျောင်းမှာပဲ စောင့်ရှောက် ပေးထားတယ်”ဟု အဆိုပါ သံဃာတော်က မိန့်သည်။
လုံခြုံရေးအခြေအနေ ကောင်းမွန်သည်ဟု ယူဆရသည့် ကျေးရွာတချို့မှ မိသားစုများကိုမူ ၎င်းတို့ရွာကို ပြန်လွှတ်လိုက်သည် ဟု သိရသည်။
မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်များမှ ဒေသခံတိုင်းရင်းသား ၈၀ ရာခိုင်နှုန်းသည် လယ်ယာ လုပ်ငန်းလုပ် ကိုင်ကြကြောင်း၊ ထိုကြောင့် လုပ်ယာလုပ်ငန်းများ အချိန်မီ မလုပ်ကိုင်နိုင်ပါက လာမည့်နှစ်တွင် ဆန်စပါးရှားပါးမှု အပြင် မိသား စု စားဝတ်နေရေး၊ သားသမီးများ၏ ပညာရေးကိုပါ ထိခိုက်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
“ကျနော်တို့ဒေသက မိုးရေရှိမှ စပါးစိုက်လို့ရတဲ့ ဒေသပါ၊ ဒီတော့ အချိန်မီ လယ်စိုက်ပျိုးနိုင်ဖို့ လယ်ထွန်စက်တွေ အချိန်မီရမယ်
ဆိုရင်တော့ အတန်အသင့် အဆင်ပြေနိုင်မှာပါ၊ ဒီရက်ပိုင်း အတွင်း လယ်မထွန်ရတော့ဘူးဆိုရင် စပါးအထွက်နှုန်းက သိသိ သာသာ လျော့ကျသွားနိုင်တယ်”ဟု ရသေ့တောင် ဒေသခံ ဦးလှမြင့် က ပြောသည်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ စသည့်ဒေသများ၌ ကျေးရွာ အများအပြား မီးရှို့ခံခဲ့ရပြီး ဒုက္ခသည်ပေါင်း ၉၀၀၀၀ ၀န်းကျင်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့ (WFP) က ဆိုထားသည်။
ထို ရခိုင်ဒေသတွင်း အဓိကရုဏ်းများကြောင့် လူ ၈၀ ကျော်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအရာရှိ တ ဦး ကို ကိုးကား၍ AFP သတင်း က ဖော်ပြသည်။

No comments: