Monday, June 25, 2012

မြစ်ကြီးနားမြို့သီတာရပ်ကွက်တွင် ရေကြီးရေလျှံ နေ



မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်သည် ယနေ့ စံချိန်တင် ရေကြီးမှု ဖြစ်ပေါ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ နစ်မြုပ်ခဲ့ကြောင်း ယင်းမြို့ဒေသခံတို့က The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

“တစ်နာရီကို တစ်ပေနှုန်း ရေတက်နေတယ်” ဟု မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဒေသခံ တစ်ဦးက ဆက်သွယ် ပြောကြားသည်။

ဧရာဝတီ မြစ်ရေသည် ယမန့်နေ့ (ဇွန်လ ၂၄ ရက်နေ့ ) ည ၁၀ နာရီခန့်တွင် ရေတဖြည်းဖြည်း မြင့်တက်လာခြင်း ဖြစ်ပြီး ယနေ့ ညနေပိုင်းတွင် မြိုသစ်ကြီး၊ စီတာပူ၊ အေးစေတီ၊ ကျွန်းပင်သာ၊ အလယ်ကုန်း ရပ်ကွက်နှင့် ရှမ်းရွာ၊ ဇီးလွန် ကျေးရွာတို့တွင် နေအိမ်အတွင်းသို့ ရေများ ဝင်ရောက်နေပြီ ဖြစ်ကြောင်း၊ မြစ်ကြီးနား မြို့ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

ဝိုင်းမော်မြို့ အနိမ့်ပိုင်း ရပ်ကွက်များတွင်လည်း နေအိမ်အတွင်းသို့ ရေများ ဝင်ရောက်လျက် ရှိပြီး လူကြီး တစ်ယောက်၏ ရင်ဘတ်ခန့်အထိ ရေဝင်ရောက် နေကြောင်း ဒေသခံတစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ဧရာဝတီ မြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၁၁၁၂ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေ အမှတ် ၁၂၀၀ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်းနှင့် မြစ်ကြီးနားမြို့တွင် ၂၄ နာရီအတွင်း ၂၇၉ စင်တီမီတာ (၉ ပေခန့်) မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနက ပြောကြားသည်။

ကျွန်းပင်သာ ရပ်ကွက်ရှိ လုပ်ငန်းရှင် တစ်ဦးက “ဇီးလွန်ဘက်က အိမ်တွေတော့အထုတ်အပိုးတွေ အကုန် ရွှေ့ထားပြီးပါပြီ။ အသက်အန္တရာယ် အတွက် စိုးရိမ်ရတဲ့ အနေအထား မရှိသေးပါဘူး” ဆိုသည်။

မြစ်ကြီးနားမြို့တွင် ၂၀၀၄ ခုနှစ်တွင် စံချိန်တင် ရေကြီးမှု ဖြစ်ပွားခဲ့ ပြီးသည့်နောက် ၈ နှစ်အကြာတွင် ထပ်မံ ရေကြီးခြင်း ဖြစ်သည်။
 
 
(မြစ်ကြီနားမြို့ သီတာရပ်ကွက်တွင် ရေကြီးရေလျှံ နေသည်ကို တွေ့ရစဉ် - Photo Courtesy :Ethnic of burma Facebook )

No comments: