Friday, June 22, 2012

လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ပုဒ်မ ၅၀၅(ခ)၊ (ဂ) တို့ဖြင့် တရားစွဲခံရ


လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ပုဒ်မ ၅၀၅(ခ)၊ (ဂ) တို့ဖြင့် တရားစွဲခံရ

ရန်ကုန်၊ ဇွန် ၂၂

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်သည့် သတင်းဖော်ပြချက်ကြောင့် ပြန်ကြားရေး ဝန်ကြီးဌာန စည်းမျဉ်း အရ ဂျာနယ်ထုတ်ဝေခွင့် ယာယီရပ်နားခံထားရသော လျှပ်တစ်ပြက် သတင်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို ပုဒ်မ ၅၀၅ (ခ) ၊ (ဂ) တို့ဖြင့် တရားစွဲဆိုသည့် သမ္မန်စာ လက်ခံရရှိထားကြောင်း ဦးမြတ်ခိုင်က အတည်ပြု ပြောကြားသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍The Voice Weekly က လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ထံ အတည်ပြု ဆက်သွယ်မေးမြန်းခဲ့ရာ ပုဇွန်တောင်မြို့နယ်တရားရုံးက ဇွန်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် သမ္မန်စာပေးပို့ထားပြီး ဇွန်လ ၂၅ ရက်နေ့တွင် တရားရုံးသို့ လူကိုယ်တိုင်လာရောက်ရန် ယင်းသမ္မန်စာတွင် ပါဝင်ကြောင်း ပြန်လည်ဖြေကြားသည်။

''စွဲထားတဲ့ပုဒ်မက ၅၀၅ (ခ) နဲ့(ဂ) ပါ။ အမှုအမှတ်စဉ်က ၁၈၈ ပါ''ဟု လျှပ်တစ်ပြက်ဂျာနယ်အယ်ဒီတာချုပ်က ပြောကြားသည်။
ယခုတရားစွဲဆိုမှုကို မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကတရားစွဲဆိုသည်ကိုမူ မသိရသေးကြောင်း ဦးမြတ်ခိုင်ကဆိုသည်။

အဆိုပါကိစ္စကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဇွန်လ ၂၂ ရက်နေ့နေ့လယ်ပိုင်းက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားမည့်သူ မရှိကြောင်း ပြန်လည်ပြောကြားသည်။

''ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်လာစေရန် တစ်စုံ တစ်ယောက်က ပြုလုပ်လာတယ်၊ လှုံ့ဆော်လာတယ်ဆိုရင် လူတစ်စုက ထိတ်လန့်စရာ တုန်လှုပ်စရာ အကြောင်းခြင်းရာတွေ ပေါ်ပေါက် ပြီးတော့ ဖြစ်လာ နိုင်တဲ့အကြောင်းအရာတွေဆိုရင် ၅၀၅(ခ)နဲ့ စွဲဆိုနိုင်ပါတယ်။ နောက်တစ်ခုကျတော့ ၅၀၅ (ဂ) လူအမျိုးအစားအချင်းချင်းဖြစ်စေ၊ တစ်ဖက်နဲ့တစ်ဖက်ပြစ်မှု ကျူးလွန်ချင်လာအောင် လှုံ့ဆော်တဲ့အကြံရှိလို့ရှိရင် ဒါမှမဟုတ် လှုံ့ဆော်ခြင်းကို ဖြစ်စေတန်တဲ့အကြောင်းရှိရင်အဲဒီလူကို ၅၀၅ (ဂ) နဲ့ အရေးယူလို့ရတယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ပဋိပက္ခဖြစ်လာဖို့ အသွင်ဆောင်မှုဆိုတော့ အဲဒီအကြံရှိ မရှိ အရေးကြီးတဲ့အချက်ပဲ။
နိုင်ငံတော်လုံခြုံရေးကို ထိခိုက်အောင်၊လူတစ်စုချင်းစီတိုက်ခိုက်ကြအောင် လုပ်ချင်တဲ့အကြံရှိမှ ၅၀၅ (ခ) နဲ့ တရားစွဲလို့ရတယ်'' ဟု ဥပဒေအတိုင်ပင်ခံရှေ့နေဦးအောင်သိန်းက ရှင်းပြသည်။

အဆိုပါအမှုမှာအများဆုံး ထောင်ဒဏ် ၂ နှစ်ထိချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ငွေဒဏ်ထောင်ဒဏ်ပေါင်းပြီးလည်း ချမှတ်နိုင်ကြောင်း ၎င်းကရှင်းပြသည်။

''အဓိကကတော့ ကင်းလွတ်ချက်ပေးထားတာရှိတယ်။ အဲဒါက လူတစ်ဦးတစ်ယောက်နဲ့ပတ်သက်ပြီးတော့ ဖော်ပြချက်ကိုပဲဖြစ်စေ ကောလာဟလဖြစ်စေသော သတင်းကိုပဲဖြစ်စေ အဲဒီလိုလုပ်တဲ့အခါ ဒါမှမဟုတ် ထုတ်ပြန်ကြေညာတဲ့အခါမှာ သို့မဟုတ် ဖြန့်ချိတဲ့အခါမှာ စောစော ကပြောသလို ကောလာဟလ သို့မဟုတ် သတင်းသည် မှန်ကန်တယ်လို့ သူ့ဘက်က ခိုင်လုံတဲ့အကြောင်းယုံကြည်တယ်ဆိုရင် နောက်တစ်ခုက နိုင်ငံတော်လုံခြုံရေးထိခိုက်အောင်နဲ့ လူမျိုးအချင်းချင်း သတ်ဖြတ်တာ မျိုးဖြစ်အောင် အကြံမရှိဘူးဆိုရင် သတင်းထုတ်ချက်၊ ဖြန့်ချိချက်ဟာ ဒီဥပဒေ ပုဒ်မမမြောက်ပါဘူး ဆိုတာ ဖော်ပြထားတယ်။ အဲဒီကင်းလွတ်ချက်ကို အဓိကစစ်ချက်ယူသင့်ပါတယ်။ အဲဒါကို ဝင်အောင်တော့ စစ်ကြဆေးကြတာကြီးပဲ''ဟု ၎င်းကဆက်လက်ရှင်းပြသည်။

၅၀၅ (ခ) နှင့် တရားစွဲပါက အာမခံပေးလေ့ ပေးထမရှိကြောင်း အာမခံလျှောက်ရာတွင် မိန်းမများ၊ သက်ကြီးရွယ်အိုကြီးများ၊ ကျန်းမာရေးချို့တဲ့သူများဖြစ်မည်ဆိုပါက ဆေးစာနှင့် အာမခံ တင်ပါကတရားရုံးကပေးလျှင်ပေး၍ ရကြောင်းဟု၎င်းကဆိုသည်။

''သမားရိုးကျအနေနဲ့ အာမခံလျှောက်ရင်ပေးလေ့ပေးထမရှိဘူး။ အထူးတလည်ကိစ္စပေါ်မှသာလျှင် ပေးလေ့ပေးထရှိပါတယ်'' ဟု ၎င်းကဆက်လက်ရှင်းပြသည်။

''ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ စတုတ္ထမဏ္ဍိုင် မီဒီယာ သမားတွေကို အစိုးရ အုပ်ချုပ်ရေး အဖွဲ့တွေကတရားစွဲတဲ့ဖြစ်ရပ်မျိုးကို မဖြစ်စေချင်ဘူး၊ စည်းရုံးရေးနည်းနဲ့ပဲ ဖြေရှင်းစေချင်ပါတယ်။

သတင်းမီဒီယာသမားတွေရဲ့ အချိန်တွေကို လုပ်ငန်းခွင်မှာ မသုံးရဘဲ တရားရုံးက ဝက်ခြံလေးထဲမှာရောက်နေတာကိုလည်း မလိုလားပါဘူး။စာနယ်ဇင်းကောင်စီနဲ့ မီဒီယာဥပဒေတွေပေါ်ထွက်လာဖို့ လိုပါတယ်။

သတင်းမီဒီယာတွေ ရေးသားဖော်ပြချက်မှားရင်မီဒီယာလမ်းကြောင်းကနေပဲ မှန်ကန်မှုမရှိကြောင်း ဖြေရှင်းပေးဖို့လိုပါတယ်။ကျင့်ဝတ်နဲ့မညီတဲ့ ရေးသားဖော်ပြချက်တွေကိုလည်း မီဒီယာတွေက အပြန်အလှန် ထိန်းကျောင်းပေးဖို့လိုပါတယ်''ဟု သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောကြားသည်။

လတ်တလောကာလတွင် ပုဂ္ဂလိကဂျာနယ်အချို့ အပေါ် တရားစွဲဆိုမည်ဟုခြိမ်းခြောက်ခြင်း တို့ပြုလုပ်နေသည်ကို မကြာခဏကြားနေ၊ မြင်နေရကြောင်း၊စာပေစိစစ်ရေးထိန်းချုပ်ထားရာမှ ဖြေလျှော့မှုပေးလာသည့် အကူးအပြောင်းကာလတွင် တရားစွဲဆိုသည့် ကိစ္စများဖြစ်ပေါ်နေသည်ကို သတိထားမိကြောင်း၊ အကူးအပြောင်း ကာလတွင်စာနယ်ဇင်းသမားများ အန္တရာယ် နည်းပါးစေရေး အုပ်ချုပ်ရေးပိုင်းက သတိပြုရေးဆောင်ရွက်သင့်သကဲ့သို့ စာနယ်ဇင်းသမားများဘက်ကလည်း ဖြစ်ပေါ်လာသည့်ပြဿနာများကို စုပေါင်းတိုင်ပင်လုပ်ဆောင်သင့်ကြောင်း ပြည်သူ့ခေတ်ဂျာနယ်မှ အယ်ဒီတာချုပ် ဆရာဖေမြင့်က ပြောကြားသည်။

စာနယ်ဇင်းများတွင် လက်တလောဖော်ပြနေသည့်သတင်းများ၌ လယ်ယာမြေကိစ္စ၊ စက်ရုံအလုပ်သမားကိစ္စ စသဖြင့်အန္တရာယ် ရှိသည့်၊ ပြဿနာဖြစ်နိုင်သည့်သတင်းများဖြစ်သော်လည်း မရေးဘဲနေ၍မရကြောင်း၊ တစ်ဖက်က ဓနအား၊အာဏာအားဖြင့် တရားစွဲဆိုသည်များပြုလုပ်လာနိုင်ကြောင်း၊ စာနယ်ဇင်းများဘက်က ကျင့်ဝတ်နှင့်အညီ ထိန်းသိမ်းရေးသားသင့်သကဲ့သို့ စာနယ်ဇင်းများကို အလွယ်တကူတရားမစွဲနိုင်စေရန် အကာအကွယ်များလည်းလိုအပ်ကြောင်း ၎င်းကဆိုသည်။

''အကာအကွယ်ဆိုရာမှာ အခြောက်တိုက်ကာကွယ်ပေးဖို့ မဟုတ်ဘူ။ စာနယ်ဇင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေမရှိသေးခင်မှာ တစ်ဖက်က လွတ်လွတ်ကျွတ်ကျွတ် လုပ်နိုင်တယ်။အလွယ်တကူ တရားစွဲနိုင်တယ်။ ကျွန်တော်တို့ဘက်က အကာအကွယ် နည်းသလိုဖြစ်နေတယ်။ နောက်အခုရေးဆွဲနေတဲ့စာနယ်ဇင်းဥပဒေမှာလည်း စာနယ်ဇင်းတွေကိုအရေးယူရာမှာ ဘယ်လိုအရေးယူမလဲဆိုတာ တိတိကျကျဖော်ပြထားဖို့လိုတယ်'' ဟု ၎င်းကသုံးသပ်ပြသည်။

အုပ်ချုပ်ရေးအာဏာပိုင် အစိုးရအဖွဲ့ဝင်နှင့် သတင်းမီဒီယာကြားတွင်ဖြစ်စေ၊ သတင်းမီဒီယာအချင်းချင်းဖြစ်စေ၊ ပုဂ္ဂလိကတစ်ဦးချင်းနှင့် မီဒီယာကြားတွင်ဖြစ်စေ၊ ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ကြားဝင်ဝင်ရောက်ဖြေရှင်းပေးနိုင်သော Press Council အားမဖြစ်မနေဖွဲ့စည်းထားရန် လိုအပ်လာပြီဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးမှုကော်မတီဝင် ဦးရဲထွန်းကပြောကြားသည်။

''ထစ်ခနဲရှိတိုင်း တရားစွဲတာမျိုးမဖြစ်ဖို့လိုပါတယ်။ Press Council ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင်တရားစွဲလို့ရပါတယ်''ဟု ၎င်းကဆိုသည်။

Press Council အား ဖွဲ့စည်းရာတွင်လည်း အစိုးရအဖွဲ့နှင့် သတင်းမီဒီယာသမားများ နှစ်ဖက်စလုံးမှ ယုံကြည်ရသော ပုဂ္ဂိုလ်များဖြင့်သာ ဦးစားပေးဖွဲ့စည်းရန်လိုအပ်ကြောင်း သီပေါမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကပြောကြားသည်။

လျှပ်တစ်ပြက်သတင်းဂျာနယ်တွင်ဖော်ပြခဲ့သော ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သော သတင်းများမှာ မသီတာထွေးဓာတ်ပုံကလွဲ၍ သတင်းစဉ်ကဖော်ပြခဲ့သော သတင်းများသာဖြစ်ပြီး မျက်နှာဖုံး စာမျက်နှာတွင်ပါဝင်သော သတင်းမှာလည်း သတင်းစာ၏ မှားယွင်းမှုကိုထောက်ပြဝေဖန်ထားခြင်းသာဖြစ်ကြောင်း Weekly Eleven ဂျာနယ်အယ်ဒီတာချုပ်ဦးဝေဖြိုးက The Voice Weekly သို့ပြောကြားသည်။

''ကျွန်တော်တို့နိုင်ငံအတွက်အပြောင်းအလဲကာလမျိုးမှာ ဘယ်ကိစ္စမျိုးမဆို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့သင့်ပါတယ်။ ပုဒ်မ ၅၀၅(ခ)နဲ့ (ဂ)ဆိုတာအရမ်းပြင်းထန်တဲ့ပုဒ်မတွေပါ။ အာမခံလည်းမရပါဘူး။ ကျွန်တော်တို့အနေနဲ့အခုလိုအရေးယူတာကို ကန့်ကွက်ပါတယ်''ဟု ဦးဝေဖြိုးကဆိုသည်။

''ကျွန်တော်တို့ရဲ့ တရားစီရင်ရေးက အခုအချိန်ထိ လွတ်လပ်တဲ့ တရားစီရင်ရေးမဖြစ်သေးဘူးဗျ။ အဲဒါကတော့ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောတယ်။အုပ်ချုပ်ရေးအာဏာက လွှမ်းမိုးမှုရှိနေသေးတယ်'' ဟု ရှေ့နေဦးအောင်သိန်းက သုံးသပ်သည်။

''ကျွန်တော်တို့မှာ အားနည်းချက်တွေရှိပါတယ်။ အားနည်းချက်တွေကိုစနစ်တကျ ထိန်းကျောင်းရင်းနဲ့ သွားစေချင်တယ်။ အေးအေးဆေးဆေးနဲ့သွားလို့ရတဲ့အချိန်မှာ တုတ်နဲ့နာနာရိုက်သလိုဖြစ်နေတယ်။ အခုက မီဒီယာတွေနဲ့ အာဏာပိုင်တွေကြားထဲမှာ ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလဖြစ်နေတယ်။ တစ်ဦးနဲ့တစ်ဦး တည်ဆောက်ထားတဲ့ ယုံကြည်မှု(Trust)တွေ ပျောက်သွားမှာ၊ ရန်သူလိုဆက်ဆံကြမှာကိုတော့ ကျွန်တော်စိုးရိမ်တယ်''ဟု ရန်ကုန်မီဒီယာဂရု၏ အမှုဆောင်အရာရှိချုပ် ဦးကိုကိုက သုံးသပ်သည်။

''ကျွန်တော်တို့ စာနယ်ဇင်းတွေတာလုံဖို့ (ကျင့်ဝတ်နဲ့ညီဖို့) လိုတယ်၊ညီညွတ်ဖို့လိုတယ်'' ဟု ၎င်း၏အယူအဆကိုပြောကြားသည်။
MJA (Myanmar Journalist Association) အနေနှင့်ဆိုပါက အားလုံးနှင့်တိုင်ပင်ပြီးမှသာ မည်သို့ လုပ်ဆောင်မည်ကို ပြောကြား နိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးကိုကိုကဆိုသည်။

အရပ်သားအစိုးရအဖွဲ့တာဝန်ယူသည့် ၁၅ လတာကာလအတွင်း 'လမ်းကလေးတော့ ကောင်းစေချင်' သတင်းဆောင်းပါး ဖော်ပြ မှုဖြင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနက မော်ဒန်ဂျာနယ်ကို တရား စွဲဆိုခဲ့ပြီး၊ 'ဝန်ကြီးဌာန အချို့ကျပ် သိန်းထောင်ချီအလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ' သတင်းဖော်ပြခဲ့မှုဖြင့် သတ္တုတွင်းဝန်ကြီးဌာနက The Voice Weeklyကို အသေရေဖျက်မှုဖြင့် တရားစွဲဆိုထားသည်။

No comments: