Friday, June 22, 2012

သမိုင်းလိမ်ဖို့ကြိုးစားနေသူများ


by Aung Moe Win on Friday, June 22, 2012 at 4:34am ·
မန္တလေးဗကသ ရဲဘော်တယောက်က ပေးပို့လိုက်တဲ့စာကို ဖတ်ပြီး စိတ်ထဲမှာ တော်တော်ရီချင်သွားတယ်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေတဲ့ ဒီလှိုင်းစာစောင်မှာ ၁၉၉၀ တုံးကလှုပ်ရှားမှုတခုနဲ့ပတ်သက်ပြီးခုလိုရေးထားသတဲ့။
“သံဃသမဂ္ဂီဆရာတော် ဦးရေ၀တ၏ ရှစ်လေးလုံးအရေးတော်ပုံ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အရုဏ်ဆွမ်းလောင်းပွဲတွင် အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရေး အစီအစဉ်အား မန္တလေးအဖွဲ့ချုပ်မှ ဦးအုန်းကြိုင် (အောင်ဝင့်)နှင့် အဖွဲ့ချုပ်တာဝန်ရှိသူများက မေတ္တာရပ်ခံသဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည် ”
တော်တော်အရှက်နည်းတဲ့ သမိုင်းလိမ်လည်မှုပဲ။ ကျောင်းသားသမဂ္ဂတွေနဲ့လူငယ်အဖွဲ့အစည်းတွေပေါင်းပြီး မန္တလေး (၈၄) လမ်းပေါ်က လူထုဒေါ်အမာရဲ့တိုက်ရှေ့မှာ သံဃာတော်တွေကို ဆွမ်းလောင်းခဲ့ကြတယ်။ ရှစ်လေးလုံး (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြတယ်။ ဗိုလ်ချုပ်ထွန်းကြည်ရဲ့ စစ်တပ်က ဆွမ်းလောင်းနေတဲ့ ပြည်သူတွေကို သေနတ်နဲ့ပစ်ပြီး၊ ဝင်ရောက်ဖြိုခွဲခဲ့တယ်။ အမေရိကန်သံရုံးက ပုဂ္ဂိုလ်တွေ ဘုရားကြီးတိုက်ကို အလည်လာတော့ သေနတ်ကျည်ဆံမှန်ထားတဲ့ ဆွမ်းသပိတ်ကိုတောင် ပြခဲ့ကြသေးတယ်မို့လား။
ကျနော်တို့ အတွေ့အကြုံအရ၊ ဘုန်းကြီးတွေကို လမ်းမပေါ်မှာ သေနတ်နဲ့ပစ်ပြီး ရိုက်နှက်ခဲ့တဲ့အဖြစ်အပျက်ဟာ ၁၉၉၀  သြဂတ်စ်လမှာကတည်းကပါ။ အင်တာနက်ရဲ့ ကျေးဇူးကြောင့် ဘုန်းကြီးတွေကို ဖမ်းဆီးရိုက်နှက်တဲ့မြင်ကွင်းတွေကို ၂၀၀၇ ရောက်တော့မှ နိုင်ငံတကာအသိုင်းအဝိုင်းက သိမြင်ခွင့်ရလိုက်ကြတော့တယ်။
လမ်းမပေါ်မှာ ဆွမ်းခံကြွလာတဲ့ ရဟန်းသံဃာတော်တွေကို မတရားရိုက်နှက်ပစ်ခပ်တဲ့အတွက် ဘုန်းတော်ကြီးတွေ၊ ပြည်သူတွေက မခံမရပ်နိုင်ဖြစ်ပြီး စစ်အစိုးရနဲ့သူတို့ရဲ့အဆွေအပါးတွေ သာရေးနာရေးပွဲတွေဖိတ်ကြားရင်  မသွားကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။  ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး သပိတ်မှောက်အရေးယူခဲ့ကြတယ်။
မန္တလေးရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ အန်အယ်ဒီ ရဲ့ အခန်းကဏ္ဍ ဘယ်လိုပါဝင်ခဲ့ပါသလဲ။ လူတိုင်းသိပါတယ်။ အနှစ် (၂၀) ကျော်လုံးလုံး၊ လူထုလှုပ်ရှားမှု ရဲ့ ဦးဆောင်မှုနေရာမှာ ဘယ်တုံးကမှ မရှိခဲ့ပါဘူး။ သတ္တိ နဲ့ အရည်အချင်းကလည်း မရှိဘူး မို့လား။
အန်အယ်ဒီ ကို ထောက်ခံအားပေးကြတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါ။  
လွှတ်တော်ထဲတောင် မဝင်သေးဘူး၊ သမိုင်းကို လိမ်ဖို့ကြိုးစားနေတဲ့ အန်အယ်ဒီပါတီရဲ့ ဒီလှိုင်းစာစောင် အယ်ဒီတာများကို တခုပဲ သတိပေးချင်ပါတယ်။
ခင်ဗျားတို့ရဲ့ ပါတီအလံမှာ မြင့်မြတ်တဲ့ခွပ်ဒေါင်း ကို အသုံးပြုထားပါတယ်။
ခွပ်ဒေါင်းကို သစ္စာဖောက်ရင် အနာဂတ်မှာ ဘာဖြစ်နိုင်သလဲ ဆိုတာ သတိကြီးကြီးထား စဉ်းစားစေချင်ပါတယ်။
သံဃသမဂ္ဂီ နဲ့ ဗကသများအဖွဲ့ချုပ်က အန်အယ်ဒီ ထံ တရားဝင်ပို့ထားတဲ့စာကို ပူးတွဲဖေါ်ပြလိုက်ပါတယ်။ ( ပထမတော့ ဖေ့ဘွတ်မှာ တင်ဖို့အစီအစဉ်မရှိပါ။ သို့သော် ကျောင်းသားတယောက်က တင်လိုက်ပြီးသားဖြစ်နေလို့ ဖေါ်ပြပေးလိုက်တာပါ။

သို့
ဥက္ကဋ္ဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ရက်စွဲ ။  ။၂၀၁၂ ခုနှစ်၊ မေလ (၃၀)ရက်
အကြောင်းအရာ။   ၂၀၁၂ ခုနှစ်၊ မေလ (၂၁)ရက်ထုတ် ဒီလှိုင်းဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၁၈)တွင် ပါရှိသော
    “ NLD ရက်စွဲမှတ်တမ်း =  တစ်ကိုးဆယ်၊ ငါးကိုးဆယ်နှင့် ပတ္တနိက္ကုဇ္ဇန” ဆောင်းပါးကိစ္စ။                      
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့၊ လေးပြင်လေးရပ်သံဃာ့သာမဂ္ဂီအဖွဲ့ချုပ်      (အထက်ဗမာပြည်)နှင့် ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)မှ သမိုင်းမှတ်တမ်းမှားယွင်းချက်များအား တင်ပြ ဆွေးနွေးတောင်းဆိုခြင်းဖြစ်ပါသည်။
ယင်းဆောင်းပါးကော်လံ(၄)၊ အပိုဒ်(၄)တွင် ရေးသားထားချက်များမှာ သမိုင်းအဖြစ်မှန်နှင့် လုံးဝကွဲလွဲ နေပါသည်။
ဆောင်းပါးတွင်ရေးသားထားသည့် “ သံဃသမဂ္ဂီဆရာတော် ဦးရေ၀တ၏ ရှစ်လေးလုံးအရေးတော်ပုံ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အရုဏ်ဆွမ်းလောင်းပွဲတွင် အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရေး အစီအစဉ်အား မန္တလေးအဖွဲ့ချုပ်မှ ဦးအုန်းကြိုင် (အောင်ဝင့်)နှင့် အဖွဲ့ချုပ်တာဝန်ရှိသူများက မေတ္တာရပ်ခံသဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည် ” ဟူသော ရေးသားချက်တွင်-
၁။ ရှစ်လေးလုံးအရေးတော်ပုံနှစ်နှစ်မြောက်နှစ်ပတ်လည်နေ့တွင် ဆွမ်းလောင်းရန် စည်းဝေးဆုံးဖြတ်ခဲ့သော ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)၏ အစီအစဉ်အား သံဃာတော်များမှ ဆွမ်းခံကြွကြခြင်းသာဖြစ်ပါသည်။ အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရေးအစီအစဉ်မဟုတ်ပါ။
၂။ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲဖြစ်ပေါ်လာရခြင်းမှာ အထက်ပါ ဆွမ်းလောင်းပွဲတွင် လုံခြုံရေးတာဝန်ကျသူ များမှ ဆွမ်းခံကြွသံဃာတော်များနှင့် ဆွမ်းလောင်းသူကျောင်းသား၊ကျောင်းသူများကို ဖမ်းဆီး ရိုက်နှက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြေးလွှားကြစဉ် မြေပေါ်ပြန့်ကျဲနေသောသပိတ်များကို ခြေထောက်ဖြင့် ကန်ကျောက်ခြင်းတို့ ဖြစ်ခဲ့သည်။ ယင်းဖြစ်ရပ်များနှင့်ပတ်သက်၍ မစိုးရိမ်နှစ်တိုက်မှ သံဃာ့သာမဂ္ဂီသံဃာတော် များက မစိုးရိမ်တိုက်ဟောင်းမှ နာယကစာချဆရာတော်ဦးကောဝိဒါဘိဝံသထံ သြ၀ါဒခံယူရာ ဆရာတော်က ၀ိနည်း ဓမ္မကံလုပ်ထုံးလုပ်နည်းများနှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင်သင့်ကြောင်း မိန့်ကြားခဲ့ပါသည်။
၃။ ဤကံဆောင်ပွဲတွင် ဦးစီးဆောင်ရွက်ခဲ့ကြသော မန္တလေး၊ မစိုးရိမ်တိုက်ဟောင်းမှ ဆရာတော် ဦးကောဝိဒါဘိဝံသ၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးရာဇဓမ္မာဘိဝံသ၊ ရန်ကုန်မှ အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသ၊ တိပိဋကဆရာတော်ဦးသုမင်္ဂလာလင်္ကာရ၊ မေဒိနီဆရာတော်၊ မဂ္ဂင်ကျောင်းဆရာတော် အစရှိသော စာချအကျော်ဆရာတော်ကြီးများနှင့် သံဃာတော်များရာချီပြီး အဖမ်းခံ၊ အနှိပ်စက်ခံ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ်အကျခံရပြီး အချို့သံဃာတော်များ ရဲဘက်စခန်းတွင် အသက်ပေးသွားခဲ့ရသည့် ဦးညွတ်ဦးခိုက်ရမည့် ဖြစ်စဉ်ကြီးကို လျစ်လျစ်ရှုကာ “ မန္တလေးအဖွဲ့ချုပ်မှ ဦးအုန်းကြိုင် (အောင်ဝင့်)နှင့် အဖွဲ့ချုပ်တာဝန်ရှိသူများက မေတ္တာရပ်ခံသဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည် ” ဟူသောရေးသားချက်သည် အဖြစ်မှန်နှင့်လုံးဝကွဲလွဲနေပါသဖြင့် ကန့်ကွက်လိုက်ပါသည်။
၎။ ဤသို့ မှားယွင်းစွာ သမိုင်းမှတ်တမ်းတင်မှုအား ပြန်လည်ပြင်ဆင်ပေးနိုင်ပါရန် ဒီလှိုင်းဂျာနယ် အတိုင်ပင်ခံအယ်ဒီတာနှင့် တာဝန်ခံအယ်ဒီတာဦးအုန်းကြိုင်၊ မန္တလေးတိုင်းရုံးမှပုဂ္ဂိုလ်များအား ဆက်သွယ်တင်ပြ ဆောင်ရွက်ခဲ့ပါသော်လည်း ပြေလည်မှုမရရှိခဲ့ပါ။
၅။ သို့ပါ၍ သမိုင်းအမှန်ကို မှတ်တမ်းတင်နိုင်ရန်အတွက် ဇွန်လနောက်ဆုံးပတ်အတွင်း စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တင်ပြအပ်ပါသည်။
မန္တလေးမြို့၊ လေးပြင်လေးရပ် သံဃာ့သာမဂ္ဂီ အဖွဲ့ချုပ်(အထက်ဗမာပြည်)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်)
မိတ္တူကို-
၁။ လက်ခံ
၂။ ဦးတင်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၃။ ဦးဝင်းတင်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်။
၎။ ဦးမိုးသူ၊ အကြံပေး၊ ဒီလှိုင်းစာစောင်။
၅။ ဦးအုန်းကြိုင်၊ ဒီလှိုင်းတာဝန်ခံ။
၆။ ဦးဥာဏ်ဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၇။ ဦးဟံသာမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၈။ ဦးစိုးဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၉။ ဦးသိန်းဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၁၀။ ဒေါ်မေ၀င်းမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၁၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မန္တလေးတိုင

No comments: