Friday, June 29, 2012

ခက်ခဲနေဆဲ အိမ်အပြန်လမ်း

Tu Maung Nyo – ပြန်ရေးမခက်ပါ


ပြန်ရေးမခက်ပါ
တူမောင်ညို ။ ဇွန် ၂၉၊ ၂၀၁၂
(ကျနော်မိတ်ဆွေနဲ့ကျနော် ရရှိကြားသိရတဲ့ မီဒီယာသတင်းတွေအပေါ်မူတည်ပြီး “အိမ်ပြန်ရေး”ကိစ္စ အမြင်ဖလှယ်ခဲ့ကြပါတယ် ၊ မိတ်ဆွေများလည်း စိတ်ပါဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးနိုင်ရန် ဝေငှလိုက်ပါတယ်)
          မီးရထားဝန်ကြီးက“အိမ်ပြန်လာကြ” ဖို့ လိုက်ခေါ်တာကို ခင်ဗျားဘယ်လိုမြင်သလဲ။
          ဘယ်လိုမြင်ရမှာလဲဗျ။ အစိုးရအဖွဲ့တာဝန်ရှိသူ ပြည်ထောင်စုဝန်ကြီးတစ်ဦးလေ၊ ဒီတော့ တာဝန်အရ လာခေါ်တာ ပေါ့ဗျာ။ ဘာဆန်းလို့လဲ။
          ဒီလိုလေဗျာ တချို့ကတစ်ဦးချင်း၊ တချို့က နိုင်ငံရေးအဖွဲ့အစည်း၊ တချို့က လူမှုရေးအဖွဲ့အစည်းတွေ မဟုတ်လား။ ဒီတော့ အိမ်ပြန်ပုံပြန်နည်းတူပါ့မလား။
          ခေါ်တဲ့လူကတော့  ကန့်သတ်ချက်မရှိဘူး၊ အားလုံးနဲ့ တွေ့ပြီး ဖိတ်ခေါ်သွားတာပဲဗျ။
          “— ကျွန်တော် ဒီတခေါက်လာတဲ့ခရီးစဉ်က ဒီမှာလာပြီး သမ္မတကြီး ညွန်ကြားချက်ကို လိုက်ပြောတာပေါ့ဗျာ။ နိုင်ငံတော်မှာ ခေတ်ပြောင်းသွားပြီ၊ စနစ်ပြောင်းသွားပြီ။ ဒီမိုကရေစီလမ်းကြောင်းပေါ် တက်နေပြီ။ အရင်တုန်းက စနစ်ကြောင့်မို့လို့ လုပ်လို့မရတာတွေ အခုလုပ်လို့ရနေပြီ—”  လို့ ပြောသွားတာပဲလေ။ ခင်ဗျားလည်းကြားမှာပေါ့။
          ခင်ဗျားဆိုလိုတာက ပြန်ချင်ရင်ပြန်လို့ရပြီဆိုတဲ့ သဘောလားဗျ။
          ကျနော်ဆိုလိုချင်တာမဟုတ်ဘူးဗျ။ မီးရထားဝန်ကြီးက အဲဒီအတိုင်းကိုပြောသွားတာလေ။ “အခုကတော့ ကျွန်တော်က နားလည်အောင် ပြောပြခဲ့တာပေါ့။ ဆုံးဖြတ်တာတော့ သူတို့အပေါ်မှာ မူတည်တာပေါ့။ နားလည်မယ်လို့လည်း ထင်တာပေါ့။” လို့ ပြောသွား တယ်မဟုတ်လား။
          ဒါပေမယ့် “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)”  ဆိုတာကြီးကရှိနေတယ်မဟုတ်လား။
          ခင်ဗျားသတိထားမိမှာပါ။ ၂ ဖက်တွေ့ဆုံပြီး ပြောကြတဲ့စကားတွေထဲမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)” ကိစ္စ ကျနော် တော့ မကြားမိဘူးဗျ။ တိုးတိုးတိတ်တိတ် ကျိတ်ပြီးပြောသလား မပြောဘူးလားတော့မသိဘူး။  ကာယကံရှင်တွေပဲ သိမှာဗျ။ မီဒီယာတွေ မှာ ပြောကြတာတော့ ခင်ဗျားကြားသိနေတဲ့အတိုင်းပဲလေ။ မတရားသင်းပယ်ဖျက်ပေးဖို့နဲ့ တရားခံပြေးကြေညာထားတာ ရုပ်သိမ်းပေးဖို့ နဲ့ ၁၇ (၁) ကိစ္စ ဆိုတာတွေတော့ကြားရတာပဲ။ FDB အဖွဲ့က ပြည်တွင်းမှာ နိုင်ငံရေးလွတ်လပ်ခွင့်မရှိသေးတာ၊ စစ်သားအမတ် ၂၅ % ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားကိစ္စတွေလည်း ပြောကြတယ်ဆိုပဲ။
          “အားရမှုရှိတယ်၊ မျှော်လင့်ချက်တွေပိုပြီးတော့များလာတယ်” လို့ပြောတဲ့လူတွေလည်းရှိတယ် မဟုတ်လား။ တချို့ကြတော့ လည်း “ကျနော်တို့ ဝန်ကြီးကို နှုတ်ဆက်တယ်၊ အမြင်ချင်းဖလှယ်ကြတဲ့ အဆင့်လောက်ပါပဲ” လို့ပြောတယ်နော်။
          ဟုတ်တယ်ဗျ။ ထုတ်မပြောလိုသေးဘူးလို့ ဆိုသူလည်းရှိတယ်။
 မြင်ကွင်းကတော့ ဆေးရောင်စုံမြင်ကွင်းကျယ်ပဲဗျာ။ ဆန္ဒတွေလိုလားချက်တွေကို အသီးသီး ပြောကြဆိုကြတာပဲ။ လက်တွေ့ ဖြစ်လာတာ ဖြစ်မလာတာတော့ နောက်ကိစ္စပဲပေါ့ဗျာ။
နေပါဦးဗျ။ “ဂုဏ်သိက္ခာရှိစွာပြန်ပြီးပြည်သူကိုအလုပ်အကျွေးပြုခွင့်”ဆိုတာလည်းကြားလိုက်သလားလို့။ အဲဒါဘာကို ဆိုလိုတာ လဲဗျ။ ကျနော်မရှင်းလို့ဗျာ။ “လွတ်ငြိမ်းချမ်းသာခွင့်” တောင်းဆိုတာမဟုတ်ဘူးလား။
အတိအကျကတော့ ပြောတဲ့သူတွေပဲသိမှာပေါ့ဗျာ။
ခင်ဗျားပြောသလို “လွတ်ငြိမ်းချမ်းသာခွင့်” ပေးဖို့တောင်းဆိုတာဆိုရင် — ကျနော်က ဒီလိုပြောချင်တယ်။
ပထမ တစ်ချက်က  ဦးသိန်းစိန် အစိုးရတက်လာပြီးမှ “လွတ်ငြိမ်းချမ်းသာခွင့်” ဆိုပြီး လွှတ်ပေးတာ ၄ ကြိမ်ရှိခဲ့ပြီဗျ။ နောက်ဆုံး အကြိမ် (၁၂ – ၁ – ၂၀၁၂) ရက်နေ့က လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၆၅၁ ဦး ထဲမှာ မင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေလွတ်လာတယ်။ “လွတ်ငြိမ်းချမ်းသာခွင့်”လို့ ခေါင်းစဉ်တတ်ထားပေမယ့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွှတ်ပေးတာပဲဖြစ်တယ်။ အရပ်စကားလွယ်လွယ်ပြောရရင် ရှိနေတဲ့ ပြစ်မှုအကြွေးကိုချန်ထားပြီး သနားသဖြင့်ပြန်လွှတ်ပေးတာ ပေါ့ဗျာ။ နောက်ထပ်ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ရင်တော့ ချက်ချင်းဖမ်းဆီးခံရမှာဖြစ်ပြီး ယခင်ပြစ်မှုကြွေးတွေနဲ့ ပေါင်းပြီးပြစ်ဒဏ်ကျ ခံရမယ်ဆိုတာပေါ့။ ဒုတိယအချက်ကတော့ “နိုင်ငံရေးအကျဉ်းသား” ဆိုတာကို လုံးဝလက်မခံတာနဲ့အခုချိန်အထိ အကျဉ်းထောင်တွေ ထဲ မှာ နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတယ်ဆိုတဲ့အချက်ဗျ။
 ဒါ့အပြင် “လွတ်ငြိမ်းချမ်းသာခွင့်” ၄ ကြိမ် နဲ့လွှတ်ပေးတာမှာ အကျဉ်းသား စုစုပေါင်း (၂၈၄၂၄)ဦး ပါတယ်ဗျ။ အဲဒီ အထဲမှာ ရာဇဝတ်အကျဉ်းသားတွေက အများစုဖြစ်ပါတယ်။ ယခုလအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ အကြမ်းဖက် လူသတ်၊ မီးရှို့မှု တွေမှာ အဲဒီလိုပြန်လွတ်လာတဲ့ ရာဇဝတ်အကျဉ်းသားတွေထဲက ဘယ်နှယောက်ပြန်လည် ပါဝင်နေမလဲ ဆိုတာ စဉ်းစားမိတယ်ဗျ။
ဒါတော့ကို စုံစမ်းရေးကော်မတီက စုံစမ်း၊ စစ်ဆေး၊ ဖော်ထုတ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
တတိယအချက်အဖြစ်ဆက်ရရင်  “ဂုဏ်သိက္ခာရှိစွာပြန်တယ်” ဆိုတာဟာ “ရာဇဝတ်မှုကျူးလွန်ခဲ့သူ၊ တရားခံတွေ” အဖြစ်နဲ့ အိမ်မပြန်နိုင်ဘူး။ “အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်” ပေးဖို့ စကားလုံးပြောင်းပြီး တောင်းဆိုတာလို့ ထင်ပါတယ်။ အတိအကျတော့ ကျနော် လည်းမပြောတတ်ဘူးဗျ။
 “ပြည်သူကို အလုပ်အကျွေးပြုခွင့်” ဆိုတာကတော့ နိုင်ငံရေးလုပ်ခွင့်ပေးဖို့ပြောတာနဲ့တူပါတယ်ဗျာ။ ဒါကလည်းဗျာ ပြည်တွင်း ပြန်ရောက်ပြီဆိုတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေတွေနဲ့အညီပါတီထောင်ပြီးလှုပ်ရှားဖို့ပဲ မဟုတ် လားဗျ။
 ပြည်ပကလူတွေ၊ အဖွဲ့အစည်းတွေ  အိမ်ပြန်ရောက်တဲ့အခါ နိုင်ငံရေးပါတီမဖွဲ့ဘဲ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခွင့်ရ/မရ၊ ပြု/မပြု  ဆိုတဲ့ကိစ္စကလည်း မီးရထားဝန်ကြီးလည်းအာမခံနိုင်မှာမဟုတ်သလို ဘယ်သူမှ အာမခံနိုင်မှာမဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံပိုင်ခွင့်မရှိတာတော့ သေချာသဗျ။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၁၂၀၊ ပုဒ်မခွဲ (ဂ) နဲ့ ညှိစွန်းနေလို့ပဲဗျ။ ဒါ့အပြင် ပုဒ်မ ၁၂၁၊ ပုဒ်မခွဲ (င) နဲ့ညှိနေသေးတယ်ဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို အသိအမှတ်ပြု လက်ခံတာ နဲ့ တပြိုင်နက် ခုနက ပုဒ်မတွေကိုလည်း လက်ခံပြီးသား ဖြစ်နေပြီဗျ။ လေးစားလိုက်နာထိန်းသိမ်းကာကွယ်စောင့်ရှောက်ရတော့မယ်ဗျ။
ဒါဆို ယခင်(နဝတ-နအဖ) စစ်အစိုးရကကြေညာထားခဲ့တဲ့ ရာဇဝတ်မှုတွေ၊ ပြစ်မှုတွေကို လက်ရှိဦးသိန်းစိန်အစိုးရက ရုပ်သိမ်း ပယ်ဖျက်၊လျော့ပေါ့ ပေးမယ်ရင် ပြည်တော်ပြန်ကြမယ်ဆိုတဲ့ သဘောလားဗျ။
ဒီမေးခွန်းက မီဒီယာတွေကမေးသင့်တဲ့မေးခွန်းဗျ။ မီဒီယာတွေကလည်း မမေးခဲ့ဘူးဗျ။
ရထားဝန်ကြီးကတော့ သမ္မတကြီးထံ စာရေးဖို့တိုက်တွန်းတာပဲ။ ရေးမယ့်သူတွေကလည်း အားချင်းရေးပြီး နေပြည်တော်ကို တိုက်ရိုက်ရောက်မယ့် မီးရထားဝန်ကြီးနဲ့ အမီ တခါထဲထည့်ပေးလိုက်မယ်လို့လည်း မီဒီယာတွေမှာ ပြောသံကြားရတာပဲလေ။
 ဒါအပြင် ရထားဝန်ကြီးက တချို့ပြစ်မှုပြစ်ဒဏ်တွေကို လက်ရှိအစိုးရက ပယ်ဖျက်ပေးမယ် ထင်ကြောင်းနဲ့ လျော့လျော့ပေါ့ပေါ့ လည်းစဉ်းစားပေးမယ်လို့ သူထင်ကြောင်းနဲ့ သူကလည်း ဝိုင်းကူပြောပေးမယ်လို့ ပြောသွားတယ် မဟုတ်လား။
ကိုင်း ရော့ဗျာ — တိတိကျကျသိရအောင်  ရထားဝန်ကြီးပြောစကားကို ခင်ဗျားသေချာဖတ်ကြည့်ပေတော့။
“ကျွန်တော် ဒီတခေါက်လာတဲ့ခရီးစဉ်က ဒီမှာလာပြီး သမ္မတကြီး ညွန်ကြားချက်ကို လိုက်ပြောတာပေါ့ဗျာ။ နိုင်ငံတော်မှာ ခေတ်ပြောင်းသွားပြီ၊ စနစ်ပြောင်းသွားပြီ။ ဒီမိုကရေစီလမ်းကြောင်းပေါ် တက်နေပြီ။ အရင်တုန်းက စနစ်ကြောင့်မို့လို့ လုပ်လို့မရတာတွေ အခုလုပ်လို့ရနေပြီ။ ဘာလို့ အပြင်မှာသွားလုပ်နေမှာလဲ။ အထဲမှာ ပူးပေါင်းလုပ်တော့ အားတခုဖြစ်တာပေါ့။ အခုကတော့ ကျွန်တော်က နားလည်အောင် ပြောပြခဲ့တာပေါ့။ ဆုံးဖြတ်တာတော့ သူတို့အပေါ်မှာ မူတည်တာပေါ့။ နားလည်မယ်လို့လည်း ထင်တာပေါ့။ အဲတော့ သူတို့ပြန်လာမယ်ဆိုရင် ကျွန်တော် အကူအညီပေးမှာပေါ့။ အဖွဲ့အားလုံး (၁၄) ဖွဲ့လောက်ရှိမှာပေါ့ဗျာ။ အကုန်လုံးကိုတွေ့တယ်။ ဘာမှ ကန့်သတ်ချက် မရှိဘူး”
          ဒါဆို ကျနော်တို့ အိမ်ပြန်ကြရတော့မှာပေါ့နော်။
          “ခေတ်ပြောင်းသွားပြီ၊ စနစ်ပြောင်းသွားပြီ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တက်နေပြီ၊ လုပ်လို့မရတာတွေ လုပ်လို့ရနေပြီ ”ဆိုတဲ့ ရထားဝန်ကြီးပြောစကားကို  လက်ခံယုံကြည်နိုင်တယ်ဆိုရင်၊ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)” ကို လက်ခံနိုင်တယ်ဆိုရင်၊ သမ္မတကြီး ကနေ ယခင်ပြစ်မှုပြစ်ဒဏ်တွေကို ရုတ်သိမ်း၊ ပယ်ဖျက်၊ လျော့ပေါ့၊ ကင်းလွတ်၊ သက်သာခွင့်ပေးမယ်လို့ မျှော်လင့် ကိုးစားယုံကြည်တယ် ဆိုရင် ကျနော် ဖြစ်ဖြစ်၊ ခင်ဗျားဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အိမ်ပြန်နိုင်တယ်။
ဒါ့အပြင် ဘာပဲပြောပြော၊ ဘာပဲဖြစ်ဖြစ် ပြန်ချင်လို့ကို ပြန်တယ်ဆိုရင်လည်း ပြန်လို့ရတာပဲလေ။ ဒီတော့ဗျာ — တားဖို့လည်း မလိုသလို၊ တွန်းဖို့လည်း မလိုပါဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ကြဖို့ပဲဗျ။ 

No comments: