Friday, June 22, 2012

အမေရိကန်လုပ် ဓာတ်အားပေးစက်များ ရောက်ရှိ



ရန်ကုန်၊ ဇွန် ၂၂

အလှည့်ကျ စနစ်ဖြင့်သာ လျှပ်စစ်ဓာတ်အား ရရှိနေသည့် မြို့ကြီးများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေ ပေးနိုင်ရန် အတွက် မြန်မာ့စက်မှု ဆိပ်ကမ်းသို့ အမေရိကန် နိုင်ငံထုတ် လျှပ်စစ်ဓာတ်အား ပေးစက် ၆ လုံး ဇွန်လ ၂၂ ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။

မြန်ရွှေပြည် ကုမ္ပဏီမှ တင်သွင်းသည့် အဆိုပါ လျှပ်စစ်ဓါတ်အားပေးစက် ၆ လုံးကို ရန်ကုန်၊ မန္တလေး မုံရွာ၊ ပြည်မြို့များသို့ ခွဲဝေပို့ဆောင် ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လျှပ်စစ်ဓာတ်အား အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မကြာခဏ လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်မှုများကြောင့် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပြည် စသော မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ပြီးခဲ့သည့် မေလအတွင်းက ဖြစ်ပွားခဲ့သည်။

ဇွန်လ ၁၈ ရက်နေ့က နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်သော စီမံကိန်းကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးတွင် မြန်မာနိုင်ငံ အနေဖြင့် လျှပ်စစ်စွမ်းအင်အား လူဦးရေ၏ ၇၅ ရာခိုင်နှုန်း သုံးစွဲနိုင်မှသာ စက်မှုဖွံ့ဖြိုးပြီး အိမ်နီးနားချင်း နိုင်ငံများ၏ အခြေအနေကို ရောက်ရှိမည် ဖြစ်ရာ ရေအားလျှပ်စစ် သာမက သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေးတို့မှ ရနိုင်သလောက် ထုတ်ယူ အသုံးပြုရန် လတ်တလော အနေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရောင်းချသည့် နိုင်ငံများမှ ဝယ်ယူ တင်သွင်းရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

No comments: