Thursday, June 21, 2012

မြန်မာ- ဘင်္ဂလာ နယ်စပ်

ရသေ့တောင်တွင် အသတ်ခံရသူ အလောင်း ၁၀ လောင်း ယနေ့ ရှာဖွေ ရရှိ

ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ  ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြောင်း သတင်း ရရှိသည်။

“ ရရှိတဲ့ အလောင်းက ၁၀ လောင်း ဖြစ်ပါတယ်။ တစ်လောင်း မီးရှို့ သတ်ထားတဲ့ အတွက် အရိုးဘဲ ရပါတယ်။ ကျန်ခုနှစ်လောင်းကလည်း ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့ အတွက် မှတ်မရတော့ဘူး။  နှစ်လောင်းကိုဘဲ မှတ်ရပါတယ်” ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ယခုအခါ အလောင်းများကို အနောက်ပြင် မွတ်ဆလင်ရွာမှ ကူတောင်သို့ သယ်ယူလာကြပြီ ဖြစ်ကြောင်း သူက ဆိုသည်။
“ အလောင်းတွေကိုတော့ ကူတောင်ကို အခုဘဲ သယ်ယူလာပါပြီ။ ဒီနေ့ဘဲ သဂြိုလ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
သေဆုံးသူများ သန္တာအောင်၊ မောင် အောင်အောင်ထွန်း ၊ ဦးတင်လှိုင် (စစ်မှုထမ်းဟောင်း)၊ ဦးစိုးသန်း (အလယ်တန်းပြ ကျောင်းဆရာ)၊ ဦးပြူးချေ (အရပ်သား)၊ မောင် ကျော်မင်းထွန်း (ဗွီဒီယို မင်းသား)လောင်းချောင်းကျေးရွာ၊၊ ဦးသောင်းရွှေထွန်း (အရပ်သား)၊ ဦးသန်းရွှေ (အရပ်သား)၊ ဦးသန်းဝင်း (အရပ်သား) နှင့် ဦးထွန်းဘော် (အရပ်သား) တို့ ဖြစ်ကြသည်။
ဦးသိန်းဟန် (ကျောင်းဆရာ (ငြိမ်း)၏ အလောင်းအား အခင်း  ဖြစ်ပွားသည့် ဇွန်လ ၁၉  ရက်နေ့ ရရှိခဲ့သည်။
ဒဏ်ရာ ရရှိသူများမှာ ဦးကျော်ဝင်း (ဒဏ်ရာပြင်းထန်-စစ်တွေဆေးရုံသို့ ပို့)၊ ဦးဌေးချေ (ဒဏ်ရာရ-ယမ်းထောင်းသေနတ် ဒဏ်ရာ)၊ ဦးလှထွန်းသိန်း (အတွင်းလူနာ-ယမ်းထောင်းသေနတ် ဒဏ်ရာ) တို့ ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ် အကြမ်းဖက် ဆူပူမူ ဦးဆောင်သူများကို လိုက်လံ ဖမ်းဆီးနေ

မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မူများကို ဦးဆောင် သူများနှင့် နောက်ကွယ်မှ သွေးထိုးလုံဆော်သူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးနေကြောင်း သတင်း  ရရှိသည်။

ဇွန်လ ၁၅ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကယ်ဆယ်ရေးစခန်း သို့ ရောက်ရှိလာစဉ် အကြောင်းမဲ့၊ အပြစ်မဲ့၊ ဥပဒေမဲ့ လုပ်ဆောင်ခဲ့ကြသည့် ကျူးလွန်သူများအား ခွင့်မလွှတ်နိုင်ကြောင်း၊ ဦးစီး ဦးဆောင် လုပ်သူများကို ဥပဒေနှင့်အညီ ပြစ်မူ ကြီးငယ် အလိုက် အပြစ် ရှိသူများကို အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နယ်စပ်ရေးရာ ၀န်ကြီးနှင့် မြန်မာ့စက်မူ ဖွံ့ဖြိုရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့သည်။
၎င်းနောက်ပိုင်းတွင် ဖမ်းဆီး အရေးယူမူများ ရှိလာခဲ့ခြင်း ဖြစ်သည်။
“ အခုကတော့ တော်တော်များများကို လိုက်ဖမ်းဆီးနေပါတယ်။ ကျွန်တော်တို့ သိရသလောက် ဆူပူ မူကို ဦးဆောင် ဦးရွက်ပြုခဲ့တဲ့ သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်ခဲ့သူတွေကို အဓိကဖမ်းဆီးနေ တာ ဖြစ်ပါတယ်။ သိရသလောက် လူပေါင်း  ၁၀၀ ကျော် အဖမ်းခံရပြီလို့ သိရပါတယ်” ဟု အမည် မဖေါ်လိုသူ အာဏာပိုင်များနှင့် နီးစပ်သူ  တစ်ဦးက နိရဉ္စရာကို ပြောသည်။
ယခုကဲ့သို့ ဖမ်းဆီးနေမူများကြောင့် ဆူပူ အကြမ်းဖက်မူကို ဦးဆောင်ခဲ့သူ အများအပြား မှာ နေအိမ် များမှ ထွက်ပြေးနေကြသည်ဟု သူက ဆက်ပြောသည်။ သို့သော် မောင်တောခရိုင် ထိပ်ပိုင်း အာဏာ ပိုင်များနှင့် အပေးအယူ ရှိသူ တစ်ချို့မှာ ဦးဆောင်မူ နေရာမှ ပါဝင်ခဲ့သော်လည်း ယခုအချိန်ထိ ဖမ်း ဆီး  အရေးယူ ခံရခြင်း မရှိသေးကြောင်းလည်း သူက ပြောသည်။
ဇွန်လ ၈ ရက်နေ့က အကြမ်းဖက်သူများ လက်ချက်ကြောင့် မောင်တောမြို့နယ် တောင်ပိုင်းမှ သရေ ကုန်ဘောင်၊ ဝေသာလီ၊ ကန်သာယာ၊ ခရေမြိုင်၊ ရွှေရင်အေး၊ ကိုင်းကြီးရွာနှင့် မောရ၀တီတို့ မီးရှို့ ခံခဲ့ရပြီး လူအများအပြားလည်း အိုးမဲ့ အိမ်မဲ့ ဖြစ်ကာ ဘေးလွှတ်ရာကို ထွက်ပြေးခဲ့ရသည်။
“ အစိုးရ စာရင်းအရ မောင်တော တောင်ပိုင်းမှာ ရွာပေါင်း (၇) ရွာက အိမ်ခြေ ၃၆၇ လုံး မီးရှို့ခံရတဲ့ အတွက်  လုံးဝ ပျက်စီးသွားတယ်လို့ ဖေါ်ပြပါတယ်။ ကျွန်တော်တို့ လိုက်လံ စုဆောင်းရသလောက် ဆိုရင် ပျက်စီးသွားတဲ့ အိမ်က ဒီထက်ပိုပါတယ်။ မောင်တောမြို့ပေါ်နဲ့ပါ ဆိုရင် အိမ်ခြေ ၁၀၀၀ ခန့်ရှိ ပါတယ်” ဟု သူက ဆက်ပြောသည်။
မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက် ဖြစ်စဉ်တွင် ရခိုင် လူမျိုး ၇ ဦး သေဆုံး ခဲ့ပြီး လူပေါင်း ၅၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အကြမ်းဖက် ဆူပူမူများ ကို ဖြိုခွင်းစဉ် အတွင်း မွတ်ဆလင် လူမျိုး  တစ်ချို့လည်း သေဆုံးခဲ့ကြောင်း၊ သို့သော်လည်း အရေအတွက် အတိအကျကို မသိရှိရကြောင် သူက ပြောသည်။
မောင်တောတွင် ဆူပူ အကြမ်းဖက်မူများ ဖြစ်ပေါ်ပြီးနောက် အဆိုပါ ဆူပူမူမှာ စစ်တွေမြို့ထိ ကူးစက် သွားခဲ့ကြောင်း၊ ၎င်းနောက်ပိုင်း မောင်တောတွင် ဖြစ်ပျက်ခဲ့မူများအား လူအများ မေ့ပျောက် သွားခဲ့ကြကြောင်း၊ မိမိတို့ အနေဖြင့် မောင်တောမြို့နယ်တွင် ဖြစ်ပျက်ခဲ့သော ဆူပူမူကို တိတိကျကျ မှန်မှန်ကန်ကန် ဖေါ်ထုတ် အရေးယူရန် လိုလားနေကြောင်း သူက ပြောကြားသည်။


မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်

ရခိုင်ပြည်နယ် အတွင်း ဆူပူ အကြမ်းဖက်မူများကြောင့် ၉ ရက်ကြာ ပိတ်ထားခဲ့ရသော မြန်မာ- ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေးကို ယမန်နေ့က စတင် ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရေခဲရိုက်ထားသော ငါးတန်ချိန် ၉၀ ပါ မြန်မာနိုင်ငံမှ ကုန်တင် မော်တော်ဘုတ် တစ်စီး ယမန်နေ့ ညနေပိုင်းက နယ်စပ် ကုန်သွယ်ရေး ဆိပ်ကမ်းရှိရာ တက်ကနက် ဘောင်တော်သို့ ၀င်ရောက်လာခဲ့သည်။
“ မနေ့က ငါးတွေ တင်ဆောင်လာတဲ့ မြန်မာက သင်္ဘောတစ်စီး ညနေ ၅ နာရီခွဲမှာ  တက်ကနက် နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းကို  ၀င်ရောက်လာပါတယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ဆိပ်ကမ်း မန်နေဂျာ အဘဒူလ် မိုမာမိုင်က ပြောသည်။
ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင်လည်း ငါးတန်ချိန် ၅၀၀ တင်ဆောင်လာသော မြန်မာ ကုန်တင် မော်တော်ဘုတ် (၂) စီး တက်ကနက် ဆိပ်ကမ်းသို့ ၀င်ရောက်လာမည်ဟု သူက ပြောသည်။
ဆူပူမူများကြောင့် ၁၂ ရက်ကြာ ရပ်နားထားခဲ့ရသော နယ်စပ် နွားဈေးကွက်မှာလည်း ယမန်နေ့က ပြန်လည် အသက်ဝင်လာပြီး မြန်မာမှ နွားများကို စတင် တင်ပို့နေကြပြီ ဖြစ်ကြောင်း သိရသည်။
“ မနေ့ညနေမှာ  မြန်မာက မော်တော်ဘုတ် တစ်စီး ဆိတ် ၉ ကောင်၊ နွား ၂ ကောင်၊ ကျွဲတစ်ကောင်နဲ့ အတူ ဆင်မဖြူ ဆိပ်ကမ်းကို တင်သွင်းလာခဲ့ပါတယ်။ ဒီကနေကမှာတော့ အခြေအနေ ဒီထက် ပိုကောင်းသွားမှာပါ” ဟု နယ်စပ် ဘီဂျီဘီ အရာရှိ တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ကုန်သွယ်ရေး လမ်းကြောင်း  ပြန်လည် ပွင့်လာပြီ ဖြစ်သော်လည်း နယ်စပ် ဖြတ်ကျော် ခိုးဝင်သူများကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့မှ ဆက်လက် ဖမ်းဆီးကာ မြန်မာဘက်သို့ ပြန်ပို့နေကြောင်း သိရသည်။

No comments: