မေး- စစ်ပွဲကို ရပ်ဖို့အတွက် ဘယ်လို နည်းလမ်းတွေ သုံးပြီး ဝိုင်းဝန်းဆောင်ရွက် သင့်သလဲ။ ဘယ်လို ဆောင် ရွက်ဖို့ လိုသလဲ။ အဲဒါလေး ဖြေပေးနိုင်မလား။
ဖြေ- လူထုတွေအားလုံး နိုင်ငံသားတွေ အားလုံး စစ်ပွဲကို အမြန်ဆုံး ရပ်ချင်တာပဲ။ အားလုံးက အဲလိုဆန္ဒပဲ ရှိကြတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဒီစစ်ပွဲကို တိုက်ချင်တာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ လက်နက်စွဲကိုင်ရတဲ့ သဘောပါပဲ။ ဒါကို ကျွန်တော်တို့က သေနတ်ကိုင်တာ ဝါသနာပါလို့ စွဲလမ်းနေလို့ ဆိုတာမျိုး စွတ်ဆွဲပြောဆိုနေကြတာတွေ ရှိတယ်။ တစ်ဖက်မှာ အစိုးရရဲ့ ဒီတုံ့ပြန်မှု အရေးအကြီးဆုံးပဲလို့ ကျွန်တော် ထင်တယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီပြဿနာ ဖြေရှင်းတဲ့နေရာမှာ အရင်တုန်း ကတော်လှန်ရေး အစိုးရ တော်လှန်ရေး ကောင်စီခေတ်တုန်းထဲကလဲ အဲလိုပဲ လုပ်ခဲ့ကြတာပဲ။ ပြဿနာကို ညှိနှိုင်း ဖြေရှင်းတဲ့ ပုံစံမဟုတ်ဘဲနဲ့ ကြောက်ရွံ့အောင် တစ်ခုခုနဲ့ ခြိမ်းခြောက်ပြီးမှပဲ တည်ငြိမ်မှုကို ရနိုင်တယ် ဆိုတဲ့ဟာမျိုး အစိုးရ အဆက်ဆက်က တွေးတတ်ကြတယ်။ အခု အစိုးရကလည်း ဒီပုံစံအတိုင်းပဲ သွားနေတုန်း ဖြစ်တယ်။ ပြဿနာကို ကိုင်တွယ်ပုံ ကိုင်တွယ်နည်းက နဂိုအတိုင်းအပြောင်းအလဲမရှိ ဖြစ်နေတယ်။ အခုဒီစစ်ပွဲတွေ ရပ်ဖို့ဆိုတဲ့နေရာမှာ ဒီလိုအတွေးအခေါ်တွေကို ပြောင်းပြန် ပြောင်းလဲပစ်ရမယ်။ လုံးဝကို ပြောင်းလဲရမယ်။ အဲဒီလိုသာ မပြောင်းလဲသရွေ့ကတော့ စစ်ပွဲက တစ်နေရာမှာ ငြိမ်သွားပေမယ့် တစ်နေရာမှာတော့ ဆက်ဖြစ်နေမှာပဲ။ အဲဒီငြိမ်သွားတဲ့ နေရာမှာလည်း တိုက်ပွဲက ပိုပြီး ပြင်းထန်လာနိုင်တဲ့ ဒေသတွေ ဖြစ်လာနိုင်စရာတွေ အကြောင်းရှိတယ်။ လွန်ခဲ့တဲ့ ၁၂ ရက်တုန်းက ဒုသမ္မတ ဦးစိုင်းမောက်ခမ်း ကနေပြီး ပြောသွားတဲ့ ပြောဆိုမှုတွေကို ကြည့်တဲ့အခါမှာလည်း ဒီပုံစံဟာ နှစ်ဦးနှစ်ဖက် အကျေအလည် ညှိနှိုင်းတဲ့ ပုံစံ မဟုတ်ဘူး။ ဒီငြိမ်းချမ်းရေး ဆိုတဲ့ လမ်းကြောင်းတစ်ခုခု ရှိနေပြီးဖြစ်သလိုလို ပြောလာတယ်။ သူတို့ လိုချင်တဲ့ပုံစံမျိုး ဆွဲခေါ်သွားမှာ ဆိုတဲ့ဟာမျိုး ပေါ့နော်။ အဲလိုပြောတဲ့ဟာကို ကြည့်တဲ့အခါ ဒီပုံစံဟာ စစ်ပွဲမဖြစ်ခင်၂ဝဝ၈-၂ဝဝ၉ မှာ သူတို့ပြောဆိုနေတုန်းက ပြောဆိုပုံနဲ့ တစ်ထေရာတည်း ဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီစစ်ပွဲတွေ ချုပ်ငြိမ်းသွားဖို့ ဆိုတဲ့ဟာမှာ အဓိကတော့ အစိုးရဘယ်လို ဖြေရှင်းသလဲဆိုတဲ့ ဖြေရှင်းပုံ နည်းလမ်းသာ အဓိကကျတယ်လို့ပဲ ကျွန်တော်ထင်တယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းကို ရောက်အောင် သွားမယ် ဆိုတဲ့ ကိစ္စမှာ တစ်ဖက်က နေပြီးတော့ ဆွဲတင်လို့ မရဘူး။ အဲဒီလို ဖိအားပေးပြီးတော့ စစ်ရေးနဲ့ ဖိအားပေး ပြီးမှပဲ ငြိမ်းချမ်းရေး လမ်းကြောင်းကို ရောက်သွားစေရင် အာမခံချက်ရှိတဲ့ လုပ်ငန်းတွေလို့ ကျွန်တော် မထင်ဘူး။ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆွေးနွေးပြီးမှပဲ နိုင်ငံရေး အပေးအယူ လုပ်ရင်းမှပဲ တဖြည်းဖြည်းနဲ့ တည်ငြိမ်တဲ့ အဆင့်တွေကို ရောက်ရှိသွားမယ်လို့ ကျွန်တော်မျှော်လင့် ထားတယ်။ သမ္မတဦးစိုင်းမောက် ခမ်းပြောတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်း ကို ရောက်အောင် ခေါ်သွားမယ် ဆိုတဲ့ဟာမျိုး၊ နောက်ပြီး ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် လုပ်မယ်ဆိုတဲ့ ဟာမျိုးဆိုရင်တော့ ကျွန်တော်တို့ဘက်က တိုင်းရင်းသား အဖွဲ့တွေကလည်း သူတို့ရဲ့ ပြောဆိုချက်ပေါ်မှာ သံသယတွေ အများကြီး ပေါ်လာစရာ ရှိတယ်။ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ နေရာမှာ ဖိအားပေးတဲ့ ပုံစံတွေ ပေါ်လာတယ်။ နောက်တစ်ခုကတော့ Border Guard Force နယ်ခြားစောင့်တပ် ဆိုတဲ့နေရာမှာလည်း ၂ဝဝ၉ ခုနှစ် တုန်းကစပြီး ပြောဆိုတဲ့အတိုင်း အခု အရပ်သား အစိုးရရဲ့ နိုင်ငံရေး လမ်းစဉ်နဲ့ တစ်ပုံစံတည်း ဖြစ်နေတယ်။ အခုတော့ ခေါင်းစဉ်က "ငြိမ်းချမ်းရေး"လို့ တပ်ပြီး နောက်တစ်မျိုး ပြောင်းပြောနေပေမယ့် ခေါင်းစဉ်သာ ပြောင်းသွားတာပါ။ အတွင်းမှာရှိတဲ့ လုပ်ဆောင်ပုံ အဆင့်တွေကတော့ ပုံစံတစ်ထေရာတည်း ဖြစ်နေတယ်။ အဲဒီကိစ္စဟာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက အဲဒီ Border Guard Force ရဲ့ လုပ်ငန်းစဉ်အဆင့်တွေ အားလုံး သိရှိနားလည်ပြီးသား (ငြင်းပယ်ပြီးသား) ဖြစ်တယ်။ ဒါကြောင့်မို သမ္မတရဲ့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၃ ဆင့်က အဲဒီပုံစံပဲ သွားနေတယ် ဆိုတော့ စစ်ပွဲတွေက ပြီးဆုံးနိုင်စရာ အကြောင်း မရှိဘူး။ တချို့နေရာမှာ တိုက်ပွဲတွေက ခေတ္တခဏ ငြိမ်နေတယ် ဆိုပေမယ့် တစ်ချိန်ချိန်မှာ ပြန်ပြီးတော့ ပေါ်လာနိုင်စရာ အကြောင်းတွေ ရှိတယ်။
မေး-အခု ပြည်တွင်းမှာတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ Civil Society လေးတွေ၊ လှုပ်ရှားတဲ့ အဖွဲ့လေးတွေ ပေါ်လာ တာလေးတွေ ရှိတယ်။ အဲဒီ အဖွဲ့လေးတွေရဲ့ လှုပ်ရှားမှုလေးတွေ ပြောပြပေးပါဦး။
ဖြေ- လှုပ်ရှားမှုတွေကတော့ အခု လောလောဆယ်ကတော့ မြန်မာနိုင်ငံ အတွင်းမှာတော့ ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရကတော့ ပေါ်ပြူလာအဖြစ်ဆုံး ဝေါဟာရပေါ့ဗျာ။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်တွေကတော့ အများကြီး များလိမ့်မယ်လို့ ထင်တယ်။ အလွယ်ဆုံး ပြောမယ်ဆိုရင် အစိုးရရဲ့ ငြိမ်းချမ်းရေး အဓိပ္ပာယ်ဖွင့်ဆိုတာကတော့ လက်နက်ကိုင် အင်အားစုတွေနဲ့ အပစ်အခတ် ရပ်ဆိုင်းရေး လုပ်နိုင်တဲ့ဟာကို ငြိမ်းချမ်းရေးလို့ သူတို့ အဓိပ္ပာယ်ဖွင့်နေကြတယ်။ အခုလည်း ပြည်တွင်းမှာ ရှိတဲ့ ဒီ Border Guard Force ပြောင်းသွားတဲ့အဖွဲ့ တွေ (ကရင်ခွဲထွက် ဘိုမင်းချစ်သူ၊ ကချင်ခွဲထွက် စခုန်တိန့်ရမ်း စသည်တို့ကို ဆိုလိုချင်ပုံရသည်) က ငြိမ်းချမ်းရေးဆိုတဲ့ လှုပ်ရှားမှုတွေ ပုံစံအမျိုးမျိုးတွေနဲ့ပြောနေတာ တွေ့နေရတယ်။ သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေးဆိုတာ ပြည်တွင်းမှာ တိုက်ပွဲစစ်ပွဲတွေ ချုပ်ငြိမ်းရေးတစ်ခုပဲလား။ သူတို့ ဘာကို ရည်ရွယ်ပြီး လှုပ်ရှားကြလဲ ဆိုတာ ကျွန်တော်တို့ နားမလည်ဘူး။ ဒီငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ခံယူချက်နဲ့ကိုယ်ပေါ့။ အဖွဲ့တစ်ဖွဲ့လူမျိုးတစ်စု နောက်ပြီးတော့ ဒီအဖွဲ့အစည်းငယ် တွေက သူတို့ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုယ်စီတော့ ရှိလိမ့်မယ် ထင်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ ငြိမ်းချမ်းရေးဆိုတာကတော့ ဒီ တိုက်ပွဲတွေ ရပ်သွားတယ် ဆိုရုံလောက်ကို ငြိမ်းချမ်းရေး မသတ်မှတ်ဘူး ပေါ့ဗျာ။ တိုင်းရင်းသားတွေ အားလုံးရဲ့ လိုလားတောင့်တတဲ့ ဟာတွေကလည်း အခုမှထွင်ပြီး ပြောဆိုတဲ့ဟာတွေ၊ တောင်းဆိုတာတွေ မဟုတ်ပါဘူး။ အရင်တုန်းက ကတိကဝတ် ပြုခဲ့ကြတဲ့အပေါ်မှာ အခြေခံပြီး အားလုံး ညီတူညီမျှ တန်းတူ အခွင့်အရေးတွေရဖို့။ တန်းတူ အခွင့်အရေး ဆိုတဲ့နေရာမှာလဲ အသေးစိတ်တွေ အများကြီး ရှိပါတယ်။ အခုအပိုင်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဆိုတဲ့ဟာမျိုးပေါ့။ ဒါတွေအားလုံး သက်ဆိုင်တာပဲ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဖွင့်ဆိုတဲ့ ငြိမ်းချမ်းရေးနဲ့ လက်ရှိ အစိုးရရဲ့အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ အများကြီး ကွဲပြားနေတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင် အားလုံးတွေနဲ့ တိုက်ပွဲတွေရပ်ရုံလောက် လက်မှတ် ရေးထိုးသွားစေချင် တာမျိုး မဟုတ်ဘဲနဲ့ တိုက်ပွဲမဖြစ်တဲ့ ပြည်တွင်းမှာရော ဘယ်လိုငြိမ်းချမ်းရေးရအောင် ကြိုးစားမယ်ဆိုတဲ့ အပိုင်းကို အာရုံစူးစိုက်ဖို့တော့ လိုတယ်။ အခု ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ အားလုံးက တိုက်ပွဲတွေ အမြန်ချုပ်ငြိမ်းဖို့ ဆိုတဲ့ဟာ တစ်ခုထဲ စဉ်းစားတယ်။ တိုက်ပွဲတွေက ရက်ရှည်ကြာလာတယ် အချိန်ကြာလာတယ်။ အဲလိုဟာမျိုး တွေကြောင့် ဒုက္ခသည်တွေက အများကြီး ဒုက္ခ ခံစားရတာမျိုး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေရယ် သက်ကြီးရွယ်အိုတွေရယ် ဒုက္ခခံစားရတယ်။ ဒါကြောင့်မို့ အများဆုံး ဒီအပစ်အခတ် ရပ်စဲကြပါ။ ငြိမ်းချမ်းသွားမယ် ဆိုတဲ့ဟာ အဲဒီပုံစံနဲ့ပဲလုပ်မယ် ဆိုတဲ့ဟာ ကျွန်တော်တို့ တိုင်းရင်းသား တွေဘက်က ပြန်ကြည့် မယ်ဆိုရင် နည်းနည်းတော့ လိုအပ်ချက်တွေ ရှိသေးတယ်လို့ ထင်တယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ အားလုံးကလည်း ဝိုင်းတွန်းပေးရမှာ ကတော့ ခုနက ကျွန်တော် ပြောတဲ့ တွေ့ဆုံ ဆွေးနွေးမှု၊ ပြေလည်မှု ရအောင် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ဖို့ တွန်းအား ပေးဖို့ လိုမယ်လို့ ထင်တယ်။ အဓိပ္ပာယ်တော့ အများကြီး ရှိပါတယ်။ ဒီငြိမ်းဖို့ နေရာမှာ ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရ တစ်လုံးတည်းတော့ မဖြစ်ဘူး။ အဲဒီငြိမ်းချမ်းရေးဆိုတဲ့ ဒီလိုမျိုး အချက်အလက်တွေ ပါရမယ်ဆိုတဲ့ သူ့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့။ ဒါတွေ အများကြီးလိုမယ်လို့ ထင် ပါတယ်။ ကျွန်တော်တို့ ၉၄ ခုနှစ် တုန်းကလည်း အပစ်အခတ် ရပ်စဲရေး လုပ်တဲ့ကိစ္စမှာလည်း ဒီနဝတစစ် အစိုးရက ငြိမ်းချမ်းရေး ရပြီလို့ပဲ ပြောခဲ့တယ်။ အမှန်တကယ် ကတော့ အဲဒါငြိမ်းချမ်းရေး မဟုတ်ဘူး။ ငြိမ်းချမ်းရေး မဟုတ်ခဲ့လို့ပဲ ဒီတိုက်ပွဲ ပြန်ဖြစ်နေတာပေါ့။ နောက်ပြီးတော့ တချို့အဖွဲ့တွေ လက်နက်အားလုံး အပ်ပြီး အလင်းဝင်သွားတာ မျိုးကျကို ထာဝရ ငြိမ်းချမ်းရေး ရသွားတယ်လို့ ပြောကြတယ်။ (လက်နက် ကိုင်ထားတယ် မကိုင်ထားဘူးဆိုတာဟာ ငြိမ်းချမ်းတယ် မငြိမ်းချမ်းဘူးဆိုတာကို အကဲဖြတ်ရမယ့် အတိုင်းအတာ မဟုတ်ဘူး) လက်နက် မကိုင်ရလည်း ဒီလူထုတွေ ငြိမ်းချမ်းရေး ရဖို့ လိုတယ်။ လိုအပ်ချက်တွေ အများကြီးရှိတယ်။ ပြည်တွင်းက လူထုတွေ ဘယ်လောက်ထိ လွတ်လပ်ခွင့် ရှိတယ်ဆိုတာပေါ်မှာ မူတည်ပြီး ငြိမ်းချမ်းရေးကို တိုင်းတာရမယ်။ ငြိမ်းချမ်းရေး ဆိုတဲ့ကိစ္စကတော့ မြန်မာနိုင်ငံမှာ အားလုံးရဲ့ ပါးစပ်နှုတ်ဖျားပေါ်မှာ ပြောဆိုနေတဲ့ ဝေါဟာရ တစ်လုံးပေါ့။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းရေးကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုပြီး ဘယ်လိုငြိမ်းချမ်းရေး လမ်းကြောင်းကို ရောက်အောင် သွားရမယ် ဆိုတဲ့ဟာက အရေးကြီးဆုံးလို့ ကျွန်တော် ပြောချင်တယ်။ အခုလည်း ရန်ကုန် မှာ Myanmar Peace Center ဆိုတဲ့ ရုံးတစ်ခု ဖွင့်ပြီး ငြိမ်းချမ်းရေး လုပ်မယ်လို့ ပြောတာရှိတယ်။ နိုင်ငံတကာကနေ ကြည့်မယ်ဆိုရင် ဒီကိစ္စကတော့ လုပ်သင့်တဲ့ကိစ္စပေါ့။ ဒါ လုပ်ကို လုပ်ရမယ့် လုပ်ငန်းတစ်ခုလို့ ပြောဆိုကြတယ်။ ဒါပေမယ့် Myanmar Peace Center ရဲ့ လုပ်ဆောင် ချက်တွေက ဘယ်ကိုသွားတဲ့ ငြိမ်းချမ်းရေးလဲ အဓိက ဒီတိုင်းရင်းသားကြားမှာ ဖြစ်နေတဲ့ တိုက်ပွဲကိုပဲ ငြိမ်သွားရုံလောက်လေး လုပ်တဲ့ လမ်းကြောင်းပဲလား စဉ်းစားစရာ အချက်ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆိုတဲ့ကိစ္စဟာ တိုင်းရင်းသားဒေသ အဓိကကိုပဲ အားလုံး အာရုံစူးစိုက်အောင် မလုပ်ဘဲနဲ့ အတွင်းမှာ ရှိနေတဲ့ အခက်အခဲကို လူထုတွေရဲ့နစ်နာချက်တွေကို အာရုံ စူးစိုက်ဖို့တော့ လိုမယ်လို့ ထင်ပါတယ်။
မေး- ဒီစစ်ပွဲတွေကို တွေ့ဆုံ ဆွေးနွေးတဲ့ စားပွဲဝိုင်းတွေပေါ် မရောက်ဘဲနဲ့ ငြိမ်းချမ်းရေးအတွက် ဖြေရှင်းမှု ဆိုတာ၊ အနာဂတ်မှာ အကျိုးဆက်တွေ ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ- ဒီတိုက်ပွဲ ဆက်ရှိနေသရွေ့ကတော့ ဒီမြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာက နိုင်ငံတကာမှာ ဆက်ပြီးကျဆင်းနေ မှာပဲ။ နောက်ပြီးတော့ ဒီတိုက်ပွဲက အချိန်ကြာလာနှင့်အမျှ လူထုတွေမှာ ထိခိုက်မှု အများဆုံး ဖြစ်တယ်။ အဲဒီ တိုင်းရင်းသား တွေမှာပဲ ထိခိုက်တာ။ ပြည်တွင်းမှာရှိတဲ့ မြေပြန့်မှာရှိတဲ့ လူထုတွေနဲ့လည်း ဆက်စပ်မှု ရှိလာ နိုင်မယ်။ ဘာကြောင့်လည်းဆို အဲဒီမှာ တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေရင် ဒီ စစ်တပ်ကလည်း သူတို့ရဲ့လိုအပ်ချက် အရ ဒီစစ်တပ် စုဆောင်းတာမျိုး။ နောက်ပြီးတော့ အစစပေါ့ဗျာ။ စားနပ်ရိက္ခာက အစပေါ့ဗျာ အကုန်အကျ များလာနိုင်တယ်။ နောက်တစ်ခုက ဒီနယ်စပ် တစ်လျှောက်မှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အများစုနဲ့ တိုက်ပွဲဖြစ်နေတဲ့ အတွက်ကြောင့် နယ်စပ်ဒေသရဲ့ လုံခြုံမှုကလည်း အများကြီး စိုးရိမ်စရာ ရှိလာနိုင်တယ်။ ခြုံပြီးပြောမယ် ဆိုရင် ဒီတိုက်ပွဲ ဆက်ပြီး ဖြစ်နေမယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအရရော၊ နိုင်ငံရေး သိက္ခာတွေပါ အများကြီး ကျဆင်းနေဦးမယ်လို့ ထင်တယ်။
မေး- အခုကျွန်တော်တို့ မြန်မာပြည်တွင်းမှာရှိတဲ့ ပြည်သူတွေ နားလည် နေကြတာက ဒီကချင်ပဋိပက္ခအတွင်း မှာ တရုတ်ရဲ့အခန်းကဏ္ဍကို စိတ်ဝင်စားနေတဲ့အပေါ်မှာ ဘယ်လိုများ ပြောချင်ပါသလဲ။
ဖြေ- သူတို့ထင်မြင်ချက် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဘက်မှာတော့ အိမ်နီးချင်း နိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှု လုံးဝမရှိဘူး။ ကျွန်တော်တို့ဘက်က ဒီတရုတ်အစိုးရတို့ အိန္ဒိယအစိုးရတို့ကို မှီခိုအားထားမှု မရှိဘူး။ ကျွန်တော်တို့က လူထုပေါ်မှာအခြေခံတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အတွက်ကြောင့်မို့ လူထုရဲ့အင်အား လူထုရဲ့ အားပေးမှု၊ တွန်းအားပေးမှု၊ စိတ်ဓာတ် ခွန်အားပေးမှု အပေါ်မှာပဲ ကျွန်တော်က ဒီတော်လှန်ရေးကို သွားကြတဲ့ပုံစံလို့ ပြောရမယ်။ တရုတ်အစိုးရက မြန်မာ့စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ကေအိုင်အို အဖွဲ့အစည်းကို ဘယ်လောက်အထိ ဖိအားပေးမလဲ။ ဒါမှ မဟုတ်ရင်လည်း သူတို့ စီးပွားရေး လုပ်နိုင်မှု အခွင့်အလမ်း ရဖို့အတွက် ကျွန်တော်တို့ဘက်ကို မျက်နှာလို မျက်နှာရ အကူအညီ ပေးတာမျိုး ရှိမလားဆိုတဲ့ ကိစ္စပေါ်မှာ ကျွန်တော်တို့ ထည့်သွင်းစဉ်းစား တာမျိုး မရှိဘူး။ အမှန်တကယ်လည်း အဲလိုဟာမျိုးလည်း မဖြစ်ဘူး။ သူတို့ နယ်စပ်တွေနဲ့ ထိစပ်ပြီးမှ တရုတ် နိုင်ငံနဲ့ ဆက်စပ်နေတဲ့ တော်လှန်ရေးက ဒီလိုပဲ အချိန်ကြာပြီ။ နှစ်ပေါင်း ၃ဝ-၄ဝ လောက် နယ်စပ်မှာရှိခဲ့ကြ တယ်။ ဒါပေမယ့် တရုတ်အစိုးရက နေပြီး စီးပွားရေး ကူညီပေးတာမျိုး နိုင်ငံရေး ကူညီပေးတာမျိုး နောက်ပြီး တော့ တခြားဘာမှ စစ်ရေးအရရော ကူညီပေးတာမျိုး မရှိဘူး။ ကျွန်တော်တို့ ဘက်ကနေသွားပြီး အကူ အညီ တောင်းတာမျိုး မလုပ်ဘူး။ ကျွန်တော်တို့နဲ့ စာအပေးအယူတော့ လုပ်ခဲ့ကြတယ်။ ဒီကိစ္စကတော့ အကူအညီ တောင်းတဲ့ကိစ္စ မဟုတ်ဘူး။ ဒီနယ်စပ်မှာ ဖြစ်နေတဲ့ ပြဿနာဟာ ရေရှည်မှာ နှစ်ဖက် နှစ်နိုင်ငံရဲ့ အကျိုးစီးပွားတွေ နစ်နာမှု ရှိလာနိုင်တယ် ဆိုတဲ့ဟာပေါ့။ တိုက်ပွဲတွေ စမဖြစ်ခင် မြစ်ဆုံ စီမံကိန်းတုန်းက စာရေးခဲ့ဖူးပါတယ်။ ဒီဆည်လိုမျိုး ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့အခါ လူထုတွေရဲ့ သဘောထားကို အလေးမထားဘဲနဲ့ အစုအဖွဲ့တစ်ခုရဲ့ သဘောထားကိုပဲ လိုက်လျောပြီး လုပ်တဲ့အခါ ရေရှည်မှာ ပြဿနာဖြစ် လာနိုင်တယ်ဆိုတဲ့ဟာမျိုး။ ဒါ ကျွန်တော်တို့ရဲ့ ဝေဖန်ပြုချက်တွေကတော့ အစကတည်းက ပေးဖူးတာရှိတယ်။ ဒါပေမယ့် တရုတ်အစိုးရနဲ့ ကျွန်တော်တို့က ပြန်လည် ဆက်သွယ်တာမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ ဘက်က စာတော့ပို့တယ်။ သူတို့ ဘက်ကတော့ လက်ခံတယ် မခံဘူး ကတော့ သူတို့ကဏ္ဍတစ်ခုပဲ။ ကျွန်တော်တို့ရဲ့ အိတ်ဖွင့်ပေးစာပေါ်မှာပဲ လုပ်တယ်။ တိုက်ပွဲပေါ်မှာ သူတို့ ဩဇာလွှမ်းမိုးမှု ဘယ်လောက်ရှိတယ် ဆိုတဲ့ဟာမျိုး သက်ဆိုင်တာမရှိဘူး။
![](http://sphotos-a.xx.fbcdn.net/hphotos-snc7/486853_388134047921710_879361372_n.jpg)
No comments:
Post a Comment