Sunday, September 9, 2012

“ရှင် အဲဒီ ကလေးအတွက် ဘာလုပ်ပေးခဲ့သေးလဲ”

ဈာန်

တောင်အာဖရိက နိုင်ငံက လူဖြူ ဓါတ်ပုံ သတင်းစာ ဆရာ Kevin Carter ဟာ သူ့ခေတ်အခါတုန်းက ကမ္ဘာသူ ကမ္ဘာသား တွေအတွက် သမိုင်းအဖြစ် ကျန်နေမဲ့ ဓါတ်ပုံတော်တော်များများကို ရိုက်ကူး တင်ပြနိုင်ခဲ့ပါတယ်။

တောင်အာဖရိက နိုင်ငံမှာ ကျင့်သုံးနေတဲ့ လူထု လူသတ်ပွဲကြီး (Necklacing) အကြောင်းကို ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့လို့လဲ နိုင်ငံရေးသမားတွေ တော်တော် ပွဲဆူခဲ့ပါသေးတယ်။


တောင်အာဖရိက နိုင်ငံရဲ့ လူမျိုးရေး ခွဲခြားတဲ့ ဥပဒေ (Apartheid) ကို ဆန့်ကျင်လို့လဲ ခဏဏ ထောင်ကျခဲ့ဖူးပါတယ်။

(Apartheid ဆိုတာ လူဖြူတွေက လူမည်းတွေအပေါ် တရားဝင် ခွဲခြား ဆက်ဆံနိုင်တဲ့ ဥပဒေပါ။)

ဆူဒန်နိုင်ငံမှာ ပြည်တွင်းစစ်ဒဏ်ကြောင့် အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ ပြဿနာ ဖြစ်တုန်းက အခုလို အင်တာနက်မရှိ၊ မော်ဘိုင်းဖုန်းမရှိတဲ့ ကာလမှာ အလှူရှင်များများရှိတဲ့ အနောက်နိုင်ငံတွေကို သူ့ဓါတ်ပုံနဲ့ တော်တော် ဆော်သြနိုင်ခဲ့ပါတယ်။ လူပေါင်း သန်းနဲ့ချီတဲ့ အသက်ကို ကယ်ခဲ့တယ် လို့ ပြောရမှာပါ။

သို့ပေမယ့်

လူဆိုတာ အပြစ်ကင်းတဲ့ သူတော်စင် ဆိုတာ ခတ်ရှားရှားပါ။

ဒီပုံကတော့ ၁၉၉၃ ခုနှစ် ဆူဒန်နိုင်ငံက ပါ။
(အစာ ငတ်ပြီး သေခါနီးနေတဲ့ ကလေးတစ်ယောက်ကို စားဖို့စောင့်နေတဲ့ လင်းတပုံဟာ၊ နိုင်ငံတကာကို တုန်လှုပ်စေခဲ့တယ်။ တစ်ချို့ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လူသားချင်းစာနာမှု ကူညီထောက်ပံ့နေတဲ့ ကုမ္ပဏီ တွေကို အခွန်ကင်းလွတ်ခွင့်ပေးတဲ့ ဥပဒေ ပြဋ္ဌာန်းလာတယ်။)

ဒီပုံနဲ့ပဲ ၁၉၉၄ ခုနှစ်မှာ သူ ပူလစ်ဇာ (Pulitzer) ဆုရခဲ့တယ်။ နောက် ဒီပုံနဲ့ပဲ သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်။

သူ့ကို ပူလစ်ဇာ ဆုပေးတဲ့နေ့ သတင်းစာ ရှင်းလင်းပွဲမှာ အမျိုးသမီး တစ်ယောက် မေးလိုက်တဲ့ မေးခွန်းဟာ သူ့အတွက် တုန်လှုပ် ခြောက်ခြားစရာ အရိပ်မည်းကြီး တစ်ခုဖြစ်ခဲ့ပါတယ်။

အဲဒီ အမျိုးသမီးမေးတာက
“ရှင် အဲဒီ ကလေးအတွက် ဘာလုပ်ပေးခဲ့သေးလဲ” တဲ့။
သူဘာမှ မဖြေနိုင်ခဲ့ပါဘူး။

နောက် ရက်အနဲငယ် အကြာ၊ သူ့အသက် ၃၃ နှစ်အရွယ်မှာ ကိုယ့်ဟာကိုယ် အဆုံးစီရင်သွားပါတော့တယ်။

No comments: