Sunday, September 9, 2012

နှစ် (၅၀)ပြည့် ကိုမင်းကိုနိုင် မွေးနေ့


August 29 ·

(၁)

ပန်းပုထုခြင်း

လူကလေးဟာ
ရွံ့ တစ်ဆုပ် လက်နဲ့ နယ်
အရုပ်လုပ်မယ်တဲ့။

တောင်တန်းကြီးတွေပေါ် မျှော်ကြည့်တော့
အရုပ်ကြီး လေးရုပ်က ဘွားကနဲ
ဓါး လှံတွေ ကိုင်စွဲလို့ 
မြစ်ရေထဲ ငုံ့ ကြည့်တော့
ဒီအရုပ်ကြီးလေးရုပ်ပဲ မားမားကြီး
သံလျက်၊ လေး၊ မြှားတွေနဲ့ ။

ဒီလိုနဲ့  ကလေးဟာ၊ ရှေ့ နောက်ဝဲယာ
အရပ်ရှစ်မျက်နှာ လှည့်ကြည့်တော့
အရုပ်ကြီးတွေကပတ်ချာလည်
အသံနက်ကြီးတွေနဲ့ အော်တယ်။
သူရဲကောင်းဆိုတာ စစ်ဘုရင်ကွ
သူရဲကောင်းဆိုတာ လက်နက်နဲ့ကွ
သူရဲကောင်းဆိုတာ စစ်တိုက် ကို တိုက်ရတယ်ကွ၊၊

အဲဒီလို အရုပ်ကြီးတွေ
ပတ်ချာလှည့်အော်တော့
လူကလေးခမျာ မျက်စိလည်တယ်။
အသံနက်ကြီးတွေ ဆူညံတော့
လူကလေးနားတွေအူတယ်။

သူရဲကောင်းဆိုတာ မသနားရဘူးကွ
သူရဲကောင်းဆိုတာ မျက်ရည် မကျရဘူးကွ
အသံနက်ကြီးတွေက ပဲ့တင်ထပ်နေတယ်။

သနားတတ်လို့  သူရဲကောင်း မဖြစ်စတမ်းဆိုရင်
လူကလေး ဘယ်တော့မှ
သူရဲကောင်း မဖြစ်ချင်တော့ဘူး။

အားငယ်ပြီး ခေါင်းငိုက်ချတော့
မြေပြင်ပဲ တွေ့ ရတယ်
သွေးကွက်တွေနဲ့  ပြတ်ရှလို့။

အသက်ပြင်းပြင်း အားတင်းရှုပြီး
ခေါင်းမော့ကြည့်တော့ ကောင်းကင်ပြာစင်
ဒေါင်းအလံတင်နေတယ်။
အဲဒီမှာ
ချိုးငှက်ကလေးတွေ
ဝင်လာတာကိုမြင်ပါသတဲ့။

ဆရာကြီး ဒဂုန်တာရာ၏ မွေးနေ့တွင် ရွတ်ဆိုသည်။

ဒီကဗျာထဲက အရုပ်(၄)ရုပ်အကြောင်း

" လူတကာတွေထက် အခွင့်ထူးပိုပြီးတော့ (၂၄)နာရီ မီးမငြိမ်းတဲ့ မြန်မာပြည် အလယ်ပိုင်းတစ်နေရာမှာ ရှိပါတယ်... ဒီအရုပ်ကြီး (၄)ရုပ်ဟာ စံပြပုဂ္ဂိုလ်တွေ၊ သူရဲကောင်းတွေပါတဲ့.. ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးထက်ကို မြင့်မြတ်ပါတယ်တဲ့.. သေချာတာကတော့ သူတို့ဟာ လက်နက်ကိုင်တွေပါ.. စစ်တိုက်ခဲ့သူတွေပါ.."
ဒီစကားကြားပြီးတည်းက ကျွန်တောတွေ့နေ မြင်နေတဲ့ အရုပ်(၃)ရုပ်ထက် ပိုနေတဲ့ (၁)ရုပ်ကို စိတ်ဝင်စားခဲ့တာ.. သူများတွေ မေးကြည့်တော့လဲ (၃)ရုပ်လို့ ပြောကြတယ်.. ဒါဆို နောက်(၁)ရုပ်က ဘယ်မှာများ ရှိပါလိမ့်ပေါ့...
" အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် " ဆွေးနွေးပွဲကို နားထောင်လိုက်မှ သိသွားပါတယ်...ဒီအရုပ်(၄)ရုပ်ရဲ့ အားလုံးတူတဲ့အချက်ကတော့ ချပ်ဝတ်တန်ဆာတွေ ၀တ်ထားတဲ့ လက်နက်ကိုင် စစ်ဘုရင်တွေချည်းပါတဲ့... ငြိမ်နေတာက (၃)ရုပ်ပါ.. ဒါတော့ အားလုံးသိပါတယ်.. နောက်တစ်ရုပ်ကတော့ သိမ်းထားပါတယ်တဲ့.. တစ်နှစ်တစ်ခါမှ ကားခေါင်မိုးပေါက်ကနေ တစ်ပိုင်းတည်း တောင့်တောင့်ကြီး ထွက်လာတတ်ပါတယ်တဲ့. တိုင်းပြည်ကို ကယ်တင်မယ့် ပုဂ္ဂိုလ်တွေ၊ သူရဲကောင်းတွေရယ်လို့ ကျွန်တော်တို့ကို အတွေးအခေါ်အရ တစ်ဘက်သတ် ၀ါဒဖြန့်နေတာလို့ ခံစားရပါတယ်တဲ့....

(၂)

ကျွန်တော်တို့လို ကျောင်းသားတွေဟာ အကျဉ်းထောင်ထဲမှာ ဘ၀ကို မပေးလိုက်ရဖို့၊ ပြီးတော့ ယဉ်ကျေးပြီး လူသားပီသတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားရမှာပဲ...... ကျွန်တော်တို့ လုပ်ကြရမှာပဲ.... ဒါက ကျွန်တော်တို့ ပေးဆပ်ရသည်ဖြစ်စေ၊ မပေးဆပ်ရသည်ဖြစ်စေပေါ့ဗျာ....... လိုအပ်ရင်လည်း ထပ်ပေးဆပ်ဖို့ အသင့်ပါပဲ.......
 


(၃)

(၂၇.၅.၂၀၀၇) ရွှေဂုံတိုင်လမ်း NLD ရုံးရှေ့တွင် ပြောကြားခဲ့သော မိန့်ခွန်း

အားလုံး ကြွရောက်လာကြတဲ့ ဒီမိုကရေစီ မြတ်နိုးတဲ့ ကျွန်တော်တို့ ရဲ့ ပြည်သူအပေါင်းတို့  ......

ဒီနေ့ ဟာဆိုရင် ကျွန်တော်တို့ ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံထားရတာ ၄ နှစ်ပြည့်မြောက်တဲ့ နေ့ ဖြစ်ပါတယ်။ ဒီ အကျဉ်းချခံထားရမှုဟာ တရားသလား၊ မတရားဘူးလား ဆိုတာ အားလုံးပြည်သူတွေ သိပါတယ်။

ကောင်းပြီ........ ကျွန်တော်တို့ တတွေ ဒီနေရာမှာ လက်နက်မပါပဲ ငြိမ်းချမ်းစွာလာပြီး စုဝေးနေကြတယ်ဆိုတာ အမှန်တရားအတွက် မတရားရင် ခေါင်းငုံမခံဘူးဆိုတဲ့ စိတ်ဓာတ်နဲ့......ဟုတ်တယ် မဟုတ်လား။

ကျွန်တော်တို့ အားလုံး ဘ၀များစွာ စတေးခဲ့ပြီးပြီ၊ လမ်းတွေပေါ်မှာ အသက်ပါ ပေးခဲ့ပြီးပြီ။ ကျွန်တော်တို့ ကို ဘယ်ခြိမ်းခြောက်မှုမျိုးနဲ့ မှ ခြိမ်းခြောက်လို့  ကြောက်မဲ့လူလား။

အဲ့ဒါကို သက်ဆိုင်ရာ အာဏာပိုင်တွေ သဘောပေါက်ပါ။ ပြည်သူလူထု အရေခြုံထားတဲ့ လူလိမ်လူညာတွေ နားလည်ပါ။ ကမ္ဘာ့နိုင်ငံက ကမ္ဘာ့ပြည်သူတွေအားလုံး အသိအမှတ်ပြုဖို့  ကျွန်တော်တို့  သတ္တိရှိတယ်ဆိုတာကို ပြမယ် မဟုတ်လား။

သတ္တိ ရှိတယ်ဆိုတာဟာ....... ကျွန်တော်တို့  သတ္တိရှိတယ်ဆိုတာကို ပြဖို့ဆိုရင် ဒီကနေ့  ကျွန်တော်တို့  ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းမှုကို ဘယ်သူတွေ ခွင့်ပြုပြု၊ မပြုပြု ဟောဒီနေရာကနေပြီးတော့ ရွှေတိဂုံဘုရားကို ဦးတည်ပြီးတော့ ၀တ်ပြုဆုတောင်းပွဲ လုပ်မယ်.... သဘောတူလား။

အဲ့ဒီလို ၀တ်ပြုဆုတောင်းပွဲလုပ်ခြင်းအပေါ်မှာ မည်သို့သော အာဏာပိုင် အဖွဲ့ အစည်းကဖြစ်စေ၊ မည်သည့် အရေခြုံ အဖွဲ့အစည်းကဖြစ်စေ ကျွန်တော်တို့ အပေါ်မှာ ကြိုက်သလို ခြိမ်းခြောက်နိုင်တယ်။ ကြိုက်တဲ့ အရေးယူမှုမျိုးကို လုပ်နိုင်တယ်။ ကျွန်တော်တို့  တည်တည်ကြည်ကြည် သတ္တိရှိရှိ ရင်ဆိုင်ရဲတယ် မဟုတ်လား။

ကျွန်တော်တို့ ဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ ၊ အကြမ်းမဖက်တဲ့နည်းနဲ့  တလျှောက်လုံး ကျင့်သုံးခဲ့တာ အားလုံးအသိပါ။ ဒီကနေ့လဲ စည်ကမ်းရှိရှိနဲ့  ကျွန်တော်တို့ လုပ်ချင်တဲ့အလုပ်၊ ကျွန်တော်တို့ရဲ့ တရားမျှတတဲ့ အလုပ်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဟောဒီ ရွှေတိဂုံလမ်းက မြေပေါ်မှာ သစ္စာပြုပြီး သက်သေတည်ခဲ့မယ်။ သဘောတူလား။

လေးစားအပ်တဲ့ ပြည်သူလူထုကြီး ခင်ဗျာ၊ ကျွန်တော်တို့ ရဲ့ ခေါင်းဆောင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေဟာ မတရားဖမ်းဆီးခံနေရတယ်ဆိုတာ အားလုံး သဘောတူပြီး ဖြစ်တဲ့အတွက် သူတို့ ရဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့  ဂုဏ်ယူနေကြောင်း ကျွန်တော်တို့  သူတို့ နဲ့ တသားတည်း ရှိကြောင်း၊ သူတို့ ရဲ့ ရဲစွမ်းသတ္တိနဲ့  အနစ်နာခံမှု၊ စွန့်လွှတ်မှုတွေကို လေးစားဂုဏ်ပြုကြောင်း ပြကြမယ် မဟုတ်လား။ ကဲ... ကျွန်တော်တိုင်ပေးပါမယ်။ လိုက်ဆိုပြီးရင် ဘုရားရှိခိုးကြရအောင်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားအားလုံး ကြားပါစေသား........ သိပါစေသား.........
အများအတွက် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် ၍ အနစ်နာခံ၍ နိုင်ငံရေးလုပ်ရင်း မိမိယုံကြည်ချက်အတွက် အကျဉ်းထောင်များ၌ နေအိမ်များ၌ မတရား ဖမ်းဆီးခံနေရသော သူရဲကောင်းအပေါင်းအား ငါတို့  ပြည်သူလူထုကြီးက ဦးညွှတ်လိုက်ပါတယ်...... ဂုဏ်ပြုလိုက်ပါတယ်........
သင်တို့ ရဲ့ စွန့် လွှတ်မှုများကို ငါတို့ အတုယူရင်း သင်တို့ ရဲ့ လုပ်ဆောင်မှုများအတိုင်း ငါတို့ လည်း ပေးဆပ်ဖို့  အဆင်သင့်ရှိနေပါပြီ။
မြင့်မြတ်တဲ့ တော်လှန်ရေးရဲဘော်အပေါင်းတို့ ...........
တို့ တိုင်း တို့ ပြည် ဒီမိုကရေစီရှိမှ လူ့ အခွင့်အရေးရမှ ကမ္ဘာအလယ်မှာ ဂုဏ်သိက္ခာမြင့်မားသော လူမျိုးနဲ့ တိုင်းပြည်အဖြစ် ရပ်တည်နိုင်မှာမို့  ဒီမိုကရေစီရသည်အထိ
ငါတို့ အားလုံး မဆုတ်မနစ် ဇွဲမလျှော့ပဲ သတ္တိမွေး၍ သင်တို့ ထုံးကို နှလုံးမူကာ ဆက်လက်၍ အရေးတော်ပုံကြီးကို ဆင်နွှဲသွားမည်ဖြစ်ကြောင်း ငါတို့ ပြည်သူလူထုကြီးက အကျဉ်းကျခံ ရဲဘော်အပေါင်းအား ဤ ရွှေတိဂုံခြေတော်ရင်းမှာ အခိုင်အမာ သစ္စာဆိုပါတယ်.........အခိုင်အမာ သစ္စာဆိုပါတယ်..........အခိုင်အမာ သစ္စာဆိုပါတယ်
— 
 
(၄)

၂၀၀၅ ခုနှစ်က ပုံလို့ ယူဆပါတယ်.. ဘယ်သူ ရိုက်ထားတယ်ဆိုတာ မသိပါဘူး.. ကိုပေါ်ကိုယ်တိုင်က ဒီပုံကို မမြင်ဖူးလို့ အမှတ်တရ လိုချင်တယ်လို့ ပြောပါတယ်.. ဒါနဲ့ ဒီပုံလေးကို frame လှလှလေး တပ်ပြီး ပို့ပေးလိုက်တဲ့အခါ သူ့ရဲ့ Page မှာ Profile Picture အဖြစ် (၃၀.၇.၂၀၁၂)ကစလို့ ဒီနေ့အထိ သုံးနေဆဲဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်...
— 


နှင်းဆီနီဥဒါန်း


တစ်လောကလုံး အမှောင်ဖုံးတဲ့ည
အသက်ရှူမ၀အောင် မွန်းလှတယ်
သုံးခွင့်မရတဲ့ ငွေစက္ကူတစ်ချပ်လို
လူတစ်ယောက်ကို ဖျက်သိမ်းဖို့ ကြိုးစားကြသလား
မှားမယ်။

ထွေးပြီးသားကို ပြန်မမြို
ကံကိုလည်း ရိုးမယ်မဖွဲ့
တိုက်ပွဲရဲ့ ဆုလာဒ်အဖြစ်
စနစ်ရဲ့ အကျဉ်းသားဘဝ
ငါ ခံယူပါ့မယ်
ကျေနပ်တယ်။

ဟေ့.........
နင်းခြေမယ့်သူတွေ
ခရေပွင့်တွေလို ငါမကြွေ
မြေတစ်လက်မ ပိုင်ဆိုင်ခွင့်ရသ၍
နေ့သစ်ရဲ့ အာရုဏ်ဦးမှာ
ယုံကြည်ချက် ဆူးတွေစွင့်
ခေါင်းထောင်လို့ ၀င့်လိုက်မယ်
ငါဟာ နီရဲတဲ့ နှင်းဆီပွင့်။


(ပထမဆုံးအကြိမ် ထောင်ကျစဉ်က ရေးခဲ့သောကဗျာ)
ကျိုင်းတုံထောင်မှ သမိုင်းဝင်ဓါတ်ပုံနှင့်အတူ...........
— 
 
(၆)

(၁၃.၁.၂၀၁၂) ထောင်ကလွတ်လွတ်ချင်း ဆုတောင်းသစ္စာပြုစကား

မြန်မာပြည်သူပြည်သားများ အကြောက်တရားက ကင်းဝေးပြီးတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးများ အပြည့်အ၀ ရရှိကြပါစေ...........
ကျွန်တော်တို့ရဲ့ ဘ၀တွေကို တကယ့် ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်သူပြည်သားတွေ လွတ်မြောက်ရေးအတွက် အကြောက်တရားကနေ ကင်းလွတ်ပြီးတော့ ဖိနှိပ်ချုပ်ချယ်တဲ့ စနစ်ဆိုးမျိုးကနေ ကင်းလွတ်ဖို့၊ အခွင့်ထူးခံတဲ့ စနစ်ဆိုးမျိုးက ကင်းလွတ်ဖို့ လိုအပ်တယ်ဆိုရင် နောက်ဘ၀တွေအထိ ကျွန်တော်တို့ဘ၀ကို ပေးလှူဖို့ အဆင်သင့်ရှိပါတယ်. ဒါ ဘုရားမှာ ကျွန်တော် သစ္စာဆိုခဲ့ပါတယ်.
 

(၇)

ကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော့်အသက်ပေါ်လေ... နှစ် (၅၀) တိုင်ခဲ့ပါပြီ.. သွေးမတိတ်တဲ့ ဒဏ်ရာတွေ အင်မတန်များပါတယ်... ကျွန်တော်တို့ဟာ ပြည်သူလူထုရဲ့ မျက်ရည်တွေကို သုတ်ပေးချင်လို့ သုတ်ပေးနိုင်မယ်ထင်လို့ ကျောင်းဝန်းထဲကနေ ထွက်လာပြီးတော့ ဘ၀ထဲကို ၀င်ကြတာပါ... ကျောင်းဝန်းထဲကနေပြီးတော့ နံပါတ်တုတ်တွေ၊ ဘက်နက်တွေ၊ လှံစွပ်တွေ ကြားထဲကနေပြီးတော့ နောက်ဆုံး ထောင်ထဲကို ရောက်ကြတယ်... ပြည်သူ့မျက်ရည်ကို တကယ် သ
ုတ်ပေးနိုင်ပြီလားဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်တောင် မျက်ရည်ကျစရာတွေနဲ့ ကြုံနေရတုန်းပဲ.. ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးလို ကိစ္စမျိုးဟာ အဲဒီပုံရိပ်တွေဟာ အင်မတန် ကျွန်တော် မျက်ရည်ကျရပါတယ်.. ကျွန်တော် ကြားသိရုံနဲ့ မျက်ရည်ကျရတာပါ... အဲတော့ မတိတ်နိုင်သေးတဲ့ မျက်ရည်တွေကို ကျွန်တော်တို့ တကယ် သုတ်ပေးချင်ပါတယ်.. အဲဒီအတွက်ကြောင့် မြန်မာပြည်သူပြည်သားအားလုံးကို ကျွန်တော်တို့ ကျောင်းသားတွေ ပြန်လာပြီ... မိခင်တွေရဲ့ ရင်ခွင်ကို ပြန်ရောက်ပြီ... ဒေါင်းအလံကို ကိုင်ပြီးတော့ ဒေါင်းအိုးဝေအသံနဲ့ ပြန်လာပါပြီ.....
 
 
(၈)

ဒုက္ခသုက္ခထဲမှာ နှစ်(၂၀)နေခဲ့ရတဲ့ သူတစ်ယောက်ဟာ နောက်ထပ် အဲဒီလို ပြင်းထန်တဲ့ဒုက္ခမျိုးကို သာမန်အားဖြင့်တော့ ဘယ်သူမှ မလိုချင်ကြဘူး. ဒါပေမယ့် ခြွင်းချက်တွေ ရှိတယ်... ဘာဖြစ်လို့လဲဆိုတော့ ခုလိုပေါ့.. နေပူထဲမှာ ကျွန်တော်တို့ကို လာပြီးတော့ အားပေးနေတဲ့ ကျွန်တော်တို့ချစ်တဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံတွေ၊ မျက်နှာတွေ၊ လက်တွေပြနေတာကို မြင်ရရင် ကျွန်တော်တို့ နောက်ထပ် နှစ်(၂၀)၊ နှစ် (၂၀၀) ဆက်ပြီးတော့ တိုက်ပွဲဝင်နိုင်ပါတယ်...
 
 
 

(၉)


ကျွန်တော်ထမင်းစားနေတုန်း လယ်သမားတစ်ယောက်က ကျွန်တော့်ကို လာမေးတယ်. သူ လယ်သမားတစ်ယောက်ပါတဲ့. ဘာလုပ်ရမလဲတဲ့. ကျွန်တော် စားလက်စထမင်းတောင်မှ ဆက်ပြီးတော့ မမြိုနိုင်တော့ဘူး. ဘာလို့ဆိုတော့ သူ့စကားနောက်က၊ သူ့မျက်နှာနောက်က ခံစားချက်တွေ အကုန်လုံးကို ကျွန်တော် နားလည်တယ်. လွယ်လွယ်ပြောရင်တော့ နောက်တီးနောက်တောက် တစ်ယောက်ကတောင် ၀င်နောက်လိုက်သေးတယ်. အပျော်သဘောနဲ့. လယ်သမားဆိုတော့ စပါးစိုက်ပေါ့. ဟုတ်တော့ဟုတ်
ပါတယ်. တကယ့်တကယ် လယ်သမားပြောချင်တဲ့ ရင်ထဲကဆန္ဒကို ကျွန်တော်သိပါတယ်. နားလည်ပါတယ်. လူဟာ နိုင်ငံရေးစကားတွေ မပါဘူးပဲ ထားလိုက်. လူဟာ လူလိုနေချင်တယ်လို့ ပြောချင်ပုံရပါတယ်. ကျွန်တော် နားလည်တယ်. သူ့ရင်သွေးတွေ အနာဂတ် ပညာတတ်ချင်မယ်. သိပ်ရိုးတယ်. သိပ်ရှင်းတယ်. သူ အသက်ရှည်ရှည် နေချင်တယ်. အဲဒီလောက်လေးတောင်မှ ကျွန်တော်တို့ ပြည်သူတွေမှာ အာမခံချက် မရှိဘူး. ကျွန်တော်ရောက်တဲ့ အရပ်တိုင်းမှာ ပြည်သူလူထုရဲ့ မျက်နှာတွေကို သေချာကြည့်တယ်. ကြည့်တိုင်းမှာ ဘာတွေ့လဲဆိုတော့ ယေဘုယျပြောမယ်ဆိုရင် စားအုန်းဆီလိုဟာမျိုး၊ အချိုမှုန့်လိုဟာမျိုးတွေ စားပြီးတော့ သွေးတွေတိုးနေတဲ့မျက်နှာမျိုး တကယ်ကို တွေ့ရတယ်. သိပ်စိတ်မကောင်းစရာကြီး. ကျွန်တော်စကားရှည်တာ မဟုတ်ဘူး. အင်မတန် ခံစားရလို့ ကျွန်တော်ပြောတာ. ခုန လယ်သမားပြောချင်တာလဲ ဒီလိုပဲ. လူကတော့ အသက်ရှင်နေတာပေါ့ဗျာ. ဘုံးဆိုပြီးတော့တော့ လဲမသေသွားဘူး. ဒါပေမယ့် အနာဂတ်မဲ့နေတယ်. အနာဂတ်မဲ့နေတဲ့ သူတွေအတွက် ကျွန်တော်တို့ဆက်ပြီးတော့ စဉ်းစားကြရမယ်. တထိုင်တည်းတော့ အဖြေမထွက်ပါဘူး. ဒါပေမယ့် ပိုလှတဲ့အနာဂတ်၊ ပိုကောင်းတဲ့မနက်ဖြန်အတွက် အလုပ်လုပ်ချင်တဲ့သူတွေကတော့ လက်တွဲရလိမ့်မယ်. စုပြီးတော့ အဖြေရှာရမယ်.
 
(၁၀)

ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရတဲ့အခါမှာ ကိုယ့်ကိုယ်ကို နာလန်မထူနိုင် လောက်အောင် လဲပြိုသွားတာ အကြိမ်ကြိမ်ပါ. ရိုးရိုးသားသား ၀န်ခံတာ. ဘာလို့ဆို နှစ်တွေက သိပ်ကြာတယ်. ပထမတစ်ခေါက်ဆို (၁၆)နှစ်.
ဒုတိယတစ်ခေါက်ကျတော့ (၄)နှစ်ခွဲ(၅)နှစ်ဆိုတော့ ထောင်ထဲမှာ နှစ်(၂၀)လောက်ကြီးကျတော့. နောက်ပြီးတော့ သီးသီးခြားခြားနေရတာ. တော်ရုံစိတ်ဓါတ်နဲ့ဆို မရတော့ဘူး. ဒါဖြင့်ရင် ဒီနေ့အခုလို မတ်တပ်ရပ်ပြီးတော့ ဘာလို့
ပြောနိုင်သေးလဲ. ထောင်ထဲကနေပြီးတော့ ဘာလို့ မတ်တပ် ထွက်နိုင်သေးလဲလို့ မေးစရာရှိတယ်. မေတ္တာတရားမှာ စွမ်းအားရှိပါတယ်. ကျွန်တော် မမြင်ဖူးသည့်တိုင်အောင် ကျွန်တော်တို့နဲ့ အပြန်အလှန် မေတ္တာချင်း ဆက်နေတဲ့ ပြည်သူပြည်သားတွေရဲ့ စိတ်ဓါတ်ခွန်အားတွေ ကျွန်တော့်ဆီကို ရောက်တယ်. ကျွန်တော် ယုံတယ်နော်. ပြည်သူလူထုကို ကျွန်တော်ယုံတယ်.
 (၁၁)

ကျွန်တော် ယောက်ျားတစ်ယောက်အနေနဲ့ ပန်းမကြိုက်တတ်ပါဘူး. ဒါပေမယ့် ခြွင်းချက်တွေရှိတယ်. ကိုယ်တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး. ကျွန်တော်တို့ (၈၈)စပြီးတော့ အရေးတော်ပုံဆင်နွှဲတုန်းက ရှေးရှေးတုန်းက ကျောင်းသားတွေ ဘာဆုတွေပဲ ရလဲဆိုတော့ ကြိမ်လုံးတွေ၊ နံပါတ်တုတ်တွေ၊ ကျောကော့အောင် ခံကြရတယ်. ပြီးတော့ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းတာ ခံကြရတယ်. ပြီးတော့ သံဆူးကြိုးတွေ၊ အုတ်တံတိုင်းတွေ၊ သံတိုင်တွေ နောက်ကို ထည့်တာကို ခံကြရတယ်. အဲဒီဆုလာဒ်တွေပဲ ရခဲ့တာ. အဲဒါတွေ ရင်ဆိုင်ခဲ့ရတဲ့ ကျွန်တော်တို့က နှစ်ပေါင်းများစွာ ကြာတဲ့အခါ ခုလို ပန်းစည်းလေးနဲ့ ပေးလိုက်တယ်ဆိုတော့ နှစ်(၂၀) ထောင်ထဲမှာ နေခဲ့ရတဲ့ ကျွန်တော်ဟာ ထောင်ထဲမှာ နှစ်(၂၀)နေခဲ့ရတာ တယ် တန်ပါလားလို့ ကျွန်တော် ခံစားလိုက်ရပါတယ်.
 (၁၂)

ဒီခမောက်လေးက ဒီမြို့ကိုရောက်မှ ဒီမြို့သားတစ်ယောက်က ကျွန်တော့်ကို ဆောင်းပေးလိုက်တာ. သိပ်ကျေးဇူးတင်တယ်. ဒါ မေတ္တာတရားရဲ့ပြယုတ်ပါ. မိဘပြည်သူတွေရဲ့ ရင်ခွင်ကို ရောက်လာတဲ့ သားတစ်ယောက်ကို မိဘတွကနေပြီးတော့ နေပူမှာစိုးလို့ ဦးထုပ်လေးပေးလိုက်တာ. သိပ်ကို တန်ဖိုးထားပါတယ်.
 


 

No comments: