ဒေါ်အောင်ဆန်းစုကြည်နဲ့
နယူးယောက် မြန်မာမိသားစု တွေ့ဆုံပွဲကို ၂၀၁၂၊ စက်တင်ဘာ ၂၂ ရက် နံနက် ၁၀
နာရီခွဲက ကွင်းစ်ကောလိပ် Colden Center for Performing Art ခန်းမတွင်
ခမ်းခမ်းနားနား ကျင်းပခဲ့ရာ ပရိသတ် နှစ်ထောင်ခန့် တက်ရောက်ခဲ့ပါတယ်။
(အချို့ လူ သုံးထောင်၊ လေးထောင် လို့ ရေးကြပါတယ်။ Colden Center ဟာ လူဦးရေ
၂၁၄၃ ဦး ဆန့်ပါတယ်။ ထိုင်ခုံနေရာအချို့ လွတ်နေပါတယ်။
တံခါးပိတ်ခါနီးစာရင်းအရ လူ ၁,၈၀၀ ရှိပါတယ်။ မီဒီယာသမား၊ လုံခြုံရေး၊
တဖက်ခန်းမှ ပြောင်းလာသူ အားလုံးပေါင်း လူ နှစ်ထောင်ကျော်ရင်တောင် ၂,၁၀၀
လောက်ပဲ ရှိပါလိမ့်မယ်။) ထို တွေ့ဆုံပွဲကို နယူးယောက်ဒေသရှိ
မြန်မာမိသားစုများနဲ့တကွ နယူးယောက်ပြည်နယ် အထက်ပိုင်း အပါအ၀င် အခြား
ပြည်နယ်များက ပရိသတ်များ ကြွရောက်ခဲ့ပါတယ်။ ထို တွေ့ဆုံပွဲဟာ ပြည်ပတွင်
ကျင်းပပြီးသမျှ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအသိုင်းအ၀ိုင်း
တွေ့ဆုံပွဲများအနက် အသိုက်မြိုက်ဆုံးနဲ့ စနစ်ကျဆုံးပွဲတခု ဖြစ်ကြောင်း
မှတ်ချက်ပြုခံရတဲ့ပွဲ ဖြစ်ပါတယ်။
နယူးယောက်ပွဲ ဖြစ်မြောက်ရန်အတွက် ပွဲ မစတင်မီ နှစ်လခန့်အလိုခန့်ကတည်းက
အပတ်စဉ်တိုင်းလိုလို စနေနေ့များတွင် အစည်းအဝေးများ ကျင်းပကာ
စီစဉ်ခဲ့ကြပါတယ်။ ထိုသို့ စီစဉ်နေဆဲကာလအတွင်း အဆင်မပြေမှု၊
ဘဘောကွဲလွဲမှုများစွာ ဖြစ်ပေါ်ခဲ့သော်လည်း ပွဲ ကျင်းပတဲ့အခါ သပ်သပ်ရပ်ရပ်၊
ခန်းခန်းနားနား၊ စည်စည်ကားကား ကျင်းပနိုင်ခဲ့ကြပါတယ်။
နယူးယောက်ပွဲကို သတင်း မီဒီယာသမား ၃၀ ကျော်နဲ့ ပရိသတ် လေးငါးထောင်အထိ
အဆင်ပြေပြေ တက်ရောက်နိုင်ရန် လူ ၂၀၀၀ ခန့်ဆန့်တဲ့ ခန်းမတခုအပါအ၀င် ခန်းမ
သုံးခု၊ မြန်မာလူငယ် လုံခြုံရေးအင်အား ၇၀ စသည်ဖြင့် စီမံခဲ့ကြပြီး ကွင်းစ်
ကောလိပ် တာဝန်ရှိသူများ၊ ထို ခန်းမ ရရှိရေးအတွက် အကူအညီပေးတဲ့ နယူးယောက်ဒေသ
အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရောင်လီ (Joseph Crowley) ရုံး
တာဝန်ရှိသူများနဲ့ နယူးယောက်က စီစဉ်သူများ အထပ်ထပ် ညှိနှိုင်း
ဆောင်ရွက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက် မြန်မာများ တွေ့ဆုံပွဲ တက်ရောက်ရန်အတွက်
ပထမဆုံး တန်းစီ စောင့်ဆိုင်းခဲ့သူဟာ နယူးဂျာစီပြည်နယ်၊
ပရင့်စတန်ကောလိပ်ကျောင်းသား ဘရာဇီးနိုင်ငံသားတဦးဖြစ်ပြီး သူဟာ ည ၁၂
နာရီကတည်းက စတင် စောင့်ဆိုင်းနေခဲ့ပါတယ်။ ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို
အခုလို လာရောက် စောင့်ဆိုင်းနေခဲ့ရသလဲ၊ နေအိမ်ကနေ ဘယ်အချိန်လောက်က စပြီး
ထွက်လာပါသလဲလို့ ယနေ့မြန်မာက သူ့ကို မေးမြန်းခဲ့ရာ “ဒေါ်အောင်ဆန်းစုကြည်
မြန်မာလို ပြောဆိုတာကို နားမလည်ပေမယ့် ကိုယ်တိုင်ကိုယ်ကျ
မြင်တွေ့လိုတဲ့အတွက် လာရောက်ခြင်း ဖြစ်ကြောင်း၊ နေအိမ်မှ ညနေပိုင်းကတည်းက
ထွက်လာပြီး မီးရထား အဆင့်ဆင့်၊ ဘတ်စ်ကား စသည်ဖြင့် စီးနင်း
လာရောက်ခဲ့ကြောင်း၊ အနည်းငယ် ပင်ပန်းနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံရန် ခွန်အားအပြည့်ရှိကြောင်း။“ ခန်းမတွင်း မ၀င်ရောက်မီအချိန်လေးမှာ
ယနေ့မြန်မာကို ပြောပြခဲ့ပါတယ်။ သူ့နောက်က တန်းစီသူကတော့ နယူးယောက်က
ကိုမိုးထွေးနဲ့ ကိုအောင်အောင်တို့ ဖြစ်ပါတယ်။ ကိုမိုးထွေးတို့ကတော့ ည ၁၂
နာရီခွဲလောက်မှာ ရောက်လာခဲ့ကြတာပါ။
ပွဲ တက်ရောက်လာသူများ အဆင်ပြေစေရေးနဲ့ လုံခြုံရေးကို အဓိကထားတဲ့ နယူးယောက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲဟာ မနက် ၇ နာရီခန့်ကတည်းက တက်တက်ကြွကြွ
လာရောက် အားဖြည့်ကြတဲ့ လုပ်အားပေးလူငယ် ၇၀ ကျော်ရဲ့ စနစ်တကျ
စီစဉ်မှုကြောင့် လာရောက်ကြတဲ့ ပရိသတ်များ အဆင်ပြေပြေ၊ စိတ်ချမ်းချမ်းသာသာ
ဖြစ်ခဲ့ကြရတာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောမယ့် ခန်းမကြီးကို နံနက် ၁၀ နာရီ ၁၅
မိနစ်မှာ ပိတ်လိုက်တဲ့အတွက် နောက်ကျပြီး ရောက်လာခဲ့ကြသူတွေ၊
အောက်လွှတ်တော်အမတ် ဂျိုးဇက်ခရောင်လီ ရုံးခန်းက စီစဉ်တဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်မိတ်ဆွေများ တွေ့ဆုံတဲ့ မနက် ၉ နာရီပွဲကို
တက်ရောက်ခဲ့သူတွေအနေနဲ့ ဒုတိယခန်းမဆီ သွားခဲ့ကြရပါတယ်။ သို့သော်လည်း ပွဲ
စတင်ပြီး မကြာမီမှာ ထို ပရိသတ် ၁၅၀ ခန့်ကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း
ပြောကြားတဲ့ Colden Center for Performing Art ခန်းမတွင်
နေရာချထားပေးနိုင်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစု
တွေ့ဆုံတဲ့ပွဲမှာ နယူးယောက်ဒေသနေ မြန်မာတိုင်းရင်းသားများက
ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းများ ပေးအပ် ကြိုဆိုခဲ့ကြပြီး
ဒေါ်အောင်ဆန်းစုကြည်က မြန်မာတိုင်းရင်းသားများအား လက်ရှိ နိုင်ငံရေး
အပြောင်းအလဲအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားရာမှာ ပြည်ပရောက်
မြန်မာနိုင်ငံသားများနဲ့ ပတ်သက်ပြီး “ကိုယ်နေတဲ့ အသိုင်းအ၀ိုင်းမှာ
သိက္ခာရှိရှိနဲ့ တင့်တင့်တယ်တယ် နေနိုင်လို့ရှိရင် ကိုယ် မွေးဖွားလာတဲ့
နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ ဒါဟာ ငါတို့နိုင်ငံက
ထွက်လာတဲ့ သူတွေဆိုပြီးတော့ ဂုဏ်ယူနိုင်အောင်လို့၊ ကျမတို့အနေနဲ့ တခါထဲ
ခေါင်းထောင်ပြီးတော့ ကြိုးပမ်းနိုင်အောင်လို့ နေနိုင်မယ်ဆိုလို့ရှိရင် ကျမ
ကျေနပ်ပါတယ်။ ဒါပေမယ့် အဲဒါထက် ကျော်လွန်ပြီးတော့ ကျမတို့နိုင်ငံကို
ပြန်ပြီး လှည့်ကြည့်နိုင်မယ်၊ ပြန်ပြီးတော့ ကူညီနိုင်မယ်ဆိုလို့ရှိရင်
ကျမတို့က ကြိုဆိုမှာပါ။ ကျေးဇူးတင်မှာပါ။ ကူညီတယ်ဆိုတာဟာ ကိုယ်
လုပ်ပေးချင်တဲ့ စိတ်နဲ့ လုပ်တာ အကောင်းဆုံးပါပဲ။ မလုပ်ပေးလို့ရှိရင်
သူများ အပြောခံရမှစိုးလို့၊ သူများ ဝေဖန်ခံရမှာစိုးလို့ဆိုတဲ့
စိတ်မျိုးနဲ့တော့ မလုပ်ပေးစေချင်ပါဘူး။ စေတနာမှန်မှ အလုပ်ရဲ့ အကျိုးဆက်က
မှန်ကန်မှာပါ။“ လို့ ပြောကြားခဲ့ပါတယ်။
ထို့အပြင် မညီညွတ်မှုများနဲ့ ပတ်သက်ပြီး “မညီညွတ်နိုင်တာ၊ စိတ်ဝမ်းကွဲနေတာ
ဘာကို အခြေခံသလဲဆိုရင် အကြောက်ရားနဲ့ အမုန်းတရားကို အခြေခံတယ်လို့ ကျမ
ဒီလိုပဲ မြင်ပါတယ်။ ဒီ နှစ်ခုကလည်း အင်မတန်မှ နီးကပ်ပါတယ်။ တချို့က
ဒီလူတယောက်ကို မုန်းတယ်လို့ ပြောလိုက်တာဟာ ကြောက်တယ်လို့ မပြောရဲလို့
မုန်းတယ်လို့ ပြောတာတွေလည်း ရှိပါတယ်။“ လို့ ပြောခဲ့ပါတယ်။
ပြည်တွင်းက ပဋိပက္ခများနဲ့ ပတ်သက်ပြီး “အခုအချိန်မှာ ကျမတို့နိုင်ငံမှာ
ပဋိပက္ခတွေ ဖြစ်နေကြတယ်။ .... .... ။ ဒီလို ဖြစ်နေတဲ့အခါမှာ ကျမတို့
အားလုံး ၀ိုင်း စဉ်းစားရမှာက ဒီ ပဋိပက္ခတွေ ငြိမ်းအေးသွားအောင် ဘယ်လို
လုပ်မလဲဆိုတာကို စဉ်းစာရမှာပါ။ ဇစ်မြစ်ကို သွားရမယ်။ ပြဿနာတခုကို
ဖြေရှင်းဖို့ဆိုရင် ဒီ ပြဿနာရဲ့ဇစ်မြစ်ဟာ ဘာလဲဆိုတာကို သေချာ စဉ်းစားရမယ်၊
လေ့လာရမယ်။ အဲဒီ ပြဿနာရဲ့ ဇစ်မြစ်ကို လေ့လာပြီးတော့ တွေ့ရှိမှ ဒီ ပြဿနာကို
ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ပြဿနာကို
ကိုင်တွယ်တဲ့နေရာမှာ ခေါင်းအေးအေးနဲ့ ကိုင်တွယ်ဖို့ လိုပါတယ်။ .... .... ။
တချို့က ကျမကို မကြေနပ်ကြဘူး။ (ဘာဖြစ်လို့) မကျေနပ်တာက တဖက်ကို ဘာဖြစ်လို့
မပြောလဲ ပေါ့။ ကိုယ် မကြိုက်တဲ့ဘက်နဲ့ ပတ်သက်လို့ ကျမကနေ ဘာဖြစ်လို့
အဲဒီဘက်မှာ အပြစ်ရှိတယ်၊ အဲဒီဘက်က လုပ်တာတွေ မှားတယ်၊ ဘာဖြစ်လို့ ဒါကို
တင်းတင်းမာမာ ပြင်းပြင်းထန်ထန် မပြောလဲဆိုပြီးတေ့ မကျေနပ်တာတွေ ရှိကြပါတယ်။
.... .... ။ ကျမကနေပြီးတော့ ပြင်းပြင်းထန်ထန် မပြောလို့ မကျေနပ်ရင်
မကျေနပ်ပါစေ၊ ရတယ်။ ဒါပေမယ့် ဒီ ပဋိပက္ခတွေ ပိုပြီးတော့
ကြီးထွားသွားမယ့်ကိစ္စမျိုးကိုတော့ ကျမ မလုပ်နိုင်ဘူး။ အခြေခံအားဖြင့်
ကျမကနေပြီး ပြင်းပြင်းထန်ထန် ပြောရမယ်ဆိုရင် ဘာ ပြင်းပြင်းထန်ထန် ပြောရမလဲ။
လူ့အခွင့်အရေး ချိုးဖောက်မှုဆိုရင်တော့ ကျမ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။
.... .... ။ နောက်ပြီးတော့လည်း ဥပဒေအရ၊ တရားဥပဒေအရ မှန်မှန်ကန်ကန်
မျှမျှတတ မလုပ်ခြင်းဆိုရင်လည်း ကျမ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။
တဖက်နဲ့တဖက် အဆင်ပြေသွားနိုင်ဖို့ ခြေလှမ်းတွေကို မလှမ်းနိုင်အောင်လို့၊
အခက်အခဲ ဖြစ်အောင်လို့ လုပ်တဲ့ ကိစ္စတွေဆိုရင်လည်း ကျမ ပြင်းပြင်းထန်ထန်
ကန့်ကွက်ပါတယ်။ ဒါပေမယ့် ကျမ အလုပ်ကိုသာ ကန့်ကွက်တာပါ။
မလုပ်သင့်တဲ့ကိစ္စတွေကို လုပ်ခြင်းကိုသာ ကန့်ကွက်တာပါ။ ဘယ် ပုဂ္ဂိုလ်မှ ဘယ်
လူမျိုးစုကိုမှ ကျမ မကန့်ကွက်ပါဘူး။ .... ....။ အဲဒါကြောင့် နိုင်ငံခြားမှာ
ရောက်နေတဲ့ ကျမတို့ရဲ့ ပြည်သူပြည်သားများဟာ ကိုယ့်နိုင်ငံကို
ပြန်ကြည့်လိုက်တဲ့အခါ ကျလို့ဆိုလို့ရှိရင် ဘယ်လို ပိုပြီးတော့
အဆင်ပြေအောင်၊ ဘယ်လို ပိုပြီးတော့ ရင်ကြားစေ့မှုတွေ ဖြစ်ပေါ်လာအောင်
လုပ်ပေးနိုင်မလဲဆိုတာကို အဓိက စဉ်းစားကြပါ။ ဘယ်လို တို့မီး၊ ရှို့မီးတွေ
လုပ်မလဲဆိုတာကို မစဉ်းစားကြပါနဲ့ လို့။“ ဆိုပြီး မိန့်ကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားပြီးနောက် စာရေးဆရာ မောင်စွမ်းရည်က
အားလုံးကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း၊
ဒေါ်အောင်ဆန်းစုကြည်ပွဲအတွက် ရရှိတဲ့ လှူဒါန်းငွေများအနက် ပိုလျံတဲ့
အမေရိကန်ဒေါ်လာ ငါးထောင်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်
လှူဒါန်းမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစု တွေ့ဆုံပွဲ ကျင်းပနေစဉ်
ခန်းမပြင်ပတွင် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ ဆန္ဒပြမှုတခု ရှိနေခဲ့ပါတယ်။
ထိုသို့ ဆန္ဒပြနေကြစဉ် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း နားထောင်ပြီး ပြန်
ထွက်လာသူတွေနဲ့ ဆန္ဒပြကြသူတွေအကြား အမြင်ချင်း ဖလှယ်ခြင်း၊
ဆွေးနွေးခဲ့ကြခြင်းများ ရှိခဲ့သလို ဆန္ဒပြသူတွေကို မကျေနပ်သူတွေလည်း
ရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစု တွေ့ဆုံပွဲ ကျင်းပတဲ့နေ့ဟာ
ထူးထူးခြားခြားဆိုသလို နယူးယောက်မှာ ပွဲသုံးခု တပြိုင်နက် ကျင်းပခဲ့တဲ့နေ့
ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပွဲက နေ့လည် ၁၂ နာရီတွင် ပြီးဆုံးခဲ့ပြီး
နေ့လည် ၂ နာရီခွဲမှာ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ တရားပွဲ၊ ညနေ ၆ နာရီခွဲမှာ
အိုင်းရင်းခရော့စ် ဖျော်ဖြေပွဲ စသည်ဖြင့် ကျင်းပခဲ့ပါတယ်။ ဒါ့ကြောင့်
နယူးယောက် မြန်မာအသိုင်းအ၀ိုင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲကို
တက်ရောက်ပြီးကြတဲ့နောက် တရားပွဲနဲ့ တေးဂီတ ဖျော်ဖြေပွဲများဆီ အသီးသီး
သွားရောက် အားပေးခဲ့ကြကြောင်း ကြားသိ တွေ့ရှိရပါတယ်။
No comments:
Post a Comment