Monday, November 15, 2010

မြန်မာပြည်ကလာတဲ့စာ... (၁၄ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ ကိုသွားရောက် ကြည့်ရှုခဲ့သူတစ်ဦးရဲ့ ပေးပို့စာ)

ယနေ့ ၁၅ရက်နေ့ အဖွဲ့ချုပ်ရုံးရှေ့မှာ တွေ့ရတဲ့ ကျွန်တော်တို့ ခေါင်းဆောင်ပုံတွေပါ.. AP
AmayPhotobucket

ကိုဒီမိုရေ ၁၄ရက်နေ့ အမေစုရဲ့ လူထုဟောပြောပွဲကြီးကို ကျတော် မနက်ကတည်းကသွားပြီး သွားရောက်ခဲ့တယ် ကိုဒီမို.. လူဦးရေ တော်တော်များပါတယ် .။ သတင်းကြားလို့ နောက်မှ ထပ်လာတဲ့လူက တစ်ပုံကြီးပဲဗျာ ... တစ်အိမ်တစ်ယောက် မနေရတို့ မလာရင် ဒဏ်ငွေရိုက်မယ် ဆိုပြီးလာရတဲ့ အနေအထားနဲ့တော့ ကွာမှကွာပေါ့..။ ရင်ထဲက ခံစားချက်တွေက မျက်နှာတွေပေါ်မှာ ပေါ်လွင်နေတယ်လေ။

သောင်းနဲချီတဲ့လူတွေ များမှများ.. တစ်ချို့လူတွေ မူးတောင်လဲတယ် ...။ လူတွေက အရမ်းတိုးကြတာလေ.. အမေစုကို မြင်ရလို့ ငိုတဲ့သူငိုပေါ့ အမျိုးသားတွေလည်းပါတယ်လေ..။ ကျွန်တော်တောင် မျက်ရည်စို့ရပါတယ် ကိုဒီမို..။ ကျတော်က နဲနဲစောစောသွားလိုက်လို့ အမေစု လာတော့ကွက်တိပဲ.. ရွှေဂုံတိုင်ဘက်က ကားဝင်လာတော့ ကားဘေးမှာ ၀ိုင်းအုံပြီးလိုက်လာကျတာ.. ကျွန်တော်လဲ မလာသေးဘူးဆိုပြီး အဲဘက်ထွက်တော့.. ကွက်တိပဲ.. အမေ့ကို အနီးကပ် နှုတ်ဆက်လိုက်ရတယ် .. ပြုံးနေတာပဲ.. လက်ပြန်ပြတယ်..။ ဝမ်းသာလိုက်တာ ရင်ထဲ ဆို့တက်လာတယ် ကိုဒီမိုရာ..။

အမေစုကားနဲ့ ၀င်လာကာစဆိုတော့ လူတွေက သိပ်မသိကြဘူးလေ..။ ဒီဘက် ရေတာရှည်လမ်းထိပ် နားလောက်ဆိုတော့... နည်းနည်းရှင်းသေးတယ်..။ ကျွန်တော်လည်း အဲဒါနဲ့ကားနားသွားပြီး လက်အုပ်ချီလိုက်တယ်.. သံရုံးက သံအမတ်တွေ တော်တော်အီသွားတယ်..။ ချွေးတွေကြီးပဲ လူအုပ်ထဲကနေ အတင်းတိုးရတာလေ...။ သူတို့လဲ မတိုးရင်ဝင်မရဘူး..။ လူတွေက အများကြီးပဲ၊ ပြည်တွင်းက ဂျာနယ်တွေကလည်း လာကြတယ်၊ အပေါ်အကျီလေးတွေ ချွတ်ပြီး လက်ထဲကိုင် ထားရတယ်...။

လူတွေ မြင်ရတာ အမေပျောက်သားတွေလိုပါပဲ..။ အားလုံးက မျှော်လင့်ချက်တွေ နဲ့လာကြတာ.... အရမ်းကို မျှော်လင့်ထားတာ..။ ကြာပြီသည်းခံ နေရတာကြာပြီလေ... မတရားမှုတွေ ခံရတာများတော့.. အခုက အားကိုးရှိလို့ မိုက်လို့ရပြီဆိုတဲ့ သဘောလိုပဲပေါ့ ကိုဒီမိုရာ။ ဒီနေ့ပွဲမှာတောင် ဒီဘက် လင့်လမ်းမှတ်တိုင်ဘက်မှာ ဒီကောင်တွေစောင့်နေတယ်ထင်တယ်..။ ဘီအမ် ဟီးနိုးကား ၃ စီးချောကားပုံစံပဲ ရပ်ထားတယ်..။ လူတွေတော့မတွေ့ရဘူး.. ရဲတွေကတော့ပြောမနေနဲ့ ပွထနေတာပဲ။ သူတို့တွေလဲ အေးအေးဆေးဆေးပါပဲ . သိပ်ပြီးတော့ တာဝန်ကြီးလို မဟုတ်ပါဘူး သက်သက်သာသာပဲ။ ယူနီဖောင်းသာ မပါရင် ခွင့်ပြုတယ်ဆိုရင် ရဲတွေလည်းရှေ့ဆုံးကသွားပြီး လက်ခုပ်တီးနေမလားပဲ..။

မူးလဲတဲ့သူတွေလဲရှိတယ်လေ.. ချွေးတွေတစ်အားထွက်တော့ မခံနိုင်တော့ဘူးလေ..။ ဒေါ်စုကလဲပြောပါတယ် သူ့ကိုယ်အားကိုးတာလဲကိုးပေါ့တဲ့..။ ပြည်သူကလဲလုပ်မှတဲ့ အဲလိုမျိုးပြောတယ်လေ..။ အလုပ်တွေ အများကြီးလုပ်ရမယ်တဲ့..။ NLDက ကားတော့ပြားသွားတယ်..။ ရုံးနားရပ်ထားတယ်လေ ကားဘောနက်ပေါ်တက်ပြီး အားပေးလိုက်ကျတာ.. ။ ဘောနက်ကော အမိုးကော ပြားသွားရော ဟိုင်းလတ်အပြာလေးလေ..။ ပထမလမ်းက မပိတ်သေးဘူး... ဆိုတော့ ကားတွေကလဲ တိုးပေါ့။ တွေ့တဲ့ကားပေါ်တက်ပြီး ကင်မရာသမားတွေ သောင်းကျန်းကြတာလေ... အပီအပြင်ရိုက်တာ..။ ပြည်တွင်းဂျာနယ်တွေက တော်တော်လာတယ်..။ မြတ်ခိုင်လဲလာတယ် အထဲတော့ မ၀င်ဘူးထင်တယ်..။ ကိုယ့်လိပ်ပြာ ကိုယ်မလုံလို့ မဝင်ရဲတာလဲ ပါမှာပေါ့..။ အပြင်ဘက်မှာပဲ စာပေသမားတွေနဲ့ စကားပြောနေတာ တွေ့ခဲ့ရတယ်။ သတင်းစာရှင်းလင်းပွဲ မေးတာတော့လွတ်လပ်မှာပါ..။ ပြီးတော့မှ ဂျာနယ်ထဲကြမှ ခုတ်ထစ်ခံရမယ် ထင်တယ်။

လူတွေက ပြီးသွားတော့.. ပြန်တဲ့သူလဲပြန်တယ်.. မပြန်ပဲနေနေတဲ့ သူတွေလဲအများကြီး။ သတင်းရလို့ အခုမှ ထပ်ရောက်လာတာလည်း အများကြီး ရေတာရှည် လမ်းဟောင်းလား.. အဲ့နားကလမ်းထဲ ကြံရည်သည်လဲ လက်မလည်ဘူး ကြံဖတ်ပဲကျန်တယ်။ အအေးတွေလဲအကုန်ပဲ.. ပွဲပြီးတော့မပြန်သေးဘူး စောင့်အုံးမယ်ပေါ့။ ကျွန်တော်လဲ အမေစု.. ထပ်ပြောမလားလို့ စောင့်သေးတယ်။ လက်ဖက်ရည်ဆိုင်မှာအပြည့် လမ်းဘေးဈေးသည်တွေ ခုံတွေအပြည့် လာတဲ့သူကလဲ ပြန်တဲ့သူမေး ညနေဟောပြောပွဲ ထပ်လုပ်ဦးမလားပေါ့ ပျော်စရာလဲကောင်းတယ်.. လွမ်းစရာလဲကောင်းတယ်.. အားတွေလဲတက်တယ်ပြီးတော့ အမေ့ကို သနားတယ် နှမြောတယ်.. ကုန်သွားတဲ့ အချိန်တွေဗျာ နည်းတာမဟုတ်ဘူး။ နောက် ပြည်သူတွေ နိုင်ငံရေးနိုးကြားမှု ရှိကုန်ပြီ အခုလဲ ဘယ်လောက်ထိ ထပ်ပြီးတော့ လုပ်ရဦးမလည်း မသိဘူး..။ အဘွားအရွယ်တွေလည်း တော်တော်လာကြတယ်..။ တစ်ယောက်ဆို အသက် ၇၀ ရှိပြီတဲ့ ဒါပေမဲ့ မစုမျက်နှာလေး မြင်ချင်တယ်တဲ့။ အနားလဲမတိုးနိုင်.. ဒီလိုပဲ.. လမ်းဘေးမှာ တွေ့တာ သူလဲအုတ်ခုံလေးနားထိုင်ပြီးတော့ စောင့်နေရှာတာ..။

လူကုံထုံ အသိုင်းအဝန်းက သူတွေလဲတော်တော်လာကျတယ်..။ ဘွားတော်တွေ ကားပေါ်ငုတ်တုတ်ပေါ့..။ လှမ်းမျှော်ကြည့်ရင်း အားပေးကြတာလေ အလွှာမျိုးစုံပေါ့ အကိုရာ အမေစုကို မေတ္တာထားကြတယ်..။

ကလေးနဲ့အမေကလည်း ကလေးကို သမီးခဏနေ ဒေါ်စုထွက်လာရင်.. ပြမယ်.. အခုတော့ ခဏနေဆိုပြီး... ကလေးက တော့ ၈နှစ်လောက်ရှိမယ် ထင်တယ်..။ ကလေးက မေမေ ဖုန်းလာရင်ကောတဲ့.. သူ့အမေကလဲ ထားလိုက်တဲ့.. အရေးမကြီးဘူးတဲ့ အဲလိုပေါ့..။ ဖုန်းက ကားထဲကျန်ခဲ့တယ်တဲ့.. ။ ကားကဘယ်မှာလည်းဆိုတော့ လူအုပ်ထဲမှာတဲ့.. ထွက်လို့လဲမရတော့ဘူးလေ.. အဲ့လို ဖြစ်ကုန်ကြတာ.. ကလေးကလည်း အမေစု လာပြီဆိုတော့ ချီပြရတော့တာပေါ့..။ အဲလိုအားပေးတာ... ဘာမှ ဂရုမစိုက်တော့ဘူး..။ အမေစုပေါ်မှာပဲ အာရုံတွေ ထားကြတာလေ..။

အားပေးတာ အလွှာပေါင်းစုံပဲ.. ဂျာနယ်လစ်လေတွေဆို ချာတိတ်လေးတွေ.. သူတို့တွေလည်း အတွေ့အကြုံသစ်တွေရတာပေါ့။ အားလုံးတူတာ ကတော့ ချွေးတွေရွှဲလို့.. မျက်ရည်တွေဝဲလို့... မျှော်လင့်ချက်တွေ မျက်နှာတွေပေါ်မှာ ပေါ်နေကြတယ်လေ..။ လူထုအသံကတော့ နည်းနည်းထွက်လာကြပြီ.. ဒေါ်စုကို ရှေ့တင်ပြီး နောက်ကလိုက်မယ်ပေါ့..။ အဲလို မျိုးလေးတွေပေါ့... ဒေါ်စုပြောတယ်လေ.. ဒီလောက်ထိ လာရောက်ကြတာ ဒီလိုအချိန်မှာ အော်ကြတယ်... အော်ရမဲ့အချိန်မှာ အော်ဖို့အရေးကြီးတယ်တဲ့ .. အခုတော့ မအော်နဲ့အုံးတဲ့.. တစ်ချို့တော့ရှိတယ်... ဒါအမှန်ပဲလေတဲ့ အဲလိုလေးတွေတော့ ပြောကျအော်ကျတယ်.. ၂ ယောက် ၃ယောက် စုလောက်ပေါ့.. ဒါအမှန်ပဲလေပေါ့.. ဘာပေါ့.. အဲလိုလေး ကိုယ့်အဖွဲ့ကိုယ် အမှန်တရားတွေကို ပြောရဲလာကြတာက အမေစုလွတ်ပြီး ဖြစ်ပေါ်လာတဲ့ လူထုရဲ့ အသံတွေပေါ့...။

ဒီနေ့အခြေအနေက ပြောရမယ်ဆိုရင်တော့ အရမ်းကို အံ့သြမိတယ်...။ လုံးဝဘာမှမဆိုင်သလိုပဲ အရင်ကနဲ့ အဲ့လို ဖြစ်နေတယ်

လိုင်းကားသမားလဲရယ်ရတယ်.. ပွဲပြီးလို့ လိုင်းကားတစ်စီး တိုးဝင်လာလို့.. ဘေးကလူတွေက နားမလည်ဘူးလား ဘာညာပြောတာပေါ့.. သူတင်းတော့တင်းမယ် ကြောက်လို့လား ဘာလားတော့ မသိဘူး။ ညီလေးတဲ့ ဟိုကလွှတ်လိုက်လို့(ယာဉ်ထိန်းရဲ) မောင်းလာတာ မောင်းချင်လို့ မဟုတ်ဘူးတဲ့.. လိုင်းကားက ရုံးရှေ့ကဖြတ်တာကိုး ကားလမ်း ပြန်ဖွင့်ပေးလိုက်တဲ့အချိန်ပေါ့..။ လူတွေက အထိုင်မပျက်ဘူးလေ အမေစပြန်လာမလားဆိုပြီး မျှော်နေကြတာလေ.. အဲဒီမှာ ကားတွေကလဲဖြတ်ပေါ့...။ နောက်ပိုင်းလမ်းက ပြန်ပိတ်သွားတာပါပဲ။ ဟိုဘက် ဒီဘက် ပိတ်ပေးထားတယ်...။ ယာဉ်ထိန်းရဲ သုံးပွင့်အရာရှိ တစ်ယောက်စီပါတယ် ..။ ဟိုဘက်တစ်ဖွဲ့ဒီဘက်တစ်ဖွဲ့ လမ်းလာရှင်းပေးတယ်.. ၁၂နာရီလောက်က သူတို့ပိတ်ပေးပါတယ်..။ ပြီးတော့ သူတို့ကပဲလမ်းကို ပြန်ဖွင့်ပေးလိုက်တယ် လိုင်းကားကလဲ ဒီကမမောင်းပဲ တစ်ခြားလမ်းက မောင်းရင်ဖမ်းခံရမှာလေ ပိတ်လို့ မောင်းတယ်ဆိုရင်တော့ အိုကေပါတယ် ..။ ဖွင့်ထားတဲ့အချိန် တစ်ခြားလမ်းက မောင်းတော့ ဖမ်းခံရမှာပေါ့..။

ဟောပြောပွဲ ပြီးတော့ အန်တီရေဝေးကို အဘဦးလွင် ဇနီး ဈာပနသွားတယ်.။ ကျတော်တောင်လိုက်သွားမလို့ပဲ..။ အရမ်းအန္တရယ်များတယ်.. လုံးဝမသွားသင့်ဘူး..။ နောက်နေ့တွေ မှာ သူတို့ဘက်က ကြိုသိလို့ တစ်ခုခု လုပ်ချင်ရင်တော့ အဲလိုနေရာမျိုး အပိုင်ပဲ..။ အဲ့ဒီနေရာဘယ်လို ဆိုတာအကိုလည်း သိမှာပါ..။ စွမ်းအားရှင်တွေများတယ် စိတ်မချရဘူး..။ ကျွန်တော်တော့ စိုးရိမ်တယ် အကိုရာ ... နောက်နေ့တွေ အန်တီပွဲတွေ သွားဖြစ်ရင် ကျွန်တော် အခြေအနေလေးတွေ ရေးပြပါဦးမယ်.. ကိုဒီမို...

ခင်မင်စွာဖြင့်
KSL

အမြဲတမ်း ရေးသားပေးပို့ ပေးနေတဲ့ KSL ရဲ့စာကို ကျွန်တော်ခရီးတစ်ခု သွားနေရာကနေ ရတဲ့အချိန်မှာ တင်ပြပေးလိုက်ပါတယ်..။
ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆွေးနွေးအကြံပြုစာများ ရေးသားပေးပို့နိုင်ပါတယ်.. ပြည်တွင်းမှာ ပြည်သူလူထုတွေ မကြောက်မရွံ့ ငြိမ်းချမ်းတဲ့ နည်းနဲ့ အမေစုကို ဝန်းရံနေချိန်မှာ ပြည်ပအွန်လိုင်းတွေ ပေါ်မှာ ရှိနေတဲ့ အမေစုကို ထောက်ခံသူတွေ အတွက်လည်း အမေစုအတွက် ကိုယ့်ဖြစ်စေချင်တဲ့ အခြေအနေ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေကို ရေးသားပေးပို့စေလိုပါတယ်...

No comments: