Friday, November 19, 2010

စစ်တိုက် နေသလို သဘောထားပြီး တလျောက်လုံး အုပ်ချုပ်

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတာကို Vansangva ၀ိုင်းတော်သားများ အနေ နဲ့ အထူးဝမ်းသာစွာ ကြိုဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ဒီမိုကရေစီ အစုအဖွဲ့ အားလုံးကို စုစည်း ပေး ဖို့ ၀ိုင်းဝန်း အကြံပြု ကြတာကိုလည်း ကြို ဆို ကြရ မှာ ဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖက်ကလည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နဲ့ ဒုတိယ ပင်လုံ ညီလာခံ ကြီး ကျင်းပ ဖို့၊ (၂၁) ရာစု ပင်လုံ စိတ်ဓါတ် ကို ဖေါ် ဆောင်ဖို့ ပြောကြား သွားတာတွေ ကိုလည်း လှိုက်လှိုက်လှဲလှကြို ဆို လိုက်ပါတယ်။

တကြိမ်ထဲမှာ အတိတ် ကဖြစ်ရပ်တွေ ကို ပြန်လည် မီးမောင်းထိုးပြ ရင်း မကြာခင် ဖြစ်လာနိုင်တဲ့ ဖြစ်နိုင်ခြေ အခင်းအကျင်း တွေ ကို ကြိုကြိုတင်တင် စဉ်းစား ပြီး ပြင်ဆင်ထားကြဖို့ ဒီဆောင်းပါး ကတဆင့် နှိးဆော်လိုက်ပါတယ်။

တိုင်းပြည်ရဲ့ နိုင်ငံရေး ကိစ္စ တွေကို ဆောင်ရွက်ရာမှာ စစ်အုပ်စု ဟာ စစ်ရေးဗျူ ဟာတွေ ကို တစိုက်မတ်မတ် အသုံးချလာ တာ ကိုတွေ့ ရတယ်။ စစ်အာဏာရှင်တွေဟာ နိုင်ငံ ရေးနည်း နဲ့ စည်းရုံးသိမ်းသွင်း တဲ့ အမူအကျင့် တခါမှ မပြသခဲ့ဘူး။ ၁၉၅၈ – ၁၉၆၀ ခုနှစ် တွေမှာ လည်း ဗိုလ်နေ၀င်း အိမ်စောင့် အစိုးရ ခေတ် ခဏတဖြုတ် ကာလတိုလေးထဲ မှာလည်း ပြည်သူတွေ ကို အတင်း အဓမ္မ နည်းတွေ သုံးပြီး စစ်တပ်က ထောက်ခံတဲ့ တည်မြဲဖဆပလ ကို သေနပ် ထောက် ပြီးအတင်း အဓမ္မ မဲထည့် ခိုင်းခဲ့တဲ့ သာဓကတွေ ရှိခဲ့ ဘူးတယ်။ မအောင်မြင်ခဲ့ပါဘူး။ ပြည်သူတွေ ကအဓမ္မ ၀ါဒ ကိုရွံမုန်း ကြောင်း လက် တွေ့ ပြသခဲ့တယ်။ သန့်ရှင်းဖဆပလ ကို ပုံအောပြီး မဲပေးခဲ့ကြပါတယ်။ အဲဒီနောက် ပိုင်းမှာ တော့ ဗိုလ်နေ၀င်း ဟာ အလစ်သုတ်၊ အငိုက်ဖမ်း၊ အလစ် တိုက်တဲ့ စစ်ရေးဗျူဟာ တွေ ကိုတစိုက်မတ်မတ်သုံးလာတယ်။

နိုင်ငံရေး လုပ်ဆောင်ရာမှာ တော့ ပြည်သူကို ပွင့်ပွင့် လင်းလင်း သတင်း အပြည့် အစုံပေးပြီး ဆောင် ရွက် ရပါတယ်။ ကိုယ့် မာဟာမိတ်တွေ ကို၎င်း၊ မိတ်ဆွေတွေ ကို ၄င်း၊ ပြည်သူ ကို၎င်း သတင်း အမှောင်ချထား လို့ ကတော့ ရေရှည်မှာ မိတ်ဆွေ တွေနဲ့ ပြည်သူ ရဲ့ ယုံကြည်မှုတွေ ဆုံးရှုံး ပြီး ကျဆုံး ရေး ဖက်ကိုဦးတည်သွား ကြမှာဖြစ်တယ်။ ဒေါ်အောင်ဆန်း စုကြည်က ပြည်သူ ကို မိမိတို့ ဘာလုပ်မယ် ဘာကိုင်မယ် ဆိုတာ အသိပေး သွားမယ်၊ ပြည်သူ ကလက်မခံတာရှိရင်လဲ ထောက်ပြဝေဖန်ခွင့် ရှိတယ်၊ ပြည်သူကလက်မခံတဲ့ အပိုင်းတွေ ဆက်လုပ်ရရင်လည်း ဘာလို့ လုပ်ရ တယ်ဆို တာ ရှင်းပြသွား မယ်၊ ပြည်သူရဲ့ အသံ ကိုလည်းကြားခြင်တယ်၊ ပြည်သူ ကလည်း ဝေဖန်ကြပါ လို့ ပြောကြား သွားတာတွေ ဟာ သူ့ရဲ့ ပြည်သူပေါ်မှာ ထားရှိတဲ့ မေတ္တာ တွေ၊ သူ့ ရဲ့ ပြည်သူကို လေးစားယုံကြည်မှုတွေ၊ သူ့ရဲ့ မြင့် မား တဲ့ ခေါင်းဆောင် မှု အရည်အသွးများ ပဲ ဖြစ်ပါတယ်။ ဒီလို သတ္တိ နဲ့ အရည်အခြင်းမျိုး နဲ့ ပြည့်စုံကြမယ် ဆိုရင် ပြည်တွင်းပြည်ပ နိုင်ငံရေး အဖွဲ့ အစည်း တွေထဲမှာ လည်း တိုးတက်မှု တွေ အများကြီး တွေ့ လာရမှာ သေခြာပါ တယ်။

စစ်အာဏာရှင်တွေ ကတော့ ဒေါ် အောင်ဆန်းစုကြည် နဲ့ ဆန့်ကျင်ဖက်အမူအကျင့်တွေ ရှိနေတယ်။ တိုင်းပြည်ကို အုပ်ချုပ်ရာမှာ စစ်တိုက် နေသလို သဘောထားပြီး တလျောက်လုံး အုပ်ချုပ် လာခဲ့တယ်။ စစ်တိုက်ရာမှာ ရန်သူကို သတင်း အမှောင်ချထား နိုင်လေကောင်းလေ ဖြစ်ပေမဲ့ နိုင်ငံရေး လုပ်ရမှာ ဒီလိုလုပ်လို့မရဘူး။ စစ်အာဏာရှင်တွေ ကတော့ ပြည်သူ ရဲ့ ထောက်ခံမှု ကိုအသာတကြည် မရနိုင်မှန်း လည်း သိထားတော့ ပြည်သူ ကို စည်းရုံးသိမ်းသွင်း ဖို့ ထက် သတင်းအမှောင်ချ ပြီး စစ်ရေး ဥပယ် တမျှင်တွေ ခြိမ်းခြောက်တဲ့နည်းတွေ၊ အခွင့် အရေးပေးတဲ့ နည်းတွေ သုံးလာ ခဲ့တာ ဖြစ်တယ်။

ရှစ်လေးလုံး ကာလတုံးကလည်း ပြည်သူကို အမျိုးမျိုး လှည့် စားခဲ့တာအများသိပြီးဖြစ်တယ်။ စိန်လွင်၊ ဒေါက်တာမောင်မောင် စသည်ဖြင့် သူ့ ရဲ့ ရုပ်သေးတွေ ကိုတင်ပြီး နှစ်သိမ့် ခဲ့ ပေမဲ့ ပြည်သူ ကလက်မခံခဲ့ပါဘူး။ ဒီတော့ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ တခုလုံး ကို သူတို့ ရဲ့ တန်းလျားတွေထဲမှာ အကုန် ၀င် ခိုင်းတယ်။ တိုင်းပြည်တခုလုံး အုပ်စိုးသူမရှိ၊ မင်းမဲ့ နိုင်ငံ လိုဖြစ်သွားအောင် ညဏ်ဆင်ပြီး လုပ်လိုက်တယ်။ ရာဇ၀တ်မှု တွေ နေရာအနှံ့ မှာ ဖြစ် ပေါ် စေတယ်။ တဖက်မှာ ပြည်သူ ကို အောင်ပွဲ နီးပြီ၊ အောင်ပွဲ ရပြီ ဆိုတဲ့ ပျော်ရွှင် မှုတွေ ကိုဖြစ်ပေါ်စေတယ်။ ဗိုလ်နေ ၀င်း စစ်အုပ်စု ဘာတွေ ကျိတ်ကြံနေတယ်ဆိုတာ လုံးဝမသိရဘူး။ ဘာလုပ်ရဘာကိုင်ရမှန်းမသိတော့လို့ တန်းလျားတွေမှာ ပုန်းအောင်းနေရတဲ့ ပုံစံမျိုး ဖမ်းထား လိုက်တာဖြစ်တယ်။ အားအင်ချိနဲ့ ပြီး လက်မှိုင်ချနေရတဲ့ အမြင်မျိုး ပြည်သူတွေ ထင်မှတ်မှား အောင် ဟန်ဆောင်လိုက်တာ ဖြစ်တယ်။ ဒါဟာလည်း ပဲ စစ်ရေး ဥပယ်တမျင်တခုဖြစ်တယ်။ အင်အားရှိနေ ရင် အင်အားမရှိ သယောင်၊ ရန်သူက အထင်သေးအောင်လုပ်၊ အင်အား မရှိတဲ့ အခါမှာ အင်အား ရှိသယောင် ရန်သူ က အထင်ကြီးအောင်လုပ်ဆိုတဲ့ စစ်သူကြီး စွန်ဇု ရဲ့ စစ်ရေးဗျူဟာ ညွှန်ကြား ချက် ကို လိုက်နာ ခြင်းဖြစ်တယ်။

သူ့ရဲ့ လှို့ဝှက်အကြံအစည်တွေ စီမံကိမ်းတွေ အသေအခြာ ချပြီး၊ ဗိုလ်နေ၀င်း ဟာ သူ့ရဲ့ အချိန်ကိုက် TIMING ထဲကို ရောက်လာတဲ့ အခါမှာ တော့ စစ်တပ်ကို ၀ုန်းဒိုင်းဆိုပွဲ ထုတ်ပြီး ဗိုလ်စောမောင် ကို အာဏာသိမ်း ခိုင်း လိုက်တယ်။ မိုးကြိုးပစ်သလို ပြည်သူတွေကို တုန်လှုပ် ခြောက်ခြား စေခဲ့ တယ်။ အငိုက်ဖမ်း အလစ် တိုက်ခိုက်ခဲ့တယ်။ ပြည်သူတွေ ရဲ့ အရေးတော်ပုံ ကြီး ကို နှိမ်နင်းရာမှာ ရန်သူ့ နိုင်ငံတခုကိုသိမ်း ပိုက်လိုက်သလို အရက်စက်ဆုံး ခြေမှုန်းခဲ့တယ်။

ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ တို့ က လည်း ဗိုလ်နေ၀င်း ရဲ့ လုပ်နည်းလုပ်ထုံးအတိုင်းပဲ၊ စစ်ရေးဗျူဟာတွေ နဲ့ ရန်သူ ကိုစစ်တလင်းမှာ စစ်ရေး ဥပယ်တမျှင် နဲ့ စစ်ခင်း ခြေမှုန်း သလို ပြည်သူ တွေရဲ့ ဆန္ဒ အစစ်အမှန် တွေ ကို ချိုး နှိမ်ခြေမှုန်းခဲ့ ကြတယ်။

လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က တရုတ်ပြည်မှာ ထင်ရှားခဲ့ ပြီး ကမ္ဘာ့ နိုင်ငံ ကြီးတွေ ရဲ့ စစ်တက္ကသိုလ်တွေမှာ ပါ ဒီနေ့ ခေတ် အထိ သင်ယူ လိုက်စား နေရတဲ့ တရုတ် အတွေး ခေါ်ရှင် ကြီး၊ စစ်ရေး မဟာဗျူဟာ နည်းဗျူဟာ မှူးကြီး စစ်သူကြီး စွန်ဇု ရဲ့ ဗျူဟာတွေ ဟာ ဒီ စစ်အာဏာရှင်တွေ အတွက် တလွဲ တပင်ကောင်းနေခဲ့တယ်။ တလွဲတပင်ကောင်း တယ် လို့ ဆိုရတာက စစ်သူကြီး စွန်ဇု က စစ် တိုက်ရာမှာ ကိုယ့် ထက် အင်အား အဆမတန် သာတဲ့ ရန်သူ့တပ်ကို အသေ အပျောက်နဲနဲ နဲ့ ပြည်သူ့ အသက်အိုးအိမ်စည်း စိမ် ပျက်စီး ဆုံးရှုံး မှု နဲ နဲ နဲ့ ရန်သူ ကို အနိုင်တိုက် နိုင်တဲ့ စစ်ရေးဗျူဟာ ကျမ်း ကို ပြုစု ခဲ့တာ ဖြစ်တယ်။ အနောက်တိုင်း အရှေ့ တိုင်း ကမ္ဘာ တ၀ှမ်း က စစ် တက္ကသိုလ်တွေမှာ စွန်ဇု ကို မလေ့ လာမသင်ကြားလို့ကို မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ မြန်မာ စစ်အာဏာရှင်တွေ ကတော့ စွန်ဇု ရဲ့ စစ်ရေးကျမ်း တွေ ကို ထုံးလိုချေ၊ ရေလိုနှောက်ပြီး၊ လက်နက် မပါတဲ့ ပြည်သူကို တပ်မဟာကြီးတွေဖွဲ့ ပြီး စွန်ဇူး နည်းတွေနဲ့ သန်းပေါင်း ၆၀ လောက်ရှိတဲ့ ပြည်သူ တရပ်လုံး ကို စစ်ကျွန်ဇာတ်သွင်းဖို့ အတွက် ပိုင်ပိုင်နိုင်နိုင် အသုံးပြူနေခဲ့ တာ ကြာလည်းကြာမြင့် လွန်းခဲ့ပါပြီ၊ အကြိမ်ကြိမ် အလီလီလည်း အသုံးချခဲ့တာဖြစ်ပါတယ်။ စွန်ဇု ရဲ့ မူရင်း ရည်ရွယ်ချက် ဖြစ်တဲ့ အသေအပျောက်နဲ ဖို့ ပြည်သူ့အိုးအိမ် စည်း စိမ် အပျက်အစီး နဲနဲ နဲ့ နှစ်ဖက်စလုံး ကို ဖွတ်ဖွတ် ကြေ မွဲပြာကျသွားစေနိုင်တဲ့ ရေရှည် စစ်ပွဲတွေ ကိုရှောင်ရှား ဖို့ ဆိုတဲ့ ရည်ရွယ်ချက် တွေ နဲ့ လုံးဝ ဆန့်ကျင်ပြီး ပြည်တွင်း စစ်ရှည်ကြာ သထက် ရှည်ကြာအောင်၊ ပြည်သူတွေ သောက်သောက်လဲ သေကြေပျက် စီးစေဖို့၊ ပြည်သူ့ အိုး အိမ် စည်းစိမ်တွေ ပျက်သုဉ်း ဖို့ သာရည်ရွယ်ပြီး စွန်ဇုရဲ့ စစ်ရေးဗျူဟာတွေ ကို သုံးနေခဲ့ တာဖြစ်တယ်။

ပင်လုံ ကို ခြေခံ တဲ့ သဘောတူညီမှုတွေ တည်ဆောက်သွား နိုင်ရင် ပြည်တွင်းစစ်တွေ ငြိမ်းမယ်၊ စစ် တပ်ထဲ က မြန်မာ့သားကောင်းရတနာတွေလဲ အလဟဿ သေကြေပျက်စီးစရာ လိုတော့မှာ မဟုတ်ဘူး၊ တိုင်းပြည်ငြိမ်းချမ်း ပြီး စစ်အာဏာရှင်တည်ရှိမှု ဟာလည်း အဓိပ္ပယ်ကင်းမဲ့လာတော့ မယ် ဆိုတာ ကို သိနေတဲ့ စစ်အာဏာရှင်တွေ ဟာ ပင်လုံ ဆိုတဲ့ စကားလုံး ကို အင်မတန်ကြောက်နေခဲ့တာဖြစ်တယ်။ အခုတခါ ပင်လုံ ကိုရည်ညွှန်း တဲ့ အသံတွေ ညံ လာတော့ စစ်အာဏာရှင် တွေ ဟာ တီ ကိုဆားတို့ သလိုခံစားကြရမှာ အမှန်ပါပဲ။

စွန်ဇု ရဲ့ စစ်ရေးဗျူဟာကျမ်း တွေ ကို ထုံး လိုခြေ ၊ ရေ လိုနှောက် ပြီး တလွဲ တပင်ကောင်းနေတဲ့ စစ်သူကြီး သန်းရွှေ ရဲ့ ဗျူဟာတွေ ကိုသုံးသပ် ကြည့်ကြရအောင်။

စွန်ဇု ကပြောတယ်။ ရန်သူက မိမိရဲ့ စစ်ရေးဗျူဟာတွေ ကိုလုံးဝမသိအောင် ရန်သူကို အမှောင်ထဲမှာ ထားပါ။ (မိမိရဲ့ စိမံချက် အရာရာ ကို ထိပ်တန်း လှို့ဝှက်ဖို့ အကြံ ပြု ထားတယ်။) စီမံချက်တွေ ပြီးပြည့် စုံတဲ့ အပြင် အချိန် ကိုက်မှု (TIMING) ရှိတာနဲ့ တပြိုင်နဲ့ စတင်တိုက်ခိုက်တဲ့ အခါမှာ ရန်သူ့ အငိုက်မှာ ရန်သူ့ အပေါ် မိုးကြိုး ပစ်သလို ဒလဟော ၀င်ရောက်တိုက်ခိုက်ခြေမှုန်း ပြစ်ပါ။ တခြားအာရုံ တခုထဲမှာ နစ်မြုပ်၊ ငေးငိုင်နေတဲ့ ရန်သူ ကို တုန်လှုပ် ခြေက်ခြား သွား အောင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားအောင် လုပ်ပစ်ပါ၊ (မှတ်ချက်၊ စွန်ဇု ရဲ့ စကားလုံးများ ကို အတိအကျသုံးထားခြင်းမပြုပါ၊ ဆိုလိုရင်း သဘော ကိုပေါ်လွင်အောင်ဖေါ်ပြတာဖြစ်ပါတယ်။ မူရင်း အတိုင်း ဖတ်လိုသူ အတွက် ဒီ ၀က်စိုက်မှာ တင်ပေးလိုက်ပါတယ်။)

အခုကြည့်ရအောင်၊ ဗိုလ်သန်းရွှေ ဟာ ဒီပဲယင်းမှာ ဒီဗျူဟာ ကို အတိအကျသုံးခဲ့တာ ကိုတွေ့ နိုင်ပါတယ်။ ၂၀၀၂ မေလကစပြီး ဒေါ်အောင်ဆန်း စုကြည် ကို တိုင်းနဲ့ ပြည်နယ်တွေ အနှံ့ လှည့်လည် တရားဟော စည်းရုံးခွင့်ပေးလိုက်တယ်။ တပြည်လုံးကလည်းပြုံးလို့မဆုံး၊ ပျော်လို့ မဆုံး၊ ကမ္ဘာ ကလည်း တလျောက် လုံး အာရုံစိုက် နေခဲ့တယ်။ ဗိုလ်သန်းရွှေ ဘာတွေ ကျိတ်ကြံနေ တယ်သိဖို့ နေနေသာသာ ဒီလိုလူသတ် ပွဲ ကြီး ဖြစ်လာမယ် လို့ ယောင် လို့ တောင်မတွေး မိခဲ့ ကြပါဘူး။ ဒေါ် အောင်ဆန်းစုကြည် ရဲ့ နောက်ကလိုက်လာတဲ့ လူအုပ်ကလည်း များသထက်များလာ၊ စည်းရုံးရေးကြီး ကလည်း အောင်ပွဲတွေ အဆင့် ဆင့် ရနေခဲ့တယ်။ ဗိုလ်သန်းရွှေ တို့ စစ်အုပ်စု ဒီတချီတော့ ဒေါ်စု ရဲ့ လူထုထောက်ခံမှု အင်အားကို နားလည်သဘောပေါက်သွားပြီ လို့ထင်ရ လောက်အောင်ပါပဲ။ ၂၀၀၃ မေလ ၂၃ ရက် ဗိုလ်သန်းရွှေ က သူ့ TIMING နဲ့ သူ့ ဂွင် ထဲ ကို အရောက်မှာတော့ မိုးကြိုး ပစ် သလို တပြည်လုံးရော၊ တကမ္ဘာ လုံး ပါ တုန်လှုပ်ချောက်ခြားသွားအောင် ခြေမှုန်းပစ်လိုက်တော့တာပါပဲ။

ပြည်သူတရပ်လုံး ပြုံးရွှင်ပျော်မြူး ပြီး ဒေါ် အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် စည်း ရုံးရေး ခရီး စဉ်ထဲ မှာ အာရုံ နစ်မျော နေတဲ့ အချိန်မှာ ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ် ရှင်း ပြစ်ဖို့ အစီအစဉ် တကျ မိုက်မိုက် ကန်းကန်း လှို့ဝှက်ကြံစည်ခဲ့တာဖြစ်ပါတယ်။ သူမ အသက် မသေပဲ လွတ်လာတာဟာ မြန်မာပြည်သူတွေ အတွက် ဘုရားမ လိုက်တာပါပဲ။ အသက်စတေး သွားကြတဲ့ ဒီပဲယင်း ဒီမိုကရေစီ သူရဲကောင်း တွေကို ပြည်သူတွေက ဘယ်တော့ မှမေ့ ထားကြ မှာ မဟုတ်ပါဘူး။ စစ်သူကြီး စွန်ဇု ကတော့ တယ်တော်တဲ့ ငါ့ တပြည့် ကြီး ဗိုလ်သန်းရွှေ ပေပဲ လို့ ချီးမွမ်းခန်း ထုတ်မှာ မဟုတ် ဘူးဆိုတာ သေခြာပါတယ်။ သူ့ရဲ့ ဗျူဟာတွေ က စစ်အင်အား၊ လက်နက်အင်အား တွေ အပြည့် နဲ့ ရှိတဲ့ ရန်သူကို အချိန်တိုတိုနဲ့ ခြေမှုန်းဖို့ ရေး ထားတဲ့ ဗျူဟာတွေ ပါ၊ လက်နက် မပါ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖို့ ရေး ထား ခဲ့ တာ မဟုတ် ပါဘူး။ အခုတော့ ဘယ်မှာလည်း အများမှော်လင့် ထားကြတဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ သမိုင်းဝင် စည်းရုံးရေး ခရီး ရဲ့အောင်ပွဲတွေ ဟာ တမဟုတ်ခြင်း ပျောက်ကွယ်သွား ခဲ့ပါတယ်။အဆုံးစွန်သောအောင်ပွဲ ကို မမြင်လိုက်ကြရပေမဲ့ အောင်ပွဲတွေ ကတော့ သေမသွားပါဘူး၊ ဒါပေမဲ့ တဒင်ဂ အချိန် ပိုင်းအနေနဲ့ ကြီးမားတဲ့ စိတ်ဓါတ်ရေးရာကျဆင်းမှုတွေ ဖြစ်ပေါ်စေခဲ့တာ တော့ အမှန်ပါပဲ။ ဗိုလ်သန်းရွှေ ဟာ စိတ်ဓါတ် စစ်ဆင်ရေး မှာ ကျွမ်းကျင်သူ တဦး ဖြစ်ကြောင်း ရေးသား ပြောဆိုကြပါတယ်။

ရှစ်လေးလုံး လူထုလှုပ်ရှားမှု လှိုင်းတပိုး ဟာ အင်အတန်မှ ကြီးမားပြီး၊ အင်မတန်လည်း ပြင်းထန်လွန်း တဲ့အခါ ကြတော့ ပြည်သိမ်းတပ် လိုပုံစံ နဲ့ ရက်ရက် စက်စက် နှိမ်နင်း ရုံနဲ့ မလုံလောက်သေးဘူး။ ရှစ်လေးလုံး ကာလ သွေးချောင်းစီး ရက်စက်မှုတွေ ကလည်း ကမ္ဘာ့ ပြည်သူတွေကို လှုပ်နှိး လိုက်တဲ့အတွက်၊ ဒါတွေအားလုံး ငြိမ်သက်သွား အောင် ရွေးကောက်ပွဲ နဲ့ အာရုံ ပြောင်း ပေးခဲ့ ကြ ပြန်ပါ တယ်။ ပါတီတွေထောင်၊ မူတွေ ရေးဆွဲ၊ တိုင်းအဆင့် ပြည်နယ် အဆင့်၊ မြို့နယ် အဆင့် ကျေးရွာ အဆင့် အဆင့် ဆင့် စည်းရုံးရေးတွေဆင်း နဲ့ ပြည်သူတွေရဲ့ အာရုံ ပြောင်းပေးထားရတယ်။ ကမ္ဘာ ကလည်း သွေးထွက်သံရို မှု ကင်းကင်း နဲ့ ဒီမိုကရေစီ အသွင် ကို ကူးပြောင်း တော့ မယ် လို့ ပဲ ယုံကြည်နေကြပြီ။ ဒီအချိန်မှာ စစ်အာဏာရှင် တွေ က နေ့ရောညပါ အလုပ်လုပ်နေကြတယ် ဆိုတာ ထောက်လှန်းရေး များ ကတဆင့် သိခဲ့ရတယ်။ ရွေးကောက်ပွဲ ပြီးသွားတော့ ရှစ်လေးလုံး လှိုင်းတွေဟာ အရင်ကလောက် အင်အားမပြင်း တော့ဘူး၊ ပြည်သူတွေ အနေနဲ့ မျှော်လင့် အားကိုးယုံကြည်ရမဲ့ ပါတီ တွေ အခိုင်အမာ ရှိလာပြီ။ အာဏာမလွှဲသေးပဲ ညောင်နှစ်ပင် အမျိုးသားညီလာခံ နဲ့မျှောထားလိုက်တယ်။ အရွေးကောက်ခံ အမတ်တွေလည်း မိုးကြိုး ထိခဲ့ကြရတယ်။ အသတ်ခံရလို့ သေသူသေ၊ အဖမ်းခံရသူ အဖမ်းခံရ၊ ပြေးသူပြေး တုန်လှုပ်မှုတွေ ဖြစ်ပေါ်အောင် ဖန်တီးခဲ့ကြတယ်။ တကြိမ်ထဲမှာ ကုလသမဂ္ဂ ကိုလည်း အပိုင်အနိုင်သုံးပြီး ဒီနေ့ပဲ တခုခု ဖြစ်လာနိုးနိုး၊ မနက်ဖန်ပဲ ဖြစ်လာနိုးနိုး တွေ့ဆုံဆွေးနွေးရေးမျှော်လင့်ချက်တွေ နဲ့ မျှောထားခဲ့ တယ်။ အာရုံတွေ ပြောင်းထားခဲ့တယ်။ သူတို့ ရဲ့နောက်ခြေ လှမ်းတွေ ကိုတော့ အမှောင်ထဲမှာ ပဲ ထားထားတယ်။ ဘယ်သူမှ မသိရဘူး။ ဘာမှ မယ်မယ်ရရ မသိကြရတဲ့ ဖြစ်နိုးနိုး ဟုတ်နိုးနိုးတွေ နဲ့ နှစ်သိမ့် ထားခဲ့တယ်။ နအဖ ကတော့ သူ့ တို့ ရဲ့ မဟာ စီမံကိမ်းတွေ နဲ့ အမှောင်ထဲမှာ ကုတ်ချောင်း ကုတ်ချောင်း အလုပ်ရှုပ်မြဲ ရှုပ်နေကြတယ်။

ဒီပဲယင်း အပြီး တရားခံ လူသတ်သမားတွေ က တရားလို ဒေါ်အောင်ဆန်း စုကြည် ကို ဖမ်းဆီး ချုပ်နှောင် ထားကြ ပြန်တယ်။ တရုပ်၊ အာဆီယံ၊ အနောက်ကမ္ဘာ အပါအ၀င် ကမ္ဘာ့ ကုလသမဂ္ဂ ကပါ ဖိအားတွေ နင်းကန်ပေးလာတော့ ပျော့ပြောင်းတဲ့ အယူအဆ ရှိသူလို့ ကမ္ဘာ က ယုံကြည်ထင်မှတ်ထားကြတဲ့ ဗိုလ်ခင်ညွန့် ကိုပွဲထုတ်ပြီး လမ်းပြမြေပုံ (၇) ချက်နဲ့ ကမ္ဘာ ကိုရောပြည်သူ ကိုပါ ချွေးသိပ်လာပြန်တယ်။ ဒီလောက်နဲ့ မလုံလောက်သေးဘူး၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောဖို့ ဆက်သွယ်ရေး ၀န်ကြီးတောင်ခန့် လိုက်ပါသေးတယ်။ ကမ္ဘာက လည်း ဒီပဲယင်း လူသတ် တရားခံ က တရားလို ကို ဖမ်းထားတဲ့ အဖြစ်ကို တောင် မေ့မေ့ပျောက်ပျောက်ပါပဲ။ နအဖ အတွက် ကတော့ ရဇာလီ မရှိတော့ လည်း ဂမ်ဘာရီ ရှိနေသေးတာ ပဲ။ ကမ္ဘာ့ကုလသမဂ္ဂ ဟာလည်းပဲ ဗိုလ်သန်းရွှေ ရဲ့ ဗျူဟာထဲ မှာ အသုံးဝင်နေခဲ့ပါတယ်။ ကိုယ့်ဖက်ကလည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကို အဓိက ထားပြောနေတာဆို တော့ နအဖ ကလည်း အဲဒါကို ပဲ လုပ်နေတာ ပါပေါ့။ လုပ်ပြလိုက်တယ်။ တကြိမ်ထဲမှာ NLD ကိုရော ဒီမိုကရေစီ ကိုပါ တရားဝင် နိုင်ငံရေး အခင်းအကျင်းထဲ ကနေ ထုတ်ပစ် ဖို့ ကြံစည်နေတာ ဘယ်သူမှမသိရဘူး။ ထင်တောင်မထင်မိခဲ့ကြဘူး။ ကုတ်ချောင်းကုတ်ချောင်း နဲ့ သူ့ ထုံးစံ အတိုင်းတခါး ပိတ် အမှောင်ချပြီး ကျိတ်ကြံနေတယ်။

သူတို့ရဲ့ မဟာစီမံ ကိန်းတွေ သူတို့ လိုခြင်တဲ့ ဂွင်ထဲကို အချိန်ကိုက် ၀င်လာတဲ့ အခါမှာ တော့ ဟော လာပြီ နာဂစ် အခြေခံ ဥပဒေ၊ ဟောလာပြန်ပြီ ရွေးကောက်ပွဲ ဥပဒေ၊ ဟော လာပြီ ရွေးကောက်ပွဲ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အောင်ပွဲရ NLD အပါအ၀င် တိုင်းရင်းသား ပါတီတွေ ၀င်လို့ မရတဲ့ ဥပဒေ တွေဌာန်းလိုက ပါတယ်။ အခုမှ ထလုပ်ကြမဲ့ နိုင်ငံရေး လက်သစ်တွေ ကိုလည်း အင်အား နဲ နိုင်သလောက် နဲ အောင် ငွေကြေး၊ အချိန် အစရှိတဲ့ ဘောင် အမျိုးမျိုး တွေထဲမှာ အကန့် အသတ်တွေ ထဲ မှာ သွင်း ထား လိုက်ကြ ပြန် ပါတယ်။ NLD အပါအ၀င် တခြား တိုင်းရင်းသား အဖွဲ့ အစည်းတွေ ကို နအဖ ရဲ့ ဥပဒေ အပ ကို ရောက်သွားအောင် လုပ်လိုက်ကြ ပါတယ်။ ဒီအထိရောက်အောင် နှစ်ပေါင်း (၂၀) လောက် long range strေtegy တွေ နဲ့ အသေအခြာ စီမံ ခဲ့တာဖြစ်ပါ တယ်။ ရွေးကောက်ပွဲ မတရားမှု တွေ ကို ကမ္ဘာ ကဆူဆူ ညံ ညံ ဝေဖန် နေတဲ့ အချိန် မှာ ဒေါ် အောင်ဆန်း စုကြည် ကို နေအိမ် အကျယ်ချုပ်ကနေ လွှတ်လိုက်ပါတယ်။ ဒီ လို အချိန် ကိုက် TIMING တွေထဲ ကို ကွက်တိ ၀င်လာနိုင် ဖို့ အတွက် ဂျွန် ယက်တောလို အမေရိကန် တယောက် ကိုပါ အသုံးပြု ခဲ့ကြ ပါ သေးတယ်။ ၂၀၀၈ နဲ့ ၂၀၁၀ (၃) နှစ်တာ ကာလ အချိန်တိုလေးထဲ မှာ သူတို့ ရဲ့ ဒိမိုကရေစိ ကို အပြီး အပိုင် မြေမြှပ် သင်္ဂြို ဖို့ စီမံကိန်း ကြီး ကို နှစ်ပေါင်း (၂၀) လောက် ကျိတ်ပြီး စီမံ ခဲ့ ကြတာဖြစ်တယ်။

ခြုံပြီး ပြန်သုံးသပ်ရင် စစ်အာဏာရှင်တွေဟာ ပြည်သူဆန့် ကျင်ရေး တခု ကို အကြီး အကျယ်လုပ်လိုက်တိုင်း ပြည်သူ အကြိုက် တခုခု နဲ့ မြန်မာပြည်သူတွေကိုရော ကမ္ဘာ့ပြည်သူတွေကို ပါ ယာယီချွေးသိပ် ထားလေ့ ရှိပါတယ်။ အတိုပြောရရင် အဆိုး တခု လုပ်ပြီးပြီးခြင်း အကောင်း တခု နဲ့ အာရုံလွှဲလေ့ ရှိတယ်။ အာရုံ တွေ တခြားတဖက်မှာ လွှဲထားနေတုံးမှာ ပဲ နောက်တဆင့် တက်ပြီး ပြည်သူကိုဆန့် ကျင်တဲ့ အလုပ်တခု ထပ်လုပ်ဖို့ အတွက် အသေအခြာ လှို့ဝှက်ပြီး ကြံစည်လေ့ ရှိတယ်။ ပြည်သူတွေ တခြား အာရုံတခုထဲမှာ ပြုံးပျော်နေတုံး မှာ ပဲ အထိပ်တလန့် တုန်လှုပ် ခြောက်ခြား သွား အောင် လုပ်ခဲ့ တာချည်းပါပဲ။ အကြိမ်ကြိမ် အလီလီ လုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဥပမာ၊ ရှစ်လေးလုံး လူသတ်ပွဲ မတိုင်မီလေးမှာ စစ်တန်းလျား တွေထဲ မှာ ငြိမ်နေလိုက်တယ်၊ ပြည်သူတွေ ရဲ့ အောင်ပွဲ ကို အသာတကြည် အသိအမှတ်ပြု နေသလို အမြင်မျိုး ဖန်တီးလိုက်တယ် (အားအင်ချိနဲ့ သယောင် အရောင်ပြလိုက်တယ်၊ သူတို့ ရဲ့ ယုတ်မာပက်စက် တဲ့ အကြံအစည်တွေ ကို ဖုံးဖိထားဖို့ အတွက် ပြည်သူတွေ ကို ဘာမှ အနှောက်အယှက်မပေးပဲ လမ်းမပေါ်မှာ အောင်ပွဲ ခံခွင့် ပေးထားလိုက်တယ်၊) ၊ အချိန် TIMING ကိုက် တာ နဲ့ ဒလဟော ပစ်ခတ် နှိမ်နင်း ပြီး ပြည်သူတွေ အပေါ် မိုးကြိုး ပစ်သလို တုန်လှုပ်ချောက်ခြားသွား အောင်လုပ်ပစ် လိုက်တယ်။ ကျန်တာတွေကို အတိုချုပ် ပြန်ပြောရ ရင် ၁၉၉၀ ခုနှစ် ပြည်သူ့အောင်ပွဲ ကို ဖြိုခွင်း ဖို့၊ ဒေါ်အောင်ဆန်း စုကြည်ကို အပျောက် ရှင်း ဖို့ အတွက် ၂၀၀၂ – ၂၀၀၃ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နယ်လှည့် ခရီး နဲ့ အာရုံပြောင်းပေးခဲ့ ပြီး သူတို့ ဂွင်ထဲ ၀င် လာတဲ့ အခါမှာ ဒီပဲယင်း မိုးကြိုး နဲ့ အငိုက်ဖမ်း ဖျိုခွင်းခဲ့ပါ တယ်။ ကမ္ဘာ က၀ိုင်းအော်တော့ ဗိုလ်ခင်ညွန့် ကိုပွဲထုတ် ပြီး လမ်းပြမြေ ပုံတို့ ဆက်သွယ်ရေးဝန်ကြီး၊ ဂမ်ဘာရီ စတာ တွေ နဲ့ အာရုံပြောင်း ထား ပေးခဲ့ ပါ တယ်။ တခါ ၂၀၀၈ – ၂၀၁၀ အခြေခံဥပဒေ နဲ့ ရွေးကောက်ပွဲ မတရားမှု တွေ ကို ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေး ပြီး အာရုံပြောင်းပေးပြန်တယ်။ ပြည်သူတွေ ဟာ တခါမက၊ နှစ်ခါကမ၊ အကြိမ်ကြိမ် အလီလီ စစ်အာဏာ ရှင်တွေရဲ့ ချွေးသိပ်၊ အာရုံပြောင်း၊ ငယ်ထိပ်ကို မွေဟောက်နဲ့ပေါက်၊ ပုစိန် နဲ့ ဦးခေါင်း ကို ခွဲ စတဲ့ ရိုးအီနေပြီ ဖြစ်တဲ့ ဗျူဟာ တွေ ကို နောကြေ နေကြ ပြီဖြစ်ပါတယ်။

အခု မကြာခင် လာပါ တော့ မယ်၊ Surprise! Surprise! Surprise! Shocked! Shocked! ကမ္ဘာ့ သတင်းခေါင်းစည်း ပိုင်းမှာ မြင်တွေ့ ရလောက်အောင် အကြီးမားဆုံး မိုးကြိုးတွေ ပစ်ချဖို့ နေပြည်တော်မှာ ကျိတ်ကြံနေကြ ပါပြီ။ ငြိမ်သက်နေတဲ့ စစ်အာဏာရှင်တွေ မှာ ညဏ်နီညဏ်နက်တွေ ကုန်ခမ်း သွားတယ်လို့ မထင်ကြပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာ အားလုံးပျော်ကြပါတယ်။ အားလုံးကလည်းကြိုဆိုကြရမှာ ပါ။ ဒါပေမဲ့ အပျော် မလွန်ပါစေနဲ့။ အပျော်လွန် ပြီး အတိတ် ဖြစ်ရပ် အတိတ် က အတွေ့ အကြုံတွေ ကို မေ့မေ့ပျောက်ပျောက် ဖြစ်နေကြရင် တော့ ပြည်သူတွေ ရဲ့ သွေးချွေး မျက်ရည် တွေ အများကြီး ထပ်ပြီး ရင်းကြရဦးမှာ ဖြစ်တယ်။ ဒီအချိန်မှာ အပျော်လွန်နေလို့ မဖြစ်တော့ဘူး။ ပြည်သူတရပ်လုံး တော်လှန်ရေး သတိ ရှိရှိ နဲ့ အလေးအနက် စဉ်းစားကြရမဲ့ အချိန်ဖြစ်တယ်။ အတိတ် က အတွေ့ အကြုံတွေ အရဆိုရင် စစ်အာဏာ ရှင်တွေ က အမြဲတမ်း ကြိုတင်ပြင်ဆင်မှုတွေ ကို လုပ်ထားသလောက် ပြည်သူတွေ ဖက်မှာ စစ်အာဏာရှင်တွေ ရဲ့ တီးလုံး အတိုင်း က မိခဲ့ကြပြိး ကိုယ့် လမ်း ကို ကိုယ် ဖေါ်ဆောင်ဖို့ ပြင်ဆင်မှုတွေ အများကြီး အားနဲ ခဲ့ ကြတယ်ဆိုတာကို ၀န်ခံ ကြဖို့ လိုပါလိမ့်မယ်။ ပြည်သူတွေထဲ မှာ နှစ်ကိုယ် ကြား၊ မိသားစု အလိုက်၊ အဖွဲ့ လိုက် လေးလေးနက်နက် ဆွေးနွေး တိုင်ပင်ကြဖို့၊ ကျရောက်လာတော့ မဲ့ ဘေး အန္တရယ်တွေ ကို ဘယ် လို ကာကွယ် ကြမလဲ။ ဘယ်လို ကျော်လွှားသွားကြမလဲ၊ အားလုံး တဦးချင်း စီ က၊ လေးလေး နက်နက် စဉ်းစားတွေးခေါ် တိုင်ပင်ကြဖို့၊ အကြံကောင်း ညဏ်ကောင်းတွေ ထုတ်ကြဖို့၊ ပြည်သူအ ယောက် တိုင်း ကလည်း မကြာ မီ သေခြာပေါက် စစ်အာဏာရှင်တွေ ရဲ့ အာရုံ ပြောင်း တီးလုံး ဗျူဟာ တွေထဲမှာ မနစ်မျော မိကြဖို့၊ သူတို့ တီးလုံး အတိုင်း မက မိကြဖို့ နဲ့ သူ့တို့ ရဲ့ နောက်ဆက်တွဲ မိုးကြိုး ဒါဏ်ကိုကာကွယ်ဖို့ ပြင်ဆင်မှုတွေ ကိုယ် စီလုပ်ထားကြဖို့ အလိုအပ်ဆုံးအချိန်ဖြစ်ပါတယ်။ ဒါမှသာ လျင် ဒေါ်အောင်ဆန်း စုကြည် လွှတ် လာတာ ကို အမှန်တကယ် ကြိုဆိုရာကျမှာ ဖြစ် ကြောင်း တင်ပြ ဆွေးနွေးလိုက်ပါ တယ်။

ရန်သူ ကိုသိပါ၊ ကိုယ့်ကိုယ်ကို သိပါ။ တိုက်ပွဲပေါင်း တရာ မှာ အရှုံးနဲ့ မရင်ဆိုင်စေရပါဘူး လို့ စွန်ဇု ကဆိုခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သား များ အတွက် ကတော့ နောက်တခု ထပ်တိုးရ မလိုလည်းဖြစ်နေပါတယ်။ မိတ်ဆွေ ကိုပါသိပါ ဆိုတဲ့ အချက်ကလေးတခု ထပ်ဖြည့် ကြရမှာ ဖြစ်ပါ တယ်။ ရန်သူ ကိုသိရုံ၊ ကိုယ့် ကိုယ်ကို သိရုံ နဲ့ မလုံ လောက်သေး ပါဘူး၊ UN, US, EU တို့ ဟာ ကျွန်တော်တို့ ရဲ့ ထာဝရမိတ်ဆွေ တွေ ဆိုတာ ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး။ သို့သော် လည်း ပဲ အဆုံး စွန်သော အောင်ပွဲ ကို ရအောင်ကတော့ ကျွန်တော် တို့ ကပဲ လုပ်သွား ကြရမှာ ဖြစ် ကြောင်း တင်ပြ ဆွေးနွေး လိုက် ပါတယ်။

No comments: