Tuesday, November 16, 2010

“စစ်အုပ်စုရဲ့ကစားကွက်ကိုသတိထားကြ” မောင်ချင့်ချိန်

“စစ်အုပ်စုရဲ့ကစားကွက်ကိုသတိထားကြ”
မောင်ချင့်ချိန်

ဗမာပြည်ပြည်သူလူထုရဲ့မျှော်လင့်ခြင်း ၊ ဒီမိုကရေစီအင်အားစုတို့ရဲ့အထွဋ်မြတ်ထားရာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ လွတ်မြေက်လာခဲ့ပါပြီ ၊ ဒါဟာ လူတိုင်းအတွက်ဝမ်းသာစရာအခြေအနေတခုပါ ၊ ဒီအချိန်မှာ ကိုယ့်ခေါင်းဆောင်အပေါ် တန်ဘိုးထားမြတ်နိုးလေးစားမှုတွေနဲ့ ကျေနပ်နှစ်ခြိုက်ပီတိဖြစ်ကြတာ ရွှင်လန်းတက်ကြွနေကြတာ နှိုင်းယှဉ်ပြရခက်လောက် အောင် ဖြစ်နေကြမှာပါ ။

ဒီအတွက် ဒီပျော်ရွှင်မှုတွေ ပြန်မပျက်ဆီးကြရအောင်နဲ့ တကယ့်အောင်ပွဲစင်စစ်ဆီကိုခရီးဆက်ကြနိုင်အောင် သတိထားကြဘို့ လိုပါတယ် ၊ ခုအပျော်က လူထုခေါင်းဆောင်အတွက် (နေအိမ်အကျယ်ချုပ်ခံကနေလွတ်မြောက်လို့သာ) ပျော်နေကြတာပါ ၊ ကိုမင်းကိုနိုင်အပါအ၀င် မတရားဖမ်းဆီးထောင်ချခံထားရတဲ့  ကျွန်တော်တို့ရဲ့တိုက်ပွဲဝင်ညီအကိုမောင်နှမတွေအတွက် မပျော် နိုင်ကြသေးပါဘူး ၊ ဆင်းရဲမွဲတေမှုပုံစံအမျိုးမျိုးနဲ့ ဒုက္ခနွံထဲနစ်နေတဲ့ သန်းခြောက်ဆယ်သောပြည်သူလူထုက စစ်အာဏာရှင် တွေရဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေအောက်က မလွတ်မြောက်သေးပါဘူး ။

ကျွန်တော်တို့နှလုံးသားထဲကို ၊ ကျွန်တော်တို့ရဲ့အသိတရားထဲကို လေးစားစရာကောင်းတဲ့ခေါင်းဆောင်ကောင်းအဖြစ် အန်တီ ရောက်ရှိခဲ့တဲ့ ၂၂နှစ်တာကာလကိုလေ့လာကြည့်ရင် ၊ စစ်အုပ်စုက နှစ်ပိုင်းလေးလွှတ်ပေးတာသာရှိခဲ့ပြီး အနှစ်၂၀စာလောက် နေအိမ်အကျယ်ချုပ်နဲ့ပဲထားခဲ့တာကို တွေ့ရမှာပါ ၊ ဒီလောက်တောင်ခါးခါးသီးသီးကြောက်လန့်ပြီး ကာလအကြာကြီးချုပ်နှောင် ခဲ့ပြီးကာမှ ခုပြန်လွှတ်လိုက်ပါပြီဆိုတာက သတ်မှတ်ပြစ်ဒါဏ်ကာလပြည့်လို့ဆိုတဲ့အကြောင်းပြချက်တခုထဲဟုတ်ရဲ့လား ၊ စစ်အုပ်စုရဲ့ရည်မှန်းချက်ကြီးကြီးကစားကွက်တခုရော မဖြစ်နိုင်ဘူးလား ။

သေချာတာက အန်တီ့လွတ်မြောက်မှုဟာ ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေရဲ့တိုက်ပွဲဝင်နိုင်မှုကြောင့်မဟုတ်သေးဘူးဆို တာပါပဲ ၊ စစ်အုပ်စုချင်းအကြိတ်နယ်ခေါင်းချင်းရိုက်ပြီး ဖမ်းချင်တဲ့အချိန်ပြန်ဖမ်းလို့ရတာပဲ ဆိုတဲ့အခြေအနေနဲ့ လွှတ်ပေးလိုက် တာသာဖြစ်ပါတယ် ၊ လူငယ်စကားနဲ့ပြောရရင် တစ်ကောင်ကြွေးပြီးသုံးကောင်စားကင်းဝင်နည်းကို သုံးလိုက်ပြန်ပြီလို့ တွက်ဆမိ ပါတယ် ။

စစ်အုပ်စုအဘို့က အန်တီ့ကို (ယာယီ)လွှတ်ပေးလိုက်ရတဲ့ဆုံးရှုံးမှုသာရှိပြီး နိုင်ငံတကာနဲ့သံတမန်ရေးမျက်နှာပြန်ပွင့်တဲ့အခြေ အနေကိုရရှိသလို ပူပူနွေးနွေးကလိမ်ကျမှုများစွာနဲ့လုပ်ထားတဲ့ရွေးကောက်ပွဲအပေါ် အမျိုးမျိုးဝိုင်းဝေဘန်နေကြတဲ့အသံတွေကို လဲ အနေထားတခုထိမ်းလိုက်ပြီးသားဖြစ်သွားပါတယ် ၊ ဗိုလ်နှုပ်ခန်းမွှေးနဲ့DKBAတွေ မြ၀တီမြို့နဲ့ဘုရားသုံးဆူမြို့တွေကို စီးနင်း ပြီး စစ်အုပ်စုကိုပြန်ခံချကြရာက တိုင်းရင်းသားအင်အားစုအားလုံးကိုတပ်လှန့်လိုက်သလိုဖြစ်ပြီး ပြည်သူတွေအပါအ၀င် လက် နက်ကိုင်တော်လှန်ရေးကိုအာရုံစိုက်ကြချိန် အာရုံလွှဲယူလိုက်တဲ့ အခြေနေတခုလိုလဲဖြစ်သွားပါတယ် ၊ အထွေထွေသပိတ်ဆင်နွှဲ ရေးလူထုတိုက်ပွဲကြိုးစားနေသူတွေကိုလဲ အန်တီဘာလုပ်မလဲ ပြန်စောင့်ကြည့်ပြီး တိုက်ပွဲဖေါ်ရေးအလုပ်တွေရပ်တန့်နေအောင် လုပ်လိုက်သလိုဖြစ်ပါတယ် ။

ဒီ့အပြင်ရော ၊ အများကြီးရှိနိုင်ပါသေးတယ် ၊ ကျွန်တော့ဦးနှောက်လေးလောက်နဲ့စဉ်းစားမမှီနိုင်သေးတဲ့ စစ်အုပ်စုရဲ့ကလိမ်ကျ ကစားကွက်တွေ ရှိနိုင်ပါသေးတယ် ၊ အန်တီ့ကို သူတို့ရဲ့ကြံ့ဖွတ်အစိုးရမှာ တစ်နေရာရာပါဝင်ဘို့ ညှိနှိုင်းလာနိုင်တာမျိုးတွေအပါ အ၀င်ပေါ့ ၊ အဓိကရည်မှန်းချက်က သူတို့အာဏာသက်ဆက်ရေးခိုင်မာဘို့ကြံ့ဖွတ်အစိုးရသစ်ကို နိုင်ငံတကာကအသိမှတ်ပြုရေး ခေါင်းစဉ်ဖြစ်နိုင်ပါတယ် ။ ဖြစ်စဉ်တခုခုကိုအကြောင်းပြ ထောင်ချတဲ့အထိပြန်ဖမ်းနိုင်သလို ဒီပဲရင်းလို လုပ်ကြံသတ်ဖြတ်မှုမျိုး တွေလဲလုပ်နိုင်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် စစ်အုပ်စုရဲ့အကြံဆိုးအားလုံးကို ၀ိုင်းဝန်းစဉ်းစား တားဆီးတိုက်ပွဲဝင်နိုင်ကြဘို့လိုပါတယ်။

အန်တီဘာလုပ်လိမ့်လဲလို့ မျှော်လင့်ချက်တွေနဲ့ ၀မ်းသာအားရဖြစ်နေယုံမပြီးဘူးဆိုတာ အထူးသတိပြုကြဘို့လိုပါတယ် ၊ အန်တီ့ လွတ်မြောက်မှုဟာ အခြေအနေကောင်းတခုမျှသာဖြစ်ပြီး အောင်ပွဲ(လုံးဝ)မဟုတ်သေးလို့ပါပဲ ၊ စစ်အုပ်စုကိုအာဃာတမထားပါ ဘူးဆိုတဲ့အန်တီ့ကို စစ်အုပ်စုရဲ့ရိုင်းစိုင်းဆိုးယုတ်မှုတွေအကြောင်းနဲ့ ဖြတ်သန်းပြီးတဲ့၂၂နှစ်လို နောက်ထပ် ခံစစ်သက်တမ်းထပ် မကြာရအောင်နည်းလမ်းတွေ ၀ိုင်းဝန်းအကြံပြုပြောပေးကြဘို့လဲလိုပါတယ် ။ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ တွေ့ဆုံဆွေး နွေးရေးကိုစောင့်နေတဲ့အချိန်မှာတင် ပြည်သူတွေက ဘ၀တွေအများကြီးပျက်ခဲ့ ၊ အသက်တွေအများကြီးဆုံးရှုံးခဲ့ပြီးပါပြီ ၊ စစ်အုပ်စုရဲ့ဇရိုက်လက္ခဏာဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနည်းနာတွေနဲ့ထိုက်တန်ပါရဲ့လားဆိုတာ အန်တီစဉ်းစားဘို့  နိုင်ငံနေရာအနှံ့အပြားက ဖြစ်စဉ်တွေပြောပြပြီး ၀ိုင်းဝန်းသတိပေးကြဘို့လဲလိုပါတယ် ။

အန်တီပြောတာလုပ်တာကိုပဲစောင့်နေပြီး မျှောလိုက်နေကြဦးမယ်ဆိုရင်တော့ အောင်ပွဲနဲ့အလှမ်းဝေးနေကြဦးမှာပါပဲ ၊ အောင်ပွဲ ကတိုက်ရဲမှရမှာဖြစ်သလို တိုက်နည်းမှန်ဘို့လဲလိုပါတယ် ၊ အန်တီ့အနေနဲ့ ကိုယ်ကျိုးစွန့်ပေးဆပ်ပြီး ပြည်သူလူထုနဲ့ဒီမိုကရေစီ အင်အားစုတွေရှေ့ကနေ ရဲရဲဝံ့ဝံ့ရပ်ခံဦးဆောင်မယ်ဆိုတာယုံကြည်ပေမဲ့ စစ်အုပ်စုကိုရင်ဆိုင်ရေးနည်းလမ်းတွေမှာ ကွဲပြားနေမှာ ဖြစ်တဲ့အလျောက် ကိုယ့်အမြင်နဲ့ကိုယ် ၊ ကိုယ်ယုံကြည်ရာနည်းနာတွေနဲ့ တိုက်ပွဲဝင်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့်ကြ ဘို့လဲ အကြံပြုနှိုးစော်ချင်ပါတယ် ။

အပ်ကြောင်းထပ်နေပြီဖြစ်တဲ့ နှိုးစော်မှုတခုကိုထပ်ပြောပါရစေ ၊ စစ်အုပ်စုက ကျွန်တော်တို့ဒီမိုက်ရေစီအင်အားစုတွေ ၊ ပြည်သူ တွေရဲ့ ရန်သူပါ ၊ အတိုက်အခံမဟုတ်ပါဘူး ၊ ဇရိုက်ဆိုးလုပ်ရပ်ဆိုးတွေနဲ့စစ်အုပ်စုကို ဂန္ဒီကြီးလမ်းစဉ်နဲ့တော့မရတော့ပါဘူးလို့ ရန်သူလို့ပြတ်ပြတ်သားသားသဘောထားပြီး “ရရာလက်နက်ဆွဲကိုင်တိုက်ပွဲဝင်ကြ ၊ လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြ” လို့ ကြွေးကြော်ကြရမဲ့အချိန်မှာ အန်တီစုကိုလွှတ်ပေးပြီး လမ်းကြောင်းပြောင်းအာရုံလွှဲလုပ်တဲ့ စစ်အုပ်စုရဲ့ကစားကွက်ကို သိမြင် ပြီး လူထုအုံကြွမှုနဲ့ လက်နက်ကိုင်တိုက်ပွဲပေါင်းစည်းရေးနည်းလမ်းတွေနဲ့ စစ်အာဏာရှင်စနစ်ပျက်စီးတဲ့အထိ တိုက်ပွဲဝင်ကြပါစို့။

လူမှုရေးလုပ်ငန်းတွေနဲ့ NLDပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာတင်ရပ်မနေပဲ
မတရားတဲ့အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြဆိုတဲ့ဆောင်ပုဒ်ကိုကိုင်ဆွဲတိုက်ပွဲဝင်နေမဲ့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယုံကြည်လျက်

တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်
မောင်ချင့်ချိန်

No comments: