ချိုတူးဇော်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂
ကျမတို့မှာ ရေ မရှိဘူး
ကျမတို့မှာ ရေမရှိဘူး
ကျမတို့မှာ ရေမရှိဘူး။
(တကယ်တော့ ရေမရှိတာ မဟုတ်ဘူး
တရားမရှိတာ. .
တရားမဲ့နေတာ. .)
ရေဝေမယ့် သူမရှိဘူး
ထမင်းထုပ်ကမ်းမယ့် သူမရှိဘူး
အားပေးမယ့် သူမရှိဘူး
ဦးဆောင်မယ့် သူမရှိဘူး။
ဖျာပုံက လူတချို့ကို ခေါ်ပေးပါ။
ထားဝယ်က လူတချို့ကို မှာပေးပါ။
ဖွင့်ပွဲတွေနဲ့
အခမ်းအနားအစီအစဉ်တချို့ ရွှေ့ပေးပါ။
နိုင်ငံရေးဆိုတာ နိုင်ငံမှာ ခါးသီးနေတဲ့
ဘ၀တွေရဲ့
ခါးသီးနေတဲ့ ပြဿနာတွေကို
ဖြေရှင်းပေးတာမှ မဟုတ်ရင်
နိုင်ငံရေး ဆိုတာ မရှိဘူး။
၁၃၀၀ ပြည့် အရေးတော်ပုံကြီးမှာ
ချီတက်လာတဲ့ အလုပ်သမားတွေကို
တရားသွားဟောပေးတဲ့ ကိုဗဟိန်း၊ ကိုဗဆွေ
ကျောင်းသားတွေရဲ့ သမိုင်း ကို သတိရတယ်။
အဲဒီ အလုပ်သမားတွေကို ထမင်းထုပ်ကမ်းပေးခဲ့
လက်ခုပ်တီးပေးခဲ့
အားပေး စောင့်ရှောက်ခဲ့တဲ့
မိဘပြည်သူတွေရဲ့ သမိုင်းကို သတိရတယ်။
အဲဒီအလုပ်သမားတွေနဲ့ အတူ
အေးအတူ ပူအမျှ
တိုက်ပွဲဝင်ပေးခဲ့တဲ့
ဒို့ဗမာအစည်းအရုံးသခင်တွေရဲ့ နိုင်ငံရေးသမိုင်းကို သတိရတယ်။
ဒီလို လူတွေရဲ့ အနား မှာ ဘယ်သူမှ မရှိရင် …
ဘာမှ မရှိရင် …
သောက်စရာရေကလေးတောင်မှ မရှိရင် …
မြန်မာပြည်မှာ
ဘာ ရှိသေးလဲ ဗျာ ။ ။
(ဖေ့စ်ဘွတ်က ယူပါတယ်)
(ဓာတ်ပုံက ၀ိုင်ပီအိုင် - Yangon Press International)
(ဓာတ်ပုံက ၀ိုင်ပီအိုင် - Yangon Press International)

No comments:
Post a Comment