Saturday, February 18, 2012

အခြေခံ စားသောက်ကုန်အချို့ ဈေးအနည်းငယ်တက်



အခြေခံ စားသောက်ကုန် ပစ္စည်းအချို့ ယခုရက်ပိုင်းတွင် ဈေးနှုန်း စတင် မြင့်တက်လာကြောင်း  ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ အစိုးရဝန်ထမ်းများ လစာကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် လုံလောက်အောင် တိုးမြှင့်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်၌ အဆိုတင်သွင်းခဲ့ပြီးနောက် လူထုအတွင်း၌လည်း လစာတိုးမည့် ခန့်မှန်းသတင်းများ ပျံနှံ့နေကာ အခြေခံစားကုန်အချို့ ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း သတင်းရရှိသည်။ “လစာတိုးမယ့် သတင်းကြောင့် ဈေးကွက်ထဲက တချို့စားကုန်တွေ ဈေးတက်လာပြီ” ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဆိုသည်။ ဆန်ဈေးမြင့်တက်ရခြင်းမှာ နိုင်ငံတော်က အရန်ဆန်အတွက် စတင်ဝယ်ယူခြင်း၊ ပြည်ပသို့ တင်ပို့မှု ပြန်လည် အားကောင်းလာခြင်းလည်း ပါဝင်ကြောင်း သိရသည်။

ဈေးကွက်အတွင်း၌ ဖေဖော်ဝါရီလဆန်းက ဆန်တစ်အိတ်လျှင် ၁၀ မှတ် အမျိုးအစားမှာ ကျပ် ၁၂၈၀၀ ဝန်းကျင် ရှိရာမှ ယနေ့တွင် ကျပ် ၁၃၅၀၀ ထိ ဈေးမြင့်တက်လာသည်။ စားအုန်းဆီမှာလည်း တစ်ပိဿာလျှင် ၂၀ ကျပ် ဈေးတက်လာသည်။ လက်ရှိ စားအုန်းဆီဈေးနှုန်း လက်လီဈေးမှာ တစ်ပိဿာလျှင် ၁၈၅၀ ကျပ် ဝန်းကျင်ရှိကြောင်း ဆီကုန်သည်တစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ပင် ပဲဆီဈေးနှုန်းမှာလည်း တစ်ပိဿာလျှင် ၂၀၀ ကျပ်နီးပါး ဈေးတက်လာသည်။ ယင်းကဲ့သို့ပင် ဓာတ်ဆီဈေးနှုန်းမှာလည်း တစ်ဂါလန်လျှင် ၂၀၀ ကျပ် ဈေးတက်လာသည်။ “လှောင်ထားတဲ့ပစ္စည်းတွေ ပုံမှန်ထုတ်ရောင်းနေရင် ကိစ္စမရှိဘူး။ ထိန်းထားရင်တော့ ဈေးကမြင့်လာမှာပဲ” ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ ဝန်ထမ်းများ လစာတိုးလျှင် ကုန်ဈေးနှုန်း ကြီးမြင့်နိုင်သည်ဟု ဆိုသော်လည်း လက်ရှိကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် တောင်သူမှ ကုန်ထုတ်လုပ်သူများအထိ အရှုံးပေါ်နေခြင်းမှာ မလိုလားအပ်သော ကုန်ကျစရိတ်  (Transaction Cost) များ မြင့်မားနေခြင်းကြောင့် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။
7day News

No comments: