အာရှတိုက် နိုင်ငံပေါင်း ၁၃ နိုင်ငံက အစိုးရတာဝန်ရှိသူတွေဟာ
ကျားသတ္တ၀ါတွေနဲ့ တခြားမျိုးတုန်းလု နီးပါးဖြစ်နေတဲ့ ရှားပါးတိရစ္ဆာန်တွေ
တရားမ၀င် မှောင်ခိုကူးနေမှုတွေကို တိုက်ဖျက်ဖို့နဲ့ နယ်စပ် ဖြတ်ကျော်
ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး ထိရောက်အောင်ဆောင်ရွက်ဖို့ သဘောတူညီမှု
ရခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်တရားမ၀င် သယ်ဆောင်ရောင်းဝယ်မှု ဆိုင်ရာ ရာဇ၀တ်မှုတိုက်ဖျက်ရေးအဖွဲ့ ICCWC ကကြီးမှူးကျင်းပတဲ့ နှစ်ရက်ကြာ ညီလာခံအပြီး အဲဒီသဘောတူညီမှုကို ရရှိခဲ့တာဖြစ်ပါတယ်။
ညီလာခံ တက်ရောက်ကြသူတွေထဲမှာ တောရိုင်းကျားသတ္တ၀ါတွေ သက်ရှိထင်ရှားရှိနေဆဲ တိုင်းပြည်တွေက ကိုယ်စားလှယ်တွေ ၃၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ညီလာခံအတွင်း တောရိုင်း တိရစ္ဆာန်တရားမ၀င် ကုန်ကူးမှုက ကျားရိုင်းသတ္တ၀ါတွေအပေါ် သက်ရောက်မှုနဲ့ ပတ်သက်ပြီး အစည်းအဝေးတခု ပြုလုပ်ခဲ့ပါတယ်။
တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ အဆိုအရ ခန့်မှန်းခြေ ကျားအကောင်ရေ စုစုပေါင်း ၃,၀၀၀ ကနေ ၄,၅၀၀ လောက်သာ တောထဲမှာရှိတော့တယ်လို့ ဆိုပါတယ်။
ICCWC ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (INTERPOL)၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ အကောက်ခွန်အဖွဲ့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးအဖွဲ့ စတာတွေအပါအ၀င် အစိုးရတွေပါဝင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၅ ခုနဲ့ ၂၀၁၀ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ကျနော်တို့အနေနဲ့မြင်တွေ့ချင်တာကတော့ ဒီနိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ တိုင်းပြည်အသီးသီးက ထိပ်တန်းခေါင်းဆောင်တွေ ကို အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး အသိပေးကြဖို့ ဖြစ်ပါတယ်လို့ Freeland Foundation ရဲ့ ညွှန်ကြားရေးမှူး Steven Galster ကပြောပါတယ်။
“ကမ္ဘာတဝန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူတွေ ရင်ဆိုင်နေရတဲ့ နံပါတ်တစ် စိန်ခေါ်မှုကတော့ အကျင့်ပျက်ခြစားမှုဖြစ်ပြီး ဒီအာရှတိုက်မှာတော့ အသေအချာကို ရင်ဆိုင်နေရတာပါ။ နိုင်ငံရေးအရ သြဇာကြီးတဲ့၊ ဒါမှမဟုတ် ငွေကြေးအရ အချိတ်အဆက်ရှိတဲ့ ဘယ်သူမှ တောရိုင်းသဘာဝ ဆိုင်ရာ ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အဖမ်းခံရတယ်၊ ထောင်ကျတယ်ဆိုတာ မရှိပါဘူး။ ဒီတောရိုင်း တိရစ္ဆာန်တွေ ရှင်သန်ကြီးထွားနိုင်ဖို့ ဆိုရင် အဲဒီအလေ့အကျင့်ကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။”
အခု သဘောတူညီမှုကနေ သတင်းအချက်အလက်တွေ စုဆောင်းတာ၊ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကတဆင့် ထောက်လှမ်းရေး အချက်အလက်တွေ မျှဝေတာ၊ ရာဇ၀တ်မှုရေးရာ ညှိနှိုင်းမှုတွေလုပ်ဆောင်တာ စတာတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

No comments:
Post a Comment