![]() |
| ဒေါ်မြင့်မြင့်အေး |
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ မြို့သူဖြစ်သည့် ဒေါ်မြင့်မြင့်အေးသည် ၁၉၈၉ ခုနှစ်မှ စတင်ခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့ပြီး ယခုအဖွဲ့ချုပ်က မှတ်ပုံတင်ပြန်တင်ပြီး နောက် ပါတီဝင်ဟောင်းများ ပြန်လည် ပါတီဝင်မှတ်ပုံတင်ရန် ပြောကြားချိန် တွင် ပါတီပြန်မ၀င်တော့ဘဲ တစ်သီးပုဂ္ဂလအဖြစ် ပြန်လည်အရွေးခံရန် ရွေးကောက် ပွဲကော်မရှင်ကို တင်ပြခဲ့ရာ ဖေဖော်ဝါရီ လ ၁၃ ရက်တွင် ခွင့်ပြုချက်ကျခဲ့ပြီ ဖြစ်သည်။
"မိတ္ထီလာမြို့နယ်မှာ ကျွန်မကို ထောက်ခံသူအများကြီးရှိပါတယ်။ ဒါပေမယ့် အဖွဲ့ချုပ်က လူရွေးတဲ့အခါ ကျွန်မ နာမည် မဟုတ်ဘူး။ နိုင်ငံရေးလုပ်ချင်တဲ့အတွက် ပါတီပြန်မ၀င်တော့ဘဲ တစ်သီးပုဂ္ဂလအဖြစ် ပြန်ဝင်ခဲ့တာပါ" ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။
မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ထားသူမှာ ရန်ကုန်မြို့ အဖွဲ့ချုပ်မှ ဦးဝင်းထိန် ဖြစ်သည်။
ဒေါ်မြင့်မြင့်အေးသည် မိတ္ထီလာမြို့နယ်တွင် အဖွဲ့ချုပ်ဝင်တစ်ဦးအဖြစ် ဒေသခံများ၏ ထောက်ခံမှုဖြင့် နိုင်ငံရေး လှုပ်ရှားမှုများကို နှစ်၂၀ ကျော်လုပ် ဆောင်ခဲ့သော်လည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေး ကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ်ခြင်းမပြုခဲ့ခြင်းအပေါ် အဖွဲ့ချုပ်သို့ မည်သည့်မှတ်ချက်မျှ မပေးလိုသော်လည်း တစ်သီးပုဂ္ဂလ အဖြစ် ပါဝင် ပါကလည်း ဒေသခံများက ၎င်းကို ရွေးချယ်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
"မိတ္ထီလာ၊၀မ်းတွင်း၊ သာစည်နဲ့ မလှိုင် တစ်ဝိုက်က ရွာတွေမှာ ကျွန်မလုပ်ကိုင်ခဲ့တာကို သိကြပါတယ်။ မလွှဲသာလို့ အခုလို တစ်သီး ပုဂ္ဂလအဖြစ် ၀င်အရွေး ခံရတာပါ။ လူ့အခွင့်အရေး ကိစ္စတွေမှာလည်း ကျွန်မအများကြီး ဆောင်ရွက်နေပါတယ်။ အခုအဖွဲ့ချုပ်က ရွေးထားတဲ့သူကလည်း ဒီက ဒေသခံမဟုတ်ဘူး" ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။
ဒေါ်မြင့်မြင့်အေး၏ အဆိုအရ အဖွဲ့ချုပ်က ရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အချို့မှာ ၀င်ရောက် မည့်ဒေသမှ ဒေသခံများမဟုတ်ကြောင်း၊ မိတ္ထီလာမြို့နယ် အပါအ၀င် အချို့သော မြို့နယ်များတွင်လည်း အလားတူ ကိုယ်စားလှယ်လောင်းများနှင့် ပတ် သက်သည့် အငြင်းပွားမှုများရှိကြောင်း ပြောသည်။
ယခု ၀င်ရောက်မည့် မိတ္ထီလာမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒီမို ကရက်တစ်မဟာမိတ်ပါတီတစ်ခု မှ ကိုယ်စားလှယ်လောင်းများလည်း ၎င်းနှင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ၎င်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ မဟုတ်တော့ကြောင်းကို ဒေသခံ များကို ရှင်းလင်းမည် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် စည်းရုံးရေးများ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။
"ကျွန်မ ဘယ်ပါတီကြီးတွေရဲ့ စည်းရုံးမှုကိုမှ လက်ခံမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ငွေနဲ့ပဲ စည်းရုံးရေး ဆောင်ရွက်မှာပါ။ စည်းရုံးရေး အတွက် ကော်မရှင်က သတ်မှတ်ထားတဲ့အတိုင်း ကျပ်သိန်း ၁၀၀ မကျော်အောင်သုံးမှာပါ" ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။
အသက် ၅၄ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေး၏ တစ်သီး ပုဂ္ဂလအမှတ်အသား တံဆိပ်မှာ ကြယ်ဖြူ ဖြစ်ပြီး ၎င်းနှင့်အတူ စည်းရုံးရေးအတွက် လိုက်လံကူညီသူများရှိရာ အချို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းများဖြစ်ပြီး ပါတီဝင်အဖြစ် မှတ်ပုံပြန်မတင်သူများဖြစ်သည်။
"လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေကို ဆက်လက်ဆောင်ရွက်သွားမယ်" ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။
ဒေါ်မြင့်မြင့်အေး၏ အဓိက စီးပွားရေးလုပ်ငန်းမှာ ရှင်ပြု၊ နားသများအတွက် ၀တ်စုံများ ငှားရမ်းသည့် လုပ်ငန်းဖြစ်သည်။
ကျော်ဆုမွန် (မြန်မာ့တိုင်းမ်)

No comments:
Post a Comment